Friday, November 29, 2013

စင်ပြိုင်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့်ပြောခြင်း

 – အံ့ခေါင်မင်း

““လွှတ်တော်က ထည်ဝါခမ်းနားပြီး ပြည်သူတွေက ငတ်လို့. . . ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတာ . . . စစ်တပ်ရဲ့ အုတ်တံတိုင်းကြီးတွေက ဟိန်းနေတယ် . . .ဆေးရုံတွေက စုတ်ပြတ်နေတယ် . . . ကျောင်းတွေက ဇရပ်လိုပဲ . . .””

ကျွန်တော်ပြန်လာမယ် ဆိုတုန်းက မိုးသီးတို့၊ ထွန်းအောင်ကျော်တို့က ပြောတယ် ခင်ဗျားမပြန်နဲ့ ဥခံရမယ်တဲ့ အခု ဥခံရတာ သူတို့ ဦးအောင်မင်းတို့ ဥတာလေ ဦးအောင်မင်းတို့ဆိုတာ တရုတ်ကို ကျေးဇူးရှင်လို့တောင် ပြောတဲ့သူတွေ . . .သူတို့အထောက် အပံ့ မယူဘူး နားမလည်တဲ့ သူတွေယူမှာ ဒီလူတွေက လုပ်စားနေတာ . . .
နယ်ချဲ့အင်္ဂလိပ်အား ပထမဦးဆုံး တော်လှန် တိုက်ခိုက်ခဲ့သည့် လင်းပင် မင်းသားကြီးနှင့် မြန်မာ့သမိုင်း၏ အထင်ကရပုဂ္ဂိုလ် တိုင်တားမင်းကြီးတို့၏ မျိုးဆက်ဖြစ်သလို နယ်ချဲ့ တော်လှန်ရေး သမိုင်းဝင် မြန်မာ့ တပ်မတော်ကို စတင် တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးသိမ်းမောင်၏ မြေးဖြစ်ပြီး အာဏာရှင် စနစ် တော်လှန်ရေးကို တစိုက်မတ် မတ် ဆောင်ရွက်ရင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြင်ဦးလွင်မြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ညွှန့်ပေါင်း အစိုးရ နိုင်ငံခြားရေး ၀န်ကြီး (၁၉၉၀-၉၃)၊ နိုင်ငံတော် အမျိုးသားကောင်စီ (NCUB) သဘာပတိအဖွဲ့ဝင် နိုင်ငံခြားရေး တာဝန်ခံ၊ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့(MPU) ဥက္ကဋ္ဌ၊ ညွှန့်ပေါင်းအစိုးရ တိုင်းရင်းသား များနှင့် တိုးချဲ့ ဖွဲ့စည်းရေးအဖွဲ့ ငါးဦးကော်မတီ ခေါင်းဆောင် တာဝန်များ ကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် NLD/LA ဗဟိုကော်မတီဝင်၊ အခြေခံ လူတန်းစားများနှင့် ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင်၊ စာရင်းစစ် အဖွဲ့ခေါင်းဆောင်၊ မဲဆောက်မြို့ အခြေစိုက် မင်းမဟော် ဖောင်ဒေးရှင်း အမြဲတမ်း သဘာပတိအဖွဲ့ဝင်၊ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမြဲတမ်း ကော်မတီ ငါးဦးအဖွဲ့ အတွင်းရေးမှူး တာဝန်တို့ကို ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာခဲ့သော ဦးပီတာလင်းပင်နှင့် ပြောကြား ဖြစ်ခဲ့သည်များကို မူရင်းအတိုင်း ဖော်ပြ အပ်ပါသည်။ ယခင်အပတ်မှအဆက် …
ပြည်ပကို ရောက်သွားတဲ့ နိုင်ငံရေးသမား အားလုံးနီးပါး အခုပြန်ရောက်နေတဲ့ ပီနန်ဆရာတော်ကြီးနဲ့ မကင်းခဲ့ဘူးလို့ သိရတယ်။ အန်ကယ်ရော ပီနန်ဆရာတော်ကြီးနဲ့ ဆုံခဲ့သေးလား။
ပီနန်ဆရာတော်ကြီးနဲ့ တွေ့ခဲ့ဖူးတယ်။ ဆရာတော်ကြီးက နိုင်ငံရေး မလုပ်ဖူးဘူး။ ဒါပေမဲ့ နိုင်ငံရေး လုပ်တဲ့ သူတွေကို အများကြီး ထောက်ပံ့တယ်။ ပြီးတော့ ပီနန်ဆရာတော်ကြီးက အများကြီး လှူတယ်။ လှူလွန်း အားကြီးလို့ အချို့ ဘုန်းကြီးတွေကတောင် မကျေနပ်ဘူး။ ပီနန် ဆရာတော်ကြီး မိန့်တာက ဘုန်းကြီးဆိုရာမှာ ဒုက္ခရောက်နေတဲ့ သူတွေကို လှူရမှာတဲ့။ ပီနန်ဆရာတော်ကြီး ဒီမှာ လှူထားတာ ရှိတယ်။ တာမွေမှာလေ။ မဟာသန္တိသုခ ကျောင်းလေ။ အဲဒါကြီးကိုလည်း သိမ်းထားပြီး ကပွဲရုံကြီးလို လုပ်ထားတယ်။ ဒီတော့ ဘုန်းကြီးက စိတ်မကောင်းဘူးပေါ့။ ဘုန်းကြီးက တကယ်လှူ၊ တကယ်ပေးတဲ့ ဘုန်းကြီး။ ကျွန်တော်တို့ကိုလည်း ပေးခဲ့ဖူးတယ်။ ကျွန်တော်တို့ သွားတော့ မင်းတို့က တကယ်လုပ်နေတဲ့ သူတွေကွ။ ငါက အဲဒီ လိုလူမျိုးတွေကို ပေးမှာတဲ့။ လုပ်တဲ့သူတွေ အားလုံးကို ပေးတယ်။ တစ်ခုပဲ မင်းတို့ မလွဲကြနဲ့တဲ့။ ဒီလိုဘုန်းကြီး။ မိုးသီးဇွန်တို့ဆို မကောင်းဘူး။ သူတို့လုပ်သွားတာ ကျွန်တော် မကြိုက်ဘူး။ (၉ လေးလုံး လှုပ်ရှားမှု ပြုမည်ဆိုကာ ပီနန် ဆရာတော်ကြီးထံမှ ဒေါ်လာ သောင်းဂဏန်းနီးပါး ကိုမိုးသီးဇွန်တို့က ရယူသွားဖူးသည်ဟု NLD(LA) ဥက္ကဋ္ဌ ဟောင်း စာမော်ကွန်း ဦးဝင်းခက်က ပြောကြားဖူးသည်။ ယင်းကို ရည်ညွှန်း ပြောခြင်း ဖြစ်သည်။) ကိုမိုးသီးက ဟိုလိုဒီလို လုပ်သွားတာ။ သူက နဂိုကတည်းက ခုံလိုချင်တဲ့သူ။ ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိတယ်။ ကျွန်တော်နဲ့ နိုင်ငံခြားမှာ နေခဲ့ဖူးတယ်။ ဘယ်တော့မှ သူ မလုပ်ဘူး။ သူများလုပ်ပြီဆို သူလုပ်သလို လာလုပ်တယ်။ အဲဒီလိုမျိုးတွေလည်း အများကြီးပဲ။ ကျွန်တော် ပြန်လာမယ်ဆိုတုန်းက မိုးသီးတို့၊ ထွန်းအောင် ကျော်တို့က ပြောတယ်။ ခင်ဗျားမပြန်နဲ့ ဥခံရမယ်တဲ့။ အခု ဥခံရတာသူတို့။ ဦးအောင်မင်းတို့ ဥတာလေ။ ဦးအောင်မင်းတို့ဆိုတာ တရုတ်ကို ကျေးဇူးရှင်လို့တောင် ပြောတဲ့သူတွေ။ တိုင်းပြည်မှာကုန်ပြီ။ မန္တလေး ဆိုလည်း အကုန် တရုတ်တွေ ချည်းပဲ။ ဒါက သူတို့ လုပ်ခဲ့တာ။ ဗမာတွေက အကုန် ဘေးရောက်ကုန်ပြီ။ အဲဒီလို လူတွေက ချမ်းသာတော့ တကယ့် ပညာတတ်တွေက နိုင်ငံခြားကို ထွက်သွားရတာ။ အခု ပြန်လာတဲ့ သူတွေ၊ အစစ်တွေ မဟုတ်ဘူး။ ကျွန်တော် ရိုးရိုးသားသား ပြောတာ။ အစစ်တွေက လိုချင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းချင်တာ။ အခုပြန်လာတဲ့သူတွေက လုပ်စားချင်တဲ့ သူတွေ။ ကျွန်တော် အသိဆုံးပဲ။ အခုငြိမ်းချမ်းရေး လုပ်နေတဲ့ ဗိုလ်ချုပ် …. တို့က အတွေ့အကြုံ မရှိဘဲ ဆန္ဒစောပြီး လုပ်နေတာ။ နောက် တစ်ယောက် ရှိသေးတယ်။ …. ပိညက် ပိညက်နဲ့ ကျွန်တော် ကောင်းကောင်းသိတယ်။ အတူတူနေလာတာ။ သူတို့ကို ဟိုမှာ နိုင်ငံရေးနဲ့ ဘယ်သူမှ သုံးမစားဘူး။ အနာခံတဲ့ သူတွေ မဟုတ်ဘူး။ အခုပြန်လာပြီ။ သူက အဲ လက်မှတ် ထိုးနေတယ်။ သူထိုးလည်း ပြီးမလား။ အခုငြိမ်းချမ်းရေးဆိုတာ အကုန်လုံး ပြန်လုပ်ရမှာ။
အန်ကယ် အခုလုပ်မယ့် ၉၀ ကိုယ်စားလှယ် အစုအဖွဲ့အတွက် ဦးအောင်မင်းတို့ Myanmar Egress က ငွေကြေး ထောက်ပံ့မယ်လို့ ကြားနေရတယ်။
တစ်ပြားမှမရှိဘူး။ သူတို့ အထောက်အပံ့ မယူဘူး။ နားမလည်တဲ့ သူတွေယူမှာ ဒီလူတွေက လုပ်စားနေတာ။ ဦးအောင်မင်းတို့ကို ကြည့်ပါလား။ ကျွန်တော် အခုလုပ်မှာက ၉၀ အမတ်တွေကို ကျွန်တော် စည်းရုံးပြီးပြီ။ သူတို့က ကျွန်တော့်ကို ပေးလိုက်ရင် ငြိမ်သွားမယ် ထင်တာ။ ကျွန်တော်မယူဘူး။ အခုလုပ်မှာ ကျွန်တော့်ခြံကို ရောင်းပြီး ငွေထည့်လုပ်မှာ။
ဒါဆို ဒီသတင်း ထွက်တာက အန်ကယ် ပြန်ရောက်စက သူတို့ ပေးတယ်ဆိုတဲ့ဟာနဲ့ ရောပြီး ထွက်တာလား။ ဒါမှမဟုတ် တမင်သတင်းလွှင့်တာ ဖြစ်မလား။
ကျွန်တော့်ဘက်က ရှင်းတယ်။ ကျွန်တော် ပြောတာတွေ သတင်းစာထဲ ထည့်ရေးလိုက်။ ကျွန်တော် မယူဘူး။ သူတို့က ဇဝေဇ၀ါ ဖြစ်အောင် လုပ်တာ ဖြစ်မှာပေါ့။ သူတို့က ကျွန်တော်နဲ့ တွေ့တုန်းက ဓာတ်ပုံတွေ တွဲရိုက်တယ်။ ပြီးတော့ ဓာတ်ပုံတွေ ထည့်တယ်။ ဒီတော့ နိုင်ငံခြားက လူတွေက ကျွန်တော့်ကို သူတို့နဲ့ ပေါင်းပြီး တောင်ကြီးမှာ ချမ်းချမ်းသာသာ နေနေရပြီ ထင်နေတာ။ ကျွန်တော် ၀င်လာတော့ မိုးသီးဇွန် တို့က တားတာပဲ။ အခုဘယ်သူ ပေါင်းပြီး ငြိမ်နေလဲ။ ကျွန်တော်က တကယ် ငြိမ်းချမ်းရေး လိုချင်တာ။ တရားဥပဒေ စိုးမိုးရေး လိုချင်တာ။ ဒီအတွက် အခုလည်း တိုက်မှာပဲ။ ဘာစစ်တပ်က ၂၅ ရာခိုင်နှုန်း ယူနေစရာလိုလဲ။ သတ္တိ ရှိရင် ၀င်အရွေးခံမလား။
ကိုမိုးသီးဇွန်တို့နဲ့ရော ပြည်တွင်းမှာ တွေ့သေးလား။
ကိုမိုးသီးတို့နဲ့ သူလာစမှာ တွေ့သေးတယ်။ ကိုထွန်းအောင်ကျော်နဲ့တောင် သုံးဆယ်ဘက်မှာ ထောင်ထဲမှာ ကျနေတဲ့သူတွေကို ပစ္စည်းတွေ သွားလှူပေးတယ်။ ဒီ မောင့်ကိုတော့ လေးစားတယ်။ ဒီကျောင်းသား လောကထဲမှာ သူက ပထမ။ ABSDF မှာပေါ့ သူလုပ်တာမှားလို့ စစ်တပ်ဖြစ်ပြီဆို မဲနဲ့ရွေးရတာ မဟုတ်ဘူး။ မဲနဲ့ရွေးတော့ သူ ရှုံးသွားတာပေါ့။ သူက တရားမျှတမှုကို ကြိုက်တော့ ဖယ်ပေးလိုက်ပြီး အေးဆေးနေတာ။ ဟိုနှစ်ယောက်ကတော့ တက်ရွေးပြီး ကွဲကုန်တော့ ABSDF နှစ်ခု ဖြစ်ရတယ်။ နောက်ပြီး သူတို့ထဲမှာ ကျောင်း သားတွေကို သတ်တာဖြတ်တာ သူတို့တွေ။ နိုင်အောင်တို့။ သူတို့က တပ်မတော်နဲ့ ပေါင်းပြီး ထောက်လှမ်းရေး လုပ်တယ်ဆိုပြီး သတ်ပစ်တာပေါ့။ မတရားမှုတွေ။ သူတို့ကို ကျွန်တော် ပြောထားတယ်။ ကျွန်တော့်မှာ စာရှိတယ်။ မင်းတို့ မြန်မာပြည် ပြန်ဝင်လို့ နိုင်ငံရေး ဆက်လုပ်မယ်ဆိုရင် မင်းတို့ကို ငါအဲဒါ ဖော်မှာလို့။ အခု ကျွန်တော် ဖော်စရာ မလိုတော့ဘူး။ သူ့ဘာသာပေါ်တာ။ မကောင်းမှုဆိုတာ ဘယ်တော့မှ မတည်မြဲဘူး။ မြှောက်ပေးတာကလည်း KIO က။ ကျောင်းသားတွေ ညီညွတ်လို့ အားကြီးရင် သူတို့သြဇာ ကျမှာစိုးလို့။ ဒါပဲ အာဏာရူး သွားရင် ပျက်တာပဲ။ အခုလည်း သူတို့က အာဏာရူး၊ ငွေရူးနေတာ။
အခု ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေတွေရော ဘယ်လိုရှိလဲ။
နိုင်ငံခြားက တချို့ကတော့ ပြန်လာမှာ မဟုတ်တော့ဘူး။ နိုင်ငံသား ခံထားတာ များတယ်။ မိသားစုတွေနဲ့ အိမ်တွေ ဘာတွေ ၀ယ်ထား၊ ကလေး ပညာရေးတွေကလည်း ရှိနေကြတယ်။ တချို့ကတော့ ပြန်လာကြမှာပါ။
ဦးစိန်ဝင်းတို့ကရော။
ဦးစိန်ဝင်းတို့ကတော့ ပြန်လာမယ် မထင်ဘူး။ ဦးစိန်ဝင်းတို့ ကိုယ်တို့ နေရာပေးတာက အကြောင်း(၃)ချက် ရှိတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုး၊ ဦးဘ၀င်းရဲ့သား။ ပြီးတော့သူက Ph.D ရထားတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ နိုင်ငံရေးမှာ ပြည်သူကို သိဖို့ အရေးကြီးတယ်။ ပြီးတော့ သူက နိုင်ငံရေးလုပ်တာ။ သူ့ကို သူများ ဝေဖန်မှာ ကြောက်တယ်။ ဆင်းရဲမှာ ကြောက်တယ်။ အဲဒါမဖြစ်ဘူး။
စင်ပြိုင်အစိုးရ၊ ညွန့်ပေါင်း အစိုးရအဖွဲ့က ပျက်သွားပြီဆိုတော့ အဲဒီအဖွဲ့က လူတွေရဲ့ ရပ်တည်မှုကရော။
ကျွန်တော့် ယုံကြည်ချက်ကတော့ ကျွန်တော်က ငယ်ငယ်က ကင်းထောက် လုပ်ဖူးတော့ ကင်းထောက်မှာ သစ္စာဆိုရတာ ရှိတယ်။ ကင်းထောက် တစ်ခါဖြစ်ဖူးရင် အမြဲကင်းထောက်ရဲ့ကတိနဲ့ သစ္စာကို တည်ရတယ်။ အခု လူတွေကတော့ ဒါမရှိတော့ —-နဲ့ ရပ်တည်မှုတွေ ပျက်ကုန်တယ်လို့ ပြောရမှာပေါ့။ ဒါတွေက တကယ်ဆို အသက်နဲ့ ပေးပြီး လုပ်ရမှာ။ အခုတော့ ငြိမ်သွားတယ်။ ကျွန်တော်က ဦးဝင်းတင်ကို သဘောကျတယ်။ နိုင်ငံရေးက ဒီလိုပဲ ပန်းတိုင် မရောက်မချင်း မပြောင်းဘဲ လုပ်ရမှာ။ ဦးဝင်းတင်ဆို အခုထိ အောက်ခြေ ပြည်သူတွေအတွက် တိုက်နေတာ။ ဦးဝင်းတင်သာ အာဏာ၊ ငွေလိုချင်ရင် အခုသူ တို့နဲ့ပေါင်း သူလိုချင်တာ ပေးမှာ။ ဒါပေမဲ့ ဦးဝင်းတင် မလုပ်ဘူး။ အဲဒါမျိုးပဲ သဘောကျတယ်။ ဒါမျိုးကို အားလုံး ဖြစ်ရမှာ။ အခုက အားလုံးက ပေါင်းပြီး စားသွားပြီ။ ကျွန်တော် ကြည့်ရတာ တော်တော် စိတ်ဓာတ်ကျတယ်။ လုပ်စားကုန်ကြ တာပေါ့။
အခု ငြိမ်းချမ်းရေး လုပ်နေကြတာ အန်ကယ် ပြောပုံအရဆို လုပ်စား နေကြတာပေါ့။ အဲဒီလိုလား။
တစ်ခုပဲကြည့်လေ။ စေတနာပါရင် ပျက်အစဉ် ပြင်ခဏ။ ခဏလေးနဲ့ လုပ်လို့ရတယ်။ အခုက စွဲနေကြတာ။ ဦးအောင်မင်းတို့။ သူတို့ ရာထူးက မပြုတ်သရွေ့ သူတို့ မသေသေးသရွေ့၊ သူတို့ရာထူးတွေ ဆက်ရနေအောင် ရေရှည် ဆွဲထားကြတာ။ လွှတ်တော်ကလည်းကြည့်၊ အခုအလုပ်တောင် မလုပ်ရသေးဘူး။ ဘာမှမဖြစ်သေးဘူး။ လခတွေ တိုးတောင်းနေတာ။ အခု သူတို့ တွေ့နေတဲ့ နိုင်ငံတကာက လူတွေ အန်ကယ်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အကုန်တွေ့ပြီးပြီ။ သူတို့မေးကြည့်။ နိုင်ငံတကာမှာ လွှတ်တော်ဆိုတာ သေးသေးပဲ။ ဒီလို အဆောင်ဆောင် အခန်းခန်းတွေ မရှိဘူး။ လွှတ်တော်လာ စကားပြောပြီးရင် ရေလေး တိုက်လိုက်ပြီး ပြန်ပဲ အလုပ်လုပ်သွားတာ။ အခုက လွှတ်တော်က ထည်ဝါခမ်းနားပြီး ပြည်သူတွေက ငတ်နေတယ်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတာ။ ပန်းခင်းကြီးတွေနဲ့ လှလို့။ ဒီပန်း တွေရဲ့ စရိတ်က ဆင်းရဲသားတွေ ထမင်းစားလို့ရတယ်။ ဆေးရုံတွေမှာ မရှိတဲ့ ဆေးတွေ ၀ယ်ပြီး ကုပေးလို့ရတယ်။ အုတ်တံတိုင်းကြီးတွေများ ဟည်းလို့။ အဲဒီ အုတ်တံတိုင်းကြီးတွေ ဆောက်မယ့်အစား လမ်းတွေခင်းရင် မြန်မာပြည်က လမ်းတွေ အကုန်ကောင်းနေပြီ။ ကျွန်တော်က အဲဒါတွေ ကြည့်ပြီး ရင်နာတယ်။ ပြည်သူ၊ ပြည်သူနဲ့ အော်ပြီး အဲယားကွန်းခန်း ကျယ်ကြီးထဲမှာ ပြည်သူ ချွေးပြိုက်ပြိုက် ကြနေတယ်။ ဒါတွေ အမှန် သိစေချင်တယ်။ သူတို့က တိုင်းပြည်ကို ၀ါးမျိုနေတာ။ ပြီးတော့ ကျေးဇူးမတင်တဲ့ အပြင် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမှာ။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ လုပ်သေးတယ်။ ပြီးရင် စစ်တပ် က အုတ်တံတိုင်းကြီးတွေက ဟိန်းနေတယ်။ ဆေးရုံတွေက စုတ်ပြတ်နေတယ်။ ကျောင်းတွေက ဇရပ်လိုပဲ။ ဒါကို ပြောင်းလဲတယ်လို့ ပြောနေတယ်။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က သွားတယ်။ အခုလည်း ဒီ အတိုင်းပဲ။ ဒါအဖြေပဲ၊ ဘာမှ မကြည့်နဲ့။
ဟုတ်ကဲ့ခင်ဗျ။ အခုလို ပြောကြားပေးတာ ကျေးဇူးပါပဲ။
အံ့ခေါင်မင်း

No comments: