Friday, November 8, 2013

“အင်္ဂလန်ဆရာတော် ဦးဥတ္တမ၏ သဘောထား”



^^^^^^^^^^^^^^^^^^^^^^^^^
10.1.2013 ရက်စွဲပါ Reporter ဂျာနယ်လ်မှာ ပါလာတဲ့ အင်တာဗျူးလေးပါ။
ဦးဝီရသူ၏ အကြောင်း၊ ၉၆၉ အကြောင်း၊ TIME မဂ္ဂဇင်းအကြောင်း၊ အမျိုးစောင့်ဥပဒေအကြောင်း အစုံအလင် သိရှိနိုင်မှာပါ။
ဒေါ်အောင်ဆန်းစုကြည် NLD ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်တာတွေလည်း ပါပါတယ်။
TIME မဂ္ဂဇင်းကို ငွေပေးရေးခိုင်းတာ မူဆလင်မဟုတ်ဘဲ ဗမာဖြစ်နေတယ်ဆိုတာ သေချာရင် မူဆလင်တွေ အပေါ် အထင်အမြင်လွဲမှား ပြစ်မှားမိခဲ့တဲ့အတွက် ပြန်လည် တောင်းပန်ဖို့ ဝန်မလေးပါဘူး။
ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာလို့သိရပါတယ်။ လူငယ်တစ်ယောက်လို့ သိရပါတယ်။ ဘယ်သူများပါလိမ့်…… သိကြသူများ သတင်းပို့ကြပါ။
သူ့ကိုတော့ အပြစ်မယူပါဘူး။ မူဆလင်တွေကို တောင်းပန်ချင်လို့ပါ။
ဘုရားသားတော်ဆိုတာ အမှားကို ဝန်ခံရဲရမယ်။
အမှားကို ဝန်ခံရဲတာလည်း သတ္တိပဲမဟုတ်လား….?။
“တစ်ဦးကိုတစ်ဦး လေးစားမယ်၊ နားလည်မယ်၊ ယုံကြည်မယ်၊ တရားဥပဒေစိုးမိုးမှုလည်း ရှိမယ်ဆိုရင် ဘာသာရေးပဋိပက္ခတွေ ဖြစ်စရာအကြောင်း မရှိဘူး”
(ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့သည့် ၅၅၅ ဆရာတော် ဘဒ္ဒန္တဥတ္တရအား လျှောက်ထား မေးမြန်းခြင်း။)
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် စစ်တပ်၏ ဖမ်းဆီးမှုမှ ရှောင်တိမ်းရင်း ထိုင်းနိုင်ငံမှ အင်္ဂလန် နိုင်ငံသို့ ရောက်ရှိသွားသည့် ရှမ်းပြည်နယ်တောင်ကြီးမြို့ ရဟန်းပျိုအဖွဲ့ အတွင်းရေးမှူးဆရာတော် အင်္ဂလန်တွင် နေထိုင်စဉ် (၂၅) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ခဲ့သည့် Blacklist စာရင်းသွတ်သွင်းခံရသည့် ၅၅၅ ဆရာတော်၊ ဂရိတ်ဗြိတိန်-နယ်သာလန်၊ ဂျာမနီ-ဒိန်းမတ်-ဖင်လန်-ဘယ်လ်ဂျီယံ-အိုင်ယာလန်ရှိ ရံသီကျောင်းများ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ပဓာနနာယကဆရာတော်လည်းဖြစ် ဘဒ္ဒန္တဥတ္တရနှင့် မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် လုပ်ငန်း များ၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ချက်၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ချက်၊ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေး၊ မျိုးစောင့်ဥပဒေနှင့်ပတ်သက်သည့် သဘောထားအမြင်၊ ၉၆၉ အမှတ်တံဆိပ်နှင့် ဆရာတော် ဦးဝီရသူအပေါ် သဘောထားအမြင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် သဘောထားမှတ်ချက်များကို လျှောက်ထားမေးမြန်းခဲ့သည်များကို တင်ပြလိုက်ရသည်။
မေး= မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေအပေါ် ဘုန်းဘုန်းအမြင်ကို သိပါရစေ။
ဖြေ= ဒါကတော့ အလုပ်အတူမလုပ်ဘူးလို့ပဲ။ ဘာသာရေးပဋိပက္ခဖြစ်တယ် ဆိုတာ တစ်ဦးရဲ့ဘာသာကို တစ်ဦးက မလေးစားလို့၊ နားမလည်လို့ဖြစ်တာ။ ဘုန်းဘုန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းကလည်း ပြောတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်ဘာသာဝင်တွေ အချင်းများဖြစ်နေကျတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ လေးစားမှု မရှိတဲ့အတွက် ပြဿနာဖြစ်သွားတယ်။ သူတို့ဘာသာက ဒီလိုလုပ်နေပါလား။ ဒို့ ဒီလိုသွားလုပ်ရင် ထိခိုက်သွားနိုင်မလားဆိုတဲ့ နားလည်မှု၊ လေးစားမှုရှိရမယ်။ တစ်ဦးကိုတစ်ဦး နားလည်မှု၊ လေးစားမှုရှိရင် ဘာပြဿနာမှ မဖြစ်ဘူး။ အဓိက ကတော့ ဒီပြဿနာတွေ ဘယ်ကစလာသလဲဆိုတော့ တရားဥပဒေစိုးမိုးမှု မရှိလို့ဘဲ။ တစ်ဦးကိုတစ်ဦး လေးစားမယ်၊ နားလည်မယ်၊ တရားဥပဒေစိုးမိုးမှုရှိရင် ဒီပြဿနာတွေ ဖြစ်မလာပါဘူး။
မေး= ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးဆိုတဲ့အပေါ် ဘုန်းဘုန်းအမြင်ကို သိပါစေ။
ဖြေ= ဘုန်းဘုန်းမူက အတူတကွငြိမ်းချမ်းစွာ နေထိုင်ရေးမူဘဲ၊ ဘာလို့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးလဲ ဆိုတော့ ဘုန်းဘုန်းတို့ နိုင်ငံမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတယ်။ ဘုန်းဘုန်းတို့လည်း နိုင်ငံခြားမှာနေလာ တဲ့အခါကျတော့ ဘာသာပေါင်းစုံနဲ့နေတယ်။ တည့်အောင်နေတယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ နေရာဋ္ဌာန မတူဘဲ ဘာကြောင့် တည့်အောင်နေနိုင်လဲဆိုတော့ လေးစားမှုနဲ့ ယုံကြည်မှုကြောင့်ဘဲ။ ဒီနိုင်ငံမှာက စကားက လည်း မြန်မာစကားပြောနိုင်တယ်။ ဒေသကလည်း မြန်မာနိုင်ငံဖြစ်တယ်။ ယဉ်ကျေးမှုကလည်း ဘာဘဲပြော ပြော ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် ယဉ်ကျေးမှုကလည်း နီးစပ်တယ်။ အခုနကပြောတဲ့ ဘာသာတရားချင်း မတူတာရှိမယ်။ မတူတဲ့အခါမှာ နားလည်အောင် နေရမယ်။
မေး= မျိုးစောင့်ဥပဒေနဲ့ လူ့အခွင့်အရေးပေါ် ဘုန်းဘုန်း သဘောထားကိုလည်း သိပါရစေ။
ဖြေ= မျိုးစောင့်ဥပဒေက ဘုန်းဘုန်းအမြင် ဒေသတွေမှာ ဖြစ်နေကျ ပြဿနာတွေပေါ် မူတည်ပြီး ဖြစ်လာတာ၊ အမျိုးစောင့်ရမှာက ဘုန်းကြီးတွေတင်စောင့်ရမှာ မဟုတ်ဘူး။ ဘာသာဝင်တိုင်း စောင့်ရမှာ။ ကိုယ့်အမျိုးကို မစောင့်ရင် သူများ မျိုသွားမှာပေါ့။ အဲဒီလိုဘဲ မူဆလင်ကလည်း သူ့အမျိုး သူစောင့်ရမှာပေါ့။ ကိုယ့်အမျိုးကို စောင့်တဲ့အခါ သူများအမျိုး မထိခိုက်ရဘူး။ အခုဟာက ပြဿနာက ဘာဖြစ်နေလဲဆိုတော့ ကိုယ့်ကိုကိုယ် စောင့်တာ။ သူများထိခိုက်သလို ဖြစ်နေတဲ့အခါကျတော့ အဲ့ပြဿနာဖြစ်တာ။ မူဆလင်တွေက သူ့အမျိုး သူစောင့်တယ်။ သူ့လမ်းစဉ်အတိုင်းလုပ်တယ်။ ဘယ်သူထိခိုက်ထိခိုက်ဆို ဗုဒ္ဓဘာသာက ဘယ်ခံမလဲ။ ဗုဒ္ဓဘာသာကလည်း သူ့အမျိုးသူစောင့်ရှောက်ပြီး မူဆလင်ကို ထိခိုက်တယ်ဆိုရင် မူဆလင်က ဘယ်ခံမလဲ။ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်တာ သူများကို မထိခိုက်မှ။ လူတွေဟာ တစ်ခါတစ်ရံကျတော့ ဘုန်းကြီးတွေကို လှုံ့ဆော်တာရှိတယ်။ အရှင်ဘုရားတို့ မလုပ်တော့ဘူးလား။ အရှင်ဘုရားတို့ မလုပ်တော့ရင် ဘာလုပ်တော့မယ်။ ညာလုပ်တော့မယ်ပေါ့။ ပြီးတော့ အဲဒီလူတွေ မပါတော့ဘူး။ အထူးသဖြင့် နိုင်ငံရေးသမားတွေကို ပြောချင်တယ်။ နိုင်ငံရေးသမားတွေက အမြဲတမ်းလုပ်တယ်။ ဘုန်းကြီးတို့က တွေ့ကြုံခဲ့ရပြီးပြီ။ ဘုန်းဘုန်းတို့က လုပ်သင့် လုပ်ထိုက်တာကို လူတွေပြောပြော နိုင်ငံရေးသမားတွေပြောပြော မပြောပြော အဲဒါကိုတော့ စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်။ မျိုးစောင့်ဥပဒေရေးလိုက်တာက အမျိုးသမီးတွေက နစ်နာတယ်လို့ ပြောကြတယ်။ အမှန်က အဓိကထားပြီး ရေးပေးတာကိုး။ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေလည်း စောင့်ရှောက်ရမယ်။ စောင့်ရှောက်ဖို့ရာ နည်းလမ်းရှိရမယ်။ ဒါက ဘယ်သူကလုပ်ရမလဲဆိုတော့ အစိုးရက လုပ်ရမှာ။ ဘုန်းကြီးတွေ ထလုပ်တော့ မလိုချင်တဲ့သူတွေက ပြောတာပေါ့။ ဒီဥပဒေရေးဆွဲရာမှာ ဘုန်းကြီး လုပ်ငန်း မဟုတ်ဘူးဆိုပြီး ပြောတာပေါ့။ တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်ကို အစိုးရက လုပ်ပေးရမှာ။ ဥပဒေမပြုရမယ့် ပုဂ္ဂိုလ်တွေက ထလုပ်တဲ့အခါ ဥပဒေတင်ပြတဲ့အခါ သူများပြောစရာ ဖြစ်လာတာပေါ့။ မျိုးစောင့် ဥပဒေက ရှိသင့်တယ်။ လုပ်သင့်တယ်။ မူဆလင်ဘာသာအတွက်လည်း ရှိသင့်တယ်။ မျိုးစောင့်ဥပဒေဆိုတာ ခွဲခြားပြီး ပြောတာ။ တကယ့်အခြေခံဥပဒေထဲမှာကိုက အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ့် ကိုယ့်ရဲ့ လူ့အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ တွေးခေါ်ခွင့် ရှိနေပေမယ့် အဲဒီဥပဒေကို ဘယ်လိုလုပ်ရင် ဘယ်လို ဖြစ်မလဲဆိုတဲ့ တိတိကျကျ ဥပဒေရှိဖို့ လိုတယ်။ လူ့အခွင့်အရေးဆိုတာကလည်း BBC မှာ မေးတုန်းက ပြောခဲ့ပြီးပြီ။ လူ့အခွင့်အရေးဆိုတာ ကိုယ်အခွင့်အရေးယူရင် သူများအခွင့်အရေးကိုလည်း ပေးရမယ်။ အဲဒါ လူ့အခွင့်အရေးဘဲ။ ကိုယ့်အခွင့်အရေးကိုယူပြီး သူများကို ထိခိုက်မယ်ဆိုရင် အဲဒါ လူ့အခွင့်အရေး ဘယ်ခေါ်မလဲ။ လူ့အခွင့်အရေးဆိုတာက တိုင်းကြည့်မယ်ဆိုရင် ကိုယ့်အခွင့်အရေးကို တောင်းဆိုရင် သူများ အခွင့်အရေးကိုလည်း မထိခိုက်မှ လူ့အခွင့်အရေးဆိုတာ မှန်ကန်တာ။
မေး= ၉၆၉ အမှတ်တံဆိပ်နဲ့ ဦးဝီရသူအပေါ် အမြင်ကိုလည်း သိပါရစေ။
ဖြေ= ဦးဝီရသူက ၉၆၉ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်လည်း ရှိမှာပေါ့။ ယုံကြည်ချက်လည်း ရှိမှာပေါ့။ ဘုန်းဘုန်း နိုင်ငံခြားမှာ အများကြီး ရှင်းပြပြီးပြီ။ အခုချိန်ထိ ရှင်းနေရတုန်းဘဲ။ ဦးဝီရသူနဲ့ ပတ်သက်ပြီး ဘုန်းကြီး က ဘာသာရေး လွတ်လပ်ခွင့်ဆုပေးထားတာကိုး။ အခုမှ ပေးတာမဟုတ်ဘူး။ ဦးဝီရသူ ထောင်ကျနေတုန်းက ဦးဝီရသူရဲ့ ဟောပြောမှုတွေကို ပိတ်ပင်လို့ ပေးထားတဲ့ဆု၊ မြန်မာနိုင်ငံ ပြန်လာတဲ့အခါ မစိုးရိမ်ဆရာတော်ကြီး မွေးနေ့မှာ မန္တလေးမှာ ပေးခဲ့တာ။ အခုမှ အသစ်ပေးတယ်။ မြှောက်ပေးနေတယ်ဆိုပြီး ဆုကို ပြန်ရုပ်သိမ်းပါ ဆိုပြီးပြောတယ်။ ဦးဝီရသူရဲ့ အနစ်နာခံမှုကြောင့် ဘုန်းကြီးရဲ့ ရည်ရွယ်ချက်နဲ့ ပေးထားတာ။ ဘာလို့ ရုပ်သိမ်းရမှာလဲ။ ၉၆၉ လုပ်နေတဲ့ ကိစ္စမှာတော့ ဘုန်းကြီးစကား မဟုတ်ဘူး။ ပီနန်ဆရာတော်ကြီး စကားပါ။ ၉၆၉ က ခုမှပေါ်လာတာမဟုတ်ဘူး။ ဘုရားရှင်လက်ထက်ကတည်းက ပေါ်လာတာ။ ၉၆၉က ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ပါး၊ သံဃာဂုဏ်တော် ၉ ပါးဆိုတာ ရှိတာပဲ။ ဗုဒ္ဓဘာသာတိုင်း သိနေတာပဲ။
၇၈၆က ဘာလို့ရေးလဲ၊ ၇၈၆ ရေးရင် ၉၆၉ ရေးမှာပဲ၊ ၇၈၆ မရေးနဲ့ဆိုရင် ၉၆၉ မရေးဘူးပေါ့။ ၇၈၆ ကိုတောင် ခွင့်ပြုရင် ၉၆၉ လည်း ခွင့်ပြုပေါ့။ ဘာဆန်းလဲ။ လည်ပင်းမှာ ကိုယ်ယုံကြည်ရာ ဆွဲပေါ့။ ခရစ်ယာန်တွေလည်း လက်ဝါးကပ်တိုင် ဆွဲတာပဲ။ ဒါကင်္ကေတပဲ။ ကိုယ်က မူဆလင်ကို ဘုရားပုံ ဆွဲခိုင်းရင် ဒါ ဘယ်တရားမလဲ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချုပ်ချယ်တာပေါ့။ ဗုဒ္ဓဘာသာ သူ့လည်းပင်းသူဆွဲတာ သူ့နေရာ သူရေးတာ ဘာဆန်းလဲ။ ၉၆၉ ဘာမှ အပြစ်မရှိဘူး။
မေး= ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးကို အကြမ်းဖက်သမားအဖြစ် တိုင်း(မ်) မဂ္ဂဇင်းမှာ ဖော်ပြတဲ့အပေါ် ဘုန်းဘုန်းအမြင်ကိုလည်း သိပါရစေ။
ဖြေ= ဒါက နိုင်ငံရေးဘဲ၊ ဒါနိုင်ငံရေးခေါ်တယ်။ ဒါ ဘာသာရေး မဟုတ်ဘူး။ နိုင်ငံရေး တိုက်ပွဲလို့ခေါ်တယ်။ လုပ်တဲ့သူကလည်း ဘုန်းဘုန်းတို့သိတဲ့ မြန်မာကောင်လေးတစ်ယောက်၊ မြန်မာကောင်လေးကနေ တိုင်း(မ်) မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တဲ့ ပုဂ္ဂိုလ်ကို ဒီလိုရေးဆိုပြီး ညွှန်ကြားလို့ ဖြစ်သွားတာ။ ဘုန်းကြီးတို့ နာမည်နဲ့ တိတိကျကျမပြောချင်လို့ သိတယ်။ ဒီပုဂ္ဂိုလ်ကို မင်းအဲဒီလို ဆော်လိုက်လို့ဆိုပြီး ပြောတယ်။ သူတို့က ပုဂ္ဂိုလ် ရေးလည်း ပါတာပေါ့။ နောက်ပြီး သူလုပ်နေတဲ့ နိုင်ငံရေးမှာ သူ့ကို အကြံဥာဏ်တောင်းတဲ့အခါမှာ လုပ်လိုက်တာပေါ့။ သူတို့ မကြိုက်တဲ့ဟာတွေ သူတို့ရေးနိုင်တယ်။ ကောင်းတယ်။ မကောင်းဘူး မဝေဖန်ဘူး။ ဒါပုဂ္ဂိုလ်ရေးရာဆိုင်တဲ့ နိုင်ငံရေးပဲ၊ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဦးဝီရသူကို အဲလိုရေးတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အစွန်းရောက်တယ်လို့ နိုင်ငံတကာက ထင်တာပေါ့။ ပေးတဲ့ Information ကလည်း မှန်ကန်တဲ့ သတင်းတွေပေးတာ၊ လန်ဒန်မှာတွေ့နေတာပဲ၊ ဒါက မူဆလင် အစည်းအရုံးတွေကကို မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ဟာ အတုလုပ်ပြီး တိဘက်ဘုန်းကြီးတွေရဲ့ပုံတွေတင်တယ်။ နာဂစ်မုန်တိုင်း တုန်းက သေသွားတဲ့ အလောင်းကောင်တွေရဲ့ပုံတွေနဲ့ ကော်ပီလုပ်ပြီးတော့ အကြီးအကျယ် နေရာတိုင်းမှာ ဖြန့်တယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ အတွက် နိမ့်ကျသွားအောင် လုပ်တာ။ ဒီမိုကရေစီအဟန့်အတားပဲ။
မေး= ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပေါ်အမြင်ကိုလည်း သိပါရစေ။
ဖြေ= ပါတီယင်မဟုတ်တဲ့အတွက်ကြောင့် မသိဘူး။ ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က လေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒီပါတီကြီးက လူထုရဲ့သဘောထားကို ဖော်ဆောင်တဲ့ပါတီလို့ပဲ မြင်တယ်။ အများစုပေါ့။ နောက်ပိုင်းတွေမှာ ပါတီမှာ ဖြစ်နေတာ၊ လွှတ်တော်မှာ ဖြစ်နေတာမသိဘူး။ NLD ပါတီဟာ ပြည်သူလူထုအတွက် ဖော်ဆောင်တဲ့ လုပ်ငန်းတွေ မရှိဘူး။ ပြည်သူဖြစ်စေချင်တဲ့ လုပ်ငန်းတွေ မလုပ်ဘူးဆိုရင်တော့ တစ်ခြားပါတီက ပြည်သူ့ပါတီ ဖြစ်လာမှာဘဲ။
မေး= ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်ပြီး မိန့်ကြားပေးပါဦး။
ဖြေ=၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ဆိုတာ တစ်နိုင်ငံလုံး သိနေတာပဲ။ ကိုယ့်နိုင်ငံရဲ့ ဥပဒေမှန်သလား၊ မမှန်ဘူးလား၊ သင့်တော်လား၊ မသင့်တော်လားဆို သိနေကြတာပဲ။ ဘုန်းကြီးက ဘာမှတောင် ပြောစရာမလိုဘူး။ ပြည်တွင်းကလူတွေက ပိုခံစားရတာပေါ့။ မပြင်ချင်တဲ့သူကလည်း မလိုဘူးပြောမှာပဲ။ အဲဒါကို ပြည်သူလူထုက ပြင်သင့်လား၊ မပြင်သင့်လား သိရမယ်။ ပြည်သူလူထုတာဝန်ပဲ။ နိုင်ငံရေးပါတီတွေရဲ့ တာဝန်တော့မဟုတ်ဘူး။ အစိုးရပိုင်း တာဝန်လည်းမဟုတ်ဘူး။ ပြည်သူလူထုအများစုက ပြင်သင့်တယ်ဆိုရင် ပြင်ကိုပြင်ရမယ်။ အတင်းအဓမ္မ ခြိမ်းခြောက်ပြီးတော့ လုပ်တဲ့ဟာမျိုးတော့ မဖြစ်သင့်ဘူး။ မှန်ကန်တဲ့ ဆန္ဒကို ဖော်ထုတ်ရမယ်။ ပြည်သူလူထုက မျက်စိမှိတ်ပြီး သူများပြင်ခိုင်းရင်ပြင်၊ မပြင်ခိုင်းလည်း ခေါင်းညိတ်တယ် ဆိုရင် ပြည်သူခံရမှာဘဲ ပြည်သူလူထုက အခြေခံဥပဒေကို ဖတ်ကို ဖတ်ရမယ်။
အခြေခံဥပဒေဟာ ကိုယ့်အသက်လို တိုင်းပြည်အသက်လိုပဲ ကိုယ်က ဒီဥပဒေအောက်မှာ နေရမှာကိုး၊ မတရားလုပ်ထားတယ်ဆိုရင် ဒါမျိုး လက်မခံသင့်ဘူး။ ဥပဒေက မစိုးမိုးဘဲ၊ ကာကွယ်တဲ့ ဥပဒေဆိုရင် စောင့်ရှောက် ရမယ့်ထာဝန်ဘဲ၊ ကာကွယ်တဲ့ ဥပဒေဖြစ်ရမယ်။ ခြိမ်းခြောက်တဲ့ဥပဒေ မဖြစ်ရဘူး။
အခုလို မိန့်ကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ နောက်တစ်ပတ်ကိုလည်း သာသနာပြုလုပ်ငန်း တွေ ပရဟိတလုပ်ငန်းတွေကိုလည်း မြွက်ကြားပေးပါဦးဘုရား

No comments: