Thursday, May 31, 2012

မြန်မာတောင်သူလယ်သမားများ

 

မြန်မာတောင်သူလယ်သမားများ အစိုးရလျှပ်စစ်မီးသုံးစွဲမှု (၄၁)%နှုန်းသာရှိ

by Shwe Myitmakha Media Group on Thursday, May 31, 2012 at 7:13am ·
ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။

လယ်သမားများထံမှ စစ်တမ်းကောက်ယူချက်များအရ မြန်မာလယ်သမားများမှာ အစိုးရမှပေးသောလျှပ်စစ်မီး သုံးစွဲမှုမှာ ၄၁%နှုန်းသာရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များအသင်းက သိရသည်။


ထိုကဲ့သို့ အစိုးရထံမှလျှပ်စစ်မီးသုံးစွဲမှုနည်းပါးခြင်းမှာ ကျေးရွာများသို့ လျှပ်စစ်မီးသွယ်တန်း၍မရခြင်း၊ မီတာ ဘောက်မရှိခြင်း စသည်တို့ကြောင့် ဖြစ်သည်။



“ကျွန်တော်တို့ရွာမှာ အရင်တုန်းက အစိုးရကလာတဲ့မီးက ရွာတစ်ဝက်လောက်ထိပဲ ရောက်တယ်၊ ကျန်တဲ့ဘက်ကို ကြိုးတွေက   မရောက်တော့ သုံးလို့မရဘူး၊ မီတာဘောက်ကလည်း မရှိဆိုတော့၊ အခုမှ တစ်ရွာလုံးကိုယ်ထူကိုယ်ထနဲ့ ထရန်စဖော်မာတစ်လုံး ရွာလယ်မှာထောင်လိုက်လို့ အခုတစ်ရွာလုံးနီးပါးမီးရသွားပြီ” ဟု ပြင်ဦးလွင် မြို့ နောင်ခမ်းကြီးကျေရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးကပြောသည်။


ရွာများတွင် လယ်သမားများသုံးစွဲသော ပုဂ္ဂလိကများက ရောင်းချသည့်မီးသုံးစွဲမှုမှာ ၄၄%နှုန်းခန့်ရှိပြီး အစိုးရလျှပ်စစ်မီးသုံးစွဲမှုထက် ၃%နှုန်းခန့် ပိုမိုသည်။ ထိုကဲ့သို့ ပုဂ္ဂလိကမှပေးသောမီးသည်မီးချောင်းတစ်ချောင်း တစ်ရက်လျှင်ကျပ် (၁၀၀)ခန့်ပေးရကြောင်းကိုလည်း သိရှိရသည်။


“လယ်သမားတွေ အစိုးရဆီကနေယူတာက ၄၁%နှုန်းရှိတယ်၊ တခြားပုဂ္ဂလိကမီးစက်တွေကနေယူတာက ၄၄%နှုန်း၊ ကျန်တာတွေကတော့နည်းနည်းစီပဲ ကိုယ့်ဘာသားကိုမီးစက်နဲ့သုံးတဲ့လူတွေလည်းရှိတယ်၊ တချို့လည်းဘတ္တရီအိုးနဲ့သုံးတာတွေ ဘာတွေရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ Senior Rescherနှင့် CEO အဖြစ်တာဝန်ထမ်းဆောင်နေသူ   ဒေါက်တာစိုးထွန်းကပြောသည်။


အဆိုပါမီးကိစ္စများနှင့်ပတ်သက်၍လည်း မေလ(၁၉) ရက်နေ့တွင် ရွှေလီ-မန့်စံ လျှပ်စစ်ဓါတ်အားလိုင်း   ပြတ်တောက်ခဲ့မှုကြောင့်   မြန်မာနိုင်ငံတွင်သုံးစွဲနေသော မီဂ္ဂါဝပ် ၂၀၀ ကျော်ခန့် ဆုံးရှုံးခဲ့သည်။ထိုကဲ့သို့ မီဂ္ဂါဝပ်လျော့နည်းမှုများကြောင့်  လျှပ်စစ်မီးပေးခြင်းအား စက်မှုဇုန်များကို လုံးဝဖြတ်တောက်ခဲ့ပြီး၊ လူနေရပ်ကွက်များကိုလည်း အလှည့်ကျပေးခဲ့မှုတို့ကြောင့် ၂၄နာရီလျှပ်စစ်မီးပြည့်ဝစွာ ရရှိရန်မြို့ကြီးအချို့တို့တွင် မေလကုန်ခါနီးတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။




ထိုကဲ့သို့ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် လျှပ်စစ်မီးပြည့်ဝစွာရရှိရန်အတွက် ပြည်ပမှမီးစက်ဆယ်လုံးဝန်းကျင်   မြန်မာပြည်တွင်းသို့ တင်ပို့ခဲ့ကြောင်းသိရှိရသည်။

 

ဒိုက်ဦးမြို့နယ်ရှိ တောင်သူများ နွေစပါးရောင်းချနိုင်ရေး ၀ယ်သူမရှိ၍ အခက်တွေ့

by Shwe Myitmakha Media Group on Thursday, May 31, 2012 at 7:02am ·
ဥာဏ်ဥာဏ် (မြစ်မခ)
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။


ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူများစပါးရိတ်သိမ်းပြီးထွက်ရှိလာသည့် နွေစပါး များအား ၀ယ်လက်မရှိ၍ အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။


စပါးရိတ်ခ၊ သယ်ခ၊ ခြွေလှေ့စရိတ်၊ လယ်ယာလုပ်သားစရိတ်အစရှိသော ကုန်ကျစရိတ်များပေးချေရန် တောင် သူများမှာ   ငွေကြေးလိုအပ်၍   ရိတ်သိမ်းမည့်စပါးများကို ရောင်းချရာတွင် ၀ယ်ယူမည့်သူမရှိ၍ ငွေပေးချေရန် အခက်အခဲရှိနေခြင်းဖြစ်သည်။



“စပါးကလည်း ရွှေသွယ်ရင်တင်းတစ်ရာကို နှစ်သိန်းလေးသောင်း၊ မနောသုခ နှစ်သိန်းခြောက်သောင်းပဲရှိတယ်၊စပါးရိတ်တဲ့လူကလည်း   ရိတ်ပြီးတာနဲ့ ငွေတန်းလိုချင်တယ်၊ တောင်သူဆိုတာက ငွေပိုငွေလျှံမရှိဘူး၊ စပါးက လည်း ရောင်းမရတော့ မရှိရှိတာလေးတွေ   ပေါင်နှံပေးရတယ်”ဟု ပဲခူးတိုင်းဒိုက်ဦးမြို့နယ်တွင်းရှိ ရှမ်းစုကျေးရွာမှ ဦးတင်အောင်ကပြောသည်။



စပါးစိုက်တောင်သူများအနေဖြင့် စပါးဝယ်ယူသူများကို(၇)ရက်(၈)ရက်အကြွေးရောင်းပေးနေရပြီး နေ့စဉ် စပါးဝယ်သူအား   မျှော်နေကြောင်းကိုလည်း သိရှိရသည်။



“ကျွန်တော်တို့ ပွဲစားတွေအနေနဲ့ နွေစပါးဆိုတာ တင်းရေများများဝယ်ထားလို့ အဆင်မပြေဘူး၊ ပြီးတော့ရာသီ ဥတုကလည်း အဆင်မပြေတော့   နွေစပါးက မိုးမိတာတွေရှိတော့ ၀ယ်လို့သိပ်အဆင်မပြေဘူး”ဟု ပဲခူးမြို့ပေါ်ရှိပွဲစား ကိုဌေးဝင်းကပြောသည်။




ယခုအချိန်သည် နွေးစပါးရိတ်သိမ်းချိန်တွင် မိုးတစ်ပြိုက်၊ နှစ်ပြိုက်နေ့စဉ်ရွာသွန်းလာသည့်အခါ စပါးများမိုးမမိ
စေရန် ဆောင်ရွက်နေရသောကြောင့် တောင်သူများနှင့် စပါးပွဲစားများပါ အနည်းငယ်ဒုက္ခရောက်နေကြောင်း ရခြင်းဖြစ်သည်။

No comments: