Tuesday, October 3, 2017

အ​မေစု​ပြောတဲ့ သီတင်းကျွတ်​အ​ကြောင်း


*********************************
ကျွန်မတို့ ကလေးဘ၀က သီတင်းကျွတ်တွေ အကြောင်း စဉ်းစားမိပါတယ်။ နံပါတ်တစ် အရေးကြီးဆုံးကတော့ မီးပုံးလေးတွေ ထွန်းရတဲ့ ကိစ္စပါပဲ။ ရောင်စုံမီးပုံးလေးတွေအထဲက ဖယောင်းတိုင်ကလေးတွေ မီးညှိလိုက်တော့ ဖြာထွက်လာတဲ့ အလင်းရဲ့အလှ စိတ်ထဲမှာ စွဲနေတာ ယခုအသက်ကြီးထိတိုင်အောင် ဘယ်လို ဇာတ်မျိုးကမှ ယှဉ်နိုင်စွမ်းမရှိတဲ့ အလှမျိုးလို့ ခံစားနေရပါတယ်။ ဒုတိယ အရေးကြီးဆုံးကိစ္စကတော့ လူကြီးတွေကို လိုက်ကန်တော့ ရတာ၊ ကန်တော့တာကြောင့် ဆုရတာ၊ မေမေ့ကို လာကန်တော့ကြတဲ့အခါ မုန့်တွေ ပါလာတာတွေပါပဲ။ အဲဒီတုန်းက မုန့်တွေ သိပ်မစုံပါဘူး။ ‘ပလိန်းကိတ်’ (အများသဖြင့် ရှာမီး၊ ဆန်းကဖီးတို့ကပါပဲ)၊ ‘အဆော့စ်တစ်ကိတ်’ (မျိုးစုံကိတ်အသေးလေးတွေ) နဲ့ ‘ပတ်တီး’ အသားမုန့် လေးတွေပါပဲ။ အခုခေတ်ကလေးတွေက ဒါလောက်များတော့ ပျင်းသေးတယ်ပေါ့။ ကျွန်မတို့ အတွက်ကတော့ ပျော်စရာကြီးပါ။ တတိယအားဖြင့် အရေးကြီးတာကတော့ မီးပန်းလေးတွေ ဝှေ့ယမ်းပြီးမီးပွင့်လေးတွေ တောက်ပမြူးနေတာကို ရှုမငြီး ကြည့်ရတာပါပဲ။ အကိုတွေကတော့ ဗျောက်အိုးကို မီးပန်း နည်းတူ သဘောကျကြပါတယ်။ မီးပန်းထက်တောင် ကြိုက်ကြလားမသိပါဘူး။ ကျွန်မကတော့ မနှစ်သက်ပါ။
ယခု အသက်ကြီးလာတဲ့ အခါမှာလည်း ဗျောက်အိုးတွေကို (ဆိုလိုတာက) ဗျောက်အိုးသံတွေကို မနှစ်သက် ပါဘူး။ အထူးသဖြင့် ကျွန်မခွေးလေးတိုင်ချီတိုကြောင့် ပိုမိုလို့တောင် မနှစ်သက်ပါဘူး။ ခွေးအတော် များများနည်းတူ တိုင်ချီတို ငယ်ငယ်တုန်းက ဗျောက်အိုးသံဆို အင်မတန်ကြောက်ပါတယ်။ သီတင်းကျွတ် လအတွင်းမှာ မွေးလာတဲ့ တိုင်ချီတို ပထမဦးဆုံး အကြိမ် တစ်နှစ်သားလေးအနေနဲ့ ဗျောက်အိုးသံတွေ ကြားတော့ နေစရာမရှိအောင်ကို တုန်လှုပ်နေပါတယ်။ ပြေးမိပြေးရာပြေးပြီး ရေမြောင်းထဲ သွားပုန်းနေလို့ အတော့ကို ရှာယူရပါတယ်။ အခန်းထဲ ခေါ်ပြီး ဖက်ထားတာတောင် တုန်နေတာပဲ။ တစ်နှစ်နဲ့ တစ်နှစ်ကြီး လာတာနဲ့အမျှ ကြောက်စိတ်က လျော့သွားပြီး ဗျောက်အိုးသံကြားရင် ပုန်းတာ၊ တုန်တာမရှိတော့ဘဲ စိတ်ဆိုးဆိုးနဲ့ ဟောင်တဲ့ အဆင့်ရောက်လာပါတယ်။
ဒီနှစ် သီတင်းကျွတ်အကြိုရက်တွေမှာ ဗျောက်အိုးသံ တစ်ချက်တစ်ချက်ကြားရတဲ့အခါ တိုင်ချီတို ပြန်ဟောင် ပေမယ့်၊ သိပ်ဂရုမစိုက်တော့ပါဘူး။ ဒါပေမဲ့ သီတင်းကျွတ် လပြည့်နေ့ကျတော့ ဒီလို မဟုတ်တော့ဘူး။ ဗျောက်အိုးထက် ပိုပြီး အသံကျယ်တဲ့ မီးရှူး၊ မီးပန်းတွေ ဆက်တိုက် လွှတ်ကြတာနဲ့ အသံတွေဟာ မပြတ်ထွက်ပေါ် လာတော့တာပဲ။ (ပြောရင်းဆိုရင်း အခုပဲ လပြည့်ကျော် ၃ရက်ညမှာတောင် ဒီအသံတွေ ထွက်လာနေသေးတယ်။) ကြာတော့ လူများထက် အကြားအာရုံ ပိုမိုကောင်းတဲ့ ခွေးနားရွက်အတွက် အတော့်ကို ခံရခက်လာမှာပဲ။ တိုင်ချီတို စိတ်ညစ်လာပါတော့တယ်။ အိပ်ချိန်ရောက်လို့ ၁၀နာရီ ကျော်တဲ့တိုင် တဒိန်းဒိန်း၊ တဒိုင်းဒိုင်းနဲ့ မရပ်မနား၊ မီးရှူးမီးပန်းသံတွေ ထွက်လာနေတော့ ကျွန်မလည်း စိတ်ညစ်လာတယ်။ ၁၀နာရီ၊ ၁၁နာရီ ၁၂နာရီ နောက်ဆုံး မီးရှူး၊ မီးပန်းတွေ နံနက် အရုဏ်တက်ခါနီး ၃နာရီ ကျော်မှပဲ တိတ်သွားပါတော့တယ်။ တိုင်ချီတိုနဲ့ ကျွန်မ ၂ယောက်လုံး ကောင်းကောင်း ကို အိပ်လို့ မရပါဘူး။
နောက်နေ့ နံနက် အခြားသူတွေကို မေးကြည့်တော့ အားလုံးအတွက် အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပါပဲ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညမှာလည်း အသံတွေဟာ ည ၁၂နာရီကျော်အထိ မတိတ်ပါဘူး။ အဲဒီအချိန်လောက်မှာ မိုးရွာလို့ ကျွန်မတို့ ဘက်မှာတော့ တိတ်သွားပါတယ်။ ဗျောက်အိုးမဖောက်ရလို့ အစိုးရက အမိန့်ထုတ် ထားတာကို ဘယ်သူကမှ မမှုတာလား၊ မီးရှူး၊ မီးပန်း လွှတ်တဲ့ အသံမို့ “ဗျောက်အိုး မဖောက်ရ” အမိန့်နဲ့ အကျုံးမ၀င်တာလား၊ ဒီမီးရှူးမီးပန်းတွေ ဟာ အင်မတန်မှ ဈေးကြီးတယ်လို့လည်း သိရပါတယ်။ ဒီလောက်သိန်းနဲ့ချီပြီး မီးရှူး၊ မီးပန်းတွေ ဘယ်သူတွေများ လွှတ်နိုင်ပါလိမ့်။ အချို့နေရာတွေမှာ လမ်းပေါ်ကိုတက်ပြီး လွှတ်ကြတယ်ပြောပါတယ်။ ဒါတွေဟာဖြင့် ဖြစ်သင့်ပါရဲ့လား။
နေ့ကြီးရက်ကြီး အချို့ထုံးတမ်းစဉ်လာအရ ပွဲတွေ ဆင်နွှဲတဲ့အခါ တီးကြ၊ မှုတ်ကြ၊ ဆိုကြ၊ ကကြ၊ ဗျောက်အိုးဖောက်ကြနဲ့ အသံတွေ ဆူညံတာဟာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင် အတွက်လည်း စဉ်းစား ဖို့လိုပါတယ်။ နာမကျန်းဖြစ်နေသူတွေ၊ လန့်ပြီး အိပ်မရတဲ့ ကလေးငယ်တွေ အတွက်ဘယ်လောက် အနေရခက်လိမ့်မလဲ။ ကျန်းမာနေတဲ့ သူတွေထဲမှာလည်း အကြောင်းကြောင့်နောက်တစ်နေ့ စောစော အလုပ်သွားရမည့်သူတွေလည်း သက်သာမှာ မဟုတ်ပါဘူး။ နိုင်ငံကြီး အတော်များများမှာဆိုရင် အများကို အနှောင့်အယှက် ဖြစ်စေမယ့် အသံတွေကို ဘယ်နှစ်နာရီ အထိသာ ပြုလုပ်နိုင်သည် ဆိုတဲ့ စည်းမျဉ်း ဥပဒေတွေ ရှိပါတယ်။ အများအားဖြင့်တော့ သာမာန်နေ့များမှာ ည၁၁နာရီ လောက်ထိပဲ ခွင့်ပြုထားပြီး၊ နေ့ကြီးရက်ကြီးတွေမှာတော့ ဒီထက် ကြာကြာခွင့်ပြုပါတယ်။ ဒါတောင် ပတ်ဝန်းကျင်က မကျေနပ်ရင် ရဲကိုတိုင်နိုင်ပါတယ်။ အများနဲ့ အတူနေရတဲ့ လောကကြီးမှာ ပတ်ဝန်းကျင်အတွက်စဉ်းစားတတ်တဲ့ အလေ့အကျင့်ကတော့ လိုအပ်ပါတယ်။V

အေ​မ ပြောတဲ့ သီတင်းကျွတ်​အခါသမယ ( ၂ )
ဆုကောင်းကောင်းချတဲ လူကြီးများစာရင်းထိပ်ဆုံးမှာကတော့ ဘဘဦးတင်လို့  လိုများကြတဲ့ မြန်အောင်ဦးတင်တို့  ဇနီးမောင်နှံနှင့် ဟင်္သာတဦးမြတို့  ဖြစ်ပါတယ်။ ဦးတင်ကတော့ ကျောက်မျက်အရောင်းအဝယ်လုပ်တယ်လို့  ကျွန်မနားလည်ခဲ့တယ်။
သီတင်းကျွတ်သွားကန်တော့တိုင်း ကျောက်စိမ်းရောင်စုံနဲ့  လုပ်ထားတဲ့ပစ္စည်းလေးတွေ ပေးပါတယ်။ ကျွန်မတို့ ကတော့ ပုံမှန်နှစ်တိုင်း လူကြီးတွေအားလုံးကို မျက်နှာသုတ်ပဝါနဲ့  ကန်တော့ပါတယ်။ အဲဒီခေတ်က ကလေးတွေ တစ်ယောက်တစ်ကျပ် ဆုချတာ များပါတယ်။ ၅ ကျပ် ၁၀ ကျပ်ဆိုရင် တော်တော်အခြေအနေကောင်းတယ်လို့  ယူဆရတယ်။ ဦးတင်တို့ က ကျောက်စိမ်းပစ္စည်းလေးတွေအပြင် ၅ကျပ် ၁၀ ကျပ် ဆုချတော့ ကျွန်မတို့  သဘောမကျဘဲ ဘယ်နေနိုင်ပါ့မလဲ။
ဆုအများဆုံးရတာကတော့ ဟင်္သာတဦးမြထံကပါ။ နှစ်စဉ် ကျွန်မတို့ ကို တစ်ယောက် ၁၀၀ ကျပ် ဆုချပါတယ်။ ဘယ်သူကမှ ကျွန်မတို့ ကို ဒီလောက်မုန့် ဖိုး မပေးဖူးပါဘူး။ ဆုမချဖူးပါဘူး။ တစ်နှစ်မှာ ကျွန်မကို အရောင်စုံထွက်တဲ့ ဘောလ်ပင်တစ်ချောင်း ပေးပါတယ်။ အဲဒီခေတ်က အင်မတန်မှ ရှားပါး ထူးခြားပစ္စည်းပါ။ အားလုံးက တအံ့တသြ ဝိုင်းကြည့်ရပါတယ်။
`ဒီလိုနှစ်တိုင်း လိုက်ကန်တော့ရတဲ့ ကလေးဘဝက မေမေသင်ပေးနေတဲ့ ဖေဖေနှင့်ပတ်သက်တဲ့ နိုင်ငံရေးသင်ခန်းစာကို´ မခြုံ ငုံမိခဲ့ပါဘူး။ ဘဘဦးတင်ဆိုတာ ဦးညို မြ ကျောင်းသားဘဝက `ငရဲခွေးကြီး လွတ်နေပြီ´ ဆိုတဲ့ ဆောင်းပါးနှင့် ထိုးနှက်ခဲ့သူပါ။ (မှတ်ချက် - bursar - တက္ကသိုလ်ငွေစာရင်းမှုး (ငွေထိန်း) ဦးတင်ကို ရည်ရွယ်ပြီး အိုးဝေညို မြက ထိုဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်) `စာရေးဆရာ အမည်မထုတ်ဖော်ခဲ့တဲ့ အိုးဝေစာစောင်အယ်ဒီတာကတော့ ဖေဖေပါပဲ´ ။
`ဟင်္သာတဦးမြဆိုတာ တစ်ချိန်က ဂဋ္ဌုန်ဦးစောကို အလွန်လေးစားခဲ့ပြီး ဦးစောပါတီအဖွဲ့ ဝင် ဖြစ်ခဲ့သူပါ။ (မှတ်ချက် - ဟင်္သာတဦးမြက ဦးစောနှင့် အရမ်းရင်းနှီးပါတယ်။ လွတ်လပ်ရေးယူရန်ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချူ ပ်အောင်ဆန်းသည် ဦးစောနှင့် ဆွေးနွေးမည်ဆိုသောအခါ ဟင်္သာတဦးမြက ခေါ်သွားပါတယ်။ ဦးစောအိမ် ရောက်ချိန်တွင် အပြင်ဝရံတာထိုင်ခုံမှာ နှစ်ဦးသား ထိုင်စောင့်နေပါတယ်။ ဦးစောအိမ်က မင်းစေကလည်း သူတို့ ခေါင်းဆောင်ကြီး စကားပြောနေ၍ အရေးကြီးလို့  ခဏစောင့်ပါဆိုပြီး ထိုင်စောင့်ခိုင်းထားပါတယ်။ (တကယ်တမ်းက နိုင်ငံခြားသားတွေနဲ့ အရက်သောက်ပြီး စကားပြောနေတာပါ။ ဗိုလ်ချူ ပ်ကို တမင်လုပ်တာပါ) နာရီဝက်လောက်ကြာတော့ ထွက်မလာသဖြင့် ဟင်္သာတဦးမြက `လာ ဗိုလ်ချူ ပ် မစောင့်နဲ့ တော့ သွားမယ်´ ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် `ဗိုလ်ချူ ပ်က ဟာ .. ဦးလေးမြကလည်း နေစမ်းပါဦး စောင့်စမ်းပါဦး´ ဆိုပြီး ဆက်စောင့်ပါတယ်။ ဒီလိုနဲ့  စောင့်နေရင်း နှစ်နာရီလောက် ကြာချိန်တွင်တော့ ဟင်္သာတဦးမြက `ကဲ. ဗိုလ်ချူ ပ် ထတော့ ဒါလောက်တောင် စော်ကားတာ. သူနဲ့ လည်း နောက် ဘယ်တော့မှ မဆက်ဆံဘူး´ ဆိုပြီး အတင်းခေါ်ပြီး ပြန်လာစေခဲ့ပါတယ်။ ထိုမှစပြီး ဟင်္သာတဦးမြသည်လည်း ဦးစောကို လုံးဝ အဆက်အဆံမလုပ်တော့ပဲ ဗိုလ်ချူ ပ်ကို အပြည့်အဝ ယုံကြည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပါတော့တယ်။ သိစေလိုတာက ဗိုလ်ချူ ပ်တွင် ဘယ်လိုမျိုးမှ စိတ်ကွက်တာမျိုးမရှိ.. လွတ်လပ်ရေးအတွက်ဆိုရင် တခြားဘာမှ ထည့်မစဉ်းစားပဲ ကလေးဆန်ဆန် အပြုအမူမျိုးကို ဘယ်တော့မှမလုပ်။ မည်သူနဲ့ မဆို တိုင်းပြည်အကျိုးကို ရည်မျှော်ကိုး၍ ပူးပေါင်းဆောင်ရွက်သည်သာ ဖြစ်ကြောင်း။ တိုင်းပြည်အကျိုးအတွက်သည်သာ အဓိက ပဓါနဖြစ်ကြောင်း) [သမီးအောင်ဆန်းသည်လည်း ထိုကဲ့သို့  စိတ်နေသဘောထားအတိုင်း အတူတူပင် ဖြစ်ပါသည်]
နောက်တော့ `ဖေဖေ့ကို ခေါင်းဆောင်အဖြစ် လက်ခံခဲ့ရုံမက ဖေဖေမရှိတော့တဲ့အခါမှာ ကျွန်မတို့ အပေါ်မှာ မေတ္တာမပျက် နေခဲ့ပါတယ်´။ ဒီတော့ "ကျွန်မတို့  ဖြတ်သန်းခဲ့တဲ့ သီတင်းကျွတ်တွေဟာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့မှုကို သရုပ်ဆောင်ခဲ့ပါတယ်။ ဖေဖေက ရန်သူတွေကို မိတ်ဆွေဖြစ်အောင်- မိတ်ဆွေလိုဆက်ဆံခဲ့တဲ့ အမွေကောင်းတွေ ကျွန်မတို့  ဆက်ခံခဲ့ရပါတယ်" ။
ဒေါ်အောင်ဆန်းစုကြည်.
( ဒီစကား မှ ပြန်​လည်​မျှ​ဝေပါသည်​ )


အောင်ဆန်းစုကြည် ( ဒီစကား )
16.9.2014
 Image may contain: 1 person, drink, child and night

No comments: