Monday, November 25, 2013

နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ၂၀၁၄ ဧပြီမှာ ဖြစ်မြောက်လာရေး ကြိုးပမ်းမည်



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကို လာမယ့် ၂၀၁၄ ဧပြီလလောက်မှာ ဖြစ်မြောက်လာအောင် ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးပါတီ ၁၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံအပြီး RFA ရဲ့ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုပြောလိုက်တာပါ။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးတာကတော့ ကျနော်တို့က ဒီဇင်ဘာပြီးရင်တော့ ဘယ်နေ့လုပ်မယ်ဆိုတာ ပါလာမှာပေါ့၊ သို့သော်လည်းပဲ ဒီလုပ်ငန်းစဉ်က အစပဲရှိသေးတယ်၊ သူတို့တောင်းဆိုနေတာက နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေးပါ၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေးပါ၊ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲ စလုပ်မှာပေါ့၊ ကျနော်မှန်းတာကတော့ ဒီ ၂ဝ၁၄ ခုနှစ် ဧပြီလလောက်မှာ စလုပ်နိုင်အောင် ကြိုးစားကြည့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဥစ္စာကို တစ်နှစ်ပဲအချိန်ရတယ်”

အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ချင်းမိုင်ဆွေးနွေးပွဲက တွေ့ရှိချက်တွေကို ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့တွေ့ဆုံပြီး ရှင်းပြတာဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

အဲဒီဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့်ကြောင်းသိရပါတယ်။ လတ်တလောမှာတော့ ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနေကြတာပါ။

No comments: