Thursday, May 31, 2012

“ကစားမလား။ နားမလား။”

 (စိမ်းခက်စိုး)
by စိမ်း ခက် စိုး on Thursday, May 31, 2012 at 1:51am ·
“ကစားမလား။ နားမလား။”
 
ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ကျွန်တော်ဟာ နှစ်ကာလတစ်ခုကြာ မိမိယုံကြည်ချက်ကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှား မှုကြောင့်သော် လည်းကောင်း မတရားဖမ်းဆီးအထိန်းသိမ်းခံရာကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဖြစ်လဲ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ချို့နဲ့ လူမှုရေးလုပ်ငန်းနယ်ပယ်တော် တော်များများမှာ ထိတွေ့လုပ်ကိုင်ခွင့်ရ ရှိခဲ့ပါတယ်။ လူမှုရေးမှာ သူတို့တွေ တက်ကြွလှုပ်ရှားပါဝင်လာတာဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ နိမ့်ကျလာနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အလွန်ဘဲကောင်းမွန်သလို၊ ပိုလည်းထိရောက်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ပြည်တွင်းမှာ ပိုမိုနိုးကြားလာစေတာလည်း အားလုံးမျက်မြင်ပါဘဲ။
 
 
အဲဒီမှာ ကျွန်တော်သုံးသပ်မိတာတစ်ခုရှိပါတယ်။ အခုထောက်ပြဆွေးနွေးချင်တာကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း သို့မဟုတ် မြန့်မာဒီမိုကရေစီဖြစ်ပေါ်တိုးတက်လာရေးအတွက် မိမိဘဝကို အသက်ကိုပဓါနမထားဘဲ ဦးဆောင်လှုပ်ရှားနေ တယ်လို့၊ လှုပ်ရှားခဲ့တယ်လို့ မိမိကိုယ်ကိုခံယူထားတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေ၊ ပါတီဝင်တွေကို ပြောချင် ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ လူတော်တွေမရှားတာတော့သေချာတယ်။ လူကောင်းတော့ တော်တော်လေး ရှား ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘာလို့ကျွန်တော်အဲလိုပြောရလည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့လူမှုနယ်ပယ် အ သီးသီးမှာ လူတော်တွေ အများကြီးပါ။ ဒါပေမယ့် အဲဒီလူတော်တွေဟာ တိုင်းပြည်ရဲ့အခြေအနေနဲ့ အံဝင်ခွင် ကျရပ် တည်ဦးဆောင် နိုင်တဲ့ လူကောင်းတွေဖြစ်မလာကြပါဘူး။ အတ္တဗဟိုပြုပြီး တော်နေသူတွေအများကြီးပါ။ ဒါကို လုံးဝ လက် မခံဘူးဆိုရင်တောင် ငြင်းမရတဲ့အမှန်တရားတစ်ခုလို့တော့ သုံးသပ်မယ်လို့ယုံကြည်ပါတယ်။ နောက် ဒါဟာ လူ့သဘာဝဘဲ လို့ လည်း ပြောလို့ရပါတယ်။
 
 
ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ခုနင်ကပြောခဲ့သလို ၅နှစ်တာအတွင်းမှာ အခွင့်သင့်လျှင်သင့်သလို  အတူတူပူးပေါင်း လုပ်ဆောင် လာခဲ့တဲ့နေရာမှာ ကျွန်တော် ဘာသွားတွေ့ရသလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေအားလုံး (ကျွန် တော်ထိတွေ့ဆက်ဆံခဲ့ရသူတော်တော်များ များကိုဆိုလိုပါသည်) သူတို့ရဲ့အတိတ်မှာ စိတ်ဒဏ်ရာကြီးကြီး မားမားကြီးကို ရ ရှိခဲ့ရှာသူတွေဖြစ်နေပြီး တခါတလေ သို့မဟုတ် အမြဲလိုလိုအဲဒီစိတ်ဒဏ်ရာရဲ့ အထိုင်မှာ မိမိကိုယ်ကိုအခြေတည်ပြီး ကိုယ့် ကို ထိတွေ့လာသမျှကို တုန့်ပြန်ပြုမူလိုက်သလိုဖြစ်နေ တာကိုလည်း သွားတွေ့ရပါတယ်။
 
 
ဥပမာ-လမ်းဘေးထမင်းဆိုင်မှာ စားကြတော့ ဆိုင်ရဲ့မသန့်ရှင်းမှုကို သာမန်လူတစ်ယောက်က ညည်းတွားလိုက်စဉ်မှာဘဲ နိုင်ကျဉ်း(နိုင်ကျဉ်းလို့ဘဲ အတိုကောက်ဆက်လက်သုံးသွားပါရစေ)တစ်ယောက်က ထောင်ထဲမှာဆို ဒိထက်ဆိုးတာပေါ့ အခုတည်းက အဲဒါတွေစားနိုင်အောင်ကျင့်ထား..စသည်ဖြင့် အခြေတည်ပြီး သူ့ရဲ့ထောင်တွင်းဖြတ်သန်းမှုကို သူ့ပင်ကိုယ် စိတ်က မထိန်းချုပ်လိုက်မိခင် မသိလိုက်ခင်မှာဘဲ ပြောချသွားတာမျိုးတွေ။ အခက်အခဲအဆင်မပြေမှုတစ်ခုခုနဲ့ တိုးလာတဲ့ အခါမျိုးမှာ ငါတို့ကိုအဲလိုလာမချိုးနဲ့ ထောင့်အပြင်တန်းမရှိဘူး အဆုံးထိတိုးပစ်လိုက်မယ်ဆိုတာမျိုးနဲ့ ပြဿနာကို အချွန်အ ချွန်ခြင်းတည်ပြီးမျက်နှာ ချင်းဆိုင်ပစ်လိုက်တာ။
 
 
နောက် ငါတို့ထောင်ထွက်ခြင်းဘဲယုံတယ်ဆိုတာမျိုး၊ ပွဲလမ်းတွေ၊ အခန်းအနားတွေမှာ နိုင်ကျဉ်းတွေများသွားရင် လုပ်တဲ့ ပွဲက ဦးတည်ချက် ပျောက် သွားပြီး နိုင်ကျဉ်းအချင်းချင်း ဟိုစုစု စုစု၊ ဒီစုစု စုစု စကားပြောနေတာတွေ။ တခြားသူ တွေကို မိတ်သဟာရမလုပ်ဘဲ တည်တည်ငုတ် ငုတ်ကြီး ထိုင်နေတာမျိုးတွေ၊ ငါတို့သာ ဘဝအပျက်ခံ၊ အဆုံးအရှုံးခံပြီး ပေးဆပ်ခဲ့ ရတာ မင်းတို့ကအလကားဆိုတဲ့အတွေးတွေ၊ အပြောတွေ၊ အပြုအမူတွေဟာ ပြင်ပအထိအတွေ့တွေကို စိတ်ဒဏ်ရာရဲ့ ချက်ချင်းတုန့်ပြန်ပြုမှုတွေကနေ ကန်ထွက်လာတာပါ။ အေးအေးဆေးဆေးပြန် သုံးသပ်ကြည့်ရင် အဲလိုပေးဆပ် အနစ်နာ ခံခဲ့လို့လည်း လူတွေရဲ့အားကိုးယုံကြည်ခြင်း၊ အသိအမှတ်ပြုခြင်းတွေကို အခြားသူများထက် ပိုခံရတာ မဟုတ်ပါလား။
 
 
ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ အိပ်နေတဲ့မြွေပွေးတစ်ကောင်ရှိတဲ့အခန်းထဲမှာ ရွှေထုပ်လိုက်ရှာနေရသ လို အခြေအနေပါ။ ရွှေထုပ် ရှိမယ်၊ မရှိမယ်။ ရှာတွေ့မယ်၊ မတွေ့မယ်က မသေချာပေမယ့် ခြေလှမ်းမတော်ရင် အိပ်နေတဲ့ မြွေ ပွေးကိုနင်းမိပြီး အကိုက်ခံရမယ့် အခြေအနေမျိုးပါ။ အဲလိုအခြေအနေမျိုးမှာ ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့စိတ် တွေဟာ ကြည်ရှင်းဖြတ်လပ်နေမှဖြစ်မှာပါ။ ကျွန်တော်တို့အချင်းချင်းခိုင်မာကျစ်လစ်နေမှဖြစ်မှာပါ။ ထက်၊ အောက်၊ ဘေး ဘယ်၊ ညာမှာ ဟာကွက်နည်းနိုင်သမျှနည်းအောင် ပြည့်စုံနေမှဖြစ်ပါမှ။ ဒေါက်တိုင်ကလည်း ဒေါက်တိုင် အလျောက်၊ ပလ္လင် ကလည်းပလ္လင်အလျောက်၊ ခြံစည်းရိုးကလည်းခြံစည်းရိုးအလျောက် ခိုင်မာသေချာနေမှသာ ကျွန်တော်တို့ဆာလောင်မွတ် သိပ်နေတဲ့ အိုအေစစ်ကိုရှာတွေ့ကြမှာပါ။
 
 
ကမ္ဘာပေါ်မှာ ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဘဲဖြစ်ဖြစ်၊ စစ်ပွဲအမျိုးမျိုးတွေ၊ နိုင်ငံရေးလုပ်ကြံမှုတွေ စတဲ့ လူလုပ်တဲ့ဘေးဒုက္ခအန္တရာယ်ကြောင့်ဘဲဖြစ်ဖြစ် ဘေးဒုက္ခတွေဖြစ်ပေါ်လာပြီဆိုရင် အကြောင်း တရားရဲ့ ပရမတ္တသဘောအရ အကျိုးတရားတွေ ဖြစ်ပေါ်လာတတ်ကြတာပါ။ အဲလိုဖြစ်ပေါ်လာရာမှာ သဘာဝဘေးအန္တ ရာယ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ကိုင်တွယ်ချဉ်းကပ်ဖို့ရာမှာတော့ လူလုပ်တဲ့ဘေး ဒု က္ခကြောင့် ခံစားရရှိတဲ့ စိတ်ဒဏ်ရာက ပိုပြင်းပြီးကိုင်တွယ်ရခက်ပါတယ်။ သဘာဝဘေးမှာခံစားရသူတွေအတွက် စာဖတ် သူဖြစ်ဖြစ်၊ စာရေးသူကျွန်တော်ဖြစ်ဖြစ် ဝင်ရောက်ဖြေလျော့ပေးလျှင်အဆင်ပြေနိုင်ပေမယ့် လူလုပ်တဲ့ဘေးကြောင့် ခံစားရ တဲ့စိတ်ဒဏ်ရာကိုကျတော့ ပြုလုပ်သူနဲ့ ပြုလုပ်ခြင်းခံရသူ ကာယကံရှင်တွေအချင်းချင်း ကုသကြမှာသာ အပျောက်ပိုမြန် ပါတယ်။
 
 
အဲဒီလိုအခြေအနေအထိ ရောက်ခွင့်မရသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲမှာ စိတ်ဒဏ်ရာခံစားနေရတဲ့၊ ခံ စားခဲ့ရတဲ့ နိုင်ကျဉ်းတွေကို ဝန်းရံပေးနေကြတဲ့သူအချင်းချင်းမှာလည်း အရမ်းတာဝန်ရှိပါတယ်။ သူငယ်ချင်းတွေ၊ မိသားစု ဝင်တွေ၊ ဇနီးသားသမီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာ သူတို့ကို နားထောင်ပေးနိုင်တဲ့၊ နှစ်သိမ့်ပေးနိုင်တဲ့ စိတ်အနေပြည့် ဝရပါမယ်။ အဲဒါတွေမပြည့်ဝရင် နှစ်ဦးနှစ်ဘက်စိတ်ဆင်းရဲရသလို သူ့ရှေ့လျောက်ဘဝခရီးကို စိတ်ဒဏ်ရာတွေနဲ့ဖြတ်သန်း ရမှာပါ။
 
အားလုံးမှတ်မိကြမှာပါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနှစ်ဦးမှာလွတ်ခဲ့တဲ့ သူတွေရဲ့ပုံတွေကိုမီဒီယာတွေမှာမြင်ရတော့ အားလုံး မှာမျက်ရည်ကိုယ်စီနဲ့ စာရေးသူဆို သားငယ်က သူ့ရင်ခွင်ထဲတိုးဝှေ့ပွေ့ဖက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းနဲ့ သူ့သမီးလေး ပွေ့ဖက်နေတဲ့ပုံ၊ ကိုဇော်သက်ထွေး သူ့ဇနီးနဲ့ သမီးငယ်လေးပွေ့ဖက်ပြုံးရွှင်နေတဲ့ ပုံကိုတွေ့တော့ မျက်ရည်လည်လောက်အောင်ကို ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ကာယကံရှင်သူတို့တွေရင်ထဲမှာဆို ဘယ်လိုနေကြမလဲ။ သူတို့တွေအဖမ်းခံရချိန်မှာဆို ကလေးတွေက နို့မပြတ်သေးတဲ့ လသား အရွယ်၊ မိခင်ဖခင်ရင်ငွေ့ကို တမ်းမက်ရ တဲ့အရွယ်လေးတွေဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နှစ်ကိုဆယ်စုနှစ်ချီပြီး လင်ပြစ်၊ သားပြစ်ပြီး တိုင်း ပြည်အတွက် ပေးဆပ်ခဲ့ရသူတွေပါ။
 
 
ကဗျာဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ပိုဒ်ပါ။
 “‘လူ’ ဆိုတာ..
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။” (တာရာမင်းဝေ-မီးတောင်ရစ်သမ်ကဗျာရှည်မှ)
 
ဟုတ်ပါရဲ့ လူဆိုတာ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ သရဲခြောက်ရာညတစ်ညကိုသာ သတိယပြီး ညတွေကိုဖြတ်သန်းရတာ ဓမ္မ တာပါ။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြောက်ခံခဲ့ရတဲ့ အတိတ်တစ္ဆေညတွေဟာ ကျွန်တော် တို့ သာမန်လူတွေ တွေးထင်ထားတာထက် ရှည်လျားခဲ့သလို၊ ကြမ်းလည်းကြမ်းတမ်းခဲ့ကြရပါတယ်။ မိတ်ဆွေတစ် ယောက်ကပြောတယ် ထောင်ကလွတ်လာလာချင်းတုန်းကဆို ကားသံကြားရင်တောင် ငါ့ကိုပြန်လာခေါ်တာလားဆိုပြီး ညညလန့်နိုးတယ်။ ခဏလောက်မေးစရာရှိလို့ပါဆိုပြီး လူငယ် ဘဝတစ်ခုလုံးကို ထောင်ထဲမှာ မြှုပ်နှံပစ်လိုက်ရတာဆိုတော့ ထစ်ခနဲဆို စိတ်ကထောင်ထဲကနေ့နဲ့ လက်တလောအခြေအနေတွေကို ပြန်ညှိနေရတယ်ဗျတဲ့။ အမတစ်ယောက်ဆိုရင် စာရေးသူ ကိုးတန်းကျောင်းသားဘဝ ပထမဆုံးကျောင်းအပ်တဲ့နေ့မှာ သူ့ကိုနောက်ဆုံးတွေ့လိုက်ရပြီး နောက်၁၁နှစ် ကျော် ကြာမှ သူ့ကိုအပြင်လောကမှာပြန်တွေ့ရတယ်။ သူ့ကိုဖမ်းသွားတုန်းက ဒုတိယနှစ်ကျောင်းသူ တစ်ကယ့်လူငယ်ဘဝအစ အ ရွယ် အပြင်လောကကိုပြန်ရောက်တော့ အသက် ၃၀ကျော်အရွယ်။ သူဥာဏ်ကစားခဲ့တဲ့ ခေတ်တွေဟာ သူ့ကိုထားခဲ့ တယ်။ တစ်ယောက်ဆို ဆယ်စုနှစ်နီးပါထောင်ကျပြီး သူပြန်လွတ်လာတဲ့နေ့ဟာ သူ့ချစ်ဇနီးရဲ့ နောက်အိမ်ထောင်ပြုတဲ့နေ့။ သူတို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဟာ ဝထ္တုထက်လည်း ဆန်းတယ်။ ခယောင်းလမ်းထက်လည်း ကြမ်းခဲ့ ကြတယ်။
 
 
 
နိုင်ကျဉ်းတွေ ပြန်ချေချခွင့်ရတဲ့ခေတ်ကျတော့ တိုးတက်သယောင်နဲ့ကသောင်းကနင်းဖြစ်နေတဲ့ခေတ်။ မျိုးဆက်ကွာဟာမှု လက်ငင်းကို သူတို့ရင်ဆိုင်ရတယ်။ တချို့ဆို မိသားစုက အစိပ်စိပ်အမွှာမွှာပြိုကွဲသွားပြီ။ ဖအေမအေတွေရဲ့ နောက်ဆုံး ခရီးဆိုတာ သူတို့ထောင်ထဲမှာရှိခဲ့ နှစ်အချို့မှာကျန်ခဲ့ပြီ။ စီးပွားရေးယိမ်းယိုင်နေတဲ့ လင်၊ သားဇနီးတွေနဲ့ ဘဝကိုအနိုင်နိုင် ဖြတ်သန်းနေရတဲ့ မိသားစုဝင်တွေရဲ့ ကိုယ့်အပေါ်လေးစားစိတ်နဲ့ မိသားစုတာဝန်မကျေလို့ စိတ်ကုန်နေရှာတဲ့ ဆက်ဆံရေး ကြားကို ပြန်ခုန်ချရအခြေအနေတွေ။ သားသမီးတွေက ခပ်စိမ်းစိမ်းဖြစ်သွားကြသလို ကိုယ်တိုင်လည်း မိသားစုတာဝန်မ ကျေသူအဖြစ်ရယ်၊ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေလိုသူအဖြစ်ရယ်ကြားမှာ ညတိုင်းသက်ပြင်းချနေရတဲ့အခြေအနေ။ အ ကျဉ်းထောင်တွေထဲမှာ ဖြတ်သန်းခဲ့ရတဲ့နေ့ညတွေဆိုတာလည်း လသာညတွေမဟုတ်ခဲ့ကြပါဘူး။ အခါကြီးရက်ကြီးတစ်ခု မှာ သီချင်းတွေဖွင့် သူတို့ကိုမျက်နှာဖုံးစွပ်ရိုက်ခဲ့တာမျိုးကစ မိုင်ရာချီရှိတဲ့ တစ်လမှတစ်ခါတောင်ထောင်ဝင်စာ မှန်မှန်မတွေ့ နိုင်တဲ့မိဘဆွေမျိုးအလာကိုမျှော်နေတုန်း မိုင်ရာချီအဝေးကရောက်လာတဲ့ မိဘဆွေမျိုးတွေကို ထောင်ဝင်စာပိတ်တယ် ဆိုပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာမျိုးတွေ၊ အိမ်သာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်လျောက်မှု မေ့လျော့ခံခပ်ကြမ်း ကြမ်းနေ့ ညတွေကို ဖြတ်သန်းပြီး ပြန်လာခဲ့ရသူတွေပါ။ ဒါဟာ တကယ့်သေရာပါမယ့် စိတ်ဒဏ်ရာတွေပါ။
 
 
ဝန်းကြရံကြရင်းဖြင့် ခေတ်ကြီးတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် ကြယ်တွေဖူးပွင့်ကြ
ဝန်းကြရံကြရင်းဖြင့် ပွဲတွေလမ်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် သတင်းပလင်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် အလင်းတွေတွေ့လာ
ဝန်းကြရံကြရင်းဖြင့် အကူအညီတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် ငြိမ်းချမ်းခြင်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် အပြုံးတွေဖြစ်လာ
 
 
 
တချို့က ဝန်းရံခံရရင်း အသက်ရှုကြပ်ကြ
တချို့က ဝန်းရံခံစဉ် သေဆုံးသွားကြ
တချို့က ဝန်းရံခံရင်း အမှန်အမှားပျောက်ဆုံးသွားကြ
တချို့က ဝန်းရံခံရစဉ် အိမ်ပြန်မရောက်ကြ
တချို့က ဝန်းရံခံရရင်း သွားရမည့် လမ်းပျောက်သွားကြ
တချို့က ဝန်းရံခံရစဉ် ဝန်းရံသူကိုမေ့သွားကြ
တချို့က ဝန်းရံခံရရင်း တိုးဝှေ့ဖြတ်ကျော်
တချို့က ဝန်းရံခံရစဉ် ဝန်းရံသူတို့က ရှာမတွေ့ကြ
တချို့က ဝန်းရံခံရရင်း အိပ်မက်တွေဆက်မက်ကြ
တချို့က ဝန်းရံခံရစဉ် သောက်စားပျော်ပါး
တချို့က ဝန်းရံခံရရင်း မီးတွေတဖြပ်ဖြပ်ပွင့်
တချို့က ဝန်းရံခံစဉ် ကိုယ့်လူကိုယ်နင်းမိ
 
 
တကယ်တော့ ကျွန်တော်တို့ဟာ တစ်ယောက်ကိုယ်တစ်ယောက်၊ တစ်ဖွဲ့ကို တစ်ဖွဲ့၊ နယ်ပါယ်တစ်ခုကို တစ်ခု အပြန်အလှန် ပတ်သတ်ဆက်နွယ်ဝန်းရံနေကြတာပါ။ ဝန်းရံခြင်းဟာ ရှုပ်ထွေးနေသလိုရှိပေမယ့် သူ့အဆင်၊ သူ့အကွက်နဲ့ သူ့တန်ဖိုးသူရှိ ကြတာမို့ သေချာကြည့်ရင်လှပါတယ်။ ဝန်းရံရင်း အသက်ရှုကြပ်၊ အချင်းချင်းနင်းမိပြီး အဆုံးအရှုံးဖြစ်မသွားစေဖို့ အားလုံး မှာ တာဝန်ရှိပါတယ်။ ဝန်းရံခြင်းဟာ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီကိုလည်း သာယာဖြောင့်ဖြူးစွာရှာဖွေ တွေ့နိုင်စေပါ တယ်။ တစ်ယောက်ကိုယ်တစ်ယောက် ဝန်းရံရင်း မိမိတို့လိုချင်တောင့်တနေတဲ့ ခေတ်ကိုတည်ရမယ့်အချိန်ပါ။
 
 
တစ်ယောက်ကိုယ်တစ်ယောက် ကျော်နင်းမိစေမယ့်၊ တစ်ယောက်ကိုယ်တစ်ယောက်ကျွေး၊ ချစားမိစေတဲ့ အခြေအနေတွေ၊ အဖြစ်အပျက်တွေ ကို တတ်နိုင်သမျှရှောင်ပြီး ကိုယ်နဲ့တကွ ကိုယ့်ကိုမျှော်လင့်တောင့်တခဲ့သော သူတွေ၊ ကိုယ်နဲ့လုပ်ဖော် ကိုင်ဖက်တွေအတွက် ပိုယုံကြည်သည် ထက် ယုံကြည်စရာကောင်းလာတဲ့ အခြေအနေမျိုးတွေ ဖန်တီးတည်ဆောက်ပေးနိုင် တဲ့ သူတွေဖြစ်ဖို့ဆိုတာ ကိုယ်ဒဏ်ကိုယ်လျှာနဲ့ရဲရဲပြန် လျှက်ပြီး ကိုယ့်ကိုယ်ကိုကုသရမယ့်အချိန်လို့ အားပေးချင်ပါတယ်။
 
 
နောက်အဲဒီလို စိတ်ဒဏ်ရာတွေရခဲ့တာဟာ မိမိအမှားကြောင့်မှမဟုတ်တာ၊ မိမိရဲ့ အားနည်းချက်ကြောင့်မှ မဟုတ်တာ။ မိမိရဲ့ အပြစ်တစ်ခုကြောင့်မှ မဟုတ်တာ။ အဲဒါတွေဟာ တသက်လုံးပြေပျောက်သွားမယ်လို့ မပြောနိုင်ပေမယ့် ဒဏ်ရာပို ကြီး မလာအောင်တော့လုပ်လို့ရပါတယ်။ အဲဒါကတော့  ခဏနားလိုက်ပါလို့ အကြံပေးလိုတာပါ။ နားတယ်ဆိုတဲ့အချိန်မှာ ဘယ်အရာမှကိုခေါင်းထဲမထည့်ဘဲ နားပစ်တာ၊ ပတ်သတ်လာနိုင်ခြေရှိရာတွေကို ထားခဲ့ပြီး နားတာမျိုးကိုဆိုလိုတာပါ။ နား ရင် အားပြန်ဖြစ်ပါတယ်။ ကိုယ့်အသံကိုယ်ပြန်ကြားသလို တခြားသူတွေရဲ့ အသံတွေလည်း ကြည်လင်လာပါတယ်။ အဝေး ကိုပိုပြီး ပြန်မြင်လာပါတယ်။ ထောင်ထဲ မှာနေခဲ့ရတဲ့အချိန်တွေဟာ နားချိန်တွေမဟုတ်ပါဘူး။ ထောင်ထဲမှာနေခဲ့ရ ချိန်တွေ မှာ အတွေးတစ်ခုရရင် တိုက်ပိတ်ခံနံရံတွေနဲ့ ထောင်ဝတ်စုံတွေပေါ်မှာ ရေးခဲ့ရတာပါ။ အခုအတွေးတစ်ခုရရင် တစ်ကမ္ဘာ လုံးကို ချပြလို့ရပါတယ်။ နားတဲ့ချိန်မှာရလာတဲ့အတွေးကို ချက်ချင်းပြေးလုပ် လို့ရပါတယ်။
 
 
ခု နားနေတဲ့အချိန်မှာ သံခြေကျင်းတွေ၊ မထိုင်ချင်ထိုင်ချင်ပုံစံတွေ၊ စာဖတ်လို့၊ စာရေးလို့ အပို့ခံရမယ့် စစ်ခွေးတိုက်တွေ မပါ တော့ ပါဘူး။ ကျေးငှက်လေးတွေရဲ့အော်သံလေးတွေ၊ ကလေးတွေဆော့သံဆူညံသံလေးတွေ၊ အမေ့ဘုရားရှိခိုးသံတွေ၊ တီဗီက လာနေတဲ့သတင်း၊ ဇာတ်လမ်းတွဲအသံတွေ၊ သီချင်းသံတွေ၊ အိမ်ရှေ့ကနေ အော်ဟစ်နုတ်ဆက်သွားမယ့် သူငယ် ချင်း မိတ်ဆွေအသံတွေသာ ခင်ဗျားရဲ့ဘေးမှာ ဝန်းရံနေတာပါ။ တစ်ခါတလေ နိုင်ငံရေးလုပ်လို့ဆိုပြီး ထားခဲ့တဲ့ ငယ်ရည်း စားတွေအကြောင်းလည်း ဟာသလေးနှောပြီးတွေးချင် တွေးလို့ရနေပါသေးတယ်။ အဲဒါကြောင့် ခေတ္တနား လိုက်ပါ။ နောက် ကျွန်တော်တို့ နိုင်ကျဉ်းမဟုတ်ခဲ့ဖူးတဲ့ သာမန်လူတွေဟာလည်း နိုင်ကျဉ်းတွေကို အားကိုးလွန်ခြင်းအားဖြင့်၊ မျှော်ကိုးလွန် ခြင်းအားဖြင့် ဖိအားအများကြီးမပေးမိအောင် စနစ်တကျအပြန်အလှန်ဝန်းရံ ပေးစေချင်ပါတယ်။
 
 
ကိုယ်တိုင်ကုမှ ပျောက်မယ့် ဒဏ်ရာကြီးပြည်တရွှဲရွှဲနဲ့ သူများဒဏ်ရာကုဖို့ဆိုတာ အလွန်ဘဲအန္တရာယ်များလှပါတယ်။ နားဖို့ အားပေးပါတယ်။ ရှေ့လျောက် အလုပ်တွေအများကြီးလုပ်ရဦးမှာပါ။ အလုပ်တွေအများကြီးလုပ်ဖို့ လူတွေကို ရှင်းရှင်းလင်း လင်း သိဖို့ ခဏနားလိုက်ပါ။ ခပ်ဝေးဝေးက ခွာကြည့်ကြည့်ပါ။ ဘယ်သူဟာ ဘာနဲ့သင့်တော်ပြီး တာဝန်တွေကို ဘယ်လိုဝေ ယူကြမလဲဆိုတာမျိုးတွေကိုကြည်ကြည် လင်လင်တွေးလာနိုင်မှာလို့ မြင်ပါတယ်။ နောင်လာမည့် အနာဂတ်မှာ ကျွန်တော် တို့တွေရဲ့ တိုင်းပြည်အတွက် ပိုလင်းနိုင်တဲ့ကြယ်တွေ၊ လမ်းပြနိုင်တဲ့ကြယ်တွေကို ဘယ်လိုနည်းနဲ့မှ ထပ်ပြီးအဆုံးအရှုံး မခံ ချင်တော့ပါဘူး။ အလုပ်တွေ အများကြီးလုပ်ဖို့ တစ်ရက်၊ တစ်ပတ်၊ တစ်လဆို တဲ့ အချိန်လေးကို စိတ်လွတ်ကိုယ်လွတ် နား ချ ပစ်လိုက်ဖို့ မတွန့်တိုပါနဲ့၊ ခေါင်းမမာပါနဲ့၊ လစ်လှူမရှုပါနဲ့လို့ပြောရင်း ကျွန်တော့် ဆွေးနွေးမှုကိုရပ်ပြီး စာဖတ်သူဆီက ပြန် လာမယ့်အတွေးအမြင်တွေကို စောင့်နေပါဦးမယ်။
 
 
 
စိမ်းခက်စိုး
(ကြာသာပတေး) မေလ ၃၁၊ ၂၀၁၂
နံနက် - ၀၁း ၀၈ နာရီ

No comments: