Friday, November 15, 2013

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ (၂၂) နှစ်တာဆောင်ရွက်ချက်များ (အကျဉ်း)


ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ (၂၂) နှစ်တာဆောင်ရွက်ချက်များ (အကျဉ်း)
နိဒါန်း
၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပေါင်း ၄၈၅ ခု အနက် ၃၉၂ နေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မဲဆန္ဒရှင်ပြည်သူများက တခဲနက် ထောက်ခံဆန္ဒမဲ ပေးခဲ့ကြ သည်။ တနည်းအားဖြင့် တိုင်းပြည်၏ အချုပ်အခြာအာဏာ (Sovereign Power) (သို့) ဥပဒေပြုအာဏာ (Legislative Power)၊ တရားစီရင်ရေးအာဏာ (Judicial Power) နှင့် အုပ်ချုပ်ရေးအာဏာ (Executive Power) သုံးရပ်လုံးကို NLD အား တရားဝင် ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုနည်းတူ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည် ၆၇ နေရာ၌ အနိုင်ရရှိခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးစုများကလည်း UNLD အား ယုံကြည်စွာ တာဝန်ပေး လိုက်ခြင်းဖြစ်ပေသည်။

ယင်းရွေးကောက်ပွဲများကို ကြီးမှူးကျင်းပပေးခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် “၄င်းတို့အနေနှင့် တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားလိုသော ရည်ရွယ်ချက် မရှိကြောင်း၊ ရွေးကောက်ပွဲပြီးပါက အနိုင်ရနိုင်ငံရေးပါတီအား အာဏာလွှဲပြောင်းပေးပြီး တပ်မတော်အနေနှင့် စစ်တန်း လျားသို့ ပြန်သွားရုံသာဖြစ်ကြောင်း” လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခဲ့သည်။ (နဝတ) ကလည်း ယင်းရွေးကောက်ပွဲ သည် “တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ကြောင်း” ကမ္ဘာသိ ထုတ်ပြန်ကြေညာခဲ့ပြီး အနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များစာရင်းကိုလည်း နိုင်ငံတော်ပြန်တမ်း (Burma Gazette) ၌ တရားဝင် ထည့်သွင်း ထုတ် ပြန်ခဲ့သည့်အတွက် နိုင်ငံတကာကလည်း ကြိုဆိုအသိအမှတ်ပြုခဲ့ကြသည်။ ၄င်းအနေအထား၌ (နဝတ) အနေ နှင့် ဆက်လက်ဆောင်ရွက်ရမည့် တခုတည်းသောတာဝန်မှာ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော်အား ခေါ်ယူ ပေးပြီး ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စံနစ်တကျ အာဏာလွှဲပြောင်းပေးရန်သာဖြစ်သည်။

သို့ရာတွင် (နဝတ) က ၄င်းတို့ လူသိရှင်ကြားပေးထားခဲ့သော ကတိများကိုချိုးဖေါက်ခဲ့ကြပြီး ပြည်သူ့ လွှတ်တော် ခေါ်ယူကျင်းပပေးရန် ပျက်ကွက်ခဲ့ရုံသာမက ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မတရားဖမ်းဆီးခြင်း၊ အမှုဆင်ထောင်ချခြင်း၊ အဖွဲ့ချုပ်၏လုပ်ငန်းများ ဆောင် ရွက်၍ မရလောက်အောင် မတရားဖိနှိပ်ချုပ်ချယ်ခြင်း စသည့်လုပ်ရပ်များဖြင့် မြန်မာပြည်သူတို့၏ မဲဆန္ဒများနှင့် ရွေး ကောက်ပွဲရလဒ်ကို ပြောင်တင်းစွာဆန့်ကျင်ခဲ့ကြသည်။

ရွေးကောက်ပွဲရလဒ်များနှင့်အညီ ပြည်သူ့လွှတ်တော်တရပ် ခေါ်ယူကျင်းပပေးရေးအတွက် တရားဝင် တောင်းဆိုမည့် ၁၉၉ဝ၊ ဇူလိုင်လ ၂၈ ရက်၊ ၂၉ ရက်နေ့များတွင် ခေါ်ယူကျင်းပရန် ပြင်ဆင်ထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဒီခန်းမ ညီလာခံမတိုင်မှီ တရက်အလို ၂၇-၇-၁၉၉ဝ နေ့တွင် (နဝတ) ကကြေညာချက်အမှတ် ၁/၉ဝ ကို ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းကြေညာချက် အပိုဒ် (၁၉) ၌ (နဝတ) ၌သာလျင် ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာများကို ကျင့်သုံးပိုင့်ခွင့်ရှိကြောင်းနှင့် အပိုဒ် (၂ဝ) ၌ “ပြည်သူများက ရွေးကောက် တင်မြှောက် လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်သာ တာဝန် ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်” စသည်ဖြင့် ပါရှိခဲ့သည်။

ထိုကဲ့သို့ (နဝတ) စစ်အာဏာရှင်များ၏ လူထုဆန္ဒနှင့်ဆန့်ကျင်၍ တိုင်းပြည်အာဏာ ဆက်လက်ချုပ်ကိုင်ထားလိုမှု၊ ရွေးကောက်ပွဲရလဒ်များကို လေးစားလိုက်နာ အကောင်အထည်ဖေါ်ပေးလိုသောဆန္ဒကင်းမဲ့မှုများ ထင်ရှားစွာ ပေါ်လွင် လာခြင်းကြောင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွင်း လျှို့ဝှက်အစည်းအဝေးများ ကျင်းပကြကာ “စင်ပြိုင်အစိုးရတရပ်” ဖွဲ့စည်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ယင်းဆုံးဖြတ်ချက်ကို လက်တွေ့ အကောင် အထည်ဖေါ်နိုင်ရန်အတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင် နေကြသော မြန်မာပြည် လွတ်မြောက် နယ်မြေရှိ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ခေါင်းဆောင်ကြီးများ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB) ခေါင်းဆောင်ကြီးများထံ ကိုယ်စားလှယ်များစေလွှတ်ကာ ဆက်သွယ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဤလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့ကြရသော မိမိတို့ပြည်သူ့ကိုယ်စားလှယ်များ၏ အတွေ့အကြုံနုနယ်မှု၊ သတင်း လုံခြုံရေးဆိုင်ရာအားနည်းမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း၌ ပြည့်စုံလုံလောက်သော ဆက်သွယ် ညှိနှိုင်းမှုများ၊ စံနစ်တကျ ပြင်ဆင်မှုများ မပြုလုပ်နိုင်မီ သတင်းများပေါက်ကြားပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ထို့ကြောင့် DAB နှင့် NDF ခေါင်းဆောင်များဘက်မှ မိမိတို့၏ လိုလားချက်များအား ထောက်ခံအားပေးကူညီ မည်ဖြစ်ကြောင်း အကြောင်းပြန် ကြားချက် ရရှိသောအချိန်တွင် မူလရည်ရွယ်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေထက် များစွာနည်းပါး သည့် တာဝန်ပေးခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အဖွဲ့ချုပ်စည်းရုံးရေးမှူး အချို့သာ မွန် ပြည်သစ်ပါတီနယ်မြေမှတဆင့် ကရင့်အမျိုးသားအစည်းအရုံး (KNU) ဋ္ဌာနချူပ် “မာနယ်ပလော” သို့ ရောက်ရှိလာနိုင် ခဲ့ကြပြီး၊ အခြားလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် စည်းရုံးရေးမှူးများက အိန္ဒိယ ဘက်သို့ ရောက်ရှိသွားခဲ့ကြသည်။

လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား NDF နှင့် DAB ခေါင်း ဆောင်ကြီးများ၊ တပ်ပေါင်းစုအဖွဲ့ဝင် တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများက နွေးထွေးလှိုက်လှဲစွာ လက်ကမ်းကြိုဆိုခဲ့ကြပြီး ၄င်းတို့အနေနှင့် ဖွဲ့စည်းရန်ပြင်ဆင်ထားပြီးဖြစ်သည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာ ပြင်ဆင်ချက် အရပ်ရပ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့ လွှဲအပ်ပေးခဲ့ကြရုံသာမက နိုင်ငံရေးနှင့် ဘဏ္ဍာရေးအရလည်း ကူညီပံ့ပိုးခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် တဖက်တွင် ပြည်သူလူထုဆန္ဒနှင့် ၄င်းတို့ကိုယ်တိုင် ကြီးမှူးကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်များကို ဆန့်ကျင်၍ တိုင်းပြည်အာဏာကို အဓမ္မဆက်လက် ချုပ်ကိုင်ထားလိုကြသော စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာရမက်ကြီးမားမှုနှင့်၊ အခြားတဖက်၌ ကိုယ်တိုင်ရွေးကောက်ပွဲမဝင်၊ မဲဆန္ဒမပေးခဲ့ကြရသော်လည်း ပြည်သူ လူထုဆန္ဒနှင့် ရွေးကောက်ပွဲရလာဒ်များကိုလေးစားတန်ဖိုးထားခဲ့ကြသော DAB နှင့် NDF ခေါင်းဆောင်ကြီးများ၊ အဖွဲ့ ဝင် တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုများ၏ အဖက်ဖက်မှ ဝိုင်းဝန်းထောက်ခံ အားပေးကူညီမှုများကြောင့် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် ၁၉၉ဝ ခု ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ ဖွဲ့စည်းပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပါသည်။

NCGUB ၏ ဦးတည်ချက်များ
NCGUB သည် စတင်ဖွဲ့စည်းကတည်းက အောက်ပါ မဟာဗျူဟာဦးတည်ချက် (၄) ရပ် ထားရှိခဲ့သည်။ ၄င်းတို့မှာ-
(၁) စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊
(၂) ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ အကောင်အထည်ဖေါ်ရေး၊
(၃) ပြည်တွင်းငြိမ်းချမ်းရေးနှင့်
(၄) တိုင်းရင်းသားလူမျိုးစုံ မြန်မာပြည်သူအားလုံးနှင့် တဦးချင်းစီ၏ဒီမိုကရေစီအခွင့်အရေးများ၊ အခြေခံလူ့အခွင့်အရေး များကို အပြည့်အဝအာမခံမည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့ ဖြစ်သည်။
NCGUB ၏ နိုင်ငံရေးရပ်တည်ချက်များ
• မြန်မာနိုင်ငံ၏ အခြေခံပြဿနာများမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိတ်သုဉ်းမှုနှင့် တိုင်းရင်းသား တန်းတူ ညီမျှရေး ကင်းမဲ့မှုများဖြစ်သည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာများ (သို့) နိုင်ငံရေး ပြဿနာများ ဖြစ်၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူ (Negotiated Political Settlement Principle) ကို ခိုင်မာစွာကိုင်စွဲသည်။
• မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအနေအထားများ (Political Realities) အရ အသွင်ကူးပြောင်းရေးကာလ (Transitional Period) တရပ်ကို ဖြတ်သန်းပြီးမှသာလျင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတခုကို ထူထောင်သွားနိုင်မည်ဟု ခံယူသည်။
• ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ စစ်မှန်သော တိုင်းရင်းသားလူမျိုးစု ကိုယ် စားလှယ်များနှင့် တပ်မတော်ခေါင်းဆောင်များ စုံညီစွာပါဝင်သည့် နိုင်ငံရေးအရ အဓိပ္ပါယ်ရှိသော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲများ (Tripartite Dialogs) သည် အမျိုးသားပြန်လည် သင့်မြတ်ရေး (National Recon-ciliation) နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး (Democracy Development) တို့အတွက် အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်ဟု ခံယူထားသည်နှင့်အညီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ထွန်း လာရေး အတွက် အထောက်အကူ ပြုမည့် ပြည်တွင်းနှင့် နိုင်ငံတကာ အခင်းအကျင်းများ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်ရေးသည် NCGUB ၏ အဓိကရည်မှန်းချက် (Principle Objective) ဖြစ်သည်။

အဆိုပါ မဟာဗျူဟာနှင့် နည်းဗျူဟာရည်မှန်းချက်များ အကောင်အထည်ပေါ်လာရေးအတွက် အောက်ဖေါ်ပြပါ ကဏ္ဍ (၄) ရပ်၌ အလေးပေး အားထုတ်ဆောင်ရွက်ခဲ့ပါသည်။
၁။ Core Political Actions အဓိကနိုင်ငံရေးလှုပ်ရှားမှုများ ဖေါ်ဆောင်ခြင်း
၂။ Capacity Building အရည်အသွေးမြှင့်တင်ရေး၊
၃။ Transitional Planning အသွင်ကူးပြောင်းရေးကာလအစီအမံများပြင်ဆင်ခြင်း
၎။ Coalition Building မဟာမိတ်များနှင့်လက်တွဲဆောင်ရွက်ခြင်းတို့ဖြစ်ပေသည်။

(၁) Core Political Actions အဓိကနိုင်ငံရေးလှုပ်ရှားမှုများ ဖေါ်ဆောင်ခြင်း
NCGUB စတင်ဖွဲ့စည်းချိန်မှစတင်၍ အခြေခံအားဖြင့် စစ်အာဏာရှင်များ၏ မတရားဖိနှိပ်အုပ်ချုပ်မှု အောက်၌ ဆယ်စု နှစ်နှင့်ချီ၍ ခါးသီးစွာကြုံတွေ့ခံစားခဲ့ကြရသော လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ဒီမိုကရေစီဆိတ်သုဉ်းကင်းမဲ့မှုများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာပြည်သူများ၏ လိုလားချက်များကို နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းတွင် အမှန် အတိုင်းသိရှိပြီး လိုအပ်သောဖိအားပေးတောင်းဆိုမှုများ၊ အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာရေးအတွက်၎င်း၊ စစ် အာဏာရှင်များကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလူမျိုးစုံ အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၏ လှုပ်ရှားမှုများကို ဒေသတွင်းနှင့် နိုင်ငံတကာအားပေးထောက်ခံကူညီမှုများရရှိရေးအတွက် မဟာမိတ်အဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဆွေများနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၁ ခုနှစ်မှစတင်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် (UN Commission on Human Rights)၊ ယခု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) နှင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) တို့သို့ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များကို နှစ်စဉ် ဖိတ်ကြား ပြီး၊ NCGUB မှဦးဆောင်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သောအစီရင်ခံစာများ တင်သွင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ UN Human Rights Council Resolution နှင့် UN General Assembly Resolution တို့တွင် မိမိတို့ လိုလားချက်များ ပါရှိရေးအတွက် နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များ၊ United Nations မှတာဝန်ရှိပုဂ္ဂိုလ်များ နှင့် တွေ့ဆုံညှိနှိုင်းခြင်းတို့ကို နှစ်စဉ်မပျက် ဆောင်ရွက်ခဲ့သည့်အတွက် ၁၉၉၁ ခုနှစ်မှစတင်၍ UN Human Rights Council နှင့် UN General Assembly တို့မှ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်များ နှစ်စဉ် ချမှတ်ခဲ့ပါသည်။
ထင်ရှားသော ရလဒ်တခုမှာ ၁၉၉၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ နှင့်ပတ်သက်သော ဆုံးဖြတ်ချက် (UN General Assembly Resolution on Human Rights Situation in Myanmar) တွင် မြန်မာစစ်အစိုးရအနေနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး အတွက် အကောင်းဆုံးနည်းလမ်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစု၊ တိုင်းရင်း သားများ အင်အားစုနှင့် နဝတ/နအဖ စစ်အုပ်စုတို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်း ချမှတ်ခဲ့ပါသည်။

နိုင်ငံတကာနယ်ပယ်နှင့် ကုလသမဂ္ဂယန္တယားအတွင်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ရရှိနိုင်သမျှသော အထောက် အကူများရရှိအောင်ကြိုးပမ်းခဲ့မှုများ၏ အမြင့်မားဆုံးရလဒ်တခုမှာ ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များအဆင့်မှ အမြင့်မားဆုံးအဆင့်ဖြစ်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဆင့် အစည်းအဝေးအစီအစဉ်များ (UN Security Council Meeting Agenda) ၌ပါရှိလာအောင် မြောက်များစွာသော နိုင်ငံတကာ မိတ်ဆွေအစိုးရများ၊ အစိုးရမဟုတ်သောအင်အားစုများ၏ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်မှုဖြင့် စွမ်းဆောင် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၂ဝဝ၇ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များ (UN Security Council Resolution on Burma) ချမှတ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စု၏ အဆိုကို လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့်အလှည့်ကျအဖွဲ့ဝင် (၁ဝ) နိုင်ငံ စုစုပေါင်း (၁၅) နိုင်ငံ တက်ရောက်သော အစည်းအဝေး၌ မဲခွဲကြရာတွင် ထောက်ခံမဲ (၉) မဲဖြင့် အများစုက သဘောတူခဲ့ကြသည်။ သို့သော် ဗီတိုပါဝါ (Veto Power) သုံးပိုင်ခွင့်ရှိကြသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ၄င်းတို့၏ ဗီတိုပါဝါကိုသုံး၍ ပယ်ချခဲ့မှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရသည်။

လုပ်ငန်းများ အကောင်အထည်ဖေါ်သည့် နေရာဌာနများ
NCGUB စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ၁၉၉၅ ခုနှစ် မာနယ်ပလောဌာနချုပ် မကျဆုံးမှီအချိန်အထိ အခြား တော်လှန်ရေး အင်အားစုများနှင့်အတူ မာနယ်ပလောဌာနချုပ်ကို အခြေခံထား၍ လုပ်ငန်းအားလုံးကို ဆောင်ရွက်နိုင်ခဲ့ သော်လည်း မာနယ်ပလောဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း ဖြစ်ပေါ်လာသောအနေအထားများအရ NCGUB ၏ လုပ်ငန်းများကို အောက်ပါအတိုင်း ခွဲခြားဆောင်ရွက်ခဲ့ရသည်။

• အမေရိကန်ပြည်ထောင်စုအစိုးရ နိုင်ငံခြားရေးဌာန (US Department of State)၊ ပြည်ထောင်စုလွှတ်တော် (US Congress) တို့နှင့်တကွ အခြားအရေးကြီးသောအဖွဲ့အစည်းများနှင့် ပုံမှန်ထိတွေ့ဆက်ဆံဆောင်ရွက်ပြီး မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တိကျသော အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ (US Policy Towards Burma) တရပ် ရှိလာရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွါးရေးအရ ထိရောက်သော ဖိအားပေး အရေးယူမှုများ ဖြစ်ပေါ်လာရေး စသည်တို့ကို အာရုံစိုက် ဆောင်ရွက်သွားနိုင်ရန်အတွက်၎င်း၊ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းများကို ချောမွေ့စွာဆောင် ရွက်နိုင်ရန်အတွက်၎င်း ရည်ရွယ်၍ NCGUB ဝန်ကြီးချုပ်ရုံးကို အမေရိကန်ပြည်ထောင်စုတွင် အင်အားအကြီးမားဆုံး ဖြစ်သော American Federation of Labor and Congress of Industrial Organizations (AFL-CIO) အဖွဲ့ဝင် Brick Layers and Craft Workers Union (BLCWU) ၏ အကူအညီနှင့် ဝါရှင်တန်-ဒီစီ မြို့တော်တွင် ၁၉၉၄ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဦးဘိုလှတင့်တို့က တာဝန်ခံဆောင်ရွက်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြုပ်နှံမှုအသစ်များကို ဟန့်တားသည့် ဥပဒေ (US New Investment Ban) စတင် ပေါ်ထွက်လာခဲ့သည်။
• မြန်မာပြည်အရေးအတွက် အရေးပါသည့် တခုတည်းသော ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင် အာရှ နိုင်ငံများအသင်း (Association of South-East Asia Nations-ASEAN)၊ တရုတ်၊ ဂျပန်၊ သြစတြေလျ တို့နှင့်တကွ အာရှ-ပစိဖိတ်ဒေသတွင်းရှိ အစိုးရများ၊ ပါလီမန်များ၊ အခြားအရေးပါသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သွားနိုင်ရန်အတွက် NCGUB ဘန်ကောက် ရုံးကို ဖွင့်လှစ်၍ ဝန်ကြီးချုပ်ရုံး ဝန်ကြီး (အာရှ-ပစိဖတ်) မှ တာဝန်ခံ ဆောင်ရွက်ခဲ့ကြသည်။
• မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်ပြီး အင်အားကြီးနိုင်ငံတခုလည်းဖြစ်သော အိန္ဒိယနှင့်တကွ တောင်အာရှ နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် NCGUB နယူးဒေလီရုံးကို ဖွင့်လှစ်၍ ဝန်ကြီးချုပ်ရုံးဝန်ကြီး (တောင်အာရှ) မှ တာဝန်ခံဆောင်ရွက်ခဲ့သည်။
• NCGUB အနေနှင့် မြန်မာနိုင်ငံအတွင်းနှင့်နယ်စပ်ဒေသများ၊ တိုင်းရင်းသားလူမျိုးစု နယ်မြေများ၌ စဉ်ဆက် မပြတ် ဖြစ်ပွါးလျက်ရှိသော လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ စစ်ဆင်ရေးကာလအတွင်း ဖြစ်မြဲဖြစ်တတ်သော စစ်ရာဇဝတ်မှုများ (War Crimes) နှင့် ကလေးစစ်သားအဓမ္မစုဆောင်းမှုကဲ့သို့သော ဥပဒေမဲ့ဆောင်ရွက်ချက် များ စသည်တို့ကို နှစ်စဉ် လူ့အခွင့် အရေးမှတ်တမ်း (Human Rights Yearbook) အဖြစ် စံနစ်တကျ ပြုစုပြီး၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာပြည်အရေးကို စိတ်ဝင်စားကြသော နိုင်ငံတကာ အစိုးရများ၊ ပါလီမန်များ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများအတွင်း ကျယ်ပြန့်စွာ သိရှိ နိုင်ရေးကို ရည်ရွယ်၍ လူ့အခွင့်အရေးမှတ်တမ်းဌာန Human Rights Documentation Unit (HRDU) ကို ထူထောင် ခဲ့သည်။ ဝန်ကြီးတဦးမှ တာဝန်ခံခဲ့သည်။
• စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် NCGUB ၏ အန္တိမ ရည်မှန်းချက် တခု ဖြစ်သည်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုရေးရာကိစ္စများ ပြင်ဆင်ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းရှိ တိုင်းရင်းသားအင်အားစုများ၊ အဓိကမဟာမိတ်များဖြစ်ကြသော နယ်စပ်အခြေစိုက် တိုင်းရင်းသားအင်အားစု များ၊ ဒီမိုကရေစီ အင်အားစုများတို့နှင့် ဆက်စပ်ညှိနှိုင်းခြင်း၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ရန် NCGUB နယ်စပ်ရုံးကိုဖွင့်လှစ်ပြီး ဖက်ဒရယ်ရေးရာဝန်ကြီးက တာဝန်ခံအဖြစ် ဆောင်ရွက် ခဲ့သည်။
• ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရုံးနှင့်၊ အတွင်းရေးမှူးများနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ အကောင်အထည်ပေါ်လာရေးအတွက် အာရုံစိုက် ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ NCGUB Burma UN Service Office ကို နယူးယောက်မြို့တွင် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပြီး NCGUB ၏ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်က တာဝန်ခံဆောင်ရွက်ခဲ့ပါသည်။
• NCGUB ရုံးများ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုနိုင်သော်လည်း နိုင်ငံရေးအရအရေးကြီးသော နိုင်ငံအချို့တွင် NCGUB ၏ နိုင်ငံအလိုက် ကိုယ်စားလှယ်များ (NCGUB Country Representatives) ခန့်ထားပြီး သက် ဆိုင်ရာ အစိုးရများ၊ ပါလီမန်များ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအင်အားစုများနှင့် ဆက်သွယ် ဆောင်ရွက် စေခဲ့ပါသည်။ ၄င်းနိုင်ငံများမှာ သြစတြေလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် ဥရောပနိုင်ငံများ သမဂ္ဂတို့ ဖြစ်ကြပါသည်။
• အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပနိုင်ငံများသမဂ္ဂ (European Union) ၏အခန်းကဏ္ဍသည် မြန်မာပြည် အပြောင်းအလဲဖြစ်ရေးနှင့် မိမိတို့လှုပ်ရှားမှုအတွက်ပါ အထူးအရေးပါသည်ဟုခံယူသည်နှင့်အညီ ဥရောပ နိုင်ငံများ ကောင်စီ (European Council)၊ ဥရောပနိုင်ငံများပါလီမန် (European Parliament) တို့နှင့်တကွ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံအရေးကို ကောင်မွန်စွာနားလည်ပြီး လိုအပ်သော ဖိအားပေးအရေးယူ ဆောင်ရွက်မှုများ ဖြစ်ပေါ်လာရေး၊ အတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှုအပေါ် နိုင်ငံရေးအရ သာမက ဘဏ္ဍာရေးအရ အားပေးထောက်ခံကူညီမှုများ ပေးအပ်လာနိုင်ရန်အတွက် NCGUB-EU Representative ခန့်ထား ဆောင်ရွက်ယုံသာမက NCGUB ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်သော ဥရောပစည်းရုံးရေး ခရီးစဉ် များဖြင့် နှစ်စဉ် စံနစ်တကျ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ရလာဒ်များအဖြစ် ၁၉၉၁ ခုနှစ်တွင် EU က လက်နက်ရောင်းချမှုကို ဟန့်တားပိတ်ပင်သောဥပဒေ (EU Arms Embargo) ချမှတ်ခြင်းနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ခြင်း (Suspending Defense Co-operation) အရေးယူမှုများ ထွက် ပေါ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ၆ လ တကြိမ်ပြန်လည်သုံးသပ်မည့် EU Common Positions စတင် ပေါ် ထွက်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် NCGUB ၏ နိုင်ငံရေးအရဦးဆောင်မှုဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစု များအနေနှင့် အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်မှုများကို အကူညီပေးရန်နှင့် နိုင်ငံတကာ အနေ နှင့် မြန်မာပြည်အခြေအနေများကို စဉ်ဆက်မပြတ် သိရှိနေအောင် ဆောင်ရွက်သွားရန် ရည်ရွယ် ထားသော ယူရို-ဘားမားရုံး (Euro-Burma Office) ကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် မြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အထက်ပါရည်ရွယ်ချက်များကို ဖေါ်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် EU က Euro Burma Office မှတဆင့် ပေးအပ်သော ဘဏ္ဍာရေးအကူအညီများလည်း ရရှိလာခဲ့သည်။

(၂) Capacity Building အရည်အသွေးမြှင့်တင်ရေး
စစ်အာဏာရှစ် စံနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံဘဝနှင့်၎င်း၊ စစ်အာဏာရှင်တို့၏ မိမိကိုယ်မိမိ အထီးကျန် ဖြစ်ရေးမူဝါဒ (Self-Isolationism) ၏ သားကောင်များအဖြစ်၎င်း နှစ်ပေါင်းများစွာ အဖက်ဖက်၌ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ကြရသောသူ အများစုပါဝင်သော မိမိတို့ NCGUB အပါအဝင် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၏ လိုအပ်သောကဏ္ဍများတွင် အရည်အသွေးပြည့်မီသော အင်အားစုများဖြစ်လာကြပြီး အရည်အသွေး ပြည့်မီသော လှုပ်ရှားမှုကြီးမျိုးမှသာလျင် မြန်မာပြည်သူတို့လိုလားသော ပန်းတိုင်သို့ရောက်အောင် ဦးဆောင် သွားနိုင် မည်ဟု ယုံကြည်သည်နှင့်အညီ NCGUB အစိုးရအဖွဲ့ဝင်များ၊ ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦး ချင်းစီ၏ ဘာသာစကားကျွမ်းကျင်မှု၊ ခေတ်ပေါ် ဆက်သွယ်ရေးနည်း ကရိယာများ ကောင်းမွန်စွာ အသုံးချနိုင်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး အတွေ့အကြုံနှင့် ဗဟုသုတများ တိုးတက်ရေးအတွက် ရက်တိုရက်ရှည် သင်တန်းများ တက် နိုင်ကြရန် စီမံချက်များကို တတ်စွမ်းသမျှ ချမှတ်ဆောင်ရွက်ခဲ့သည်။

လှုပ်ရှားမှုကြီးအတွက် လိုအပ်ချက်တရပ်ဖြစ်သော ရေဒီယိုအသံလွှင့်ဌာနတခု ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ပြီး လက်တွေ့တွင် နော်ဝေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက်နှင့်တကွ ထောက်ခံ အားပေးကူညီမှုများ၊ အခြား အလှူရှင်များ၏ ကူညီမှုများဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ Democratic Voice of Burma (DVB) ရေဒီယို အစီ အစဉ်ကို ၁၉-၇-၁၉၉၂ နေ့မှစတင် ထုတ်လွှင့် နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ DVB သည် နိုင်ငံရပ်ခြားမှ မြန်မာ ဘာသာဖြင့်ထုတ်လွှင့်သော အသံလွှင့်ဌာနများအနက် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ပထမဦးစွာ ထုတ်လွှင့် တင်ဆက်နိုင်ခဲ့သော ရေဒီယို အသံလွှင့်ဌာနတခုဖြစ်သည်။ ယနေ့အထိ မြန်မာဘာသာ၊ တိုင်းရင်းသား ဘာသာများ ဖြစ်သော ကချင်၊ ကရင်၊ ကရင်နီ (ကယား၊ ကယန်း)၊ ချင်း၊ ရှမ်း၊ မွန်၊ ရခိုင်ဘာသာများဖြင့် ထုတ်လွှင့်လျက်ရှိသည်။

နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ ၄င်းတို့အုပ်ချုပ်မှုအောက်ရှိ ကျေးရွာ လူထုများအတွင်း ကျန်းမာရေးနှင့်ပညာရေး ဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ရေး၊ လက်တွေ့ကျပြီး ခေတ်စနစ်နှင့် ကိုက်ညီသော ပညာရေးသင်ရိုးညွန်းတမ်းများ ရရှိစေရန်ပံ့ပိုးကူညီပေးရေး၊ ကျန်းမာရေး အထောက် အကူပြုသင်တန်းများ၊ ဆေးဝါးများ၊ ပညာပေးစာအုပ်စာတမ်းများနှင့် အခြားလိုအပ်ချက်မျာ

No comments: