Thursday, February 9, 2017

ကြိုးမဲ့မဟာဓါတ်အားလှိုင်းနှင့် အညာ ခံနေရဆဲ တနင်္သာရီ

ကြိုးမဲ့မဟာဓါတ်အားလှိုင်းနှင့် အညာ ခံနေရဆဲ တနင်္သာရီ
၁။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ဖြင့်သွားမည်ဆိုပါက တနင်္သာရီတိုင်း အတွက် အဓိကလိုလားချက်များထဲမှ တစ်ခုမှာ ပြည်မနည်းတူ လျှပ်စစ်တစ်ယူနစ်(၃၅)ကျပ်ဖြင့် ရရှိရေးပင်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် နိုင်ငံတော်လျှပ်စစ်ကို လုံးဝမရရှိသေးသော တစ်ခုတည်းသော ဒေသဖြစ်သည်။
၂။ ပထဝီအနေအထားအရ မြောက်ဘက်ပိုင်းမှ လာသော လျှပ်စစ်ကို တောင်ဘက်အစွန်ဆုံး တနင်္သာရီဒေသသို့ ပို့လွှတ်ရန်အခက်အခဲ ရှိနေဆဲဆိုသည်ကို နားလည်သဘောပေါက် ကြပါသည်။
တနင်္သာရီတိုင်းသို့ မဟာဓာတ်အားလိုင်း ရောက်လာမည့် အချိန်ကို ထိုင်စောင့်မနေဘဲ လျှပ်စစ်ကဏ္ဌအတွက် အစားထိုးပံ့ပိုးမှုကို မျှော်လင့်နေကြပါသည်။
၃။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအသုံးပြုမည့် လျှပ်စစ်ထုတ်ရန်အတွက် တနင်္သာရီကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်းများစွာကို နေ့စဉ်ပို့လွှတ်ပေးနေသည်။ သို့သော် ထားဝယ်ခရိုင် ဓာတ်အားပေးရန် အသုံးပြုနေသော တစ်နေ့ကုဗပေ (၁)သန်းခန့်ကိုမူ ကမ္ဘာ့ပေါက်ဈေးထက်ပိုသောဈေးဖြင့် (ဒေသမီးသုံးသူများက) ဝယ်ယူအသုံးပြုနေရဆဲ ဖြစ်ပါသည်။
၎။ တနသာင်္ရီတိုင်း မှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ဒေသခံပြည်သူများ အသုံးပြုခွင့်ရရန် ကံပေါက်ဒေသတွင် ကား/မီးဖိုချောင်သုံး ဂက်စ်station တစ်ခု ဖွင့်လှစ် ရောင်းချပေးမည့် နေ့တစ်နေ့ကို မျှော်လင့်စောင့်စား နေကြပါသည်။
၅။တနသာင်္တိုင်းဒေသကြီး တိုးတက်ခြင်း/မတိုးတက်ခြင်းသည် ထားဝယ်အထူးစီးပွားရေးဇုန် (Special Economic Zone-SEZ)နှင့် မြိတ်စက်မှုဇုန် အကောင်အထည်ဖေါ်နိုင်ခြင်း ရှိ/မရှိအပေါ်တွင် အဓိကမူတည်နေသည်။
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းဖြစ်လာဖို့ရာ လျှပ်စစ်ဓာတ်အား ဈေးပေါပေါနှင့် မဂ္ဂါဝပ်များများ ရရှိဖို့ အဓိကလိုအပ်သည်။ (Dawei SEZ အတွက် လျှပ်စစ်မရှိပါက ထိုင်းတောင်ပိုင်း KRA တူးမြောင်းဖောက်ရန် တွန်းပို့သကဲ့သို့ ဖြစ်သွားနိုင်သည်)
၆။ SEZ နှင့် စက်မှုဇုန်များအတွက် လျှပ်စစ်ကို နည်းလမ်း နှစ်သွယ်ဖြင့် ရရှိနိုင်သည်။
(ပ)မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို စောင့်မျှော်ရယူ ခြင်း၊
(ဒု)ဒေသအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ရုံ တည်ဆောက်အသုံးပြုခြင်း တို့ဖြစ်သည်။
၇။ ပထမနည်းဖြစ်သော မဟာဓာတ်အားလိုင်းကို အားကိုးစောင့်မျှော်မည်ဆိုပါက ၁၀ နှစ်ကျော် ကြာသွားနိုင်သည်။ အကြောင်းမှာ...
(က) မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းမှာပင်လျှင် ဓာတ်အားမလုံလောက်ခြင်း၊
(ခ)၁၅ နှစ်ကျော်သက်တမ်းရှိလာပြီဖြစ်သော ဓာတ်ငွေ့တွင်းများ ထုတ်လုပ်မှုကျဆင်းလာခြင်း၊
(ဂ) မော်လမြိုင်အထိရောက်နေသော ၂၃၀ ကေဗွီလိုင်းကို မိုင် ၄၀၀ အကွာအဝေးရှိ မြိတ်မြို့အထိ ဆက်ဆွဲ၍မရခြင်း တို့ကြောင့်ပင်ဖြစ်သည်။
၈။ ပထမနည်းမှာ မျှော်လင့်ချက် နည်းသည့်အတွက် ဒုတိယနည်းဖြစ်သော ဒေသအတွင်း လျှပ်စစ်စက်ရုံတည်ဆောက် အသုံးပြုရန် မလွဲမသွေ လိုအပ်ပေသည်။ သို့ဖြစ်ရာ ထားဝယ်ခရိုင်/မြိတ်ခရိုင်/မြို့နှစ်မြို့အကြား တစ်နေရာရာတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရပေမည်။ လျှပ်စစ်ထုတ်လုပ်မည့် နည်းလမ်းကိုမူ ပွင့်လင်းမြင်သာစွာချပြ၍ ဆက်လက်ဆွေးနွေးရပေမည်။ မြန်မာပြည်၏ ထက်၊အောက်၊ရှေ့၊နောက် ဒေသအစုံတွင် နည်းလမ်းအစုံ( Generation Mix)ဖြင့် ဓာတ်အား ထုတ်လုပ်နိုင်မှ စက်မှုနိုင်ငံသို့ ဦးတည်နိုင်မည် ဖြစ်ပါသည်။
၉။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုဆီ မသွားမီ တနင်္သာရီတိုင်းတွင် ဓာတ်အားခအနည်းငယ် လျှော့ကျလာအောင် လုပ်ဆောင်နိုင်သော နည်းလမ်းတစ်ခု ရှိပါသည်။ ထိုသို့လျှော့ချနိုင်အောင် ထားဝယ်ခရိုင်မီးလင်းရေးအတွက် အသုံးပြုနေသော တစ်လ,ဂက်စ်ကုဗပေသန်း(၃၀)ဖိုးငွေ ကျပ်သိန်းပေါင်း(၂၈၀၀) ခန့်ကို အခမဲ့အဖြစ် သတ်မှတ်ပေးရပါမည်။
၁၀။ ၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီး အိမ်ထောင်စုပေါင်း (၂၈၀,၀၀၀)ခန့်ရှိရာ ဂက်စ်ဖိုးငွေ (၂၈၀,၀၀၀,၀၀၀)ကို တစ်အိမ်ထောင်လျှင် လျှပ်စစ် (၁၀၀၀)ကျပ်ဖိုးစီ ခံစား၍ရနိုင်သည်။ တစ်နည်းအားဖြင့် မီတာတစ်လုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်နှုန်းဖြင့် ၁၀ ယူနစ်အထိ ကျခံပေးနိုင်သည်။သို့ဆိုလျှင် တစ်ယူနစ် ၃၂၀ ကျပ်နှုန်းပေးသုံးနေရသော မိသားစုတစ်စုအတွက် ၁၀ ယူနစ်အထိ ၂၂၀ ကျပ်နှုန်းဖြင့် သုံးခွင့်ရသွားမည် ဖြစ်သည်။ရံပုံငွေရရှိမှု အပေါ်တွင်မူတည်၍ ဌာနမီတာ ရှိသူများကို ၂၀ ယူနစ်အထိ ကျခံပေးနိုင်သည်။
၁၁။ လက်ရှိ နိုင်ငံတော်လျှပ်စစ် တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ ပျမ်းမျှ ၉၃ ကျပ်ဖြစ်ပြီး ပျမ်းမျှပြန်ရောင်းဈေးမှာ ၇၁ ကျပ်သာရှိသဖြင့် တစ်ယူနစ် ၂၂ ကျပ်အရှုံးပေါ်နေဆဲဖြစ်သည်။ (ဒီမိုကရေစီအမြင်ဖြင့် ကြည့်ပါက) နိုင်ငံတော်လျှပ်စစ်ကို ၃၅ ကျပ်နှုန်းဖြင့် ခံစားနေရသော ပြည်သူ ၃၅% ခန့်မှာ အသာစီးရနေပြီး ၊ကျန်ပြည်သူ ၆၅% မှာ နစ်နာနေပါသည်။ ထိုမညီမျှမှုကို ကုစားနိုင်ရန်အတွက် ဓာတ်အားခကောက်ခံသည့်စံနစ် ပြောင်းလဲလိုက်ရုံဖြင့် ဖယ်ဒရယ်ခြေလှမ်းတစ်ခု စလှမ်းသကဲ့သို့ဖြစ်သွားမည်။
၁၂။ ပြောင်းလဲသင့်သော ဓာတ်အားခဈေးနှုန်းပုံစံမှာ
(က)၀ မှ ၅၀ ယူနစ်အထိ ...၂၅ ကျပ်နှုန်း
(ခ) ၅၀ ယူနစ်အထက်........၁၀၀ ကျပ်နှုန်း။
အကျိုးကျေးဇူးအနေဖြင့် ၅၀ ယူနစ်အောက်သုံးသည့် သာမန်မိသားစုများအတွက် ပိုသက်သာလာပြီး၊ ချမ်းသာသူများထံမှ တန်ရာတန်ကြေး ပြန်ရရှိလာပါမည်။ ၅၀ ယူနစ်ထက်မကျော်အောင် လျှော့သုံးခြင်း၊ ၅၀ယူနစ်ကျော်လျှင် ၁၀၀ ကျပ်ဖြစ်သွားခြင်းတို့ကြောင့် ချွေတာသုံးကြမည်ဖြစ်ရာ လျှပ်စစ်ပိုလျှံလာနိုင်သည်။
၁၃။ ပြီးခဲ့သည့်နှစ်က ဖုန်းပြောခအခွန် ၅% စတင်ကောက်ခံပြီး ပညာရေးနှင့် ကျန်းမာရေးတွင် တိုက်ရိုက်အသုံးပြုသည့် သာဓကရှိပါသည်။ လက်ရှိဓာတ်အားခ တစ်ယူနစ် ၃၅ ကျပ်မှ ၁၀၀ ကျပ်သို့ တိုးကောက်၍ အပိုရရှိလာသော ငွေအားလုံးကို ကျေးလက်မီးလင်းရေးအတွက် တိုက်ရိုက် အသုံးပြုမည့်အကြောင်း ကြိုတင်ကြေငြာထား သင့်ပါသည်။
(ဆွေးနွေးတင်ပြသူ)
ဒေါက်တာဝင်းထိန်
ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ
တနင်္သာရီတိုင်းဒေသကြီး
(ဒေါက်တာဝင်းထိန်၏ စာတမ်းကိုကူးယူဖေါ်ပြချက်)့

No comments: