Monday, May 7, 2012

ယုန်ကလေး နှာစေးနေ သည်

ဟိုးရှေးရှေးတုန်းက ဂူကြီးတစ်ဂူထဲမှာ ကေသရာဇာ ခြင်္သေ့မင်းကြီး နေထိုင်ပါတယ် ။ ခြင်္သေ့မင်းကြီးရဲ့ အနားမှာတော့ ကိုယ်ရံတော်တွေအဖြစ် သမင်ကလေးရယ် မြေခွေးတစ်ကောင်ရယ် ယုန်ဖြူလေးတစ်ကောင်ရယ်နေထိုင်ကြပါတယ် ။ အဲဒီလိုနဲ့နေလာကြရင်း တစ်ခါတော့ ခြင်္သေံကြီးက အစာစားပြီး ဂူထဲမှာ အိပ်နေလိုက်တာ ၇ ရက်တောင်ကြာသွားပါသတဲ့ ။ ၇ ရက်ပြည့်ပြီးနိုးလာတဲ့အခါ အားရပါးရာ သမ်းဝေလိုက်တဲ့အခါ အသားစိမ်းတွေစားထားတဲ့အတွက် အာခံတွင်းထဲက အပုပ်နံ့တွေက လှိုင်လှိုင်ကြီးထွက်ပေါ်လာတာပေါ့ ။

ဒီတော့ ခြင်္သေ့ကြီးက သူ့ ကိုယ်ရံတော်တွေရဲ့ သဘောထားကိုသိလိုတာကြောင့်မေးလိုက်ပါတယ် ။ သမင်ကလေးကို အရင်ဆုံးမေးလိုက်ပါတယ် ။ “ ငါကိုယ်တော်အခုလို သမ်းလိုက်တဲ့အခါ အာခံတွင်းထဲက ဘာအနံ့များ ထွက်လာပါသလဲ ” သမင်လေးကစဉ်းစားတယ် ။ သူက တောထဲမှာ ဘုရင်ဆိုတော့ အမှန်အတိုင်းအပုပ်နံ့တွေထွက်တယ်လို့ဖြေလိုက်ရင်သူ အသတ်ခံရမှာစိုးလို့ အောက်ပါအတိုင်းဖြေလိုက်တယ် ။ “မှန်လှပါ ခြင်္သေံမင်းခင်ဗျား အရှင်သမ်းဝေလိုက်တဲ့အခါ ကြာညိုနံ့လေးနဲ့မွှေးပျံ့စွာ ထွက်ပေါ်လာပါတယ်ဘုရား ” ဒီတော့ခြင်္သေံ့ကြီးက ဒေါသထွက်ထွက်နဲ့ပြောတယ် ။

“ သယ် ငါ့ဒီလောက် ခုနှစ်ရက်လုံးအိပ်နေတာ အခုဆို အပုပ်နံ့တွေပါးစပ်ထဲကထွက်နေမှာပေါ့ ငါကိုယ်တော်ကို လိမ်ပြောဝံ့သလား ” ဆိုပြီး သမင်းလေးကို ဂုတ်ကနေကိုက်ချီပြီး စားပစ်လိုက်ပါတော့တယ် ။ ပြီးတော့အလားတူမေးခွန်းကိုပဲ မြေခွေးကို ဆက်မေးပါတယ် ။ မြေခွေးကစဉ်းစားတယ် ခြင်္သေံ့မင်းက အမှန်အတိုင်းပြောတာကို တန်ဖိုးထားတာပဲဆိုပြီးအောက်ပါအတိုင်းဖြေလိုက်တယ် ။

“ မှန်လှပါ ခြင်္သေံ့မင်းခင်ဗျာ အရှင့်ရဲ့အာခံတွင်းနံ့ဟာ ခုနှစ်ရက်လုံးအိပ်ပြီးအခုမှပြန်နိုးထတဲ့အတွက် အလွန်ပဲ ပုပ်ဟောင်နံစော်လှကြောင်းပါခင်ဗျား ” အဲဒီလိုလည်းပြောလိုက်ရော ခြင်္သေ့ကြီးက စိတ်ဆိုးသွားတယ် ။ “ သယ် - - ဒီမြေခွေးတော့ငါကိုယ်တော်ကို ဒီလိုပဲပြောရသလား ” ဆိုပြီးတော့ မြေခွေးကို လည်းသတ်ပြီးစားပစ်လိုက်ပါတော့တယ် ။ နောက်ဆုံးကျန်တဲ့ ယုန်ကလေးကိုလည်း ခြင်္သေ့ကြီးက အလားတူမေးခွန်းကိုပဲမေးပြန်ပါတယ် ။

ယုန်ကလေးက စဉ်းစားတယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့အဖြေကို ငါဖြေရတော့မယ် မြေခွေးလိုရော သမင်လိုရောဖြေလို့မဖြစ်ဘူးဆိုပြီးအောက်ပါတိုင်းဖြေလိုက်ပါတယ် ။

“ မှန်လှပါ အရှင်ခြင်္သေ့မင်းခင်ဗျား အရှင့်ရဲ့မေးခွန်းကို ကျွန်တော်မျိုး တအားဖြေချင်လှပါတယ် သို့ပေမယ့် ကျွန်တော်မျိုးမှာ နှာစေးနေတဲ့အတွက် မည်သည့်အနံ့မှ မရတာမို့ မေးခွန်းကို မဖြေနိုင်ကြောင်းပါခင်ဗျာ ”

##############################

အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ခြင်းဟာ မိမိအတွက် အခွင့်အရေးပိုမိုရစေပါတယ် ။ အခက်အခဲ ကျဉ်းထဲကြပ်ထဲကြုံတွေ့လာတဲ့အခါ အရာရာကိုချိန်ဆလို့ အကောင်းဆုံးလမ်းကို ရှာဖွေ အသုံးပြုနိုင်ပါစေ ။

သက်တန့်ချို
(ဦးပေါ်ဦး လျှောက်ထုံးမှ မှီငြမ်းသည် )

No comments: