ဗဘယ်(လ်)နဂါးကြီး – ပိုလန်ဒဏ္ဍာရီ
Published By Myat Shu Team On Sunday, September 16th 2012. Under ပုံပြင်, မျက်ရှု

The Legend of The Wawel Dragon
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
ပိုလန်ပြည်မှာရှိတဲ့ “ဗဘယ်(လ်)” တောင်ကုန်းပေါ်က ကျောက်ဂူကြီး တစ်ခုမှာ
အင်မတန် ဆိုးတဲ့ နဂါးကြီးတစ်ကောင် နေသတဲ့။ အဲဒီ နဂါးကြီးက နည်းနည်းနောနော
အကောင်ကြီး မဟုတ်ဘူး။ အကြီးကြီးပေါ့။ ပါးစပ်ကနေ မီးတောက် မီးလျှံတွေ
မှုတ်ထုတ်နိုင်တယ်။ လေထဲမှာ ပျံနိုင်တယ်။
အဲဒီ နဂါးကြီးဟာ ပိုလန်ပြည် တစ်ခွင်လုံးကို
ခြေဦးတည့်ရာ လျှောက်သွားပြီးတော့ သူ့ရဲ့ အစွမ်းသတ္တိကို တလွဲ အသုံးချပြီး
ထင်ရာမြင်ရာတွေ လုပ်တော့တာပေါ့။ သိုးကလေးတွေ၊ နွားကလေးတွေကို ကိုက်စားတယ်။
လူတွေက သူ့ကို ၀ိုင်းဖမ်းမလို့ လိုက်လာရင် ပါးစပ်ကနေ မီးလျှံတွေ
မှုတ်ထုတ်ပြီး လူတွေကို သတ်ပစ်တယ်။
ဒီတော့ကာ ပိုလန်လူမျိုး လယ်သမားကြီးတွေ
ခမျာမယ် နဂါးကြီးရဲ့ ရန်ကို ကြောက်လန့်ပြီး လယ်တောင် ဖြောင့်ဖြောင့်
တန်းတန်း မလုပ်နိုင်တော့ဘူး။ ကျွဲတွေ၊ နွားတွေကိုလဲ အရင်လို
ဗစ္စတူလာမြစ်ကမ်း နံဘေးက နွားစားကျက်ထဲကို မလွှတ်ရဲတော့ဘူး။ လူတွေ နွားတွေ
သိုးတွေ ရှိသမျှ သတ္တ၀ါတွေ အားလုံး နဂါးကြီးကြောင့် ဒုက္ခ
ရောက်ကုန်တော့တာပေါ့ကွယ်။
အင်မတိ အင်မတန် သတ္တိကောင်းပါတယ်၊ တိုက်ရည်
ခိုက်ရည် ပြည့်ဝပါတယ် ဆိုတဲ့ သူရဲကောင်းတွေတောင် ဒီ နဂါးကြီးကို
မနှိမ်နှင်းနိုင်ဘူး။ နဂါးကြီးကို သတ်မယ်ဆိုပြီး အနားကို ကပ်ဖို့
လုပ်နေတုန်းမှာပဲ နဂါးကြီးက မီးလျှံတွေနဲ့ မှုတ်ထည့်လိုက်တာ အဲဒီ
သူရဲကောင်းတွေ အကုန်လုံး ပြာကျကုန်တော့တာပဲ။
ဒီသတင်းကို ပိုလန်ပြည့်ရှင်ဘုရင်ကြီး
ကြားသိတော်မူတော့ “အင်း … မဖြစ်တော့ဘူး။ ဒီလိုမျိုး ဆိုးသွမ်းနေတဲ့
နဂါးကြီးကို နှိမ်နှင်းနိုင်မယ့် သူရဲကောင်း ငါ့ တိုင်းပြေထဲမှာ မရှိဘူးလား
…. လျှောက်တင်လော့ မင်းကြီးများ” ဆိုပြီး ၀န်ကြီးတွေကို မေးသတဲ့။ ဒါပေမယ့်
ဝန်ကြီးတွေကလဲ ၀န်ကြီးတွေပဲလေ။ ဘာတစ်ခုမှ သိတာမှ မဟုတ်တာ။ ဘာတစ်ခုမှ တတ်တာ
မဟုတ်ဘူး။ ရှင်ဘုရင်ကြီး အနားကပ်ပြီးတော့ တောင်ပြော မြောက်ပြော
ပြောတတ်တာပဲ လုပ်တတ်တယ်။ ဒီတော့ကာ ဘုရင်ကြီး အမျက်တော် မရှ ရလေအောင်
တစ်ခုခုတော့ ပြောမှဖြစ်မယ် ဆိုပြီး “မှန်လှပါ မင်းကြီးဖျာ့
ဘုန်းတော်ကြောင့် ဒီနဂါးဆိုးကြီးကို နှိမ်နှင်းနိုင်မယ့် သူ ရှိရမှာ
ဧကန်မုချပါပဲ” လို့ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး
လျှောက်တင်လိုက်သတဲ့ကွယ်။
ဒီတော့ကာ ရှင်ဘုရင်ကြီး ဇဝေဇ၀ါ
ဖြစ်သွားတာပေါ့။ “နို့ နေပါဦး မင်းကြီးတို့ရဲ မင်းကြီးတို့
ပြောပုံဆိုပုံအရ ဒီနဂါးကြီးကို သုတ်သင်နိုင်တဲ့ သူရဲကောင်းဟာ ငါ
ကိုယ်တော်မြတ်ရဲ့ တိုင်းပြေမှာ ရှိတာ သေချာတယ်။ ဒီတော့ကာ ဒီသူရဲကောင်းကို
ဘယ်ပုံ ဘယ်နည်းနဲ့ ရှေ့တော်မှောက်ကို သွင်းရမတုန်း မင်းကြီးများရဲ့” လို့
မေးပြန်သတဲ့။ ဒီတော့ ၀န်ကြီးတွေက “လျှောက်ထားအပ်ပါသည် ဖျာ့ .. စွမ်းရည်
သတ္တိ ပြည့်ဝတဲ့ သူရဲကောင်းကို ဖိတ်ခေါ်ဖို့ရာ တယ် မခက်လှပါဘူး။
ဒီနဂါးကြီးကို သုတ်သင်နိုင်ရင် အရှင့်သမီးတော်နဲ့ ထိမ်းမြား လက်ဆက်စေပြီး
အိမ်ရှေ့အရာ ပေးသနားတော်မူမယ်လို့ မောင်းခတ်ကြေညာလိုက်ရုံပါပဲဖျာ့” လို့
ပြန်လျှောက်တာပေါ့။ ဒီတော့ကာ ရှင်ဘုရင်ကြီးကလဲ “ကောင်းပြီး မင်းကြီးတို့
သင်သလို စီမံဆောင်ရွက်ပါလေ” ဆိုပြီး အမိန့်ပေးလိုက်တယ်။
ဒါနဲ့ ၀န်ကြီးတွေ မောင်းခတ်ပြီး
ကြေညာလိုက်တော့ နဂါးကြီးကို နှိမ်နှင်းမယ်ဆိုတဲ့ သူရဲကောင်းတွေဟာ
လက်နက်ကိုယ်စီ စွဲကိုင်ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာလိုက်တာ
နည်းတာ မဟုတ်ဘူး။ တစ်သီတစ်တန်းကြီးပဲ။ တို့များ ဗမာပြေက ဒီမိုကရေစီ
သူရဲကောင်းတွေ တန်းစီပြီး လမ်းလျှောက်လာကြသလိုမျိုး ထွက်လာကြတာပေါ့ကွယ်။
ဒီလို သူရဲကောင်းတွေ မင်းရင်ပြင်ကို ရောက်လာပြီးတော့ ဒီနဂါးကြီးကို သူ အရင်
သုတ်သင်မယ်၊ ငါ အရင် သုတ်သင်မယ်နဲ့ အငြင်းအခုံဖြစ်ပြီး
စကားများကြသေးသတဲ့လေ။
ဒါနဲ့ ရှင်ဘုရင်ကြီးက “အို မောင်မင်းတို့
တော်ကြပါတော့ တန်ကြပါတော့ … အချင်းချင်း ရန်ဖြစ်မယ်ဆိုရင်လဲ
အရေးတော်ပုံကြီး ပြီးမှ ဖြစ်ကြပါ။ အခု လောလောဆယ်မှာတော့ နဂါးဆိုးကြီးကို
အမြန်ဆုံး သုတ်သင်ကြလော့။ သုတ်သင်နိုင်သူကို သမီးတော်လေးနဲ့ ထိမ်းမြား
လက်ဆက်စေပြီး အိမ်ရှေ့အရာ သနားမယ်” လို့ ပြောလိုက်တော့မှ သူရဲကောင်းတွေဟာ
နဂါးကြီး နေတဲ့ ဗဘယ်(လ်)တောင်တန်းကို မြင်း ဒုန်းစိုင်း စီးပြီး
ထွက်သွားကြတယ်။
ဒါနဲ့ သူရဲကောင်းတွေဟာ ဗဘယ်(လ်) တောင်တန်းကို
ရောက်သွားပြီး ကျောက်ဂူကြီး အနားကို ချဉ်းကပ်သွားကြသတဲ့။ သူရဲကောင်းတွေဟာ
တုတ်၊ ဓား၊ လှံ၊ လေးမြား၊ တင်းပုတ်၊ ဆောက်ပုတ် လက်နက်တွေနဲ့ နဂါးကြီးကို
ပစ်မလို့ ဟန်ရေးပြင်နေတုန်းမှာပဲ ကျောက်ဂူထဲကနေ နဂါးကြီး ထွက်လာပြီးတော့
မီးလျှံနဲ့ မှုတ်ထည့်လိုက်တာ သူရဲကောင်းတွေ အကုန်လုံး မီးသွေးတုံး
ဖြစ်ကုန်ပါလေရော။
ကိုင်း ခက်ကပြီ။ ဒီသတင်းကို ရှင်ဘုရင်ကြီး
ကြားတော့ သိပ်ပြီး စိတ်ပျက်သွားတာပေါ့ကွယ်။ ၀န်ကြီးတွေလဲ မျက်နှာ
မကောင်းဘူး။ ဒီလို ဖြစ်နေတုန်းမှာ ရှင်ဘုရင်ကြီး ရှေ့တော်မှောက်ကို
ခရာ့(ခ်) လို့ ခေါ်တဲ့ ဖိနပ်ချုပ်သမား လူငယ်လေး တစ်ယောက် ရောက်လာသတဲ့လေ။
လူပုံကို ကြည့်ရတာ စုတ်တီးစုတ်ဖတ်နဲ့ သူရဲကောင်းရုပ် တစ်စက်ကလေးမှ
မပေါက်ဘူး။ ဒီ လူငယ်လေးက “နဂါးကြီးကို သတ်ခွင့်ပြုပါ အရှင်မင်းကြီး” လို့
ရဲရဲဝံ့ဝံ့ လျှောက်လိုက်သတဲ့။
ဖိနပ်ချုပ်သမားလေး ဒီလို လျှောက်တင်တာကို
ဝန်ကြီးတွေ ကြားတော့ နှာခေါင်းရှုံ့ ကြသတဲ့။ ရှင်ဘုရင်ကြီးကလည်း
မျက်မှောင်ကြုတ်ပြီး စဉ်းစားသတဲ့။ “အင်း .. ဒီလူငယ်လေးထက် ဗလတောင်တဲ့သူတွေ၊
ရဲစွမ်းသတ္တိရှိလှပါတယ်ဆိုတဲ့ သူရဲကောင်းတွေတောင် နဂါးကြီး လက်ချက်နဲ့ မာလက
ဈာန်ကြွကုန်ပြီ။ ဒီလူငယ်လေးကို ကြည့်ရတာ ပျော့တီးပျော့ဖတ်နဲ့ နဂါးကြီး
နှာခေါင်းဝက မှုတ်ထုတ်နဲ့ လေပူ ထိရုံနဲ့တင် တုန်းခနဲ လဲသွားမယ့် ပုံမျိုး”
လို့ တွေးသတဲ့လေ။ ဒါပေမယ့်လဲ ရှင်ဘုရင်ကြီးမှာ ရွေးချယ်စရာ တစ်ခြား
နည်းလမ်း မရှိတော့ “ကောင်းပြီ မောင်မင်း … နဂါးကြီးကို အသင် သတ်လိုက်
သတ်နိုင်တယ်။ နဂါးကြီးကို ဇီဝိန်ခြွေနိုင်ရင် ငါ့ သမီးတော်နဲ့
ထိမ်းမြားလက်ဆက်စေပြီး အိမ်ရှေ့အရာ ပေးသနားတော်မူမယ်” ဆိုပြီး
ပြောလိုက်တာပေါ့။
ရှင်ဘုရင်ကြီးက “နို့ နေပါဦးကွဲ့ မောင်မင်းက
နဂါးကြီးကို သတ်မယ်လို့သာ ပြောနေတာ။ သင့်မှာ ချပ်ဝတ်တန်ဆာလဲ မရှိ၊ ဓားလှံ
လေးမြား လက်နက်လဲ မပါ၊ မြင်းလဲ မပါ ဘာ မပါနဲ့ ဆိုတော့ကာ မောင်မင်းက
နဂါးကြီးကို ဘယ်လို သတ်မှာတုန်း” လို့ ညည်းညည်း ညူညူနဲ့ ဆိုလိုက်သတဲ့။
ဒီတော့ကာ ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” က သူ့ ဖိနပ်ချုပ်တာမှာ သုံးတဲ့
အပ်ချည်၊ အပ်၊ စူး အစရှိတဲ့ တန်ဆာပလာတွေကို ထုတ်ပြပြီးတော့ “ဒီကိရိယာတွေနဲ့
ကျွန်တော်မျိုးရဲ့ ဦးဏှောက်ကို သုံးပြီးတော့ နဂါးဆိုးကြီးကို
နှိမ်နှင်းမှာ ဖြစ်ပါတယ် အရှင်မင်းကြီး” လို့ လျှောက်တင်လိုက်သတဲ့။ ကိုင်း …
နဂါးဆိုးကြီးကို ဖိနပ်ချုပ်သမားလေး ဘယ်လို နှိမ်နှင်းမလဲ ဆိုတာ
ဆက်ကြည့်ကြသေးတာပေါ့ကွယ်။
ဒါနဲ့ ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ
နန်းရင်ပြင်ကနေ ချက်ချင်းထွက်သွားပြီးတော့ အမဲသားရောင်းတဲ့
လူကြီးတစ်ယောက်ဆီကနေ ဆိတ်သေတစ်ကောင် ၀ယ်လိုက်တယ်။ နောက်ပြီး
မီးခြစ်ဆံလုပ်တာမှာ သုံးတဲ့ ယမ်းမှုန့်တွေလဲ ၀ယ်သတဲ့။ ဒီနောက်တော့
“ခရာ့(ခ်)” ဟာ သူ ဖိနပ်ချုပ်တာမှာ သုံးတဲ့ သားရေလှီးဓားကလေးကို
ထုတ်ပြီးတော့ ဆိတ်သေကောင်ကို ရင်ခွဲလိုက်သတဲ့။ ဆိတ်သေကောင် ဗိုက်ထဲက အူ၊
အသည်း ကလီစာတွေကို ထုတ်ပြီးတော့ ယမ်းမှုန့်တွေ သွတ်ထည့်တယ်။ ပြီးတော့မှာ
သူရဲ့ ဖိနပ်ချုပ် အပ်နဲ့ အပ်ချည်ကို ထုတ်ပြီး ဆိတ်သေကောင်ရဲ့ ဗိုက်ကြီးကို
နေသားတကျ ပြန်ပြီး ချုပ်လိုက်သတဲ့။ “ခရာ့(ခ်)” အလုပ် လုပ်နေတာကို လူတွေ
ဝိုင်းအုံပြီး ကြည့်ကြသတဲ့။ ဒါပေမယ့် သူတို့ အားလုံး “ခရာ့(ခ်)”
ဘာလုပ်နေတယ်ဆိုတာကို နားမလည်ကြဘူးတဲ့။
“ခရာ့(ခ်)” ဟာ ယမ်းမှုန့်သွတ်ထားတဲ့
ဆိတ်သေကောင်ကြီးကို နဂါးကြီးနေတဲ့ ဂူအ၀မှာ သွားချထားသတဲ့။ ပြီးတော့မှ
မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်တုံးကြီး အနောက်နားကနေ ပုန်းပြီးတော့
ကြည့်နေတာပေါ့။ ဂူထဲမှာ အိပ်နေတဲ့ နဂါးကြီးဟာ ဆိတ်သေကောင် အနံ့ကို ရတော့
နိုးလာသတဲ့။ ဒီတော့ “ဂရား .. ဂရား .. ဂရား .. ဗိုက်ဆာတယ် စားမယ် ၀ါးမယ် ..
ဂရား .. ဂရား .. ဂရား .. ဗိုက်ဆာတယ် စားမယ် ၀ါးမယ်” လို့ အော်ပြီးတော့
ဂူထဲကနေ အပြင်ကို ထွက်လာသတဲ့လေ။ နဂါးကြီးဟာ ဂူအ၀မှာ ချထားတဲ့ ယမ်းမှုန့်တွေ
သွတ်ထားတဲ့ ဆိတ်သေကောင်ကို တစ်လုပ်တည်းနဲ့ အငမ်းမရ မျိုချလိုက်သတဲ့။
နဂါးကြီးရဲ့ ဗိုက်ထဲကို ယမ်းမှုန့်တွေ
သွတ်ထားတဲ့ ဆိတ်သေကောင် ရောက်သွားပြီ ယမ်းမှုန့်တွေ မီးထတောက်လာတယ်။
ဗိုက်ကို မီးခဲ ထည့်ထားတဲ့ အတိုင်းပဲပေါ့။ နဂါးကြီးဟာ “အလိုလေးလေး ..
ပူလွန်းလှချည်ရဲ့ လောင်လွန်းလှချည်ရဲ့” လို့ အော်ပြီးတော့ မြစ်ကမ်းဘက်ကို
ထွက်ပြေးသွားသတဲ့။ သူ ရင်ပူရင်ဆာမိနေတာ သက်သာအောင်ဆိုပြီး ရေတွေကို
ကျုံးသောက်သတဲ့။ ဒါပေမယ့် မသက်သာလှပါဘူး။ သူ့ ဗိုက်ကြီးဟာ ရေတွေနဲ့
ပြည့်လာပြီး ပူဖောင်းကြီးလို ဖောင်းကားလာတော့တာပေါ့။ လမ်းတောင်
မလျှောက်နိုင်တော့ဘူးပေါ့။ နဂါးကြီးဟာ မောလွန်းလို့ ပူလွန်းလို့
ဖျားချင်သလိုလို နာချင်သလိုလို ဖြစ်သွားသတဲ့။
နဂါးကြီး ဒီလိုမျိုး ဖြစ်နေတာကို တွေ့တော့
ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ သူ ပုန်းနေတဲ့ ကျောက်တုံးကြီး အနောက်ကနေ
ထွက်လာသတဲ့။ “ဟား ဟား ဟား … လူတွေကို ဒုက္ခပေး၊ သိုးတွေကို ဒုက္ခပေးတဲ့ အသင်
နဂါးကြီး . သင် ကျုပ် အကြောင်းကို ကောင်းကောင်းကြီး သိပြီ မဟုတ်လား” လို့
အော်ပြောလိုက်သတဲ့။ နဂါးကြီးက ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ကို
သတ်မယ်ဆိုပြီး ပါးစပ်ကြီးကို ဖြဲပြီး မီးလျှံတွေနဲ့ မှုတ်လိုက်တော့
မီးလျှံတွေ မထွက်လာဘဲ ရေတွေပဲ ထွက်လာသတဲ့။ ဒီတော့ ပိုပြီး ဒေါသထွက်လာပြီး
ပါးစပ်ကြီးကို အဆမတန် ဖြဲပြီး မီးလျှံတွေနဲ့ မှုတ်ထုတ်မယ်လို့ လုပ်ပြန်သတဲ့။
ရေတွေပဲ ထွက်လာတယ်။ နောက်ဆုံးတော့ နဂါးကြီးရဲ့ ဗိုက်ထဲက ယမ်းမှုန့်တွေဟာ
အဆမတန် ပူလောင်လာပြီးတော့ ပေါက်ကွဲသွားသတဲ့။ နဂါးကြီး သေသွားတာပေါ့ကွယ်။
ပိုလန်ပြည်သူ ပြည်သားတွေ အားလုံး ပျော်သွားတာပေါ့။
ဖိနပ်ချုပ်သမားလေး “ခရာ့(ခ်)” ဟာ
မင်းသမီးလေးနဲ့ လက်ထပ်ထိမ်းမြားပြီးတော့ အိမ်ရှေ့မင်းသားလေး ဖြစ်လာတာပေါ့။
ယောက္ခမဖြစ်သူ ရှင်ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက်မှာ“ခရာ့(ခ်)” ဟာ
ပိုလန်ပြည်ကြီးကို မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်သတဲ့။
ရှင်ဘုရင်လေး “ခရာ့(ခ်)” ဟာ သူ နဂါးကြီးကို
နှိမ်နှင်း အောင်မြင်ခဲ့တဲ့ နေရာဖြစ်တဲ့ ဗဘယ်(လ်) တောင်ကုန်းပေါ်မှာ အင်မတန်
ကြီးကျယ် ခမ်းနားတဲ့ ရဲတိုက်ကြီး ဆောက်ပြီးတော့ မင်းသမီးလေးနဲ့ အတူ
အသက်ထက်ဆုံး နေထိုင်သွားတာပေါ့။ “ခရာ့(ခ်)” ရဲ့ အရိုက်အရာကို ဆက်ခံတဲ့
သားတော် မြေးတော်တွေ ပိုလန်ရှင်ဘုရင်တွေဟာလဲ အဲဒီရဲတိုက်ကြီးမှာပဲ ဆက်ပြီး
နေထိုင်ကြသတဲ့။ ပိုလန်ပြည်သူ ပြည်သားတွေဟာ ဗဘယ်(လ်) တောင်ကုန်း အနီးအနား
တစ်ဝိုက်မှာ မြို့သစ်တစ်မြို့ တည်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်
နေထိုင်ကြသတဲ့။ အဲဒီ မြို့ကို သူတို့ရဲ့ ရှင်ဘုရင်လေး “ခရာ့(ခ်)” ကို
အစွဲပြုပြီးတော့ “ခရာ့ကို့(ဖ်)” မြို့လို့ နာမည်ပေးလိုက်သတဲ့။
မောင်ကျပ်ခိုး ပြန်ပြောသည်။
၁၃၇၄ ခုနှစ် တော်သလင်းလဆန်း ၁ ရက် တနင်္ဂနွေန့။ ခရစ်နှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်။
No comments:
Post a Comment