Tuesday, November 12, 2013

တညင်းသီးပုံပြင်



ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။

ပည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင် နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင် နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြ သာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ် တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီး ကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်က ဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည် ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသား တွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင် ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေ လာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။

နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်း ပါလို့ မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန် နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက် မောမော စားနေမိတယ်။

လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။

နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့် ကျွန်ုပ် ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါ တော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့ မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက် တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူ သွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။

နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။

မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွား တယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။

ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာ ဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံ သွားတယ်။

မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ် သင်္ဂြုဟ် လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာ ခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။

ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူ လာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။

ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့ မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။

မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တော လက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။

တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့ အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီး ကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင် ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။

လူထုဦးလှ
တိုင်းရင်းသား ပုံပြင်များ

No comments: