Tuesday, February 21, 2017

အသည်းအဆီဖုံးခြင်း

Aye Min HtooFollow
အသည်းအဆီဖုံးခြင်း
ဒီနေ့ခေတ်မှာ အသက် (၅၀)ကျော်အရွယ် လူကြီးတွေတီဗွီဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အသည်းမှာအဆီဖုံးနေတာ တွေ့ရတယ်။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာလည်း အသည်းအဆီဖုံးသူ ၉-၃၈ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ လူသုံးယောက်မှာ တယောက် တွေ့ရတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဝလွန်သူရဲ့ ၆၀ ရာခိုင်နှုန်း၊ အလွန်အမင်းအဝလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးလေ့ရှိတယ်။ တကယ်တော့ အသည်းအဆီဖုံးတာ ပြဿနာမဟုတ်သေးဘူး။ အဲဒီအဆင့်ကနေ အသည်းရောင်လာရင်တော့ သတိထားသင့်ပါပြီ။ ဆေးပညာအရ steatohepatitis လို့ ခေါ်ပါတယ်။ အသည်းရောင်ရမ်းမှုက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာထိ ဆက်ဖြစ်လာနိုင်တယ်။
အသည်းအဆီဖုံးခြင်းဟာ အရက်ကြောင့် ဖြစ်နိုင်သလို အရက်မသောက်ဘဲလဲ ဖြစ်တတ်တယ်။ အရက်ကြောင့် အသည်းအဆီဖုံးတာကို alcoholic fatty liver disease(AFLD) လို့ခေါ်ပါတယ်။အရက်သောက်သူရဲ့ ၅၀-၉၀ %နီးပါးမှာ တွေ့နေရတယ်။ သို့သော် မြန်မာလူမျိုး အများစုဖြစ်တာက အရက်နဲ့ မဆိုင်တဲ့ non-alcoholic fatty liver disease(NAFLD)ပါ။ အစားအသောက်၊အနေအထိုင်နဲ့ ဆက်စပ်နေတယ်။ အဆိုးဆုံးက အဝလွန်ရောဂါပါ။ အဝလွန်သူရဲ့ ၉၅ % လောက်က အသည်းအဆီဖုံးတာတွေ့ရတယ်။
အသည်းဆိုတာ ဝမ်းဗိုက် ညာဖက်ခြမ်းမှာရှိပြီး ခန္ဓာကိုယ်တွင်း အကြီးဆုံးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ အလေးခ်ျန်အားဖြင့် ၃ပေါင်ခွဲနီးပါးရှိပြီး လုပ်ငန်းဆောင်တာတွေက များတယ်။ အဓိကတာဝန်က အဆိပ်အတောက် ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဥပမာ အရက်သောက်ရင် အရက်ရဲ့ အာနိသင်ကို အသည်း ချေဖျက်ပေးတယ်။ ဆေးဝါး၊ဆိုးဆေးစတာတွေလည်း အတူတူပဲ။ သွေးကိုလည်း သန့်စင်စေတယ်။
တခြားတာဝန်တွေလည်း အများကြီးရှိပါသေးတယ်။ အဆီချေဖျက်ရာမှာ အသုံးဝင်တဲ့ သည်းခြေရည်ကို အသည်းက ထုတ်ပေးတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တွက် လိုအပ်တဲ့ သကြားဓာတ်၊ သံဓာတ်နဲ့ တခြားဗီတာမင်တွေကို အသည်းက သိမ်းဆည်းပေးတယ်။ လိုအပ်လာတော့ စွမ်းအင်အဖြစ် ထုတ်ပေးတယ်။ ဒါတင်မကသေးဘူး။ သွေးခဲတဲ့ဓာတ်ကိုလည်း အသည်းကပဲထုတ်ပေးတာ။ ဟေမိုဂလိုဘင်နဲ့ တခြားဟော်မုန်းတွေကိုလည်း ဖျက်ဆီးပေးတယ်။ သွေးနီဥဖျက်ဆီးရာက ထွက်ပေါ်လာတဲ့ နောက်ဆက်ပစ္စည်းက ဝမ်းအရောင်ကို ဖြစ်စေတယ်။ အသည်းရောဂါသည်အချို့မှာ ဝမ်းရောင်ဖျော့ပြီး ဆီးရောင်ရင့်နေတာ အသည်းလုပ်ဆောင်မှု မကောင်းလို့ ဖြစ်န်ုင်တယ်။
အသည်းအဆီဖုံးခြင်းက အသည်းထဲ အဆီတွေ အစားထိုးဝင်ရောက်လာလို့ ဖြစ်ပါတယ်။ ထရိုင်ဂလစ်စရိုက် အဆီတွေ များလာရာကနေ အသည်းဆဲလ်ထဲ စုပုံပြီး အသည်းမှာ အဆီဖုံးလာတယ်။ အဆီက အသည်းဆဲလ်ထဲတင်မက တခြားနေရာတွေမှာလည်းများနေနိုင်တယ်။ အထူးသဖြင့် နှလုံး၊ သွေးကြော စတဲ့နေရာတွေမှာ အဆီဖုံးရင်တော့ ဂရုစိုက်ရပါပြီ။ နှလုံး၊သွေးတိုးနဲ့ လေဖြတ်နိုင်ချေကို မြင့်တက်လာစေတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသည်းလုပ်ဆောင်မှုကို ထိခိုက်စေတာ အသည်းအဆီဖုံးခြင်းကြောင့်ဆိုတာ တွေ့ရတယ်။အခုနောက်ပိုင်းမှာ လူငယ်လူရွယ်တွေမှာလညိး တွေ့လာရပါပြီ။
အသည်းအဆီဖုံးသူ အများစုဟာ ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး။ ဗိုက်ကို တီဗွီဓာတ်မှန်(အက်ထွာဆောငိး) ရိုက်ရာက မတော်တဆသိလာတာများတယ်။ အသည်းအဆီဖုံးရုံမက အသည်းပါရောင်လာရင်တော့ မျက်လုံးဝါ၊ဗိုက်နာ၊ အားယုတ်၊ နုံချိတာမျိုး စတင်ခံစားလာရတယ်။ ဒီလက္ခဏာတွေက ရောဂါကိုသတိပြုဖို့ လိုအပ်လာပြီဆိုတာ ဖော်ပြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ အသည်းရောင်တာကို ဂရုမစိုက်ဘဲထားရင် နောက်ပိုင်း အသည်းခြောက်၊အသည်းကင်ဆာထိဖြစ်လာနိုင်လို့ပါ။
အသည်းပျက်ဆီးမှုကို liver function test ခေါ်တဲ့ သွေးအဖြေကြည့်ပြီး သိရှိနိုင်တယ်။ အသည်းပျက်ဆီးတာနဲ့တပြိုက်နက် သွေးထဲကို အသည်းအင်ဇိုင်းတွေ ထုတ်ပေးတယ်။ သို့သော် အသည်းအင်ဇိုင်းများတိုင်း အသည်းရောင်တာ ဟုတ်ချင်မှဟုတ်မယ်။ တခြားအကြောင်းရာတွေကလည်း ဖြစိနိုင်ပါတယ်။အသည်းရောင်သူကို စမ်းကြည့်ရင် ဝမ်းဗိုက်ညာဖက် နံရိုးအောက်မှာ အသည်းကြီးနေတာကို စမ်းမိတတ်တယ်။ အသည်းပါခြောက်လာရင်တော့ ဝမ်းဗိုက်ဘယ်ဖက်ခြမ်း ဘေလုံးပါ ကြီးလာလိမ့်မယ်။ ရေဖျင်းစွဲတာ၊ ခြေလက် ဖောရောင်တာ ရှိရင်တော့ အသည်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျကုသရမယ်.
အရက်ကြောင့် အသည်းအဆီဖုံးသူတွေအတွက်တော့ ရှင်းတယ်။ အရက်ဖြတ်ပြီး အစားအသောက် မျှတအောင်စားရင် ပြန်ကောင်းနိုင်တယ်။ အရက်ကြောင့် မဟုတ်ဘဲ တခြားရောဂါ(အဝလွန်၊ဆီးချို)ကြောင့် ဆိုရင်တော့ ဖြစ်စေတဲ့အကြောင်းရင်းကို ကုမှရတယ်။ တခါတရံအသည်းအားဆေးင်္တွေလိုတယ်။ ဒီနောက်ပိုင်း ဆီးချိုဆေးတမျိုးဖြစ်တဲ့ pioglitazone ကိုလည်း စမ်းသပ်လာကြတယ်။
အသည်းအဆီဖုံးခြင်းဟာ ကြောက်စရာအခြေအနေမ်ျုး မဟုတ်ပါဘူး။ လေ့လာစမ်းစစ်မှုတွေအရ နှစ်(၂၀)အတွင်း အသည်းခြောက်နိုင်ချေက ၂ ရာခိုင်နှုန်းတောင် မရှိဘူး။ သို့သော် အသည်းရောင်ရင်တော့သတိထားရမယ်။ အသည်းရောင်ရမ်းမှုကြောင့် အသည်းခြောက်နိုင်ချေက (၈) နှစ်အတွင်း ၁၀ % ထိ မြင့်တက်လာတယ်။ ဒါဟာ အရက်သောက်ပြီး အသည်းခြောက်တဲ့နှုန်းနဲ့ အတူတူပဲဖြစ်ပါတယ်။
အသည်းအဆီဖုံးသူတယောက်ဟာ အနေအထိုင်၊အစားအသောက် ဆင်ခြင်နိုင်ရင် ၃လ-၆လအတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အနေအထိုင်ဆိုတဲ့ထဲမှာ လေ့ကျင့်ခန်းလည်းပါပါတယ်။ အသည်းအဆီဖုံးသူအတွက် အရေးကြီးဆုံးအကြံပြုချက်က လေ့ကျငိ့ခန်းပုံမှန်လုပ်ဖု့်ပါ။ တရက်ကို အနည်းဆုံး နာရီဝက်ကနေ တနာရီထိ လေ့ကျင့်ခန်းလုပ်ပေးရမယ်။အစားအသောက်ထဲမှာ အဆီအဆိမ့်၊ အအီ၊ အရက်၊ အချိုရည် စတာတွေ ရှောင်သင့်တယ်။ ခါးတာတွေ တည့်ပြီး အသီးအရွက်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။
ပြောစရာတခုရှိတာက ဆေးဝါးပါ။ ပုံမှန်အားဖြင့် အသည်းအဆီဖုံးသူကို ဆေးပေးဖို့ မလိုအပ်ပါဘူး။ အစားသောက် အနေအထိုင်ဆင်ခြင်ရုံနဲ့ သက်သာပျောက်ကင်းနိုင်တယ်။ သို့သော် အသည်းလုပ်ဆောင်မှုအတွက် ဟာဗယ်လ် ဆေးတွေ ပေးလေ့ရှိပါတယ်။
အသည်းရောဂါမှာ ဆူးပန်းလုံး(milk thistle)က အသုံးများတယ်။ ဆူးပန်းလုံးမှာပါတဲ့ silymarin ဓာတ်က အသည်းပျက်ဆီးမှုကို ကာကွယ်ပေးတယ်။ အသည်းလုပ်ဆောင်မှုကို ပုံမှန်ဖြစ်စေတယ်။ အသည်းရောင်သူ၊အသည်းပျက်ဆီးသူတွေမှာ milk thistle 200mg တနေ့ သုံးကြိမ်ထိ ပေးလေ့ရှိပါတယ်။ အသည်းနဲ့ပက်သက်ရင် နောက်ထပ်ဆေးတမျိုးက နနွင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ နနွင်းနဲ့ မစိမ်းကြပါ။ တိုင်းရင်းဆေးတွေမှာ နနွင်းသုံးကြတယ်။နနွင်းမှာပါတဲ့ curcumin ဓာတ်ကလည်း အသည်းသန့်စင်မှုအတွက် ကောင်းတယ်။ curcumin 500mg နေ့စဉ်သောက်နိုင်တယ်။
အသည်းအဆီဖုံးတာနဲ့ပက်သက်ရင် အသုံးများဆုံးဆေးတမျိုးက lecithin ပါတဲ့ ဆေးတွေပါ။ တကယ်တော့ lecithinက triglyceride အဆီတမျိုးဖြစ်ပါတယ်။ ပဲပိစပ်၊ ပဲပုတ်၊တို့ဖူး၊ပဲနို့နဲ့ ကြက်ဥအနှစ်မှာပါတယ်။ ဒါ့ပြင် အင်တီအောက်စီးဒင့် ကြွယ်ဝတဲ့ vitamin E လည်း သုံးကြတယ်။ နေ့စဉ် vitamin E 400IU သောက်ပေးသင့်တယ်။ ထရိုင်ဂလစိစရိုက် ကြွယ်ဝတဲ့ငါးအဆီ 1g တနေ့ သုံးကြိမ်သောက်တာလည်း အသည်းအဆီဖုံးခြင်းအတွက် အထောက်ကူပြုပါတယ်။
အသည်းအဆီဖုံးသူအတွက် အကြံပြုချက်
(၁) ဝိတ်ချပါ
ဝိတ်ချပါဆိုတဲ့သဘောက အဝလွန်သူရဲ့ ၆၀-၉၀ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးနေကြသူတွေ ဖြစ်လို့ပါ။ သို့သော် တပတ်ကို တပေါင်ထက် ပိုမချသင့်တာ သတိပြုပါ။
(၂)အစားအသောက် ရွေးစားပါ
အဆီအဆိမ့်နဲ့ ဆိုးဆေးပါတာတွေ ရှောင်ပါ။ အသင့်စားတွေ၊ အာလူးကြော်တွေ မစားသင့်ဘူး။ ဆီးချို တတ်နိုင်သလောက် ထိန်းပါ။ နောက်တချက်က အစာငတ်ခံတာလည်း အသည်းအဆီဖုံးတတ်ပြန်တယ်။ ဒါ့ကြောင့် ဝိတ်ချသူတွေ သတိထားသင့်တယ်။ သင့်တင့်မျှတရုံတော့ စားပါ။အသီးအရွက်ကို အားပြုစားတာ အကောင်းဆုံးဖြစ်ပါတယ်။
(၃) လေ့ကျင့်ခန်း လှုပ်ရှားမှုများများလုပ်ပါ
တရက်ကို အနည်းဆုံး ၄၅ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာထက် ပြေးတာက ပိုကောငိးတယ်။ အသက်ရှုလေ့ကျင့်ခန်း နေ့စဉ် ပုံမှန်လုပ်ပါ။ သွေးတွင်းအဆီဓာတ်ကို တတ်နိုင်သမျှ လျှော့ချပါ။ အသည်းအဆီဖုံးသူတိုင်း ခြောက်လတကြိမ် ဆေးစစ်ကြည့်ဖု့် လိုပါတယ်။ အစားအသောက်နဲ့ အနေအထိုင်ကို ဂရုတစိုက်ပြုလုပ်နိုင်ရင် ခြောက်လအတွင်း သက်သာလာတယ်။
ဒေါက်တာ အေးမင်းထူး
၃၁.၁.၁၇

No comments: