Saturday, February 4, 2017

ပင်လယ်ခရီးသည်


ပင်လယ်ခရီးသည် - မောင်စိန်ဝင်း(ပုတီးကုန်း)
~~~~~~~~~~~~~~~~~~~~~~~~

မျက်နှာများစွာ
ရှေ့မှာနောက်မှာ ကာဆီးဟန့်တား
ထိမ်းထားကိုင်ချု ပ် မလှုပ်မရဲ
အားအင်နည်းချည့် သတ္တိတရား
ဖဲ့ခြွေသွားရင်း လုံးပါးချွတ်ခြုံ
လှေကြုံစီးလိုက် ဒိုက်သရောလို
အကြိုက်ပြောဆို ။

ယုံကြည်မှုတရား
ရှားပါးလွင့်စင် အမြင်မရှိ
သိလျှက်မသိ ဘာသာလှည့်စား
မိုးခါးရေသောက်
နောက်လိုက်ကောင်းယောင်
ထောင်သောင်းကုဋေ
အရောင်ပြောင်းနေ ။


မျက်နှာပြုံးရွှင်
ရင်ထဲကောက်ကျစ် ညစ်ပတ်တွန်းလှိမ့်
နိမ့်လျှင်ဖိနင်း ခြင်္သေ့မင်းယောင်
မြေခွေးဟောင်သံ ဟန်နှင့်မလိုက်
မာန်နှင့် စရိုက်တွေ ။

အမှန်တရား
မှန်ပြဒါးပျက် ခံစားချက်ဗလာ
သစ္စာအတု အနှစ်ဗလာစုသော
သောကပင်လယ် ရေပြင်ကျယ်၌
လှေငယ်ရေးရေး ပြေးမျောလွှင့်ခိုက်
လှိုင်းလုံးရိုက်ဖုံး စုံးစုံးနစ်မလား
စိတ်ချောက်ခြားစဉ် ။

မားမတ်တံ့တည်
ပင်လယ်ဆီသို့ ဝေ့လည်သွန်းလောင်း
မီးမောင်းဖြာကျ မီးပြတတိုက်
မငိုက်မစောင်း ဦးခေါင်းမော့ထောင်
ကျောက်ဆောင်တခု သတိပြု မြင်
ရင်မှာအားပြည့် နေပျော်၏ထင်
အသိဝင်ကာ ...
ပင်လယ်ခရီး ဆက်ရဲ၏ ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

No comments: