Wednesday, November 13, 2013

တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

 


စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN ၏ ပြင်းထန်သော ထိုးနှုက်တိုက်ခတ်မှုအား ခံစားခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံ TACLOBAN မြို့ပေါ်မှဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ဆင်းသက်ရောက်ရှိလာသည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နိုဝင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ အဆင့် HIGH တွင် ဆက်လက် တည်ရှိနေပါသည်။
90W သည် ယနေ့(၁၃-၁၁-၂ဝ၁၃) ညပိုင်းမှ စတင်၍ တောင်တရုတ်ပင်လယ်တောင်ပိုင်း Sparatly ကျွန်းစုများအနီးတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုးအားကောင်းလာ၍ ဗီယက်နန်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။ ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်စဉ် ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၆ဝ ကျော်နိုင်ကြောင်း တွေ့ရပါသည်။
မုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီးနောက် ဗီယက်နန်ကမ်းခြေ၊ ကမ္ဘောဒီးယားနိုင်ငံတို့အား ကျော်ဖြတ်တိုက်ခတ်၍ ထိုင်းပင်လယ်ကွေ့အတွင်း ရောက်ရှိကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် - နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း – ထားဝယ်နှင့်မြိတ်မြို့တို့ ကြားမှ ဖြတ်သန်းလျှက် ကပ္ပလီပင်လယ်အတွင်းသို့ စတင်ရောက်ရှိမည်ဖြစ်ပါသည်။
ကုန်းတွင်းမြေမျက်နှာပြင်အား ဖြတ်သန်းလာခဲ့ရပြီး အားလျော့ကျသွားသော်လည်း ကပ္ပလီပင်လယ်တွင် ပြန်လည် အားကောင်းလာပြီး အန်ဒါမန်ကျွန်းမြောက်ပိုင်းမှ ဖြတ်၍ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်မည် ဖြစ်ကြောင်း တွေ့ရပါသည်။ နိုဝင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ကိုကိုးကျွန်းနှင့် အန်ဒါမန်ကျွန်းမြောက်ပိုင်းသို့ ရောက်ရှိချိန်၌ ဗဟိုလေတိုက်နှုန်း 35 knots(40 mph) အထိ ရှိနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိသည့်အခါ ပိုမိုအားကောင်းလာနိုင်ကာ ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၆ဝ ခန့်အထိ ရှိလာနိုင်ပါသည်။(ပုံ)
ပုံတွင်တွေ့ရသည့်အတိုင်း ၁၆ ရက်နေ့မှ စတင်၍ မြစ်ဝကျွန်းပေါ်ကမ်းလွန်ပင်လယ်ပြင်တွင် အရှေ့ဘက်မှ လေတိုက်နှုန်း 35 knots(40.27 mph) အထိရှိနိုင်မည် ဖြစ်ကြောင်း ကွန်ပျူတာမော်ဒယ် ခန့်မှန်းများ၌ တွေ့ရသဖြင့် မြစ်ဝကျွန်းပေါ် ကမ်းနီးကမ်းဝေး ရေလုပ်သားများအတွက် လေပြင်း/လှိုင်းကြမ်း ကျရောက်နိုင်မည့် အန္တရာယ်မှ ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။
မှတ်ချက်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုးအားကောင်းလာပြီး မုန်တိုင်းငယ်(Tropical Storm – TS)အဆင့်သို့ ရောက်ရှိကာ ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်နှင့်  သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းအား နိုဝင်ဘာလ ၁၅ ရက် နံနက် အစောပိုင်း၌ ကျော်ဖြတ်ဝင်ရောက်သွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်ချိန်တွင် ဗဟိုလေတိုက်နှုန်း 50 knots(57.54 mph) ရှိနိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာမော်ဒန့်မှန်းချက်များတွင် တွေ့ရပါသည်။
17NOV-00Z-new-system-developing

No comments: