Friday, November 15, 2013

တရုတ် တိုင်းရင်းဆေးဖြင့် ကုရာမှ ခြေချောင်းလေးများ ဖြတ်လိုက် ရသဖြင့် အရေးယူပေးရန် တိုင်ကြား


By Administrator - Fri Nov 15, 2:51 pm
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ခြေချောင်းလေးများ ခိုက်မိပြီး ရောင်ရမ်းသည်ကို တရုတ် တိုင်းရင်းဆေး ဆရာဖြင့် ပြသခဲ့ရာ ဆေးမှားယွင်း ကုသခဲ့သဖြင့် ခြေချောင်း နှစ်ချောင်း ဖြတ်ပစ်ခဲ့ရသည့် အတွက်ဟု ဆိုကာ ဆေးကုပေးခဲ့သည့် တရုတ် တိုင်းရင်းဆေးခန်းကို အရေးယူပေးရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခြားသက်ဆိုင်ရာ ဌာနများ သို့ တိုင်ကြားထားကြောင်း အဆိုပါ ခြေချောင်းများ ဆုံးရှုံးသွားခဲ့သူ ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း၊ ဗန်ဒါကုန်း ၄ လမ်းတွင် နေထိုင်သူ ဆီးချို၊ သွေးချို ရောဂါရှိသူ အသက် ၅၂ နှစ် ဒေါ်စန်းစန်းအေးသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရေချိုး အပြီး ရေချိုးခန်းမှ ထွက်စဉ် မတော်တဆ ခြေချော်လဲရာမှ ဝဲဘက်ခြေခလယ်နှင့် ခြေသူကြွယ် နှစ်ချောင်း ထိခိုက်မိပြီး ရောင်ရမ်းလာသဖြင့် ရပ်ကွက် အတွင်းရှိ တရုတ် တိုင်းရင်း ဆေးကုခန်းသို့ ယင်းနေ့ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် နှစ်ရက်ကြာ သွားရောက် ကုသခဲ့ရာမှ ယခုကဲ့သို့ ဖြတ်ပစ်ခဲ့ရကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းစာဆရာများ ကွန်ရက် ရုံးခန်းတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားသည်။
ယင်းနောက် အဆိုပါ ဆေးခန်းကို စုံစမ်းရာ ဆေးကုသ လိုင်စင်မရှိဘဲ ဆေးကုသ နေသည်ကို သိရှိရသည့်အတွက် ၎င်းဆေးဆရာကို အရေးယူပေးရန် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အပါအဝင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ အောက်တိုဘာလ အတွင်းက တိုင်ကြားထားကြောင်း ဒေါ်စန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ဦးချိုချိုက ပြောကြားသည်။
ပထမအကြိမ် သွားရောက် ကုသစဉ် အဆိုပါ ဆရာဖြစ်သူက စေခိုင်းသဖြင့် ဓာတ်မှန် ရိုက်ခဲ့ရပြီး ဓာတ်မှန်တွင် ကြီးမားသော ဒဏ်ရာမတွေ့ရှိရကြောင်း၊ ယင်းနောက် အမျိုးအမည်မသိ အမည်းရောင် ဆေးများကို ခြေချောင်းများပေါ်သို့ အုံပေးကာ ပတ်တီးဖြင့် ချည်နှောင်ပေးခဲ့ပြီး မသက်သာသဖြင့် ဒုတိယနေ့တွင် ထပ်မံကုသခဲ့ရာ ဆေးကို ယခင်နေ့ကထက် ပမာဏတိုးပြီး အုံပေးခဲ့ကြောင်း၊ ယင်းညတွင် မခံမရပ်နိုင်အောင် ပူလောင်သဖြင့် ပတ်တီးကို ဖြည်ကြည့်ရာ ရေနွေးပူ လောင်းထားသကဲ့သို့ အရေပြားများ ကွာနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောကြားသည်။
“ညသန်းခေါင်လောက်မှာ အသားတွေက ပူပြီး ကွာကုန်တာ။ နောက်ရက်ကျတော့ အင်္ဂလိပ် ဆေးခန်းကို သွားပြတယ်၊ ဒါပေမဲ့ ဆရာဝန်က သူမကုနိုင်ဘူးဆိုပြီး ဆေးရုံကြီးကို လွှတ်တယ်။ ဆေးရုံ ရောက်ရောက်ချင်း (ဇူလိုင်လ ၁၁ ရက်တွင်) ပဲ လောင်နေတဲ့ အသားတွေကို အရိုးပေါ်သည်အထိ အကုန်ခြစ်ပစ် လိုက်တယ်၊ နှစ်ရက်လောက်နေတော့ တစ်ချောင်းကို ဖြတ်ပစ်လိုက်တယ်၊ နောက်နှစ်ရက်နေတော့ နောက်တစ်ချောင်း ထပ်ဖြတ်ရတယ်” ဟု ဒေါ်စန်းစန်းအေးက ပြောဆိုသည်။

အဆိုပါ တရုတ် တိုင်းရင်းဆေး ကုသခန်းတွင် ဆေးကုသ လိုင်စင်မရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ဖခင်ဖြစ်သူ၏ ဆေးကုသလိုင်စင် ရှိပြီး ယခု ကုသပေးသူမှာ သားဖြစ်သူ ဖြစ်ကြောင်း၊ သို့သော် ဖခင် ဖြစ်သူ၏ ကွပ်ကဲမှုဖြင့် ကိုယ်စား ကုသခွင့် ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းရင်း ဆေးဆရာများအသင်း ဥက္ကဋ္ဌ ဦးသက်ဆွေက The Voice သို့ ပြောကြားသည်။
“ဒါကို ကျွန်တော်တို့ မြို့နယ်အဆင့် အနေနဲ့ အရေးယူပိုင်ခွင့်လည်း မရှိဘူး၊ သူတို့ မကျေနပ်ဘူး ဆိုရင်လည်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူးရုံးကို တိုင်ကြားဖို့ သူတို့ကို ပြောကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော် ကာယကံရှင်များ အနေနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန ဦးစီးအရာရှိထံသို့ ပထမအကြိမ်တွင် စာဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်တွင် လူကိုယ်တိုင် သွားရောက်၍ လည်းကောင်း အောက်တိုဘာလ အတွင်းက တိုင်ကြားခဲ့သော်လည်း အထက်သို့ တင်ပြပေးမည်ဟုသာ ပြောဆိုခဲ့ပြီး တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း ဦးချိုချိုက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ် တိုင်းရင်းဆေး ကုသခန်းမှ ဆရာဖြစ်သူကို ယနေ့ ညနေ ၅ နာရီဝန်းကျင်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း လူနာများ ကျရောက်ချိန် ဖြစ်သဖြင့် ပြန်လည် ဖြေဆိုရန် မအားသေးကြောင်း အဆိုပါ တိုင်းရင်း ဆေးကုဆရာက ပြန်လည် ဖြေဆိုခဲ့သည်။

No comments: