Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Tuesday, November 12, 2013

တညင်းသီးပုံပြင်



ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။

ပည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင် နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင် နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြ သာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ် တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီး ကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်က ဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည် ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသား တွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင် ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေ လာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။

နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်း ပါလို့ မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန် နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက် မောမော စားနေမိတယ်။

လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။

နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့် ကျွန်ုပ် ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါ တော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့ မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက် တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူ သွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။

နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။

မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွား တယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။

ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာ ဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံ သွားတယ်။

မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ် သင်္ဂြုဟ် လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာ ခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။

ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူ လာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။

ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့ မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။

မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တော လက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။

တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့ အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီး ကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင် ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။

လူထုဦးလှ
တိုင်းရင်းသား ပုံပြင်များ

Wednesday, October 31, 2012

ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”

ကာလပေါ်ပုံပြင် (၂)
ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”

တခါက ရွာတရွာမှာ ချစ်ချစ်ဆိုတဲ့လူတယောက်ရှိတယ်။ ဗိုလ်ရှစ်မောင်က
ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ
တရှက်ပဲချပ်မှန်ပီးအကုန်ရှော်သွားတယ်ဆိုတဲ့ “ရှ” နဲ့ “ချ”
ကိုတလွဲသုံးပြောတဲ့လယ်ဝေးသားတွေအပြောနဲ့ဆိုယင် ရှစ်ရှစ်ပေါ့။ ရှစ်ရှစ်
အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ
အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော
ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင်ဝေဖန်ပိုင်းခြားခြင်း
ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။
စိတ်ရောဂါဆန်ဆန်တခုကြောင့်ဒီလိုဖြစ်နေတာပဲ။ ဒီအချက်ကိုတော့
နီးစပ်ရာလူတချို့ပဲသိတယ်။ နာမည်ရင်းကတော့ ဘချစ်တဲ့။ တကယ်တော့ သူ့ရဲ့အဆင်း
အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့အရည်အချင်းတွေ
အပြင်ရပ်ကျိုးရွာကျိုးကိုလည်းတတ်စွမ်းသလောက်စေတနာကောင်းကောင်းနဲ့အားကျိုးမာန်တက်ဆောင်ရွက်တတ်တာကြောင့်
“ဘ”တင်မက ဘွားကော၊ ဦးကော ဒေါ်ပါမကျန်တရွာလုံးကဝိုင်းချစ်ကြ
ဦးစားပေကြရတဲ့ ရွာ့မင်းသား ရွာ့မျက်ရှုပေါ့။ ဒါကြောင့်လည်းချစ်စနိုးနဲ့
ဘချစ်ကို ချစ်ချစ်လို့ အဖျားဆွတ်ခေါ်နေကြတာပဲ။ ရှစ်ရှစ် အဲလေ
ချစ်ချစ်ဟာတနေ့မှာ
ရွာကိုတိုးတက်ကြီးပွားအောင်လုပ်ပေးနိုင်လိမ့်မယ်လို့လဲမျှော်လင့်ကြတယ်။
ဒါပေမယ့်အထက်မှာပြောခဲ့သလို စိတ်ရောဂါဆန်ဆန်အကျင့်တခုကရှိနေတယ်။
သူ့သဘောကနေရာတကာမှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိစေချင်တယ်၊
ဖြစ်စေချင်တယ်။ ပွင့်လင်းရောဂါပေါ့။ ဒါကြောင့်အပိတ်အဆို့တွေ
အတားအဆီးတွေလို့ထင်တဲ့ တံခါးမှန်တွေတွေ့ယင် သားရေကြိုးတချောင်းနဲ့
ရိုက်မခွဲပဲမနေနိုင်ဘူး။ သူ့စိတ်အထင်က ဒီမှန်တံခါးတွေမရှိယင်
လွတ်လပ်သွားမယ် ပွင့်လင်းသွာမယ်ထင်နေတာ။ ဒီတံခါးတွေဘာ့ကြောင့်ရှိနေတာ
ဘယ်လိုရှိနေတာကိုသူမသိဘူး။ အစပိုင်းတော့ဒီရောဂါက သိပ်မဆိုးဘူး။
ကွဲသွားတဲ့မှန်တွေအတွက် ငှက်ပစ်ယင်းချော်သွားလို့ပါလို့
ဆင်ခြေပေးတန်တာပေး၊ လျော်တန်တာလျော်နဲ့
ရောဂါကိုလူမသိအောင်ဖုံးဖိနိုင်သေးတယ်။ နောက်ပိုင်းအခြေနေတွေဆိုးလာတော့
ဆင်ခြေပေးဖို့ခက်လာတယ်။ ဖုံးဖိဖို့ခက်လာတယ်။
ဒါကြောင့်နီးစပ်ရာတွေက ဆေးကုမှဖြစ်တော့မယ်ဆိုပြီး
စိတ်ကုဆရာဝန်ရှိရာမြို့ကိုခေါ်လာကြတယ်။ မြို့ဆေးခန်းရောက်တော့
ထုံးစံအတိုင်းတန်းစီ တိုကင်ပြားယူ ကိုယ့်အလှည့်စောင့်ပေါ့။
ကိုယ့်အလှည့်ရောက်တော့ ရှစ်ရှစ် ဆိုပြီးခေါ်လာတယ်။
ကုလားဆရာဝန်ကလဲစကားမပီတော့ ချစ်ချစ်ကို ရှစ်ရှစ်လို့ပဲခေါ်တာပေါ့။
ဒါနဲ့အဖော်တယောက်နဲ့ဆရာဝန်အခန်းကိုဝင်သွားကြတယ်။
အထဲရောက်တော့ပါလာတဲ့အဖော်ကဖြစ်ကြောင်းရယ်ကုန်စင်
ချစ်ချစ်ရဲ့ရောဂါအခြေနေကိုပြောပြတယ်။ ချစ်ချစ်ကတော့ ဘေးနားကနေဘာမှ
မဟုတ်ပဲ ဒီလူတွေရောဂါမဟုတ်တာကို ရောဂါလုပ်နေတယ်၊ သူကတော့ပုံမှန်အေးဆေးပဲ၊
ဒီလူတွေစိတ်ချမ်းသာဖို့
လုပ်ချင်တာလုပ်ပြောချင်တာပြောလိုက်လျောပေးနေတာဆိုတဲ့အပေါက်နဲ့နားထောင်နေတယ်။
အဖော်ပါတဲ့သူကအကျိုးအကြောင်းစုံကိုပြောပြီးတာနဲ့ ဆရာဝန်က
ကျုပ်ချစ်ချစ်နဲ့နှစ်ယောက်တည်းဆွေးနွေးစရာရှိတယ်ဆိုပြီးအဖော်ပါလာတဲ့သူကိုအခန်ပြင်ထွက်ခိုင်းလိုက်တယ်။
နှစ်ယောက်တည်းရှိတဲ့အခါ ဆရာဝန်က ချစ်ချစ်ကိုမေးတယ်။
“ဒီလူပြောတာတွေဘယ်လိုလဲ”
“အလကားပါဗျာ ဒီလူတွေကကျုပ်ကို အစိုးရိမ်လွန်ပြီးပေါက်နေကြတာ “
“မှန်တွေကိုသားရေကြိုးနဲ့ခွဲပစ်နေတာကြတော့ကော”
“ဒါကတော့ဟုတ်ပါတယ်၊ ဟုတ်တယ်လေဗျာ
ဒီတံခါးတွေမှန်တွေရဲ့သဘောကအပိတ်အဆို့တွေ၊ အချုပ်အနှောင်တွေ၊ ဒါတွေမရှိမှ
လွတ်လပ်လာမယ် ပွင့်လင်းလာမယ် ဒါကြောင့်ကျနော်ကခွဲပစ်နေရတာ”
“မှန်တာပေါ့၊ ပွင်းလင်းလာဖို့က ဒီတံခါးတွေမရှိမှဖြစ်မှာပေါ့ “
“ဆရာက သဘောပေါက်လွယ်တယ်၊ ကျနော့ရွာကလူတွေကတော့ မနိပ်ပါဘူး၊
အာပေါက်အောင်ရှင်းပြလဲသဘောကမပေါက်ကြဘူး ကျနော့တောင် အရူးထင်နေကြတယ်”
“ဟုတ်တာပေါ့ ရှစ်ရှစ်ရာ၊ သူတို့ကစာမှသိပ်မတတ်ကြပဲ။ ဒါနဲ့ ဒီတံခါးတွေ
ဘာကြောင့်ဖြစ်လာတယ် ဘယ်လိုရှိနေတယ်ဆိုတာကိုစဉ်းစားကြည့်ပါအုံး”
“ဒါတွေစဉ်းစားနေယင်အချိန်တာပဲ အဖတ်တင်မယ်၊
လက်တွေ့လုပ်နိုင်တာအယင်လုပ်ရမှာပဲ။ ကျုပ်ကစိတ်ကူးယင်သမားမဟုတ်ဖူးဗျ။
ဒီရွာသားတွေနဲ့တော့ခက်တယ်ဗျာ၊ သူတို့လွတ်လပ်ပွင့်လင်းဖို့အတွက်
ဒီတံခါးတွေ မှန်တွေကို ရိုက်ခွဲရမယ်ဆိုတာနားမလည်ကြဘူး၊
ဒါကြောင့်ကျုပ်ကစေတနာနဲ့ဒိုင်ခံရိုက်ခွဲပေးနေရတာ။
ကျုပ်စေတနာတွေဘယ်လောက်ကြီးမားပြင်းထန်နေသလဲဆို မှန်တံခါးနဲ့
သားရေကြိုးတွေ့ယင် နေကို မနေနိုင်ဘူးရိုက်ခွဲလိုက်ရမှ ဆရာရဲ့၊
ဆရာလဲရွာသားတွေကိုလွတ်လပ်ပွင့်လင်းစေချင်ယင် ကျနော်နဲ့ပူးပေါင်းပါ”
“ကောင်းပါပြီ ရှစ်ရှစ်ရယ်၊ ဒါနဲ့စကားမစပ်တခုမေးမယ်”
“မေးပါဆရာ၊ ဆရာ မရှင်းတာတွေ နားမလည်တာတွေ အကုန်ကျနော်ရှင်းပြပေးပါ့မယ်။
ကျနော်ကပွင့်လင်းမှကြိုက်တယ်”
“ဒီလိုဗျာ ရှစ်ရှစ်.. အကျော်အမော် အချောအလှမော်ဒယ်လေးတယောက်နဲ့ ခင်ဗျား
နှစ်ယောက်တည်း မှန်လုံခန်းကြီးထဲမှာရှိနေတယ်၊ မော်ဒယ်လေးကလဲ ခင်ဗျားကို
ရွှန်းလဲ့တဲ့မျက်လုံးရွဲကြီးတွေနဲ့ ဖိတ်ခေါ်သလိုကြည်နေမယ်ဆိုယင်
ခင်ဗျားဘာလုပ်မလဲ”
“ဟာဗျာဆရာကလဲ သိသားနဲ့မေးနေရတယ် ဟဲဟဲ”
“ပြောပါအုံး ခင်ဗျားဘာလုပ်မလဲ ဆွေးနွေးတဲ့သဘောပေါ့”
“ဟဲ ဟဲဆရာကလဲ..ပထမဆုံး ဟေ့ အလှလေး..ရုပ်ကလေးကလှသလို
မင်းရဲ့နာမည်လေးကလဲလှမယ်ဆိုတာကိုယ်သိပါတယ်၊
မင်းရဲ့နာမည်လှလှလေးကဘာများပါလိမ့်..ဆိုပြီးသူနားကပ်ထိုင်လိုက်မယ်ဆရာ”
“နောက်ပြီးတော့ကော” “ သူ့လက်ကလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော”“ပါးလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “အင်္ကျီကိုချွတ်မယ်ဆရာ”
“ပြီးတော့ကော”“အောက်ခံအင်္ကျီကိုလဲချွတ်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “ထမိန်ကိုချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီကို ချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီက သားရေကြိုးကိုထုတ်ပြီး
ဘေးကမှန်တွေကိုခွဲပစ်မယ်ဆရာ” လဲဆိုရော ကုလားဆရာဝန်လဲ သူ့နဖူးသူလက်နဲ့
အားကုန်ရိုက်ပြီးရေရွတ်လိုက်တာက “ ဟရေး
ဘားဗရေး..ဗောင်းဗီကျွတ်တွားဒါတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးဂို
ကျိတ်နာဒယ်”

Sunday, October 7, 2012

ပုံပြင်ထဲက သားရှေ့နေ

 (မောင်ဝံသ-ပြောချင်လွန်းလို့)

by ပြည်သူ့ခေတ် on Saturday, October 6, 2012 at 5:17am ·
မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ
လောကမှာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခနဲ့ အခြားအနည်းငယ်သော နိုင်ငံချင်းချင်း ပဋိပက္ခ တွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော် အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာအကြောင်း မရှိပါ ဘူး။ သဘောထားကြီးရမယ် ဆိုရာမှာလည်း အာဏာကို ကိုင်တွယ်ထားတဲ့ နိုင်ငံတော် အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။

ကချင်ပြည်နယ်  ငြိမ်းချမ်းရေး
အခု ကျွန်တော်ပြောချင်နေတဲ့ လိုရင်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၂၇ စက်တင်ဘာ ၂၀၁၂ မှာ အင်မတန်ကောင်းတဲ့ မိန့်ခွန်းတစ်ရပ် မိန့်ကြားခဲ့တယ်။ မြန်မာ့ အရေး ကမ္ဘာ့အရေး စုံစုံလင်လင် ပြောသွားတယ်။ ကျယ်ပြန့် ပြည့်စုံတယ်။ အပြု သဘောဆောင်တယ်။ တိုင်းပြည်အတွက် အားတက်စရာ မျှော်လင့်ချက်တွေကို ပေးသွားခဲ့တယ်။
        အခု ကျွန်တော် ဦးတည်နေတဲ့ အကြောင်းအရာနဲ့ ဆက်စပ်လို့ သမ္မတကြီးရဲ့ မိန့်ခွန်းထဲက ကျွန်တော် သတိထားမိတဲ့ စာပိုဒ်တချို့ကို ကူးယူဖော်ပြပါမယ်။
        “စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်”
        “မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစား နိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင် များနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ၊ အသက်နဲ့ အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုရှိပါက မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်”

စစ်ဆေးကြည့်ရင်  သိနိုင်ပါတယ်
အထက်ပါ ဖော်ပြချက်တွေဟာ ဘယ်သူမှ မငြင်းနိုင်အောင် မှန်ကန်ကောင်းမွန်ပါ တယ်။ သွေးထွက်အောင် မှန်တယ်ဆိုရင်လည်း မမှားပါဘူး။  အသေးစိတ်တွေ မပြောတော့ဘဲ လိုရင်းပြောရရင်ဖြင့် ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အသက်နဲ့ အိုးအိမ်ဆုံးရှုံးမှုတွေ၊ စစ်ပြေးဒုက္ခသည်တွေ ရှိနေပါတယ်။ သူတို့ဟာ ဘယ်သူ တွေလဲ၊ ဘာကြောင့် ခုလိုဆိုးမျိုးဒုက္ခတွေ ကြုံနေကြရသလဲ၊ သူတို့ကို ဘယ်သူတွေက ကူညီစောင့်ရှောက်နေသလဲ။ စစ်ဆေးကြည့်ရင် အဖြေတွေ့နိုင်ပါတယ်။

ငြိမ်းချမ်းရေး  လမ်းပြမြေပုံ
သမ်္မတကြီးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ် သဘောတူညီချက်ရအောင် ဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို ဩန်းဆိုသွားပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ သိသလောက်တော့ ကချင်မပါသေးဘူး ထင်ပါတယ်။
မော်ကွန်းတင်ခံရမယ့်   အခွင့်အရေး
အထူးသဖြင့် ကမ္ဘာ့ အခြေအနေရော မြန်မာ့ အခြေအနေပါ အခွင့်သာမှု ရှိနေတဲ့ အခုလို အချိန်မျိုးမှာ ရာစုနှစ်တစ်ဝက်ကျော် ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးတိုင် ရပ်စဲ ချုပ်ငြိမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် ကမ္ဘာသမိုင်းမှာ မော်ကွန်းတင်ခံရမယ့် အခွင့်အရေးကို လက်မလွှတ်သင့်တဲ့အကြောင်း ကောင်းမြတ် သော မနသီကာရဖြင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျွန်တော် ဆောင်းပါး အချို့ ရေးခဲ့ဖူးပါတယ်။ တစ်ခါတော့ ကျွန်တော်က ရှေ့နေသားအဖ ဟာသပုံပြင် တစ်ခုကို ကိုးကားပြီး ယခင်ခေတ်တစ်ခေတ်က အချိန်ဆွဲနေခဲ့သူတွေ အကြောင်း ပြောခဲ့ဖူးတယ်။ အခု အဲဒီပုံပြင်လေး ပြန်ပြောပါမယ်။

အဲဒီ အမှုနဲ့   မင်းကို   ကျောင်းထားခဲ့တာ
နိုင်ငံရေး စိတ်ဝင်စားတဲ့ မြန်မာစာဖတ် ပရိသတ် အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ ပုံပြင်က တိုတိုလေးပဲ။ သားရှေ့နေက ဖခင်ရှေ့နေ တစ်သက်လုံး လိုက်ခဲ့ ပေမယ့် မပြီးပြတ်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့ အမှုကို သူပြီးပြတ်အောင် လိုက်နိုင် ခဲ့ကြောင်း အဖေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတဲ့  အခန်းနဲ့ပုံပြင်ကို  ဖွင့်ပါတယ်။  အဲဒီတော့  အဖေရှေ့နေက “မင်း တော်တော်မိုက်ပါလား၊ မင်းဘွဲ့တွေ ဘာတွေရပြီး အခုလို ရှေ့နေဖြစ်တဲ့အထိ အဲဒီသူဌေးကြီး အမှုကရတဲ့ငွေတွေနဲ့ ကျောင်းထားခဲ့တာကွ၊ နားလည်လား” လို့ ပြောလိုက်ပါသတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ပြည်တွင်းစစ်ကို   အချိန်ဆွဲနေခဲ့သလို
အဲဒီပုံပြင်လေးရဲ့ သက်တမ်းဘယ်လောက် ရှိခဲ့ပြီဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်စပြီး ကြားဖူးတာတင် ဆယ်စုနှစ် အတော်ကြာခဲ့ပြီမို့ တော်တော်တော့ အသက်ကြီး နေလောက်ပါပြီ။ နိုင်ငံရေး စကားဝိုင်းတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်း ရောက်လာတိုင်းလိုလိုမှာ အဲဒီပုံပြင်လေးကို ကြားရလေ့ရှိပါ တယ်။ ပါလီမန် ဒီမိုကရေစီကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အစိုးရတွေဟာ (ပုံပြင်ထဲက ဖခင်ရှေ့နေကြီး အမှုကို အချိန်ဆွဲ လိုက်နေသလိုမျိုး)  ပြည်တွင်းစစ်ကို မပြီးနိုင်အောင် တမင် အချိန်ဆွဲနေခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့အချက် ပေါ်လွင်အောင် ဖော်ပြဖို့ အဲဒီပုံပြင်လေးကို တီထွင်ခဲ့တာဖြစ်မှာ သေချာပါတယ်။
        ပုံပြင်တို့ ပြက်လုံးတို့ဆိုတာက သူတို့ရဲ့ အခြေခံ သဘာဝအရကို ကွင်းကွင်း ကွက်ကွက် ထိထိမိမိ စူးစူးရှရှ ကွဲကွဲပြားပြားဖြစ်အောင် ဖော်ပြရတာမျိုး ဖြစ်တာကြောင့် တကယ့် အခြေအနေမှန်ကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှု အောက်မှာ နေနေရတယ်လို့ ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်ဟာ သူတို့က ဖိနှိပ်သူလို့ မြင်နေတဲ့ လူတန်းစားအကြောင်း ပြောဆိုရာမှာ လွန်ကဲတဲ့ ဥပမာတွေ၊ ဥဒါဟရုဏ်တွေ သုံးစွဲကြလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။

သားရှေ့နေအဖြစ်  မြင်ချင်ပြီ
ကျွန်တော်ကတော့ စစ်အစိုးရ အဆက်ဆက်ဟာ သူတို့ အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို မပြီးအောင် တမင်အချိန်ဆွဲပြီး မွေးထားခဲ့ကြတာ ဖြစ်တယ်လို့ မယုံကြည်ပါဘူး။ အဲဒီအစား အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ဒေါသတွေကြောင့်သာ ပြည်တွင်းစစ် အခုအထိ သက်ဆိုးရှည်နေတာ ဖြစ်တယ်လို့ ယူဆသူပါ။
        ကျွန်တော်တို့ကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို ပုံပြင်ထဲက သားရှေ့နေအဖြစ် မြင်လိုလှပြီ ဖြစ်ကြောင်းပါဗျာ။                                            
၂၉၊ ၉၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၄၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၄)

Sunday, September 16, 2012

အချင်းချင်း ရန်ဖြစ်မယ်ဆိုရင်လဲ အရေးတော်ပုံကြီး ပြီးမှ ဖြစ်ကြပါ။ အခု လောလောဆယ်မှာတော့ နဂါးဆိုးကြီးကို အမြန်ဆုံး သုတ်သင်ကြလော့။

ဗဘယ်(လ်)နဂါးကြီး – ပိုလန်ဒဏ္ဍာရီ

1
The Legend of The Wawel Dragon
The Legend of The Wawel Dragon
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ပိုလန်ပြည်မှာရှိတဲ့ “ဗဘယ်(လ်)” တောင်ကုန်းပေါ်က ကျောက်ဂူကြီး တစ်ခုမှာ အင်မတန် ဆိုးတဲ့ နဂါးကြီးတစ်ကောင် နေသတဲ့။ အဲဒီ နဂါးကြီးက နည်းနည်းနောနော အကောင်ကြီး မဟုတ်ဘူး။ အကြီးကြီးပေါ့။ ပါးစပ်ကနေ မီးတောက် မီးလျှံတွေ မှုတ်ထုတ်နိုင်တယ်။ လေထဲမှာ ပျံနိုင်တယ်။
အဲဒီ နဂါးကြီးဟာ ပိုလန်ပြည် တစ်ခွင်လုံးကို ခြေဦးတည့်ရာ လျှောက်သွားပြီးတော့ သူ့ရဲ့ အစွမ်းသတ္တိကို တလွဲ အသုံးချပြီး ထင်ရာမြင်ရာတွေ လုပ်တော့တာပေါ့။ သိုးကလေးတွေ၊ နွားကလေးတွေကို ကိုက်စားတယ်။ လူတွေက သူ့ကို ၀ိုင်းဖမ်းမလို့ လိုက်လာရင် ပါးစပ်ကနေ မီးလျှံတွေ မှုတ်ထုတ်ပြီး လူတွေကို သတ်ပစ်တယ်။
ဒီတော့ကာ ပိုလန်လူမျိုး လယ်သမားကြီးတွေ ခမျာမယ် နဂါးကြီးရဲ့ ရန်ကို ကြောက်လန့်ပြီး လယ်တောင် ဖြောင့်ဖြောင့် တန်းတန်း မလုပ်နိုင်တော့ဘူး။ ကျွဲတွေ၊ နွားတွေကိုလဲ အရင်လို ဗစ္စတူလာမြစ်ကမ်း နံဘေးက နွားစားကျက်ထဲကို မလွှတ်ရဲတော့ဘူး။ လူတွေ နွားတွေ သိုးတွေ ရှိသမျှ သတ္တ၀ါတွေ အားလုံး နဂါးကြီးကြောင့် ဒုက္ခ ရောက်ကုန်တော့တာပေါ့ကွယ်။
အင်မတိ အင်မတန် သတ္တိကောင်းပါတယ်၊ တိုက်ရည် ခိုက်ရည် ပြည့်ဝပါတယ် ဆိုတဲ့ သူရဲကောင်းတွေတောင် ဒီ နဂါးကြီးကို မနှိမ်နှင်းနိုင်ဘူး။ နဂါးကြီးကို သတ်မယ်ဆိုပြီး အနားကို ကပ်ဖို့ လုပ်နေတုန်းမှာပဲ နဂါးကြီးက မီးလျှံတွေနဲ့ မှုတ်ထည့်လိုက်တာ အဲဒီ သူရဲကောင်းတွေ အကုန်လုံး ပြာကျကုန်တော့တာပဲ။
ဒီသတင်းကို ပိုလန်ပြည့်ရှင်ဘုရင်ကြီး ကြားသိတော်မူတော့ “အင်း … မဖြစ်တော့ဘူး။ ဒီလိုမျိုး ဆိုးသွမ်းနေတဲ့ နဂါးကြီးကို နှိမ်နှင်းနိုင်မယ့် သူရဲကောင်း ငါ့ တိုင်းပြေထဲမှာ မရှိဘူးလား …. လျှောက်တင်လော့ မင်းကြီးများ” ဆိုပြီး ၀န်ကြီးတွေကို မေးသတဲ့။ ဒါပေမယ့် ၀န်ကြီးတွေကလဲ ၀န်ကြီးတွေပဲလေ။ ဘာတစ်ခုမှ သိတာမှ မဟုတ်တာ။ ဘာတစ်ခုမှ တတ်တာ မဟုတ်ဘူး။ ရှင်ဘုရင်ကြီး အနားကပ်ပြီးတော့ တောင်ပြော မြောက်ပြော ပြောတတ်တာပဲ လုပ်တတ်တယ်။ ဒီတော့ကာ ဘုရင်ကြီး အမျက်တော် မရှ ရလေအောင် တစ်ခုခုတော့ ပြောမှဖြစ်မယ် ဆိုပြီး “မှန်လှပါ မင်းကြီးဖျာ့ ဘုန်းတော်ကြောင့် ဒီနဂါးဆိုးကြီးကို နှိမ်နှင်းနိုင်မယ့် သူ ရှိရမှာ ဧကန်မုချပါပဲ” လို့ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး လျှောက်တင်လိုက်သတဲ့ကွယ်။
ဒီတော့ကာ ရှင်ဘုရင်ကြီး ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ “နို့ နေပါဦး မင်းကြီးတို့ရဲ မင်းကြီးတို့ ပြောပုံဆိုပုံအရ ဒီနဂါးကြီးကို သုတ်သင်နိုင်တဲ့ သူရဲကောင်းဟာ ငါ ကိုယ်တော်မြတ်ရဲ့ တိုင်းပြေမှာ ရှိတာ သေချာတယ်။ ဒီတော့ကာ ဒီသူရဲကောင်းကို ဘယ်ပုံ ဘယ်နည်းနဲ့ ရှေ့တော်မှောက်ကို သွင်းရမတုန်း မင်းကြီးများရဲ့” လို့ မေးပြန်သတဲ့။ ဒီတော့ ၀န်ကြီးတွေက “လျှောက်ထားအပ်ပါသည် ဖျာ့ .. စွမ်းရည် သတ္တိ ပြည့်ဝတဲ့ သူရဲကောင်းကို ဖိတ်ခေါ်ဖို့ရာ တယ် မခက်လှပါဘူး။ ဒီနဂါးကြီးကို သုတ်သင်နိုင်ရင် အရှင့်သမီးတော်နဲ့ ထိမ်းမြား လက်ဆက်စေပြီး အိမ်ရှေ့အရာ ပေးသနားတော်မူမယ်လို့ မောင်းခတ်ကြေညာလိုက်ရုံပါပဲဖျာ့” လို့ ပြန်လျှောက်တာပေါ့။ ဒီတော့ကာ ရှင်ဘုရင်ကြီးကလဲ “ကောင်းပြီး မင်းကြီးတို့ သင်သလို စီမံဆောင်ရွက်ပါလေ” ဆိုပြီး အမိန့်ပေးလိုက်တယ်။
ဒါနဲ့ ၀န်ကြီးတွေ မောင်းခတ်ပြီး ကြေညာလိုက်တော့ နဂါးကြီးကို နှိမ်နှင်းမယ်ဆိုတဲ့ သူရဲကောင်းတွေဟာ လက်နက်ကိုယ်စီ စွဲကိုင်ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာလိုက်တာ နည်းတာ မဟုတ်ဘူး။ တစ်သီတစ်တန်းကြီးပဲ။ တို့များ ဗမာပြေက ဒီမိုကရေစီ သူရဲကောင်းတွေ တန်းစီပြီး လမ်းလျှောက်လာကြသလိုမျိုး ထွက်လာကြတာပေါ့ကွယ်။ ဒီလို သူရဲကောင်းတွေ မင်းရင်ပြင်ကို ရောက်လာပြီးတော့ ဒီနဂါးကြီးကို သူ အရင် သုတ်သင်မယ်၊ ငါ အရင် သုတ်သင်မယ်နဲ့ အငြင်းအခုံဖြစ်ပြီး စကားများကြသေးသတဲ့လေ။
ဒါနဲ့ ရှင်ဘုရင်ကြီးက “အို မောင်မင်းတို့ တော်ကြပါတော့ တန်ကြပါတော့ … အချင်းချင်း ရန်ဖြစ်မယ်ဆိုရင်လဲ အရေးတော်ပုံကြီး ပြီးမှ ဖြစ်ကြပါ။ အခု လောလောဆယ်မှာတော့ နဂါးဆိုးကြီးကို အမြန်ဆုံး သုတ်သင်ကြလော့။ သုတ်သင်နိုင်သူကို သမီးတော်လေးနဲ့ ထိမ်းမြား လက်ဆက်စေပြီး အိမ်ရှေ့အရာ သနားမယ်” လို့ ပြောလိုက်တော့မှ သူရဲကောင်းတွေဟာ နဂါးကြီး နေတဲ့ ဗဘယ်(လ်)တောင်တန်းကို မြင်း ဒုန်းစိုင်း စီးပြီး ထွက်သွားကြတယ်။
ဒါနဲ့ သူရဲကောင်းတွေဟာ ဗဘယ်(လ်) တောင်တန်းကို ရောက်သွားပြီး ကျောက်ဂူကြီး အနားကို ချဉ်းကပ်သွားကြသတဲ့။ သူရဲကောင်းတွေဟာ တုတ်၊ ဓား၊ လှံ၊ လေးမြား၊ တင်းပုတ်၊ ဆောက်ပုတ် လက်နက်တွေနဲ့ နဂါးကြီးကို ပစ်မလို့ ဟန်ရေးပြင်နေတုန်းမှာပဲ ကျောက်ဂူထဲကနေ နဂါးကြီး ထွက်လာပြီးတော့ မီးလျှံနဲ့ မှုတ်ထည့်လိုက်တာ သူရဲကောင်းတွေ အကုန်လုံး မီးသွေးတုံး ဖြစ်ကုန်ပါလေရော။
ကိုင်း ခက်ကပြီ။ ဒီသတင်းကို ရှင်ဘုရင်ကြီး ကြားတော့ သိပ်ပြီး စိတ်ပျက်သွားတာပေါ့ကွယ်။ ၀န်ကြီးတွေလဲ မျက်နှာ မကောင်းဘူး။ ဒီလို ဖြစ်နေတုန်းမှာ ရှင်ဘုရင်ကြီး ရှေ့တော်မှောက်ကို ခရာ့(ခ်) လို့ ခေါ်တဲ့ ဖိနပ်ချုပ်သမား လူငယ်လေး တစ်ယောက် ရောက်လာသတဲ့လေ။ လူပုံကို ကြည့်ရတာ စုတ်တီးစုတ်ဖတ်နဲ့ သူရဲကောင်းရုပ် တစ်စက်ကလေးမှ မပေါက်ဘူး။ ဒီ လူငယ်လေးက  “နဂါးကြီးကို သတ်ခွင့်ပြုပါ အရှင်မင်းကြီး” လို့ ရဲရဲဝံ့ဝံ့ လျှောက်လိုက်သတဲ့။
ဖိနပ်ချုပ်သမားလေး ဒီလို လျှောက်တင်တာကို ၀န်ကြီးတွေ ကြားတော့ နှာခေါင်းရှုံ့ ကြသတဲ့။ ရှင်ဘုရင်ကြီးကလည်း မျက်မှောင်ကြုတ်ပြီး စဉ်းစားသတဲ့။ “အင်း .. ဒီလူငယ်လေးထက် ဗလတောင်တဲ့သူတွေ၊ ရဲစွမ်းသတ္တိရှိလှပါတယ်ဆိုတဲ့ သူရဲကောင်းတွေတောင် နဂါးကြီး လက်ချက်နဲ့ မာလက ဈာန်ကြွကုန်ပြီ။ ဒီလူငယ်လေးကို ကြည့်ရတာ ပျော့တီးပျော့ဖတ်နဲ့ နဂါးကြီး နှာခေါင်းဝက မှုတ်ထုတ်နဲ့ လေပူ ထိရုံနဲ့တင် တုန်းခနဲ လဲသွားမယ့် ပုံမျိုး” လို့ တွေးသတဲ့လေ။ ဒါပေမယ့်လဲ ရှင်ဘုရင်ကြီးမှာ ရွေးချယ်စရာ တစ်ခြား နည်းလမ်း မရှိတော့ “ကောင်းပြီ မောင်မင်း … နဂါးကြီးကို အသင် သတ်လိုက် သတ်နိုင်တယ်။ နဂါးကြီးကို ဇီဝိန်ခြွေနိုင်ရင် ငါ့ သမီးတော်နဲ့ ထိမ်းမြားလက်ဆက်စေပြီး အိမ်ရှေ့အရာ ပေးသနားတော်မူမယ်” ဆိုပြီး ပြောလိုက်တာပေါ့။
ရှင်ဘုရင်ကြီးက “နို့ နေပါဦးကွဲ့ မောင်မင်းက နဂါးကြီးကို သတ်မယ်လို့သာ ပြောနေတာ။ သင့်မှာ ချပ်ဝတ်တန်ဆာလဲ မရှိ၊ ဓားလှံ လေးမြား လက်နက်လဲ မပါ၊ မြင်းလဲ မပါ ဘာ မပါနဲ့ ဆိုတော့ကာ မောင်မင်းက နဂါးကြီးကို ဘယ်လို သတ်မှာတုန်း” လို့ ညည်းညည်း ညူညူနဲ့ ဆိုလိုက်သတဲ့။ ဒီတော့ကာ ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” က သူ့ ဖိနပ်ချုပ်တာမှာ သုံးတဲ့ အပ်ချည်၊ အပ်၊ စူး အစရှိတဲ့ တန်ဆာပလာတွေကို ထုတ်ပြပြီးတော့ “ဒီကိရိယာတွေနဲ့ ကျွန်တော်မျိုးရဲ့ ဦးဏှောက်ကို သုံးပြီးတော့ နဂါးဆိုးကြီးကို နှိမ်နှင်းမှာ ဖြစ်ပါတယ် အရှင်မင်းကြီး” လို့ လျှောက်တင်လိုက်သတဲ့။ ကိုင်း … နဂါးဆိုးကြီးကို ဖိနပ်ချုပ်သမားလေး ဘယ်လို နှိမ်နှင်းမလဲ ဆိုတာ ဆက်ကြည့်ကြသေးတာပေါ့ကွယ်။
ဒါနဲ့ ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ နန်းရင်ပြင်ကနေ ချက်ချင်းထွက်သွားပြီးတော့ အမဲသားရောင်းတဲ့ လူကြီးတစ်ယောက်ဆီကနေ ဆိတ်သေတစ်ကောင် ၀ယ်လိုက်တယ်။ နောက်ပြီး မီးခြစ်ဆံလုပ်တာမှာ သုံးတဲ့ ယမ်းမှုန့်တွေလဲ ၀ယ်သတဲ့။ ဒီနောက်တော့ “ခရာ့(ခ်)” ဟာ သူ ဖိနပ်ချုပ်တာမှာ သုံးတဲ့ သားရေလှီးဓားကလေးကို ထုတ်ပြီးတော့ ဆိတ်သေကောင်ကို ရင်ခွဲလိုက်သတဲ့။ ဆိတ်သေကောင် ဗိုက်ထဲက အူ၊ အသည်း ကလီစာတွေကို ထုတ်ပြီးတော့ ယမ်းမှုန့်တွေ သွတ်ထည့်တယ်။ ပြီးတော့မှာ သူရဲ့ ဖိနပ်ချုပ် အပ်နဲ့ အပ်ချည်ကို ထုတ်ပြီး ဆိတ်သေကောင်ရဲ့ ဗိုက်ကြီးကို နေသားတကျ ပြန်ပြီး ချုပ်လိုက်သတဲ့။ “ခရာ့(ခ်)” အလုပ် လုပ်နေတာကို  လူတွေ ၀ိုင်းအုံပြီး ကြည့်ကြသတဲ့။ ဒါပေမယ့် သူတို့ အားလုံး “ခရာ့(ခ်)” ဘာလုပ်နေတယ်ဆိုတာကို နားမလည်ကြဘူးတဲ့။
“ခရာ့(ခ်)” ဟာ ယမ်းမှုန့်သွတ်ထားတဲ့ ဆိတ်သေကောင်ကြီးကို နဂါးကြီးနေတဲ့ ဂူအ၀မှာ သွားချထားသတဲ့။ ပြီးတော့မှ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်တုံးကြီး အနောက်နားကနေ ပုန်းပြီးတော့ ကြည့်နေတာပေါ့။ ဂူထဲမှာ အိပ်နေတဲ့ နဂါးကြီးဟာ ဆိတ်သေကောင် အနံ့ကို ရတော့ နိုးလာသတဲ့။ ဒီတော့ “ဂရား .. ဂရား .. ဂရား .. ဗိုက်ဆာတယ် စားမယ် ၀ါးမယ် .. ဂရား .. ဂရား .. ဂရား .. ဗိုက်ဆာတယ် စားမယ် ၀ါးမယ်” လို့ အော်ပြီးတော့ ဂူထဲကနေ အပြင်ကို ထွက်လာသတဲ့လေ။ နဂါးကြီးဟာ ဂူအ၀မှာ ချထားတဲ့ ယမ်းမှုန့်တွေ သွတ်ထားတဲ့ ဆိတ်သေကောင်ကို တစ်လုပ်တည်းနဲ့ အငမ်းမရ မျိုချလိုက်သတဲ့။
နဂါးကြီးရဲ့ ဗိုက်ထဲကို ယမ်းမှုန့်တွေ သွတ်ထားတဲ့ ဆိတ်သေကောင် ရောက်သွားပြီ ယမ်းမှုန့်တွေ မီးထတောက်လာတယ်။ ဗိုက်ကို မီးခဲ ထည့်ထားတဲ့ အတိုင်းပဲပေါ့။ နဂါးကြီးဟာ “အလိုလေးလေး .. ပူလွန်းလှချည်ရဲ့ လောင်လွန်းလှချည်ရဲ့” လို့ အော်ပြီးတော့ မြစ်ကမ်းဘက်ကို ထွက်ပြေးသွားသတဲ့။ သူ ရင်ပူရင်ဆာမိနေတာ သက်သာအောင်ဆိုပြီး ရေတွေကို ကျုံးသောက်သတဲ့။ ဒါပေမယ့် မသက်သာလှပါဘူး။ သူ့ ဗိုက်ကြီးဟာ ရေတွေနဲ့ ပြည့်လာပြီး ပူဖောင်းကြီးလို ဖောင်းကားလာတော့တာပေါ့။ လမ်းတောင် မလျှောက်နိုင်တော့ဘူးပေါ့။ နဂါးကြီးဟာ မောလွန်းလို့ ပူလွန်းလို့ ဖျားချင်သလိုလို နာချင်သလိုလို ဖြစ်သွားသတဲ့။
နဂါးကြီး ဒီလိုမျိုး ဖြစ်နေတာကို တွေ့တော့ ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ သူ ပုန်းနေတဲ့ ကျောက်တုံးကြီး အနောက်ကနေ ထွက်လာသတဲ့။ “ဟား ဟား ဟား … လူတွေကို ဒုက္ခပေး၊ သိုးတွေကို ဒုက္ခပေးတဲ့ အသင် နဂါးကြီး . သင် ကျုပ် အကြောင်းကို ကောင်းကောင်းကြီး သိပြီ မဟုတ်လား” လို့ အော်ပြောလိုက်သတဲ့။ နဂါးကြီးက ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ကို သတ်မယ်ဆိုပြီး ပါးစပ်ကြီးကို ဖြဲပြီး မီးလျှံတွေနဲ့ မှုတ်လိုက်တော့ မီးလျှံတွေ မထွက်လာဘဲ ရေတွေပဲ ထွက်လာသတဲ့။ ဒီတော့ ပိုပြီး ဒေါသထွက်လာပြီး ပါးစပ်ကြီးကို အဆမတန် ဖြဲပြီး မီးလျှံတွေနဲ့ မှုတ်ထုတ်မယ်လို့ လုပ်ပြန်သတဲ့။ ရေတွေပဲ ထွက်လာတယ်။ နောက်ဆုံးတော့ နဂါးကြီးရဲ့ ဗိုက်ထဲက ယမ်းမှုန့်တွေဟာ အဆမတန် ပူလောင်လာပြီးတော့ ပေါက်ကွဲသွားသတဲ့။ နဂါးကြီး သေသွားတာပေါ့ကွယ်။ ပိုလန်ပြည်သူ ပြည်သားတွေ အားလုံး ပျော်သွားတာပေါ့။
ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ မင်းသမီးလေးနဲ့ လက်ထပ်ထိမ်းမြားပြီးတော့ အိမ်ရှေ့မင်းသားလေး ဖြစ်လာတာပေါ့။ ယောက္ခမဖြစ်သူ ရှင်ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက်မှာ“ခရာ့(ခ်)” ဟာ ပိုလန်ပြည်ကြီးကို မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်သတဲ့။
ရှင်ဘုရင်လေး “ခရာ့(ခ်)” ဟာ သူ နဂါးကြီးကို နှိမ်နှင်း အောင်မြင်ခဲ့တဲ့ နေရာဖြစ်တဲ့ ဗဘယ်(လ်) တောင်ကုန်းပေါ်မှာ အင်မတန် ကြီးကျယ် ခမ်းနားတဲ့ ရဲတိုက်ကြီး ဆောက်ပြီးတော့ မင်းသမီးလေးနဲ့ အတူ အသက်ထက်ဆုံး နေထိုင်သွားတာပေါ့။ “ခရာ့(ခ်)” ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ သားတော် မြေးတော်တွေ ပိုလန်ရှင်ဘုရင်တွေဟာလဲ အဲဒီရဲတိုက်ကြီးမှာပဲ ဆက်ပြီး နေထိုင်ကြသတဲ့။ ပိုလန်ပြည်သူ ပြည်သားတွေဟာ ဗဘယ်(လ်) တောင်ကုန်း အနီးအနား တစ်ဝိုက်မှာ မြို့သစ်တစ်မြို့ တည်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြသတဲ့။ အဲဒီ မြို့ကို သူတို့ရဲ့ ရှင်ဘုရင်လေး “ခရာ့(ခ်)” ကို အစွဲပြုပြီးတော့ “ခရာ့ကို့(ဖ်)” မြို့လို့ နာမည်ပေးလိုက်သတဲ့။
မောင်ကျပ်ခိုး ပြန်ပြောသည်။
၁၃၇၄ ခုနှစ် တော်သလင်းလဆန်း ၁ ရက် တနင်္ဂနွေန့။ ခရစ်နှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်။

Monday, September 3, 2012

ချောက်တွန်းခံရတဲ့ အဖြစ်

အောက်ပါပုံပြင်လေး ဖတ်ပြီး လွန်ခဲ့ ၁၀-နှစ်ကျော်လောက် မိမိဘဝ အခက်အခဲတွေကို သတိရမိလို့ပါ။

နိုင်ငံခြားရောက်တော့လည်း မိမိအလားတူ အဖြစ်အပျက်များကို ဒကာ၊ဒကာမတွေ မကြာမကြာ ရင်ဖွင့်သံ ကြားကြားနေရပါတယ်။

ဒီလိုအခါမျိုးမှာ သက်သာသက်သာကြောင်းဖြစ်စေ..၊ သူ
တို့ရဲ့ ရင်တွင်းသံကို ဖြေသိပ်ရန်အလိုငှာ နားထောင်ပေးရပါတယ်။

တတ်နိုင်သလောက်လည်း သက်သာရာရကြောင်း ဆုံးမစကားတွေ ပြောရပါတယ်။

****တချို့ အလုပ်မှာ.. မိမိနေရာကို လိုချင်လို့ ချောက်တွန်းတာမျိုး
**** တချို့  လစာငွေ တိုးမပေချင်းလို့ အလုပ်ဖြုတ်ခံလိုက်ရတာမျိုး
***** လုပ်ဖော်ကိုင်ဖက်ချင်း မနာလိုဝန်တိုတာကြောင့် အလုပ်ထဲမှာ စိတ်ညစ်ရတာမျိုး အမျိုးမျိုးပါပဲ။

စာရေးသူလည်း လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က မြန်မာပြည် သတင်းစာထဲမှာ “ပြည်ပသာသနာပြုသင်တန်း” တက်ရန် ဝင်ခွင့်စာမေးပွဲဆိုတာတွေလို့ ဝင်ရောက်ဖြေဆိုတာ သင်တန်းတက်ခွင့်ရခဲ့ပါတယ်။

သင်တန်း ၂-နှစ်ပြီးတော့ သင်းတန်းသားအားလုံး နိုင်ငံခြားကို မလွှတ်နိုင်သေးပဲ၊ ဦးစွာ ၇-ပါးလောက် နိုင်ငံခြာလွှတ်မယ်တော့ အချို့ နည်မျိုးစုံနဲ့ နိုင်ငံခြားသွားရေး အားထုတ်ကြတော့တာပါပဲ။ ဒီမှာ တင်ရွေးချယ်ရေးအဖွဲ့ဆို ဖွဲ့တော့တာပါပဲ။ တိုတိုပြောရရင် ရွေးချယ်ရေးအဖွဲ့နဲ့ အဆင်ပြေ သူတွေ နိုင်ငံခြားသွားရမယ့်ပေါဗျာ။

ဒီလို တစ်ယောက်နှင့်တစ်ယောက် ချောက်တွန်းခံရတဲ့ အဖြစ်အပျက်လေးမျိုး ဆင်တူရိုးမှား လူတိုင်းမှာတွေ့ကြုံဘူးမှာပါ။
လောကသဘာဝကို..။

ပုံပြင်လေးက ဒီလိုပါ..

ရှေးရှေးတုန်းက လယ်သမားတစ်ဦးမှာ မြည်းတစ်ကောင်ရှိခဲ့တယ်တဲ့။
တစ်နေ့မှာလယ်သမားရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူ ဘာလုပ်ရင် ကောင်းမလဲလို့စဉ်းစားပါတယ်။

သူစဉ်စားမိတာက “ မြည်းဟာလည်းအသက်ကြီးပါပြီ? ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး။လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ်တဲ့။

ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါသေးတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ပါတယ် ။

မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ
ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ်။
မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းကာ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွား ခြောက်ခြားသွားပေမယ့် မြေကြီးတွေကို ဆက်ဖို့စေခဲ့တယ်။

နောက်ဆုံးမှာ မြေဖို့နေတဲ့လူတိုင်းတွေဟာ ကျောပေါ်တင်လာတဲ့မြေကြီး
တွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်
တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်သွားခဲ့ပါတယ်။

ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ်။

ထို့အတူ အခက်အခဲ ကြုံတွေရတဲ့လူတိုင်း၊ လူတိုင်းဟာလည်း ပုံပြင်ထဲက မြည်းကို ကိုယ်ပေါ်ကျရောက်လာတဲ့ ပြစ်တင်ဝေဖန် ရူတ်ချသံတွေကို ဖယ်ရှားကာ၊ နည်းလမ်းသစ်တွေကို ရှာဖွေရင်းနဲ့ ဘဝအောင်မြင်မှုဆီကို တက်လှမ်းနိုင်ပါတယ်။

ပုံပြင် ( FB သူငယ်ချင်းတစ်ယောက်ထံမှ)

Monday, August 13, 2012

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦး အကြောင်း တစေ့တစောင်း (တတိယပိုင်း-ဇာတ်သိမ်း)



tay-za-at-office
 
24
 
7
 
မဲပေးပါ

DK၊    ၊၄င်း၏ကုမ္ပဏီများအား အနောက်မဟာမိတ် နိုင်ငံများမှ ပိတ်ဆို့ခဲ့သောကြောင့် ကနဦးပိုင်းတွင်
ဦးတေဇမှ အတော်ပင် ပေါက်ကွဲ ခဲ့၏။ ဦးတေဇမှ မဟုတ်ပါ။ ယနေ့ကမ္ဘာ တွင် စီးပွားရေး
အင်အားကြီး ဖြစ်ပြီး အခြေခံတန်ဖိုးများ တူညီကြပြီး ညီညွတ်မှုရှိကြသော အနောက်ဒီမိုကရေစီ
နိုင်ငံများနှင့် ဆန့်ကျင်ဘက် အနေအထား တွင် ရှိနေသူ များအတွက် လှုပ်ရှား နိုင်သော ဂွင်မှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာလေ၏။

သို့သော်လည်း မြန်မာ စစ်အာဏာရှင် များနှင့် ပူးပေါင်း၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မပြု
လုပ်နိုင်စေရန် အနောက်မဟာမိတ်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ၄င်းကို ပို၍အားကောင်း
လာစေခဲ့ ပြီး အခြားသော လုပ်ငန်းရှင်များ အား ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန်မှာ
ပိုမိုခက်ခဲလာသည် ဟု ဦးတေဇမှ သူ၏အမြင်ကိုပြောသည်။ “ ဒီလိုမျိုး အနောက်တိုင်း
ပိတ်ဆို့မှု တွေကြောင့် ကျနော် တို့ပိုတောင်မှ ချမ်းသာလာသေးတယ်  ” ဟု ဦးတေဇမှ
ဆိုသည်။

ပြည့်ဖြိုးတေဇ၊ ရေချယ်လ်တေဇ၊ ထက်တေဇ နှင့် ဦးတေဇ
လက်သင့်ရာ စားတော်ခေါ်သော မြန်မာစစ်ဗိုလ်ချုပ် များ၏ အလေ့အထအရ ဦးတေဇ၏
စကားသည် ဟုတ်သလိုရှိနေ၏။ သို့သော်လည်း ထိုအနေအထားများသည် အမြဲတစေ
ပြောင်းလဲနေသည်။ အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကြောင့် ဦးတေဇအနေနှင့်
ပြည်ပအရင်းအနှီးများ နှင့် ချိတ်ဆက်နိုင်စွမ်း နည်းသွားခဲ့ရပြီး မြန်မာနိုင်ငံတွင်း ဖက်စပ်
ရင်းနှီးမြှုပ် နှံလိုသူ လုပ်ငန်းရှင်များအတွက် ၄င်းသည် ရှောင်ကြဉ်အပ်သူ ဖြစ်လာခဲ့သည်။

ဦးတေဇအနေနှင့် သူ၏ဂုဏ်သတင်းအား ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး ၄င်း၏
အနေအထားသည် သုညအဆင့် (Zero Level) တွင်တောင်မှမဟုတ်ပဲ အနှုတ်လက္ခဏ
အဆင့် (Negative Level) တွင် ကျဆင်းနေသည်ဟု နိုင်ငံစုံလုပ်ငန်းကြီးများ
(Multinational Firms) အတွက် လုပ်ကိုင်နေသော အကြံပေးပညာရှင် တဦးမှဆိုသည်။

ဦးတေဇအနေနှင့် မြန်မာနိုင်ငံတွင်းရှိ ကမ္ဘာလှည့်ခရီးသွား များ လာရောက်လေ့ရှိသော
အချက်အချာ ကျသော နေရာများတွင် ရှိနေသည့် ထူးလုပ်ငန်းစုပိုင် ဟိုတယ်  (၁၇) ခုအား
နိုင်ငံတကာ စီမံခန့်ခွဲမှုကုမ္ပဏီတခု အား အသွင်သစ်ဖြင့် လုပ်ကိုင်စေလိုသော်လည်း ၄င်း
လိုလားသော အဆင့်ရှိသည့် အကျိုးတူလုပ်ငန်းရှင် များအား မရနိုင်ခဲ့သော ကြောင့် ၄င်း
အနေနှင့် အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကို အပြစ်တင်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်
ခဲ့ချေ။ သူ့အနေနှင့် ထိုင်းဟိုတယ်လုပ်ငန်းစု တခုမှ ကမ်းလှမ်းလာမှု ရရှိခဲ့သော် လည်း
ငြင်းပယ်ခဲ့သည်။အငယ်စား ဟိုတယ် လုပ်ငန်းစု များအား စိတ်မဝင်စားပဲ နိုင်ငံတကာတွင်
နာမည်ရပြီးသားလုပ်ငန်းစု များကိုသာ လိုလားသည်ဟု ဦးတေဇမှဆိုသည်။

ကြပ်ပြေးရှိ နေပြည်တော်မြို့ အား ပို၍တန်ဆာ ဆင်နေသော ပညာရေး အားနည်းပြီး မသိသား
ဆိုးဝါးလှသည့် လူမိုက်များဖြစ်ကြသော မြန်မာ စစ်ဗိုလ်ချုပ် များကြောင့် စီးပွားရေး အရ
မဟာဗျူဟာ ကျသည့် ပင်လယ်နှင့် နီးစပ်သော နေရာတွင်ရှိသော်လည်း ချောင်ထိုးခြင်း
ခံရ၍   ရန်ကုန်မြို့တွင် ဦးတေဇ၏ နေအိမ်သည် ထိုအရပ်ရှိ အထင်ကရ အဆောက်အဦ
ပင်ဖြစ်လေသည်။ သူ၏နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၊ အမေရိကန်
သံရုံးတို့ နှင့် သိပ်မဝေးလှပေ။

စစ်အုပ်စု၏ လက်ချက်ကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး လူအများစု မှာ ဆင်းရဲမွဲတေ၍
ဆင်ခြေဖုံး အရပ်များတွင် ထမင်းပင် ဝယ်မစားနိုင်ပဲ ထမင်းရည်သာ သောက် နေကြရ
သူများရှိနေပြီး လူအများ ဆင်းရဲ ဒုက္ခရောက် နေကြချိန်တွင် ဦးတေဇ ဝယ်ယူစုဆောင်း
ထားသော ဖာရာရီ၊ ရိုးလ်စ်ရွိုက်စ် အစရှိသည့် တန်ဖိုးကြီး ဇိမ်ခံကား များမှာ ကား
လမ်းပေါ်မှ ပင် မြင်နိုင်ပေသည်။ ကြီးကျယ်ခန်းနား လှသည့် ဦးတေဇ၏ နေအိမ်အား
လမ်းပေါ်မှ ဖြတ်သွားသော တက္ကစီဒရိုင်ဘာ များမှ ၄င်းတို့၏ ခရီးသည်များကို လက်
ညှိုးထိုးပြ သွားခဲ့ကြသည်။

ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု
သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ် (Macquarie University) မှ မြန်မာစီးပွားရေး နှင့်
ပတ်သက်သော ကျွမ်းကျင်သူ ပညာရှင် ရှောင်တာနယ်လ် (Sean Turnell) မှမူ ပါးနပ်သော
မျက်လုံးများနှင့် ဦးတေဇသည် ကလေးများအတွက် ပုံပြင်များထဲတွင် ပါလေ့ရှိသော ဗီလိန်
လူကြမ်း တဦးကဲ့သို့ ဖြစ်လုနီးနီး အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

မြန်မာစစ်အရာရှိများကမူ ဦးတေဇ၏ ထူးကုမ္ပဏီ ၏ပေါက်ရောက်နေမှုကို ရည်ညွှန်းသည့်အနေဖြင့်
ထူးကုမ္ပဏီ အား (ကက-တေ) ဟုဆိုကြသည်။ စီးပွားရေးသမားများကမူ ၄င်းအား မြန်မာစစ်တပ်မှ
တတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သည်ဟု ဆိုကြသည်။ (ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏အောက်
ကပ်လျက်တွင်ရှိသည်ဟု ဆိုခြင်းဖြစ်သည်) ၄င်းအား ခရိုနီ (စစ်အုပ်စုနှင့်ပလဲနံပသင့်သူ) အဖြစ်
ဆိုကြခြင်းကို မူဦးတေ ဇ အနေနှင့် ဘဝင်ကျပုံ မရပေ။ “ မြန်မာ တွေဟာ ဒါကြောင့် မချမ်းသာကြ
တာဗျ၊ လူတယောက် တိုးတက်ရင် သူတို့တွေက မနာလိုကြဘူး၊ နည်းမျိုးစုံနဲ့တိုက်ခိုက် နေပြီး
အဲလိုပဲ လျှောက်ဖွနေ တော့တာပဲဗျာ..” ဦးတေဇမှ ငြီးငြူလေသည်။

ဦးတေဇအနေနှင့် ဒေါ်လာသန်းဆယ် နှင့်ချီ၍ ရှိသော အခွန်ကြွေးကျန် များကို ပေးဆောင်ရန်
ငွေတောင်းခံလွှာ အားရရှိထား ပြီးဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ၄င်းပိုင် ထူးလုပ်
ငန်းစုအောက်ရှိ မည်သည့် ကုမ္ပဏီမှ အခွန်အများဆုံး ဆောင်ရသော ထိပ်တန်း ကော်ပိုရိတ်
လုပ်ငန်း (၁၀) ခုထဲတွင် မပါပေ။ ကမ္ဘောဇ ဘဏ်သည် ပထမနေရာတွင် ရှိသည်။ ၄င်းမှ
အခွန်ရှောင်သည်ဟု ဆိုကြခြင်းများအား ဦးတေဇမှ ငြင်းဆိုခဲ့ပြီး၊ သူ့အနေနှင့် အခွန်ဆောင်
သူတဦး ဖြစ်သည်ဟု ဆိုသည်။ လတ်တလော ပေးဆောင်ထားသော အခွန်ပြေစာ များနှင့်
ပတ်သက်၍မူ သူ့အနေနှင့် (၂၀၁၁) စက်တင်ဘာလ အစပိုင်းတွင် အမေရိကန်ဒေါ်လာ (၂)
သန်းရှိ သော အခွန်ငွေ ပမာဏ အား ပေးဆောင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ဦးတေဇမှဆိုသည်။

Aureum Palace ဟိုတယ်တခု
ထူးလုပ်ငန်းစု ၏ ကုမ္ပဏီခွဲများအနက် သစ်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ကုန်သွယ်မှု လုပ်ငန်း
အချို့တို့မှသာ အကျိုးအမြတ် ရရှိခဲ့ပြီး သူ့အနေနှင့် အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်သည့်
လုပ်ငန်းများဖြစ်သော ခရီးသွားလုပ်ငန်း (Tourism) နှင့် ပစ္စည်း မျိုးစုံထုတ်လုပ်သော
မြန်မာပြည်၏ လူသုံးကုန်ပစ္စည်း အခြေခံသော စီးပွားရေး လုပ်ငန်းများ ကို လုပ်ကိုင်ရခြင်း
အား ပို၍ နှစ်သက်သည်ဟု ဦးတေဇ မှဆိုသည်။ ဦးတေဇသည် ရက်ရောသော လုပ်ရှင်တဦး
ဖြစ်သည်ဟူသော အများအမြင် ကိုရရှိထားသူ ဖြစ်ကာ ၄င်း၏ အမြဲတမ်း ဝန်ထမ်းပေါင်း
လေးသောင်းကျော်၏ သစ္စာစောင့်သိမှုကို ရရှိထားသူ ဖြစ်လေသည်။ မြန်မာနိုင်ငံ၏
ပထမဆုံးသော အမျိုးသမီးလေယာဉ် မှူး အပါအဝင် ထောင်ဂဏန်းခန့် ရှိသော သူ၏
ဝန်ထမ်းများအား နိုင်ငံရပ်ခြားသို့ သင်တန်းများ တက်ရောက်ရန်  စေလွှတ်ခဲ့ပြီး၊ အပို
ဆုကြေးနှင့် ခံစားခွင့်များ ပေးအပ်သောကြောင့် အလုပ်ကြိုးစားသော မန်နေဂျာများ
လည်း အရေအတွက် တိုးတက်လာခဲ့၏။ ဦးတေဇသည် သူလုပ်သမျှတွင် အခြားသူများ
အား လည်း ရှယ်ယာဝေစု များခွဲဝေ ပေးတတ်သူ ဖြစ်ပြီး မျှတသူ တဦးဖြစ်သည်ဟု ပြည်
တွင်း ရင်းနှီးမြှုပ်နှံသူ စင်ပြိုင် လုပ်ငန်းရှင် တဦးမှဆိုသည်။

ဘောလုံးဝါသနာအိုး နှင့် ကလပ်အသင်း ပိုင်ရှင်တဦးလည်း ဖြစ်သော ဦးတေဇသည် ၄င်းပိုင်
ကလပ်၏ လေ့ကျင့်ရေးကွင်းတွင် သူ၏ဝန်ထမ်းများနှင့် ဘောလုံးကစား လေ့ရှိကာ၊ မြန်မာ
တေးဂီတ အား ပံ့ပိုးမှုများ ပေးလေ့ရှိသူလည်း ဖြစ်သည်။ FORBES ASIA သတင်းထောက်နှင့်
အတူ နေ့လယ်စာ စားပြီးသောအခါ ဦးတေဇသည် သူပိုင်ဂစ်တာ အား ဆွဲထုတ်ကာ ၄င်း၏
အမှုဆောင်အရာရှိများကို ခေါ်တော့သည်။ “ ခင်ဗျားတို့ကို ဒီသံစဉ်လေး ကြားဖူးစေချင်လို့ဗျာ ”
ဟုဆို၍ ဓါတ်ပြားတချပ်ကိုဖွင့်၍ ဂီတတွင် ဝင်စားကာ တေးသံစဉ်တခုကို လိုက်ပါတီးခတ်ပြခဲ့
သည်။ Wikileaks မှ ထွက်ပေါ်လာသော အမေရိကန် သံတမန် ကြေးနန်းစာ များအရ ဦးတေဇ
သည် ယခင့်ယခင်က ၄င်းကျရှုံးနိုင်မည့် အခြေအနေ များကို ကျော်လွှားလာနိုင်ခဲ့သည်ဟု
ဖေါ်ပြထားသည်။ “ ဦးတေဇ ဒေဝါလီခံရ ပြီဟု မိမိတို့၏ စီးပွားရေးအဆက်အသွယ် မြောက်
များစွာတို့မှ ယုံကြည်ကြသည်” ဟု(၂၀၀၉) မတ်လတွင် အမေရိကန် အစိုးရထံသို့ ပေးပို့ခဲ့သော
အမေရိကန်သံရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ (၂၀၁၀) တွင်မှ လုပ်ငန်းရှင် အသိုင်း
အဝိုင်း အတွင်း ၌ ဦးတေဇ ဂိန်သွား ပြီ၊ ၄င်းနေရာ အား စင်ပြိုင်နှင့် နောက်တက် ခရိုနီ များမှ
ဝင်ယူနေကြပြီ ဆိုသော သတင်းများ ပျံ့နှံ့ နေခဲ့သည်ဟု ဆိုကြသည်။ ဦးတေဇ ကွယ်လွန်သွား
ခဲ့ပြီဆိုသော ချဲ့ကားထားသော သတင်းများမှာ ၄င်း၏ ရဟတ်ယာဉ် ပျက်မကျမီကပင်
ပေါ်ထွက်နေခဲ့သည်။ ဦးတေဇကတော့ တိတ်တခိုး ကြိတ်ရယ် နေကောင်း ရယ်နေလိမ့်မည် ဖြစ်၏။

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ
၁။ အဲပုဂံ (Air Bagan)
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု
၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)
နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။
Aureum Palace ဟိုတယ်တခု
၃။ ဟိုတယ်လုပ်ငန်းများ
အော်ရီယမ်နန်းတော် (Aureum Palace) နှင့် မြန်မာ့ရတနာ (Myanmar Treasure) နာမည်နှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။ အခန်းပေါင်း (၁၁၀၀) ခန့် ပါဝင်သော ဟိုတယ်ပေါင်း (၁၇) ခုပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) မှ (၁၅၀) အတွင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည်။
၎။ မိုင်းလုပ်ငန်း
နီကယ်လ်၊ ကျောက်စိမ်း၊ ထုံးကျောက်နှင့် ရွှေတူးဖေါ်ရေးလုပ်ငန်းများ
၅။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း
အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀) မှ (၄၀) အကြားခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော ရန်ကုန်မြို့ရှိ အိမ်ယာ စီမံကိန်းများ ပါဝင်သည်။
၆။ ပို့ကုန်
သစ်၊ ပဲ နှင့် ဆန် များတင်ပို့သည်။
DK (Ref: Burma’s Showy Crony)

မြန်မာပြည် ၏ ထိပ်သီးခရိုနီ တဦး အကြောင်း တစေ့တစောင်း (အပိုင်း-၁)

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦး အကြောင်း တစေ့တစောင်း (အပိုင်း-၂)

Monday, May 7, 2012

ယုန်ကလေး နှာစေးနေ သည်

ဟိုးရှေးရှေးတုန်းက ဂူကြီးတစ်ဂူထဲမှာ ကေသရာဇာ ခြင်္သေ့မင်းကြီး နေထိုင်ပါတယ် ။ ခြင်္သေ့မင်းကြီးရဲ့ အနားမှာတော့ ကိုယ်ရံတော်တွေအဖြစ် သမင်ကလေးရယ် မြေခွေးတစ်ကောင်ရယ် ယုန်ဖြူလေးတစ်ကောင်ရယ်နေထိုင်ကြပါတယ် ။ အဲဒီလိုနဲ့နေလာကြရင်း တစ်ခါတော့ ခြင်္သေံကြီးက အစာစားပြီး ဂူထဲမှာ အိပ်နေလိုက်တာ ၇ ရက်တောင်ကြာသွားပါသတဲ့ ။ ၇ ရက်ပြည့်ပြီးနိုးလာတဲ့အခါ အားရပါးရာ သမ်းဝေလိုက်တဲ့အခါ အသားစိမ်းတွေစားထားတဲ့အတွက် အာခံတွင်းထဲက အပုပ်နံ့တွေက လှိုင်လှိုင်ကြီးထွက်ပေါ်လာတာပေါ့ ။

ဒီတော့ ခြင်္သေ့ကြီးက သူ့ ကိုယ်ရံတော်တွေရဲ့ သဘောထားကိုသိလိုတာကြောင့်မေးလိုက်ပါတယ် ။ သမင်ကလေးကို အရင်ဆုံးမေးလိုက်ပါတယ် ။ “ ငါကိုယ်တော်အခုလို သမ်းလိုက်တဲ့အခါ အာခံတွင်းထဲက ဘာအနံ့များ ထွက်လာပါသလဲ ” သမင်လေးကစဉ်းစားတယ် ။ သူက တောထဲမှာ ဘုရင်ဆိုတော့ အမှန်အတိုင်းအပုပ်နံ့တွေထွက်တယ်လို့ဖြေလိုက်ရင်သူ အသတ်ခံရမှာစိုးလို့ အောက်ပါအတိုင်းဖြေလိုက်တယ် ။ “မှန်လှပါ ခြင်္သေံမင်းခင်ဗျား အရှင်သမ်းဝေလိုက်တဲ့အခါ ကြာညိုနံ့လေးနဲ့မွှေးပျံ့စွာ ထွက်ပေါ်လာပါတယ်ဘုရား ” ဒီတော့ခြင်္သေံ့ကြီးက ဒေါသထွက်ထွက်နဲ့ပြောတယ် ။

“ သယ် ငါ့ဒီလောက် ခုနှစ်ရက်လုံးအိပ်နေတာ အခုဆို အပုပ်နံ့တွေပါးစပ်ထဲကထွက်နေမှာပေါ့ ငါကိုယ်တော်ကို လိမ်ပြောဝံ့သလား ” ဆိုပြီး သမင်းလေးကို ဂုတ်ကနေကိုက်ချီပြီး စားပစ်လိုက်ပါတော့တယ် ။ ပြီးတော့အလားတူမေးခွန်းကိုပဲ မြေခွေးကို ဆက်မေးပါတယ် ။ မြေခွေးကစဉ်းစားတယ် ခြင်္သေံ့မင်းက အမှန်အတိုင်းပြောတာကို တန်ဖိုးထားတာပဲဆိုပြီးအောက်ပါအတိုင်းဖြေလိုက်တယ် ။

“ မှန်လှပါ ခြင်္သေံ့မင်းခင်ဗျာ အရှင့်ရဲ့အာခံတွင်းနံ့ဟာ ခုနှစ်ရက်လုံးအိပ်ပြီးအခုမှပြန်နိုးထတဲ့အတွက် အလွန်ပဲ ပုပ်ဟောင်နံစော်လှကြောင်းပါခင်ဗျား ” အဲဒီလိုလည်းပြောလိုက်ရော ခြင်္သေ့ကြီးက စိတ်ဆိုးသွားတယ် ။ “ သယ် - - ဒီမြေခွေးတော့ငါကိုယ်တော်ကို ဒီလိုပဲပြောရသလား ” ဆိုပြီးတော့ မြေခွေးကို လည်းသတ်ပြီးစားပစ်လိုက်ပါတော့တယ် ။ နောက်ဆုံးကျန်တဲ့ ယုန်ကလေးကိုလည်း ခြင်္သေ့ကြီးက အလားတူမေးခွန်းကိုပဲမေးပြန်ပါတယ် ။

ယုန်ကလေးက စဉ်းစားတယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့အဖြေကို ငါဖြေရတော့မယ် မြေခွေးလိုရော သမင်လိုရောဖြေလို့မဖြစ်ဘူးဆိုပြီးအောက်ပါတိုင်းဖြေလိုက်ပါတယ် ။

“ မှန်လှပါ အရှင်ခြင်္သေ့မင်းခင်ဗျား အရှင့်ရဲ့မေးခွန်းကို ကျွန်တော်မျိုး တအားဖြေချင်လှပါတယ် သို့ပေမယ့် ကျွန်တော်မျိုးမှာ နှာစေးနေတဲ့အတွက် မည်သည့်အနံ့မှ မရတာမို့ မေးခွန်းကို မဖြေနိုင်ကြောင်းပါခင်ဗျာ ”

##############################

အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ခြင်းဟာ မိမိအတွက် အခွင့်အရေးပိုမိုရစေပါတယ် ။ အခက်အခဲ ကျဉ်းထဲကြပ်ထဲကြုံတွေ့လာတဲ့အခါ အရာရာကိုချိန်ဆလို့ အကောင်းဆုံးလမ်းကို ရှာဖွေ အသုံးပြုနိုင်ပါစေ ။

သက်တန့်ချို
(ဦးပေါ်ဦး လျှောက်ထုံးမှ မှီငြမ်းသည် )

Thursday, January 26, 2012

သတင်းစာပေါ်က ပုံပြင်တိုလေး



(၁)
အဲဒီနေ့က ယောက်ျားနဲ့အတူ မိဘအိမ်ပြန်ဖို့ ကားဂိတ်ကို ကျွန်မတို့ရောက်လာခဲ့တယ်။ ကားပေါ်တက်တော့ ကျွန်မတို့ဝယ်ထားတဲ့ ထိုင်ခုံမှာ အမျိုးသမီးတစ်ဦးထိုင်နေတာကို တွေ့လိုက်တယ်။ ယောက်ျားက ကျွန်မကို အမျိုးသမီးဘေးက ခုံလွတ်မှာ ဝင်ထိုင်ဖို့ပြောပြီး အမျိုးသမီးကိုတော့ နေရာကထပေးဖို့ သူ မပြောခဲ့ဘူး။

ဘေးမှာ ဝင်ထိုင်မိမှ အမျိုးသမီးကို ကျွန်မသေချာကြည့်လိုက်တယ်။ အမျိုးသမီးရဲ့ညာခြေထောက် သိပ်မသန်တာကို ကျွန်မသတိပြုမိတယ်။ ဒါကြောင့် ယောက်ျားက သူ့ကိုနေရာက ထပေးဖို့ မပြောခဲ့တာဖြစ်တယ်။

ဒီလိုနဲ့ ယောက်ျားဟာ ကားပေါ်မှာမတ်တပ်ရပ်ပြီး လိုက်ခဲ့ရတယ်။ ခရီးအနည်းငယ်ဝေးပေမယ့် သူ့ခုံထိုင်တဲ့အမျိုးသမီးကို နေရာကဖယ်ပေးဖို့ သူစကားမဟခဲ့ဘူး။

နေရပ်ရောက်လို့ ကားပေါ်ကဆင်းတော့ ခရီးတလျောက်ရပ်လိုက်ခဲ့တဲ့ ယောက်ျားကို ကျွန်မက သနားကရုဏာနဲ့ ပြောမိတယ်။

"ကိုယ့်နေရာ သူများကိုပေးထိုင်တာ ကုသိုလ်ရပါတယ်။ ဒါပေမယ့် ဒီခရီးဝေးနဲ့တော့ လမ်းတဝက်မှာ သူ့ကိုဖယ်ခိုင်းပြီး ကိုယ့်အလှည့်ခဏလောက်တော့ ထိုင်သင့်တာပေါ့။ ရပ်လိုက်ရတော့ ဘယ်အဆင်ပြေမလဲ?"

"သူ အဆင်မပြေတာက သူ့တစ်သက်လုံးပါ... ကိုယ်အဆင်မပြေတာက ဒီလမ်းခရီး ၄,၅နာရီလေးပါ" လို့ ယောက်ျားက ပြန်ပြောပါတယ်။

(၂)
ချစ်သက်တမ်း ငါးနှစ်အကြာမှာ သူမကို သူရက်ရက်စက်စက် ထားသွားခဲ့တယ်။ သူ့ကို တစ်သက်မုန်းမယ်လို့ သူမအဓိဌာန်ချခဲ့တယ်။

တစ်နေ့မှာ လမ်းကြားတစ်ခုကို သူမ ဖြတ်တော့ သူ့ကိုလူတစ်စု ဝိုင်းရိုက်နေတာကိုတွေ့လိုက်တယ်။ အရူးတစ်ယောက်လို ကျောက်ခဲတွေကောက်ပြီး ရိုက်နေတဲ့သူတွေဆီ သူမ ပစ်ပေါက်မိတယ်။ ဝိုင်းရိုက်သူတွေ အံ့အားတုန်လှုပ်ပြီး ထွက်ပြေးသွားခဲ့တယ်။ အဲဒီနောက် သူမကို သူငယ်ချင်းတွေက သူ့ကိုနင်ဒီလောက်မုန်းနေတာ ဘာဖြစ်လို့ ကူရသလဲလို့မေးတော့ ခြေလက်တွေ တုန်တုန်ရီရီနဲ့ သူမ ပြန်ဖြေပါတယ်။

"အချစ်က အမုန်းထက် များခဲ့လို့ပါ"တဲ့....



***ဒီနေ့ သတင်းစာတစ်စောင် (ဇန်နဝါရီလ၂၆ရက်ထုတ်) ကောက်လာတယ်။ ထမင်းစားတုန်း ဟိုလှန်ဒီလှန် လှန်ကြည့်ရင်းက ပုံပြင်တိုလေးတွေ သွားတွေ့တယ်။ ကြိုက်တဲ့နှစ်ပုဒ်ကို ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, April 21, 2009

The story of ugly girl

Young Age
She was a very beautiful and smart. Some people always said " She is so lovely, cute and good looking . Her background was wealthy and happy family.

Teenage
Unfortunately, she had got skin disease. She was so shameful. She had never been gone out since she gets this disease. One day, her brother (monk) visited to their house. All relatives welcome to him expect his younger sister. When he knew about sister, he advised her to do some meritorious deeds. He suggested that raise some money by selling off her jewellery to build a community hall where people perform all activities. She did all things as she was told. She clean up and fill the water pots everyday even while the construction was still going on. She began to get better because of her good deed. Why Ugly?Why she get this skin disease? All things are not happen without causes. Absolutely , she was at one time a chief queen in her past existences. The king had a favorite dancer and she was very jealous of the dancer. One day, she told her attendants to put some itching powder in the dancer's bed and her blankets, and to humiliate her by throwing some itching powder on her. The poor dancer itched all over and was in great pain and discomfort. Thus itching unbearably, she ran to her bed, which made her suffer even more. As a result of that evil action, she had to suffer the skin disease in this life.

Buddha Advice
Not to act foolishly in anger and not to bear any ill-will towards others. Her skin disease disappeared, and her complexion became clear and smooth after she realized the Dhamma.

Key Note
Put away anger,Abandon pride,Overcome every attachment,Cling not to Mind and Body Thus free from sorrow.

Dhammapanda(Rohini) by the Buddha