Saturday, April 8, 2017

သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်


ဒီအ​ကြောင်းအရာဟာ မြန်​မာမာ့ဒီမိုက​ရေစီ အ​ရေးမှာ ၈၈ အ​ရေးအခင်​ ​နောက်​ပိုင်း RIT ​ကျောင်းသား တစ်​​ယောက်​ ပါဝင်းလုပ်​ရှားခဲ့တဲ့ ကမ္ဘာ​ကျော်​ အဖြစ်​အပျက်​တစ်​ခုပါ ။ သူ့ရဲ့ လုပ်​​ဆောင်​ချက်​​ကြောင့်​ မြန်​မာ့ဒီမိုက​ရေစီအ​ရေးကို ကမ္ဘာက ဂရုပြုမိလာတယ်​ ဆိုရင်​ မှားမယ်​ မထင်​ပါဘူး...

သမိုင်းကိုသိ​စေချင်​လို့ မျှ​ဝေ​ပေးပရ​စေ..

၁၉၈၉ ခုနှစ် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီးအား ဆပ်ပြာတုံးတစ်တုံးကို ဗုံးပုံစံအတုပြုလုပ်​၍ ထိုင်းနိုင်ငံသို့ လမ်းကြောင်းပြောင်း ဆင်းသက်စေကာ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာက အာရုံပြုစေခဲ့သူတစ်ဦးဖြစ်သော

သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်


အပိုင်း(၁)
ကျွန်တော့်အမည် သန်းစိုး ပါ။ ကျွန်တော့်ကို မြန်မာ အသိုင်းအဝိုင်း မှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရဲရင့် လို့လည်း သိကြပါ တယ်။
၁၉၈၈ တွင် မြန်မာနိုင်ငံမှ လူထုဟာ  အထွေထွေ မကျေနပ်ချက်များကြောင့် မဆလ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဒီမိုကရေစီအရေးကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ထိုအချိန်က ကျွန်တော်ဟာ နိုင်ငံရေး အတွေ့အကြုံ မရှိသေးသော ကျောင်းသားလူငယ်တစ်ဦးသာ ဖြစ်ပြီး ဤသမိုင်းဝင် ၈ လေးလုံး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါတယ်။ လူထုကြီးနှင့်အတူ နေ့စဉ် ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြမှုများတွင် လည်း ပါဝင်ခဲ့ ပါတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်၌ သွေးထွက်သံယိုမှုများနှင့် စစ်အာဏာသိမ်းမှုအပြီး မှာ တော့ ကျွန်တော်ဟာ  ထိုင်း၊ မြန်မာ နယ်စပ် ဘက် သို့ တိမ်းရှောင်ကာ တောတွင်းမှ အစိုးရအား ဆန့်ကျင်လျက် ဒီမိုကရေစီအရေး ကို ဆက်လက် လှုပ်ရှားခဲ့ပါတယ်။ ထိုင်း ၊ မြန်မာ နယ်စပ်တွင် နေထိုင်စဉ် မှာ ကျွန်တော် ဟာ  တောတွင်းရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အတူ အာဏာရှင်စစ်အစိုးရ ဆန့်ကျင်ရေး ၊ နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဒီမိုကရေအပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် ကိုယ် တတ် စွမ်းနိုင်သမျှ အားထုတ်ခဲ့ပါတယ်။
စစ်အစိုးရကို ဆန့်ကျင်လိုသည့် မြန်မာလူထုတို့၏ ပြင်းပြသည့်စိတ်ဓာတ်နှင့် အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံခဲ့ရသဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အကောင်းမြင်ပြီး  ( အလွန်ဆုံး) တစ်နှစ်လောက်ဖြင့် အိမ်ပြန်ကာ မိဘ ဆွေမျိုး သူငယ်ချင်းများနှင့် ပြန်လည်ကာ ပေါင်းဆုံနိုင် လိမ့် မည်ဟု ယုံကြည်ခဲ့ပါတယ်။ သို့သော် နိုင်ငံရေး အခြေအနေများဟာ မြန်မာပြည်တွင်း မှာ ရော ထိုင်းမြန်မာ နယ်စပ်ဧရိယာတွင်ပါ ကျွန်တော် မျှော်လင့်သည်ထက် များစွာ ဆိုးရွားခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင်တွင် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုများ၏ ဦးဆောင်မှု ပုံရိပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းလိုက်ပါသည်။ (ထိုအချိန်က အင်တာနက် မရှိသေးသဖြင့် ယနေ့ခေတ်ကဲ့သို့ သတင်းအချက်အလက်ကို လျှင်မြန် ကျယ်ပြန့်စွာ မရရှိနိုင်ချေ။) မြန်မာ နိုင်ငံတွင်း  တွင် ဖြစ် ပေါ် နေခဲ့ သော  အလွန်ဆိုးရွားသော ဖိနှိပ်ချုပ်ချယ်မှုများဖြစ်သည့် နိုင်ငံရေး အခြေအနေများအား နိုင်ငံတကာ လူ့အသိုက်အဝန်းမှ အာရုံစိုက်မှု များ လိုအပ်လာ ခဲ့ပါ တယ်။

ကျွန်တော်တို့ ဟာ  စစ်အာဏာရှင်ဆန့်ကျင်ရေးကို အရှိန်ဟုန်မြှင့်နိုင်ရန် အတွက်၊ မြန်မာ နိုင်ငံတော်တွင် နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှု များ အဖြစ် ပေါ်ပေါက်လာစေရန် ၊  နိုင်ငံတကာဖိအား များ ကို စောင့်မျှော်ခဲ့ကြ ပါတယ်။ သို့သော်မြန်မာ နိုင်ငံတွင်း နိုင်ငံရေး အခြေအနေများ ဟာ ပိုမို၍သာ ဆိုးရွားလာ ခဲ့ ရပါ တယ်။ စစ်အာဏာရှင်များ ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပို၍ပင်ရက်စက် ကြမ်းကြုတ်စွာ နှိပ်ကွပ်ပြီး ၊ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နိုင် ရေး အတွက် ကို ပိုမိုခိုင်မာကျစ် လစ် စွာ ဖွဲ့စည်း လုပ့် ဆောင် လာ ခဲ့ကြ ပါတယ်။ ထို့ပြင် ထင်ရှားသော မြန်မာ့ ဒီမိုကရေစီအရေး ဦးဆောင်ကြ သူများကို ဖမ်းဆီးခြင်း (သို့) တိုင်းပြည်မှ ထွက်ခွါ သွားရန် တွန်းအားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အသိုက်အဝန်းမှလည်း မြန်မာနိုင်ငံမှ ဖိနှိပ်မှုများကို အာရုံစိုက်မှုနည်းပါးခြင်း (သို့) လုံးဝနီးပါး အာရုံစိုက်မှု မရှိ တော့ခြင်း၊ မေ့ လျှော့  ထား ခံရခြင်း တို့ဖြင့်သာ ကြုံတွေ့ကြရပါတယ်။ မျှော်လင့်ချက်များ လျှော့ပါး ပျောက်ဆုံးလာခဲ့ကြရ ပါ တယ်။  အာဏာသိမ်း၊ စစ်ဘက်အရာရှိများ ဟာ  အကြွင်းမဲ့အာဏာကို ခိုင်မာစွာ တည် ဆောက် ခွင့် ကို ရရှိ လာခဲ့ ကြပါ တော့ တယ်။။
မြန်မာနိုင်ငံတွင်း မှ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို လူမဆန်စွာ နှိပ်ကွပ် သတ်ဖြတ် နေ မှုများ ဟာ  တရုတ် နိုင် ငံ ရဲ့  Tiananmen Square မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ရ မှု၏ လွှမ်းမိုးမှု အောက်တွင် မှေးမှိန်သွား ရကာမြန်မာ့ ဒီမို ကရေစီ အရေးဟာ နိုင်ငံတကာ မီဒီယာများက  နေမေ့ပျောက်သွားခဲ့ကြရ ပါတယ်။  ဒါ့  ကြောင့် ကျွန်တော်တို့၏ တောတွင်း ယာယီစခန်းများ မှာ  ကျွန်တော်တို့ အချင်းချင်းအကြား မှာ နိုင်ငံတကာ မီဒီယာ ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင် ရန် အတွက် ကို တစ်ဦးချင်းအနေဖြင့် မည် သို့  ငါ တို့ ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြ ပါတယ်။ ထိုအချိန်မှာ  ကျွန်တော်ဟာ နယ်စပ်ရှိ တောတွင်း ယာယီစခန်းများ မှာ  တစ်နှစ်နီးပါး နေထိုင်နေခဲ့ပြီး ဖြစ် ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် ကျွန်တော်တို့ အားလုံး၏ မျှော်လင့်ချက်များမှာ ဆုံးရှုံးတော့ မလိုဖြစ်လာ နေ တာ ကြောင့်၊  ကျွန်တော်နှင့် ရဲဘော်ရဲဘက်တဦး ဖြစ်သူ (ရဲသီဟ) တို့ဟာ မြန်မာနိုင်ငံ "ပြင်ပ" တွင် တစ် စုံ တခု့  ကို ထိုးဖေါက်  ဆောင်ရွက်ကြဖို့  ကို ဆုံးဖြတ်ခဲ့ကြပါတယ်။

 စစ်အာဏာရှင်များက မြန်မာပြည်တွင်းရှိ  မီဒီယာများ ကို သူတို့ စိတ် တိုင်းကျ ထိန်းချုပ်ထား တာ ကြောင့် မြန်မာပြည်တွင်း မှ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပြည်တွင်းမှ ရ ယူ နိုင် ရန် မှာ မလွယ်ကူပေ။ ကျွန်တော်တို့ ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာက သိရှိပြီး ဖိအားပေးလာနိုင်ရန် လိုအပ်နေသည်ဟု ယူဆ လာပါတယ်။   ထို့ကြောင့် ကျွန်တော်တို့ ဟာ  နိုင်ငံတကာ၏ အာရုံစိုက်မှု များ ရရှိ နိုင် ရန်အတွက် မြန်မာမှ ထိုင်းသို့ သွားသည့် ပြည်တွင်း လေယာဉ်တစ်စီးအား ချောဆွဲရန် ဆုံးဖြတ်ခဲ့ကြ ပါတယ်။
 ကျနော် တို့ အနေဖြစ် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ နိုင် မှု အတွက်  ကျနော် တို့ ၏ နောက်ဆုံး ကြိုးစားအားထုတ်မှုအနေဖြင့် ကူညီခဲ့ ကြ ရန် ဆုံးဖြတ် ခဲ့ ကြပါတယ်။
ကျွန်တော်တို့ တွင် ယ္ခု့  လို အတွေ့အကြုံ၊ ငွေကြေး အထောက်အပံ့နှင့်  စံနှစ် တကျ လေ့ကျင့်သင်ကြားပေးမှု များ တစ်စုံတစ်ရာ မရှိခဲ့ သော်လည်း ကျွန်တော်တို့ ဟာ တောတွင်းစခန်းမှ ကျွန်တော်တို့၏ ဆောင်ရွက်ရန် အစီအစဉ်ကို ကြံမိကြံရာ ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ကျနော် တို့  ဘာ သာ ကျနော် တို့  မနား မနေ ကို  နည်းလမ်းရှာကြံခဲ့ကြ ရပါတယ်။

ထိုသို့ဆောင်ရွက်ရန် အစီအစဉ်ချခြင်းနှင့် ခရီးလမ်းကြောင်းရှာခြင်းများတွင် များစွာသော အခက်အခဲများကို ကျော်လွှားပြီးနောက် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းသို့ ကော့သောင်းမှတစ်ဆင့် ၁၉၈၉ အောက်တိုဘာ ၁ ရက်တွင် လျှို့ဝှက်စွာ ဝင်ရောက်နိုင်ခဲ့သည်။

အမှန်ဆိုလျှင် ကျွန်တော်တို့ ဟာ စစ် ထှောက်လှမ်း ရေး များ မှ ဖမ်းမိ သွား မည်ကို အလွန်ကြောက်ရွံ့နေမိ ပါတယ်။ သို့သော် ကျွန်တော်တို့ ရောက်ရှိနေသော အခြေအနေများက ကျွန်တော်တို့ ရဲ့ ဒီ အစီအစဉ်ကို မဖြစ်မနေ ဆောင်ရွက်ရန် တွန်းပို့ နေခဲ့ တယ် လို့  လည်း  ခံစားခဲ့ရ မိပါတယ်။  ကျွန်တော်တို့၏  လျှို့  ဝှက်  ဝင်ရောက်လာမှုကို စစ်ထောက်လှမ်းရေးများက နောက်ယောင်ခံ လိုက်နေ ကြ သည်ဟု လည်း ခံစားကြရ ပါတယ်။
မည်သို့ ပင် ဖြစ် စေကားမူ  ကျွန်တော်တို့ ဟာ  ၁၉၈၉ အောက်တိုဘာ ၆ရက် ညနေတွင် မြန်မာ ပြည်တွင်း လေယာဉ်တစ်စီးကို ထိုင်းနိုင်ငံသို့ ဆပ်ပြာဗူးတစ်ဗူးကို ဗုံးဟု လိမ်ညာလျက် အောင်မြင်စွာ လမ်းကြောင်းလွှဲနိုင်ခဲ့ ကြပါတယ်။
အစပိုင်းတွင် ခရီးသည်များမှာ အလွန်ကြောက်ရွံ့နေခဲ့ကြ ပါတယ်။  ရဲသီဟက ကျွန်တော်တို့ ဟာ တိုင်းပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်နေပြီး နယ်စပ်တောတွင်းစခန်းများတွင် နေထိုင် ခဲ့ ကြ သူ၊ ဒီမိုကရေစီရရှိရေး တက်ကြွလှုပ်ရှား နေကြ သူ၊  ကျောင်းသားများ ဖြစ်ကြောင်း ချက်ချင်း ရှင်းပြခဲ့ပါတယ်။

လေယာဉ် ခရီး သည် တွေ ဟာ ကျွန်တော်တို့၏ လုပ်ဆောင်မှု ရည်ရွယ်ချက်၊ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှု (၇) ချက်နှင့် လေယာဉ် ဟာ ယိုးဒယားနိုင်ငံ ဘန်ကောက် မြို့  သို့ ဦးတည်နေကြောင်း စသည် တို့ကို ကြားသိရပြီးနောက် မှာ တော့  စိုးရိမ်ပူပန်မှုများမှ သက်သာရာ ရပုံပေါ် လာ ပြီး ခရီးသည်များ ကလည်း ကျနော့် တို့ အပေါ်  စိတ်ချသွားကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြ ပါတယ်။

ထိုအချိန်တွင် ကျွန်တော်တို့ ဟာ အသက် အားဖြစ် ငယ်ရွယ်ပြီး၊  နိုင်ငံရေးအရ အတွေ့အကြုံနုနယ်လွန်း ပါသေးတယ်။ အင်္ဂလိပ် စကားပြော စွမ်းရည်မှာလည်း အလွန်အားနည်းပါသေးတယ်။ ကျွန်တော်တို့ လုပ်ဆောင်မှု၏ နိုင်ငံရေးဆိုင်ရာ ထုတ်ပြန်ချက်နှင့် အဆိုပြုမှုများကို အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော်နှင့် ရဲသီဟတို့၏ သွေးလက်ဗွေများဖြင့် (၃) မျက်နှာရှည်လျှား အောင် ရေးသားထားသော်လည်း ထိုင်းအစိုးရ၏ ဖြန်ဖြေရေးအဖွဲ့နှင့် ဆက်သွယ်ရန် အင်္ဂလိပ် စကား မတတ်တတတ်ဖြင့် ပြောဆိုခဲ့ကြရ ပါတယ်။
ကျွန်တော်တို့၏ လုပ်ဆောင်မှုအတွင်း ခရီးသည်များနှင့် လေယာဉ် အမှု ထမ်း များ၏ ဘေးကင်းလုံခြုံမှုမှာ အရေးကြီးဆုံးဟု အစကတည်း က ခံယူ ထား ခဲ့ကြ ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ ဟာ လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနှင့် လေယာဉ်မောင် (၂)ဦးဖြစ်သည့် လေယာဉ် အမှု ထမ်း များကို ထိန်းချုပ်ရန် မကြိုးစားခဲ့ ကြပါ။ ကျွန်တော်တို့က လေယာဉ် အမှု ထမ်း များနှင့် ခရီးသည်များကို ကျွန်တော်တို့ မည်သူဖြစ်သည်၊ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျွန်တော်တို့ မည်သည့် နေရာသို့ သွားနေသည်ကို နား လည် အောင် ရှင်းပြခဲ့ ကြပါတယ်။  လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ အား လေယာဉ်မှူးအခန်းကို အပြည့်အဝထိန်းချုပ်မှုနှင့် လွတ်လပ်မှုတို့  ကို ပေး ထား ခဲ့ပြီး အကယ်၍ ကျွန်တော်တို့အား လှည့်စားကာ (ထိုင်းနိုင်ငံအစား) ရန်ကုန်သို့ ပျံသန်းခဲ့လျှင်ပင် ကျွန်တော်တို့ သိရှိခဲ့မည် မဟုတ်ချေ။
(ဆက်လက်ဖော်ပြပါမည်။)


သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်
အပိုင်း(၂)
လေယာဉ်မှူး၏ အဆိုအရ မြိတ်မှ ရန်ကုန် ပျံသန်းသည့် ခရီးစဉ်၏ ကုဒ် အမည်မှာ XYADW-Whisky ဖြစ်သည်။ လေယာဉ်အမည်မှာ F28 Fokker ဖြစ်သည်။ လေယာဉ် တွင် ခရီးသည် စုစုပေါင်း ၈၅ ဦး ပါရှိခဲ့သည်။ ၎င်းတို့ထဲမှ ကြည်းတပ်နှင့် ရေတပ်မှ ၂၅ ဦးနီးပါး ပါခဲ့သည်။
လေယာဉ်မှူးက ထိုင်း လေကြောင်းလိုင်း ထိန်းချုပ်ရေးနှင့် ဆက်သွယ်မှုများအားလုံးကို ဆောင်ရွက်ပေးခဲ့ပြီး ထိုင်း အစိုးရနှင့် ကျွန်တော်တို့အကြား ဘာသာပြန်အဖြစ် ကူညီခဲ့သည်။ သူ၏ ကူညီမှုနှင့် လမ်းညွှန်မှုသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားလေသည်။
ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက်အရ ကျွန်တော်တို့သည် လေယာဉ်ကို ဘန်ကောက်မြို့အစား U-Tapao ထိုင်းရေတပ် စခန်းတွင် ဆင်းသက်ရန် သဘောတူခဲ့သည်။ ထိုင်းအစိုးရ၏ တောင်းဆိုမှုမှန်သမျှကို ကျွန်တော် တို့ ကန့်ကွက်မှု မပြုခဲ့ချေ။ ထိုင်းရေတပ်စခန်းကို ည​နေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် လေယာဉ်ကို ဆင်းသက်ခဲ့သည်။
လေယာဉ် ဆင်းသက်ပြီး ထိုင်းမှ ဖြန်ဖြေသူများနှင့် ဆက်ဆံရေး တည်ဆောက်ပြီးနောက် ထိုင်းအစိုးရ ကိုယ်စားလှယ်တစ်ဦး လေယာဉ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့သည် မြန်မာ စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကောင်စီ (SLORC) ထံသို့ အချက် ၇ ချက်ပါသော နိုင်ငံရေး တောင်းဆိုမှု တစ်ခု ပြုခဲ့သည်။
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၂) နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန်
(၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်
(၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်၊
(၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂ မှ စောင့်ကြည့်ကြီးကြပ်ခွင့်ပြုရန်
(၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့် ပြုရေး အာမခံ ကတိပြုရန် တို့ဖြစ်သည်။
ကျွန်တော်တို့က ထိုသူကို ကျွန်တော်တို့၏ အချက် (၇) ချက်ပါ နိုင်ငံရေးတောင်းဆိုချက်များ ရေးသားထားသော စာရင်းကို SLORC ထံ လက်ဆင့်ကမ်းပေးရန် ပြောဆိုခဲ့ပြီး ကျွန်တော်တို့၏ လုပ်ဆောင်ချက်ကို ရှင်းပြခဲ့သည်။ ကျွန်တော်နှင့် ထိုင်းအစိုးရ အကြား ဆက်ဆံရေးဖြစ်မြောက်ရန် လေယာဉ်မှူးကို ကူညီ​ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ် Thienchai Sirisanpham (နောင်တွင် တော်ဝင်ထိုင်းအစိုးရ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်လာသူ) သည် ကျွန်တော်တို့၏ ပထမဆုံး အဆက်အသွယ်ဖြစ်ခဲ့သည်။ လေယာဉ်အနီးဘေးတွင် ထိုသူနှင့် တွေ့ဆုံပြီးနောက် ကျွန်တော်တို့သည် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို ခရီးသည်များအားလုံးကို လေယာဉ်မှ ထွက်ခွာပြီး လေဆိပ်ထွက်ပေါက်သို့ သွားခွင့်ပြုရန် စီစဉ်ခဲ့ကြသည်။
ညဘက် ၁၀း၀၀ နာရီခန့်တွင် ဗိုလ်ချုပ် Thienchai Sirisanpham က SLORC မှ ကျွန်တော်တို့၏ အချက် (၇) ချက်ပါ နိုင်ငံရေး တောင်းဆိုချက်ကို လုံးဝပယ်ချလိုက်ကြောင်း ပြောခဲ့သည်။ SLORC မှ ပယ်ချမှုသည် ကျွန်တော်တို့အတွက် အဆန်းမဟုတ်ချေ။ ကျွန်တော်တို့ ဤလုပ်ရပ်အတွက် တောတွင်းစခန်းတွင် စီစဉ် စဉ်ကပင် ကျွန်တော်တို့၏ တောင်းဆိုမှုကို SLORC မှ သဘောတူမည် မဟုတ်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ ကျွန်တော်တို့၏ ဤလုပ်ရပ်မှ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာ လူ့ အသိုက်အဝန်း၏ အာရုံစိုက်မှုကို နိုင်ငံတကာ မီဒီယာမှတစ်ဆင့် တတ်နိုင်သလောက် ဆွဲဆောင်ရန်ဖြစ်သည်။ မြန်မာပြည်တွင်း ဆိုးရွားသော ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံရေး အခြေအနေကို သိရှိစေရန်ဖြစ်သည်။
ကျွန်တော်တို့က ခရီးသွားများကို ကျွန်တော်တို့၏ နိုင်ငံရေး တောင်းဆိုမှုများကို SLORC မှ ပယ်ချကြောင်း ရှင်းပြပြီး ကျန်ရှိနေသေးသော ခရီးသွားများကို လေဆိပ်အ​ဆောက်​အဦးစီသို့ တစ်ဦးလျှင် (၇) မိနစ်ခြားစီ သွားခွင့်ပြု ခဲ့ကြသည်။ ခရီးသွားများ၊ လေယာဉ်ဝန်ထမ်းများနှင့် ဗိုလ်ချုပ် Thienchai Sirisanpham ကို ဤသို့ တစ်ယောက် (၇) မိနစ်ကြား လွှတ်ရသည့် နည်းလမ်းမှာ BBC(Burmese) နှင့် VOA(Burmese) တို့၏ မနက်ခင်း သတင်းထုတ်လွှင့်မှုကို စောင့်ဆိုင်းရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဤလေယာဉ်၏ ဖြစ်ရပ်ကို ပြသပြီး နိုင်ငံတကာအသိုက်အဝန်းမှ အာရုံစိုက်မှု လိုအပ်နေသော တိုင်းပြည်၏ ကြောက်မက်ဖွယ်နိုင်ငံရေး အခြေအနေ အကြောင်း ကမ္ဘာကို အသားပေးဖော်ပြနိုင်ရန်အတွက် ဖြစ်သည်။
ဗိုလ်ချုပ် Thienchai Sirisanpham က အကြိမ်ကြိမ် ကြိုးစားသော်လည်း မြန်မာ သံအမတ်နှင့် သံရုံးဝန်ထမ်းများသည် ကျွန်တော်တို့နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့ကြသည်။ ဗိုလ်ချုပ် Thienchai Sirisanpham က မြန်မာ သံအမတ်နှင့် သံရုံး ဝန်ထမ်းများကို ယင်းငြင်းဆိုမှုအတွက် စိတ်ပျက်ခဲ့သည်။ ဗိုလ်ချုပ် Thienchai Sirisanpham က သူသည် ကျွန်တော်တို့၏ ထိုင်းအစိုးရ ဖြန်ဖြေရေးအဖွဲ့နှင့် ပူးပေါင်းမှုကို အလွန်လေးစား ကြောင်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ် Thienchai Sirisanpham သည် သူဆန္ဒရှိသလို လေဆိပ်ထွက်ပေါက်နှင့် လေယာဉ် အကြား အသွားအပြန်ပြုနိုင်​​အောင်​ ခွင့်​ပြု​ပေးခဲ့ပါသည်​။ ကျွန်တော်တို့ တားမြစ်မှု မပြုခဲ့ချေ။ ကျွန်တော်တို့က သူနှင့် လေယာဉ်မှူးကိုပင် ကျွန်တော်တို့ ပါဝင်နားထောင်ခြင်းမရှိဘဲ သီးခြားစကားပြောဆိုရန် ခွင့်ပြုခဲ့သည်။
အောက်တိုဘာ (၇) ရက် မနက် (၂း၀၀) ခန့် အစောပိုင်းတွင် ဗိုလ်ချုပ် Thienchai Sirisanpham ကျွန်တော်တို့ကို The Nation သတင်းစာနှင့် Bangkok Post သတင်းစာတို့၏ မနက်ပိုင်းထုတ်ဝေမှုတွင် လေယာဉ် ဖြစ်ရပ်အကြောင်း ရှေ့မျက်နှာဖုံး ဇာတ်လမ်း၏ စာရွက်မိတ္တူကို ပြခဲ့သည်။ ထို့နောက်တွင် ကျွန်တော်တို့ လုပ်ဆောင်ချက် အဓိက ပန်းတိုင်ရောက်ရှိသွားသောကြောင့် လေဆိပ်ထွက်ပေါက်သို့ အနည်းငယ်သာ ကျန်ရှိသော ခရီးသည်များကို သွားခွင့်ပြုရန် သဘောတူခဲ့သည်။
ခရီးသည်များ လေယာဉ်မှ လေဆိပ်သို့ ထွက်ခွာသည့် အချိန်တိုင်းတွင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ လုပ်ဆောင်ချက်များကြောင့် အဆင်မပြေဖြစ်ခဲ့ရခြင်းများအတွက် ခရီးသည် တစ်ဦးချင်းစီအား အနူးအညွတ် တောင်းပန်ခဲ့ကြသည်။
ယခုအခါ ဘဝအတွေ့အကြုံနှင့် ရင့်ကျက်မှု ပိုမိုရှိလာသော အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ကျွန်တော်တို့သည် ခရီးသည် တစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်ပြုရန် ရည်ရွယ်ခြင်းမရှိခဲ့သော်လည်း သူတို့၏ အသက်ဘေးအတွက် ခရီးစဉ်အတွင်းတွင် သေချာပေါက် ကြောက်ရွံ့ထိတ်လန့်စွာ နေရမည်ကို တွေးတိုင်း စိတ်မကောင်း ဖြစ်ရသည်။ ခရီးသည်များကလဲ ကျွန်​​တော်​တို့ နှင့်​ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဤခရီးစဉ် တစ်လျောက်တွင် အထောက်အကူ ဝိုင်းဝန်း​ပေးခဲ့ကြသည်။ သို့သော် ကျွန်တော်တို့၏ လုပ်ရပ်မှာ လေယာဉ်စီး ခရီးသည်များအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ခဲ့ရသည်ဟု တွေးမိတိုင်းမှာ ၀မ်းနည်း ခံစားရပါသည်။
ခရီးသည်များအားလုံး ​လေဆိပ်​အ​ဆောက်​အဦးသို့ ​ရောက်​သွားပြီး​နောက်​ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး၊ ဗိုလ်ချုပ် Thienchai နှင့် ကျွန်တော်တို့ သည် လေယာဉ် ပြင်ပတွင် ရပ်လျက်ကျန်ရစ်ခဲ့ကြသည်။ ကျွန်တော်တို့သည် မည်သို့ ဆက်လက် ရမည်ကို မသိရှိဘဲ ကျွန်တော်တို့သည် နိုင်ငံရေး ခိုလှုံခွင့် (သို့) တစ်စုံတစ်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများ အကြောင်း ကြံစည်ထားမှု မရှိခဲ့ချေ။ ကျွန်တော်တို့ ခံစားရသည်မှာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ လုပ်နိုင်သည်ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့၏ အပေါင်းပါ လုပ်ဖော်ကိုင်ဖက်များနှင့် မြန်မာ ပြည်သူများလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် မပြီးဆုံးသေးသော တာဝန်ကို ဆက်လက် ထမ်းဆောင်မည်ဟူ၍ ယုံကြည်သည်။
ကျွန်တော်တို့၏ ဤ လုပ်ရပ်အတွက် နဂို အဆုံးသတ်အစီအစဉ်မှာ လုပ်ငန်းဆောင်တာများ အားလုံးပြီးစီးပါက လက်ကောက်ဝတ်ကို ခဲတံချွန်သည့် ဓားဖြင့် လှီးပြီး သေကြောင်းကြံရန်ဖြစ်သည်။ သို့မှသာ များစွာသော မြန်မာလူမျိုးများက မြန်မာနိုင်ငံကို ငြိမ်းချမ်းသည့် ဒီမိုကရေစီ ရရှိနိုင်ရန် ဆောင်ရွက်ခဲ့သည့် စွန့်လွှတ်မှုကို ဖော်ပြနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ မလုပ်ဆောင်မီ ကျွန်တော်တို့သည် ထိုင်းအစိုးရကို ဗိုလ်ချုပ် Thienchai မှတစ်ဆင့် စာဖြင့် ရေးသားပြီး အချက် (၃)ချက် တောင်းဆိုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။



သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်
အပိုင်း(၃)
၁) ထိုင်းနိုင်ငံအစိုးရသည် မြန်မာလေယာဉ်ကို ထိုင်းနိုင်ငံတွင် သိမ်းဆည်းထားပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရ ရရှိသည်ထိ ထိန်းသိမ်းထားရန်။
၂) မြန်မာခရီးသည်များ ထိုင်းနိုင်ငံတွင်ရှိနေစဉ် ထိုင်းအစိုးရက ကူညီ ထောက်ပံ့ပေးရန်။
၃) မြန်မာနိုင်ငံသို့ ခရီးသည်များ ပြန်သွားသောအခါ မြန်မာ စစ်ထောက်လှမ်းရေးတို့၏ စိတ် အနှောင့်အယှက်ပေးမှု မရှိစေရန် ထိုင်းအစိုးရက ခရီးသည်များ၏ ဘေးကင်း လုံခြုံမှုကို အာမခံရန် တို့ဖြစ်သည်။
ကျွန်တော်တို့သည် ထိုင်းအစိုးရက တောင်းဆိုချက် (၃) ခုလုံး (အထူးသဖြင့် ပထမဆုံး တောင်းဆိုချက်ဖြစ်သည့် လေယာဉ်ကို ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရန်) ကို သဘောတူမည်ဟု မမျှော်လင့်ခဲ့ ကြပေ။ သို့သော် ဗိုလ်ချုပ် Thienchai က ကျွန်တော်တို့၏ တောင်းဆိုချက် (၃) ချက်ကို ချက်ချင်း သဘောတူညီခဲ့သည်။ သို့သော် ကျွန်တော်တို့ကို အသက်ဆုံးရှုံးရန် ကြံစည်ခွင့်ပြုမည်မဟုတ်ဘဲ ကျွန်တော်တို့သည် မိမိတို့ကိုယ်ကို သတ်သေမှု မပြုလုပ်မှသာလျှင် တောင်းဆိုချက် (၃) ချက်ကို သဘောတူမည်ဟု အပေးအယူပြုသည်။ လေယာဉ်မှူးကလည်း ဗိုလ်ချုပ် Thienchai နှင့် သဘောထား တူသည်။ မိမိကိုယ်ကို သတ်သေခြင်းကဲ့သို့သော အသုံးမဝင်သည့် လုပ်ဆောင်မှုမျိုး မပြုလုပ်ရန် ဖြောင်းဖျသည်။ ရဲသီဟနှင့် ဆွေးနွေးပြီးနောက် ကျွန်တော်တို့ သေကြောင်းကြံရန် အကြံအစည်ကို လက်လျော့ခဲ့ကြသည်။
လေယာဉ်မှူးနှင့် သူ၏ တွဲဖက်လေယာဉ်မှူးတို့အား ဤခရီးစဉ်အတွက် ခွင့်လွှတ်ပါရန် တောင်းပန်စကားဆိုကာ နှုတ်ဆက်ပြီးနောက်တွင် ကျွန်တော်တို့သည် ဗိုလ်ချုပ် Thienchai နှင့် လိုက်ပါခဲ့သည်။ သူက ကျွန်တော်တို့ကို လေဆိပ်​မှ မနက် (၄) နာရီခန့်တွင် ခေါ်ဆောင်သွားသည်။ ကျွန်တော်တို့သည် နိုင်ငံရေး ခိုလှုံခွင့် ကဲ့သို့ ထိုင်းအစိုးရ ထံမှ တစ်စုံတစ်ရာ တောင်းဆိုမှု မပြုခဲ့ချေ။ ကျွန်တော်တို့သည် ထိုင်း အာဏာပိုင်များထံ တောင်းဆိုခြင်း၊ မေးမြန်းခြင်း တစ်စုံတစ်ရာ မပြုဘဲ အလွယ်တကူ အဖမ်းခံခဲ့သည်။
(ဗိုလ်ချုပ် Thienchai က သူ၏ သ​ဘောတူညီမှုကို ချိုးဖျက်ကာ မြန်မာလေယာဉ်ကို မြန်မာနိုင်ငံသို့ အောက်တိုဘာ (၇) ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော် နောင်အခါ ကျွန်တော်တို့ ပြန်ဆုံတွေ့ဖြစ်ချိန်တွင် သူ့ကို စောဒက မတက်ခဲ့ပါ။)
ဤသည်မှာ လွန်ခဲ့သော (၂၉) နှစ်က အဖြစ်အပျက်ဖြစ်သည်။
ကျွန်တော်တို့၏ လုပ်ဆောင်ချက်သည် ကျော်ကြားရန်မဟုတ်။ မြန်မာတမျိုးသားလုံးကိုယ်စား အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ခြင်းဟု ခံယူသည်။ စစ်အာဏာရှင်များကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၏ ဒုက္ခများကို နိုင်ငံတကာက သတိပြုမိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤသည်မှာ ငြိမ်းချမ်းပြီး အကြမ်းမဖက်သော နိုင်ငံရေး ကြိုးပမ်းမှု တစ်ခုဟု ယနေ့တိုင် ယုံကြည်ပါသည်။
လေယာဉ် အပိုင်စီးချိန်တွင် ကျွန်တော်သည် အသက် (၂၀) သာရှိသေးသည်။ မဆလ အစိုးရ၏ တံခါးပိတ်ဝါဒအောက် တစ်ဘဝလုံး ရှင်သန်ခဲ့ရ သောကြောင့် ပြင်ပကမ္ဘာမှ အသိပညာ ဗဟုသုတများနှင့် ကင်းကွာခဲ့သည်။ ကျွန်တော်၏ လုပ်ဆောင်ချက်ကြောင့် မည်သည့် အကျိုးဆက်များ ပေါ်ပေါက်လာမည်ကို မှန်ကန်စွာ ခန့်မှန်းနိုင်စွမ်း မရှိခဲ့ကြောင်း ၀န်ခံပါသည်။
ကျွန်တော်နှင့် ရဲသီဟ သည် တော်ဝင်ထိုင်းတရားရုံးမှ မတ်လ (၂၁) ရက် (၁၉၉၀) ခုနှစ်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ဤဖြစ်စဉ်တွင် နိုင်ငံရေးနှင့် အကြမ်းမဖက်သော သဘောသဘာဝ တို့ကြောင့် ကျွန်တော်တို့၏ အပြစ်ဒဏ်ကို တစ်ဝက်လျော့ချပေးခဲ့သည်။ ကျွန်တော်တို့ကို ထိုင်း တရားရုံးမှ နိုင်ငံရေး အရ ထိန်းသိမ်းခံရသူအနေဖြင့် (၃) နှစ်သာ နေထိုင်စေရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်တော်တို့ကို တော်ဝင်ထိုင်း ရဲတပ်ဖွဲ့ ကိုယ်ပိုင် လေ့ကျင့်သင်ကြားရေးကျောင်း၏ အထူး ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ (SDC) တွင် ထိန်းသိမ်း ထားရှိခဲ့ပြီး ပုံမှန် ထောင်သားများနှင့် ခွဲခြားထားခဲ့သည်။ ထိုင်းမိဘုရား၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ် (၁၉၉၂) တွင် ကျွန်တော်တို့ လွတ်မြောက်ခဲ့သည်။
ကျွန်တော့်ကို ဤဖြစ်စဉ်တွင် ရဲရင့်ဟု သိရှိခဲ့ကြသည်။ သို့သော် ကျွန်တော်သည် မိမိဘာသာ သိုသိုသိပ်သိပ် သာ နေထိုင်ခဲ့ပြီး ကျွန်တော့်အမည်ကို ရဲရင့်ဟု အလွန် သုံးခဲသည်။ ကျွန်တော်သည် ပုံမှန် ၈၈ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ပြည်နှင်ဒဏ်ခံရသူတစ်ဦး အနေဖြင့်သာ နေထိုင်လိုသည်။ ၈၈ ဒီမိုကရေစီအရေး လှုပ်ရှားသူ ပြည်နှင်ဒဏ်ခံရသူများနှင့် လုပ်ဖော်ကိုင်ဖက်များ အပေါင်းပါများနည်းတူသာ ဖြစ်လိုသည်။
UNHCR (ထိုင်းနိုင်ငံ ရုံးခွဲ) က ဘန်ကောက်တွင် ၁၉၉၅ ဒီဇင်ဘာ ၁၉၉၅ ၌ ကျွန်တော့်ကို Person of Concern အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကျွန်တော်၏ UNHCR ဒုက္ခသည် အမှတ်မှာ NI-8000 ဖြစ်သည်။
ကျွန်တော့်ကို ထိုင်းအစိုးရမှ တာဝန်ယူ ဖွင့် လင့် ထားပြီး UNHCR မှ ထောက်ပံ့ ထား သည့် မြန်မာကျောင်းသားများစခန်းလုံခြုံသော ဧရိယာဟု ခေါ် သော (Burmese Student Safe Area) ဒုက္ခ သည် စခန်း သို့  ဝင် ရောက် စေခဲ့ ပြီး အမေရိကန်ပြည်ထောင်စု သို့  ပညာ တော် သင်စေလွတ်ခြင်း၊   အရွေး ခံ ခဲ့ ရပါသည်။ အမေရိကန် ပြည်ထောင်စု ၏ (USIA) မှ တာဝန်ယူကာ ၁၉၉၆ သြဂုတ် ၁၆ ရက်တွင် USA သို့ တရာဝင် ပညာတော် သင် ပို့ဆောင်ခံခဲ့ရသည်။
USIA မှ အာမခံပေး ပြီး နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်ကို ပယ်ချခံရ သည်။ ၎င်းနောက် လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံရေး ခိုလှုံခွင့် ဝန်ဆောင်မှုများ (INS) ၏ (၁၉၉၇) တစ်လခန့် ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု INS မှ လွတ်ပေး လိုက် သောအခါ ကျွန်တော်ကို အမေရိကန်ပြည်ထောင်စုတွင် ဆက်လက် နေထိုင်ရန် ခွင့်ပြုခဲ့ပါသည်။ ကျွန်တော်သည် US တက္ကသိုလ် တွင် ကျွန်တော်၏ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူခွင့် ရခဲ့ သော်လည်း အမေရိကားတွင် တိကျ  ရေရာသော တရားဝင် နေထိုင်ခွင့်မျိုး မရ ရှိခဲ့ပါ။
ကျွန်တော့်ကို US  INS အဖွဲ့  မှ ၂၀၀၂ ဇူလိုင် ၁၂ တွင်  နောက် ထပ့် တခါ  ပြန်လည်ဖမ်းဆီးခဲ့သည်။ ထိုအချိန်တွင် ကျွန်တော် သည် ဒုတိယဘွဲ့ အတွက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင်နေချိန်ဖြစ်သည်။ ကျွန်တော်သည် လူဝင်မှု ကြီးကြပ်ရေးမှ တစ်နှစ်ကျော် အကျဉ်းချခံရပြီး USA ရှိ ထောင်အတော်များများ သို့  ပို့ ဆောင် ချုပ့်နောင်ခြင်း ခံ ခဲ့ရ ပါသည်။ ကျွန်တော် သည် US ၌ နေထိုင် စဉ် ကာလ များ တွင် အမေရိကန် ဥပဒေ များ ကို တစ်စုံတစ်ရာ ချိုး ဖေါက်ခဲ့ ခြင်း ရာဇဝတ်မှု မှတ်တမ်းမရှိချေ။ ကျွန်တော့်ကို နာခံလိုက်နာရန် အလွန်တင်းကျပ်သော အခြေအနေများ စဉ်းကမ်း ချက်များ သတ်မှတ်ပေးပြီး အကျဉ်းချထားရာမှ လွှတ်ပေးခဲ့သည်။ ထိုသို့  သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ စည်း များ မှ လိုက်နာရန် သတ်မှတ်ပေးသော စဉ်းကမ်း ချက်များ၊  အခြေအနေများအတွင်း တွင် လိုက်နာ  နေထိုင် ပါသော် လည်း  US အာဏာပိုင်များကလည်း ကျွန်တော့်ကို တစ်နည်းနည်းဖြင့် မူလတိုင်းပြည်သို့  ပြန်ပို့  ရန် နှင့် တခြားသူများကဲ့သို့   တရားဝင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ဘောင် တွင်းမှ ရရှိနိုင်သော အခြေခံ အခွင့် ရေးများ အနေဖြင့် တောင် လွတ်လပ့် အေးချမ်းစွာသွားလာ လှုပ့်ရှား  နေထိုင် ခွင့်မပြုခဲ့ ပါ။ 
ထို့ကြောင့်
၁) ကျွန်တော့်တွင် US ၌ တစ်စုံတစ်ရာ လေးနက်သော တရားဝင် လူဝင်မှု ကြီးကြပ်ရေး အဆင့် လုံးဝမရှိ။
၂) ကျွန်တော့်တွင် US ၌ ပြည်တွင်း( ခွင့် ပြု ကန့် သတ် နယ် မြေများ မှ အပ)၊  ပြည်ပခရီးသွားခွင့် လုံးဝ မရှိ။
၃) ကျွန်တော့်တွင် US ၌ ရွှေ့ပြောင်းဒုက္ခသည်အ ဖြစ်ခံယူ ခွင့် အခွင့်အရေး လုံးဝမရှိ။
၎) ကျွန်တော့်တွင် US ၌ တိကျ ခိုင်မာသည့် ဘဝ ရပ့် တည်မူ့  အခြေ အနေတခု့ (သို့ ) အဖြေ တစ်ခုရရန် ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက် လုံးဝ မရှိချေ။
US လူဝင်မှု ကြီးကြပ်ရေးမှ ချမှတ်သော  ပြစ်ဒဏ်မှ နောက် ဆုံး အကြိမ် လွှတ်ပေးပြီးနောက်တွင်၊  ကျွန်တော်သည် လွှတ်ပေးလိုက် ပြန်ဖမ်းလိုက် စိတ်ပျက် စရာ သံသရာကို အဆုံးသတ် နိုင် ရန် အတွက် ကနေဒါသို့ သူငယ်ချင်းအချို့၏ ကူညီ ထောက်ပံ့မှုဖြင့် ကနေဒါ နယ်စပ့် ကို တရားမဝင် ဖြတ် ကျော် ဝင်ရောက် ခဲ့သည်။ ဒုက္ခသည် ကာကွယ်ရေးခေါင်းစဉ် အောက်တွင် ကျွန်တော်သည် ကနေဒါ၌ ၂၀၀၃ နိုဝင်ဘာ ၂၈ မှစ၍ ခိုလှုံနေခွင့် ရခဲ့၏။
( US သို့ တက္ကသိုလ်​ တတ်​ခွင့်​ရရန်​ USIA မှ စီစဉ် ပေးလာ သော သူတို့ ၏ စီစဉ်တခု့ ​ သာဖြစ်​ပြီး မိမိမှ ​လျှောက်​ထားခဲ့ခြင်း မရှိခဲ့ပါ ။ တက္ကသိုလ်​ တတ်​​နေစဉ်​ ၂၀၀၁ စက်​တင်​ဘာ ၁၁ ရက်​တွင်​ အ​မေရိကန်​နိုင်​ငံက World Trade Center ကို ​လေယာဉ်​ ပြန်​​ပေးသမားများက ပြန်ပေးဆွဲ ကာ အကြမ်းဖက် တိုက်​ခိုက်​လိုက်​တဲ့ အကျိုးဆက်​​ကြောင့်​ US INS က ကျွန်​​တော်​ကို US တွင်​ ​နေထိုင်​ခွင့်​​ပေးရန်​ ဥပ​ဒေ​ကြောင်း ​အရ လုပ်​​ဆောင်​​ပေးရန်မည်သို့ မှ ​ မဖြစ်​နိုင်​​တော့ပါ။ )
ကနေဒါနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များထံ ဒုက္ခသည်ကာကွယ်ရေး လျှောက်လွှာကို ၂၀၀၃ ဒီဇင်ဘာ (၄) ရက်တွင် ကျွန်တော် တရားဝင်တင်ခဲ့ ပါ သည်။ တရား မဝင် နယ်စပ့် ဖြတ် ကျော် ဝင်ရောက် လာမူ့ နှင့် ကျွန်တော့်ကို ကနေဒါ နိုင်ငံတွင် လူဝင်မှု ကြီးကြပ်ရေးက (၂) လ ထိန်းသိမ်းထားခဲ့ပါ သည်။ ကံ မကောင်း အကြောင်းမလှစွာဖြင့် ကျွန်တော်၏ ဒုက္ခသည် ကာကွယ်ရေး လျှောက်လွှာတင်မှုကို ( ဒုက္ခသည် အဖြစ် လျှောက် ထား မှု ကို ) ကနေဒါနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဘုတ်အဖွဲ့ (IRB) မှ ပယ်ချခြင်း ခံခဲ့ရ ပါသည်။ ကျွန်တော့်ကို သူတို့  လိုက် နာ စေလို သော အချို့အခြေအနေများအား နာခံလိုက်နာရန် သတ်မှတ်ပေး ပြီး အကျဉ်း ချ ထား ရာ မှ လွှတ်ပေးခဲ့ပါ သည်။ ကျနော့် ကို သူတို့  လိုက် နာ လုပ့် ဆောင် စေလို သော တချို့  ကန့် သန့်  ချက်များမှာ ၊  ဥပမာ- လစဉ် လူဝင်မှု ကြီးကြပ်ရေးရုံးမှ လူပုဂ္ဂိုလ်တစ်ဦးဦး ထံ သို့  တလတကြိမ် သတ်မှတ် ရက် တွင် မပျက် မကွက် အစီရင်ခံရပြီး ပညာ သင်ကြားခြင်း (သို့) လေ့ကျင့်သင်ကြားမှုများ ရယူခြင်း (ကျောင်း တက်ခွင့် ) ကို ခွင့်မပြု ပါ။ ဤ ပြဋ္ဌာန်းထားသော အခြေအနေများ ဟာ  ယခုထက်တိုင် ကျွန်တော်၏ လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်နှင့် ဆက်စပ်နေသေး ပြီး ယနေ့  တိုင် ဆက်လက် ဆောင် ရွက် ပေး နေ ရပါ သည်။ ကျွန်တော်သည် သူတို့ တောင်း ဆို ထား သည့် ဤအစီအစဉ်များကို မချိုးဖောက်ခဲ့ပါ။
ကနေဒါ လူဝင်မှု ကြီးကြပ်ရေး မှ အန္တရာယ် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် (PRRA) အရာရှိက (အရင် စစ် တပ့် ဘက်က အစိုး ရ လက်ထက် တွေ မှာ ) ကျွန်တော့်ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှတ်ပါက နှိပ်စက်ညှင်းပန်းမှု ခံရနိုင်ဖွယ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြု ကာ လက်ခံ ထား ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်၏ ဒုက္ခသည်ကာကွယ်ရေး လျှောက်လွှာအတွက် နောက်ဆုံး ဆုံး ဖြတ်ချက်ကို နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး၊ ကနေဒါ (CIC) အဆင့်မြင့် အကြီးတန်း၊ ကနေဒါ လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ဆိုင်းငံ့ထားခဲ့သည်။
ထို့ ကြောင့် ကျွန်တော့်တွင် ကနေဒါနိုင်ငံ၌ ကြီး လေး သော လူဝင်မှုကြီးကြပ်ရေး ပြစ်မှု အနေထား  မရှိသော ကြောင့်  CIC  အဖွဲ့ က ယာယီအလုပ်လုပ်ပိုင်ခွင့်အတွက် လျှောက် ထားသော ကျွန်တော့် လျှောက်လွှာကို ၂၀၀၇ ခု့ နှစ် တွင် စတင်ပြီး အတည်ပြု ပေးခဲ့ပါသည်။ ထိုအချိန်မှ စ၍ တစ်နှစ်တစ်ကြိမ် ယာယီ အလုပ်လုပ်ခွင့်လျှောက်လွှာကို အသစ် တဖန် ပြန်လည်လျှောက် လွှာ တင်ခဲ့ ရပါသည်။ မည်သို့ပင် ခက်ခဲသည်ဖြစ်စေ ကျွန်တော်သည် အကောင်းမြင်ရန် ကြိုးစားခဲ့ပါသည်​။
ယ္ခု့  အချိန်တွင် မြန်မာပြည် တွင် လူထု က ရွေး ကောက် တင် မြောက် ထားသော NLD အစိုး ရ တက် နေပြီ ဖြစ် သောကြောင့် ကျနော့်  ကို ပြန် ပို့ ပါကအန္တရာယ် ကင်းစွာ ဖြစ်  ပြန် ပို့ လို့ ရ နိုင် ပြီဟု ယူဆလာကာ  ပြန် ပို့ ရန် ကျိုး စားနေ ကြပြီဖြစ် သည်။
--------------------------------------------------------------------------------------------

သူ့အနေနဲ့ကတော့ ၁၉၈၈ ခုနှစ် ထိုင်နယ်စပ်ကို တောခိုသွားခဲ့ကတည်းက နှစ်ပေါင်း ၃၀ နီးပါး ဘယ်နိုင်ငံမှာမှ တရားဝင် နေထိုင်ခွင့်မရခဲ့တဲ့ အတွက် လူသားတယောက်အနေနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တရားဝင် နေထိုင်ခွင့် ရချင်တယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ကလည်း ၁၉၈၈ကစပြီးတော့ ဘယ်တိုင်းပြည်မှာမှ တရားဝင် နေထိုင်ခွင့်မရှိခဲ့ဘူး ဆိုတော့ မှတ်ပုံတင်ကတ်လေးတော့ ကျနော်လည်း တကယ်လိုချင်ပါတယ်။ထိုင်းနိုင်ငံပဲပေးပေး၊ မြန်မာပဲ ပေးပေး၊ အမေရိကန်ပြည်ထောင်စုပဲ ပေးပေး ၊ ကနေဒါက ပဲ ပေးပေး။ လက်ရှိကတော့ ကျနော်က ကနေဒါရောက်နေတာ့ ကနေဒါအစိုးရအနေနဲ့တော့ တရားဝင် နေထိုင်ခွင့်ပေးနိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုလူသားတယောက်အဖြစ်နဲ့ ကျနော်တော်တော်ဝမ်းသာမိမှာပါ။”
ကိုသန်းစိုး (ခ) ရဲ ရင့်

No comments: