Tuesday, April 11, 2017

လွတ်လပ်စွာ ထွက်ခွာခွင့်ပေးလိုက်ပါ


==================================
ယောင်္ကျားတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ပါရမီဖြည့်ဖက် အမျိုးသမီးပေါ်မှာ အများကြီး မူတည်နေတယ်လို့ဆိုကြတယ်။ အဲဒီလိုပဲ မမေ့သင့်တာကတော့ အဲဒီယောင်္ကျားဟာ ပါရမီဖြည့်ဘက် ဇနီးသည်ကို အချိန်မရွေး ပစ်သွားနိုင်တယ်ဆိုတာပါပဲ။
လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို ဘယ်လောက်ထိ စွဲဆောင်ထားနိုင်သလဲ ကျွန်မသိပါဘူး။
သေချာတာကတော့ ဘယ်လောက်ပဲချစ်ခင်နှစ်သက်နေတဲ့ သူပဲဖြစ်ပါစေ တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက်က ခွဲခွာပြီး ထားခဲ့ကြတာပါပဲ။
သေကွဲဖြစ်မလား၊ ရှင်ကွဲလား …။ သေခြင်းတရားကြောင့် ခွဲခွာရတယ်ဆိုတာ ထက် ရှင်ကွဲ ခွဲကြရတာ။ ပြီးတော့ ထားခဲ့ရက်တာ အဲဒီလိုအခြေအနေမျိုးကို တည်ငြိမ်စွာ လက်ခံနိုင်ဖို့လူတိုင်း ခက်ခဲတတ်ကြပါတယ်။
လောကမှာ ပြီးပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးဆိုတာ မရှိပါဘူး။ ဒီတော့ ဂရုဏာနှလုံးသားနဲ့သည်းခံ ခွင့်လွှတ်နိုင်တဲ့စိတ် ရှိမှ ဘ၀ကို အေးချမ်းသာယာစွာနဲ့ဖြတ်သန်းနိုင်ကြပါတယ်။
များသောအားဖြင့် ပါရမီဖြည့်ဖက်တွေက အတူတူရုန်းကန်ကြတယ်။ အေးတူပူအမျှ ဝေမျှရှင်သန်ကြတယ်။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ကူညီအားပေးကြပါတယ်။ တစ်ယောက်အတွက် အကူအညီလိုနေတဲ့အချိန်မှာ နောက်တစ်ယောက်က ဖြည့်ဆည်းပေးတာ ပါရမီဖြည့်ဖက်ပါ။ ပါရမီဖြည့်ဖက်ကောင်းဖြစ်တဲ့အမျိုးသမီးတွေ အများကြီး ရှိပါတယ်။
ခင်ပွန်းအတွက် ခက်ခဲနေချိန်၊ သူအကူအညီလိုနေတဲ့အချိန်မှာ ဒုက္ခဒဏ်မခံနိုင်လို့၊ ဆင်းရဲနိမ့်ပါးရမှာ ကြောက်လို့ ဒုက္ခရောက်နေတဲ့ ခင်ပွန်းကို ပစ်ထားခဲ့ပြီး နောက်တစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်တဲ့ မိန်းမတွေလည်း ရှိပါတယ်။
ယောင်္ကျားမို့ မိန်းမမို့ ဆိုတာထက် လူတစ်ဦးချင်းဆီရဲ့စိတ်နေစိတ်ထား အဆင့်အတန်းက မတူညီကြပါဘူး။ ဒါကြောင့် ကိုယ်အခက်အခဲတွေ့နေချိန်မှာ ကိုယ်ဒုက္ခရောက်နေချိန်မှာ ထားပစ်ခဲ့တဲ့ သူ ဆိုရင် သူဟာ မက်လောက်စရာမရှိပါဘူး။
အဲဒီလိုပါပဲ ကိုယ်က သူနဲ့အတူတူ ရုန်းကန်ခဲ့ကြတယ်။ ဆင်းရဲဒုက္ခတွေကို အတူတူ မျှဝေ ခံစားခဲ့ကြတယ်။ ဒါပေမဲ့ သူ အဆင်ပြေလာတဲ့အချိန်မှာ ကိုယ့်ထက်ပိုပြီး ချစ်တဲ့သူ တွေ့သွားတတ်တဲ့သူတွေကလည်း မက်လောက်စရာမရှိပါဘူး။
အဲဒီလို မက်လောက်စရာမရှိတဲ့သူတွေ ကိုယ့်နားကနေ ထွက်သွားဖို့ကြိုးစားတယ်ဆိုရင် အေးအေးဆေးဆေးသာ လက်လွတ်ပေးလိုက်ပါ။ သူဟာ ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူပါ။ သူဟာ ကိုယ့်ကို မအေးချမ်းစေတဲ့သူ။ သူဟာ ကိုယ့်ကို လူ့ငရဲထဲဆွဲချခဲ့တဲ့ သူပါ။
သူ့ကို ကိုယ်ထားခဲ့တဲ့ တန်ဖိုးမှာ သူ မနေနိုင်တော့တဲ့အခါ သူက သူနဲ့တန်းတူတဲ့ခပ်နိမ့်နိမ့်လူတွေဆီကို အာရုံရောက်သွားတတ်ပါတယ်။
အဲဒီလိုနဲ့သူတို့နဲ့ထိုက်တန်တဲ့တစ်ဆင့်နိမ့်တဲ့ သူတွေဆီကို သွားတတ်ကြပါတယ်။ ဒီသဘောတရားကို လက်ခံနားလည်လိုက်တယ်ဆိုရင် သူတို့ကို လွှတ်ချလိုက်ရတဲ့ အတွက် ကိုယ့်ဆီက အပူထုတ်ကြီး ကျသွားတယ်လို့သာ မှတ်လိုက်ပါ။
တကယ်လည်း ကိုယ်က သူ့ကို အကြောင်းအမျိုးမျိုးကြောင့် လွှတ်မချမခြင်း သူ့ရဲ့ စိတ်ထဲမှာ နာကျင်ပူလောင်နေရတာပါပဲ၊ သူက အပူတွေ ပေးနေတာကိုး။
ကိုယ့်နားမှာ မနေချင်လို့ ထွက်သွားတဲ့သူတစ်ဦးကို အပန်းတကြီး လှမ်းဆွဲကြတဲ့ သူတွေကို တွေ့မြင်ရတိုင်း ကျွန်မ စိတ်ထဲ သူတို့ကိုယ်စား မသက်မသာ ခံစားရပါတယ်။
အချို့က သားသမီးတွေကြောင့် သူတို့ကို မလွှတ်တာလို့ ဆိုပါတယ်။ အက်ကွဲနေတဲ့ အိမ်ထောင်ရေးမှာ သားသမီးဆိုတာ မြေဇာပင်ပါ။
ဖောက်ပြန်နေတဲ့မိဘနဲ့စိတ်ဆင်းရဲပြီး ပူလောင်နေတဲ့စိတ်သောကတွေ ဝေနေတဲ့ မိဘ ကြားမှာ နေထိုင်ရရှာတဲ့ကလေးဘ၀ဟာ ဘယ်လိုမှ မအေးချမ်း ရှာပါဘူး။ အဖေ ရှိနေတယ်လို့ပြောနိုင်ပေမဲ့ ဒီအဖေက ကြည်ညိုစရားကောင်းတဲ့သူမျိုး မဟုတ်ဘူးလေ၊ အကျင့်သီလမကောင်းတဲ့ ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့အဖေကို အဖေလို့ခေါ်ရမှာတောင် ရှက်တဲ့သားသမီးတွေရှိကြပါတယ်။
“ဒီလို မကောင်းတဲ့ အဖေ ရှိနေတာထက်စာရင် အဖေမရှိတာကမှပိုကောင်းပါသေးတယ် အမေရယ်“လို့ ငိုကြွေးတတ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ကို ငိုသံကိုလည်း မထင်မှတ်ဘဲ ကြားခဲ့ရဖူးတယ်။
“ ကွာပေးလိုက်ပါ အမေ၊ သူ့ကို သမီးတို့အိမ်တောင် မလာခိုင်းတာ ပိုကောင်းပါတယ်။ သူလာတိုင်း အမေနဲ့ရန်ဖြစ်နေတာ သမီးတို့လည်း မကြားချင်တော့ဘူး၊ သူ့ ရုပ်လည်း မကြည့်ချင်တော့ဘူး“ လို့ စိတ်နာနာနဲ့ ပြောတတ်တဲ့ မိန်းကလေးတွေလည်း တွေ့ဖူးတယ်။
အချို့ကလည်း လောလောဆယ်တော့ နှစ်ယောက်ပေါင်းမယ်၊ နောက်တော့သူလည်း ပြောင်းချင်ပြောင်းသွားမှာပါလို့လည်း စဉ်းစားတဲ့သူ ရှိတယ်။ အချို့ကလည်း သူ့ကို လွှတ်လိုက်တာနဲ့ဟိုတစ်ယောက်က အပိုင်ရသွားမှာပေါ့ မရစေဘူး ဆိုတဲ့မာနနဲ့တင်းခံနေတာလည်း ရှိတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ။ သေချာတာက ဖောက်ပြန်တဲ့အိမ်ထောင်ဖက်၊ မကောင်းတဲ့ အိမ်ထောင်ဘက် ဆိုတာ လွှတ်မချနိုင်လေ မိသားစုလိုက် ဆင်းရဲဒုက္ခရောက်ရလေပါပဲ။
ကိုယ့်အနေနဲ့ရော မိသားစုဝင်တွေကိုပါ အေးချမ်းချင်တယ်ဆိုရင် ကိုယ့်နားမှာ မနေချင်တဲ့ ခင်ပွန်း၊ဇနီး သာမက အခြား မိသားစုဝင်တွေဆွေမျိုးသားချင်းအဆုံး နောက်ဆုံး ကိုယ့်ဝန်ထမ်းကစ ထွက်ခွာခွင့် ပေးလိုက်ပါ။
ကိုယ့်အပေါ် မကောင်းတဲ့သူတစ်ယောက် ထွက်သွားတာ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ ၀မ်းမနည်းပါနဲ့၊ ကိုယ့်ရဲ့စိတ်အေးချမ်းလွတ်လပ်သွားတယ်လို့သာ မှတ်ယူပါ။ သူတို့ကို အပြီးအပိုင်သာ လွတ်လွတ်ကျွတ်ကျွတ် ထွက်ခွင့်ပေးလိုက်ပါ။
သူတို့ထွက်သွားတာနဲ့ ဒုက္ခနဲ့ပူလောင်မှုတွေကင်းဝေး သွားပါလိမ့်မယ်။ ထွက်သွားတဲ့သူတို့ အစား ပိုကောင်းတဲ့သူတွေ ၀င်ရောက်လာနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော်။
နောက်တစ်ချက်ကတော့ ကိုယ့်ကို အမြဲ ဒုက္ခပေးတတ်တဲ့သူဟာ မိသားစုဝင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေပဲဖြစ်ပါစေ ကိုယ့်စိတ်ထဲကနေ သူ့ကို မောင်းထုတ်လိုက်ပါ။
ကိုယ့်အပေါ်ကို မကောင်းတဲ့သူတစ်ယောက်ကို ကိုယ့်စိတ်ထဲကနေ ထုတ်လိုက်ခြင်း အားဖြင့် ကိုယ်ဟာ လွတ်လပ်ပြီး အေးချမ်းသွားပါပါလိမ့်မယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: