Saturday, November 23, 2013

စင်ပြိုင်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့် ပြောခြင်း

 – အံ့ခေါင်မင်း
““ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမဟုတ်ဘူး။ လစာကိစ္စတွေ၊ သမ္မတရွေးမယ့် ကိစ္စတွေ ဒါတွေပဲ လုပ်နေတယ် . . .””
ကျွန်တော်လာတော့ သမ္မတကြီးအကြံပေးရဲ့ ဟိုတယ်မှာနေတယ်။ နေဇင်လတ်ဆီမှာ . . . ဦးလှမောင်ရွှေက သုံးလေး ရက်နေတော့ လာတွေ့တယ် . . . ဦးအောင်မင်းတို့နဲ့ တွေ့ဖို့သင့်တယ်ဆိုတော့ ကျွန်တော်က လက်ခံတယ် . . . ဦးလှမောင်ရွှေ၊  ဦးခင်မောင်သန်း၊ သူတို့ Egress က နောက်တစ်ယောက် ဦးဆန်နီညွန့်သိန်း . . . ပထမဆုံး ဦးအောင်မင်း ရောက်လာတယ်။ သမ္မတကြီးက ခင်ဗျားကို တရားဝင် တွေ့ခွင့် ပေးလိုက်တာပါ . . . ခဏနေတော့ ဦးစိုးသိမ်း လာတယ်။ ကျွန်တော့်ကို လက်ဆောင်တွေပေးတယ် . . . ကျွန်တော့်ကို သူတို့ပါလာတဲ့ ကားသုံးစီးက တစ်စီးယူ သွားလို့ ပြော တယ်။ လိုချင်ရင် ပြန်ရင် မောင်းသွားရုံပဲ။ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ် သိန်းတစ်ထောင် ။ နေဖို့အတွက် အင်းလျား ကန်ပေါင်ဘေး မှာ နေရာတစ်နေရာ လက်ညှိုးထိုး နေစရာလုပ်ပေးမယ် ပြောတယ် . . .
 နယ်ချဲ့အင်္ဂလိပ်အား ပထမဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သည့် လင်းပင်မင်းသားကြီးနှင့် မြန်မာ့သမိုင်း၏ အထင်ကရပုဂ္ဂိုလ် တိုင်တားမင်းကြီးတို့၏ မျိုးဆက်ဖြစ်သလို နယ်ချဲ့တော်လှန်ရေး သမိုင်းဝင် မြန်မာ့ တပ်မတော်ကို စတင် တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးသိမ်းမောင်၏ မြေးဖြစ်ပြီး အာဏာရှင် စနစ် တော်လှန်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ရင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြင်ဦးလွင်မြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ညွှန့်ပေါင်း အစိုးရ နိုင်ငံခြားရေးဝန်ကြီး (၁၉၉၀-၉၃)၊ နိုင်ငံတော် အမျိုးသားကောင်စီ (NCUB) သဘာပတိ အဖွဲ့ဝင် နိုင်ငံခြားရေး တာဝန်ခံ၊ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) ဥက္ကဋ္ဌ၊ ညွှန့်ပေါင်း အစိုးရ တိုင်းရင်းသားများနှင့် တိုးချဲ့ ဖွဲ့စည်းရေးအဖွဲ့ ငါးဦးကော်မတီ ခေါင်းဆောင် တာဝန်များ ကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် NLD/LA ဗဟိုကော်မတီဝင်၊ အခြေခံ လူတန်းစားများနှင့် ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ခေါင်းဆောင်၊ စာရင်းစစ်အဖွဲ့ ခေါင်းဆောင်၊ မဲဆောက်မြို့ အခြေစိုက် မင်းမဟော် ဖောင်ဒေးရှင်း အမြဲတမ်း သဘာပတိအဖွဲ့ဝင်၊ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမြဲတမ်းကော်မတီ ငါးဦးအဖွဲ့ အတွင်းရေးမှူး တာဝန်တို့ကို ဆောင်ရွက်လျက်ရှိသည့် အစိုးရသစ် လက်ထက် ပြည်တွင်းသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာခဲ့သော ဦးပီတာလင်းပင်နှင့် ပြောကြား ဖြစ်ခဲ့သည် များကို မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။
 မကြာခင်တုန်းက အန်ကယ်က ကြေညာချက် ပုံစံမျိုးလေးတစ်ခု ထုတ်လိုက်တာ တွေ့လိုက်တယ်။ သမ္မတဆီပေးစာ ဖြစ်မယ်ထင်တယ်။ …
ဟုတ်တယ်။ အခု ၈၈ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ တော်တော်လေးကို အစိုးရ ကနေပြီးတော့ ဂရုတစိုက်နဲ့၊ အင်အားလည်း ရှိတယ်ဆိုတော့ တော်တော်လေးကို ၈၈ ကို အသိအမှတ် ပြုတယ်။ ၈၈ ပြီးရင် တကယ့်ဒီမိုကရေစီ ပြည်သူ့ အောင်ပွဲက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ပဲ။ အဲဒီလူတွေ အားလုံးကို ရွေးကောက်ပွဲ နိုင်ပြီးတဲ့ နောက်မှာ သူတို့ကနေပြီးတော့ နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်။ တချို့ဆိုရင် ဒီနေ့အထိကို လူမှုရေး ကိစ္စတွေမှာ အဆင်မပြေတာတွေ အများကြီး ဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သမ္မတကြီးဆီကို ပထမဦးဆုံးအကြိမ် စာတစ်စောင် သူ့လူတွေကနေ တစ်ဆင့် ပေးလိုက်တယ်။ ဘာမှပြန်မလာဘူး။ ဒီတစ်ခါ တော့ ကျွန်တော် အိတ်ဖွင့်ပေးစာ ပေးလိုက်တယ်။ ကျွန်တော်တို့ ၉၀ ရွေးကောက်ပွဲက လူတွေနဲ့ သူကနေပြီးတော့ အပြောင်းအလဲနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို ကျွန်တော် ပေးလိုက်တယ်။ ပြီးရင် ဒီလူတွေကို စစ်အာဏာရှင်က နှိပ်စက်ထားတယ်၊ ဒီလူတွေရဲ့ ဘ၀တွေဟာ လူမှုရေးကိစ္စတွေကို ကြည့်ရှု စောင့်ရှောက်ဖို့နဲ့ ဒီလူတွေကို ဂုဏ်ပြုဖို့၊ ဒီလူတွေကို ထောက်ပံ့ကြေးပေးဖို့ ကျွန်တော်ရေးတယ်။ ဒီနေ့ထိကို ကျွန်တော့်ဆီကို ဘာမှပြန်မလာဘူး။ ဘာကြောင့်လဲဆိုတော့ ၈၈ ကျောင်းသားပြီးရင် တကယ့် ပြည်သူ့ အောင်ပွဲက ၉၀ ရွေးကောက်ပွဲပဲ။ ဒါကို ဘာမှ သူတို့ အကောင်အထည် မဖော်ဘဲနဲ့ ဒီနေ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သူတို့ စေ့စပ်တယ်။ ပြီးရင် တိုင်းရင်းသား အဖွဲ့တွေ ပေါ့လေ။ တိုင်းရင်းသား အဖွဲ့တွေက ယုံကြည်တဲ့ အဖွဲ့တွေရှိတယ်၊ မယုံကြည်တဲ့ အဖွဲ့တွေ ရှိတယ်။ တကယ်လာပြီးတော့ တွေ့နေတဲ့ အဖွဲ့တွေက လုပ်စားချင်တဲ့ အဖွဲ့တွေဖြစ်နေတယ်။ တကယ့်ရင်ထဲမှာ ရှိတဲ့လူတွေ မဟုတ်ဘူး။ အခုသမ္မတကြီးနားမှာ ၀ိုင်းရံ နေတဲ့လူတွေ၊ ပြန်လာတဲ့ နိုင်ငံခြားက လူတွေဟာလည်း လုပ်စားတဲ့ လူတွေပဲ။ တကယ့်တိုင်းပြည်ကို အကျိုးပြုမယ့် လူတွေ မဟုတ်ဘူး။  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ဆိုရင် သူတို့စကားပြော နေကြတယ်။ အောင်မြင်တာ ရှိတယ်။ မအောင်မြင်တာ ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေလည်း ဘာတွေ ပေးလိုက်လဲ ဆိုတော့ လုပ်ပိုင်ခွင့် တွေပေါ့၊ ကားတွေပေးတယ်၊ တခြားဟာတွေ ပေးတယ်။ ပြည်သူတွေ လက်ထဲ မရောက်ဘဲနဲ့ ရောင်းစားနေတယ် ပြန်ပြီးတော့။ သူတို့လည်း အလားတူလုပ် နေတဲ့ဥစ္စာ ကျွန်တော်က ဘာမြင်လဲဆိုတော့ သူတို့ လုပ်ရပ်တွေ အားလုံးဟာ တိုင်းပြုပြည်ပြု ကိစ္စနဲ့ တကယ့် ဒီမိုကရေစီအရေး မဟုတ်ဘဲနဲ့ သူတို့နဲ့ လက်တွဲလို့ရတဲ့ ပူးပေါင်း လုပ်လို့ရတဲ့ လူတွေနဲ့ပဲ လုပ်နေတယ် ဆိုတော့ ကျွန်တော်က သိစေချင်လို့ ကျွန်တော်သူ့ဆီ စာရေးလိုက်တာပါ။
အန်ကယ် ဦးဆောင်ပြီး ၉၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ အမတ်တွေ၊ NLD အမတ်ဟောင်းတွေ စုပေါင်း ပြီးတော့ အစုအဖွဲ့လေးတစ်ခု ထူထောင်မယ်လို့လည်း သိထားတယ်။
ကျွန်တော် အဲဒါလေး ထူထောင်ဖို့ လုပ်နေတယ်။ ထူထောင်မယ် ဆိုတာကလည်း ကျွန်တော်တို့က ငွေလိုတယ် လှုပ်ရှားဖို့ ဘာဖို့ဆိုရင် အဲဒီအတွက်ကို ကျွန်တော် စပြီးတော့ လုပ်နေပါတယ်။ မကြာခင်တော့ ကျွန်တော် အဲဒါကို တည်ထောင်ဖို့ လုပ်နေပါတယ်။ အဲဒီအထဲမှာ ကိုခင်မောင်ဆွေ တို့လည်းပါတယ်။ တချို့ကလည်း ကိုခင်မောင်ဆွေတို့ ဘာတို့ဆိုရင်လည်း သူတို့နဲ့ ပေါင်းသလို ဖြစ်နေတယ် ကျွန်တော့် အမြင်ပေါ့လေ ဒါကတော့။ ပြီးလို့ရှိရင် ကျောင်းသားက နောက်တစ်ဖွဲ့ ရှိသေးတယ် ၈၈ ကျောင်းသား တချို့က သူတို့နဲ့ ပေါင်းပြီးတော့ လုပ်နေတဲ့ ၈၈ ကျောင်းသားအဖွဲ့ တစ်ဖွဲ့ ဖွဲ့ထားသေးတယ်။ ကျွန်တော်က ဘာဖြစ်စေချင်လဲ ဆိုရင် အဓိကကတော့ အပြောင်းအလဲ ဆိုတာ ပြောင်းလဲချင်တာ တစ်ခုပဲ ရှိတယ်။ စစ်တပ်က သူ့နေရာသူပြန် သွားရမယ်။ သူဝင်နေတဲ့ လွှတ်တော်ဟာ ပြည်သူ့လွှတ်တော် ဖြစ်တဲ့အတွက် ပြည်သူရွေးတဲ့ ကိုယ်စားလှယ် အားလုံးပဲ လွှတ်တော်ထဲမှာ ရှိစေချင်တယ်။ ပြည်သူ့အကျိုးပဲ။ အခုဟာက ရွေးချယ် တင်မြှောက်ခြင်း မခံရတဲ့ စစ်တပ်က အမှန်က စစ်တပ်က ဘာလဲဆိုရင် ကျွန်တော်တို့အိမ်ကို သူတို့ကို အစောင့်ခိုင်းထားတာ။ ကျွန်တော့် အဖိုးက တပ်မတော်စဖွဲ့ခဲ့တာ ဒေါက်တာသိမ်းမောင် ဆိုတာ။ ရဲဘော်သုံးကျိပ်ကို ကျွန်တော့် အဘိုးရယ်၊ သခင်မြရယ်၊ ဒေါက်တာ ဘမော်ရယ် ဂျပန်မှာ သွားပြီးတော့ ဖွဲ့ပြီးတော့ ရဲဘော်သုံးကျိပ်ကိုစတာ။ ကျွန်တော့် အဘိုးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်နိုင်ငံ ခေါ်ပြီးတော့ ဆူဇူကီးနဲ့ ဖွဲ့ခဲ့တာ။ အဲဒါ ဗမာ့ရဲ့ လွတ်လပ်ရေး တပ်မတော်။
ဟိုအရင်တုန်းက နိုင်ငံရေး ခေါင်းဆောင်တွေက တိုင်းတစ်ပါးနဲ့ ဆက်ဆံတာ လွတ်လပ်ရေးအတွက် ဆက်ဆံတာ။ အခု ကျတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်တိုင်းပြည်က ပစ္စည်းတွေ၊ သယံဇာတတွေ ရောင်းစား တယ်။ တရုတ်ပြည်က ကျေးဇူးရှင်လို့ ဦးအောင်မင်းတို့က ပြောလိုပြောနဲ့၊ ကျေးဇူးရှင်မဟုတ်ဘူး။ ကျွန်တော် တို့ကို ဖြိုခွဲနေတာ တရုတ်၊ ကျွန်တော်တို့ကို ဒုက္ခပေးနေတာ တရုတ်၊ ကျွန်တော်မြင်တာ စစ်တပ်က ဆက်ပြီး အုပ်ချုပ်တဲ့အခါ ဒီနေ့အထိကို လုပ်နေတဲ့ အလုပ်တွေက သူတို့ကိုယ်ကျိုးပဲ ရှိတယ်။ ပြည်သူ့အကျိုးအတွက် တစ်ခုမှ မပါဘူး။ လွှတ်တော်မှာလည်း ကျွန်တော်ကြည့်နေတယ်။ လွှတ်တော်မှာလည်း ဘာတွေလုပ်နေလဲ ဆိုတော့ တကယ့်ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာ မဟုတ်ဘူး။ လစာကိစ္စတွေ၊ သမ္မတရွေးမယ့် ကိစ္စတွေ ဒါတွေပဲ လုပ်နေတယ်။ လိမ်နေတာပဲ။
အန်ကယ်တို့ ၉၀ ရွေးကောက်ပွဲ နိုင်ခဲ့တုန်းကရော။
ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ကျွန်တော်တို့ ၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ နိုင်လာတဲ့ ဥစ္စာက အဲဒီတုန်းက ဦးခင်ညွန့်ရှိတယ်။ ဦးခင်ညွန့်က ကျွန်တော့်ကို စာတစ်စောင်ရေးတယ်။ ဦးပီတာလင်းပင်တဲ့ ခင်ဗျား တစ်သီးပုဂ္ဂလနဲ့ နိုင်တဲ့အတွက်ကို ကျွန်တော်ခင်ဗျားနဲ့ ပူးပေါင်း ဆောင်ရွက်မယ်တဲ့။ အဲဒါခင်ဗျား ကျွန်တော့်ကို စောင့်ပါဆိုပြီးတော့ ဗိုလ်မှူး တစ်ယောက်ကို စာပေးခိုင်းတယ်။  အဲဒီစာကို ကျွန်တော် လက်မခံဘူး။ လက်မခံဘဲနဲ့ ထွက်သွားတဲ့ အခါကျတော့ ကျွန်တော့်ကို ခေါ်ရဲ့သားနဲ့ မလာဘူး ပေါ့လေ။ စာရှိပါတယ်။ ရောဘတ်စန်းအောင်ကို ကျွန်တော် ပေးထားတယ်။ သူကျွန်တော့်ကို ခေါ်တဲ့စာကို အဲဒီတုန်းက။ ကျွန်တော့်ကို ခေါ်သလို ဦးခွန်ထွန်းဦးကိုလည်း သူခေါ်တယ်။ ဦးခွန်ထွန်းဦးက လက်ခံလိုက်တယ် အဲဒီအချိန်မှာ သူက ကောင်းမယ်ထင်လို့။ ဦးခွန်ထွန်းဦးက သူ့တို့ဘက် မရပ်တည်ဘဲနဲ့ သူ့လူမျိုး အတွက် ရပ်တည်တဲ့အတွက် ထောင်အနှစ် ၁၀၀ ချလိုက်တယ်။ အခုမှ ပြန်လွတ်လာတယ်။ ဆိုတော့ သူတို့နဲ့ အဆင်မပြေတဲ့လူ အားလုံးကို သူတို့ဒုက္ခပေးတာပဲ။ အခု ကျွန်တော် ဘာမြင်လဲဆိုတော့ ၁၇ ဖွဲ့ ပေးလိုက်တယ်။ အဲဒီ ၁၇ ဖွဲ့က မလာခင်တည်းက လုပ်ပိုင်ခွင့်တွေ ပေးလိုက်တယ်။ အမှန်က လုပ်ပိုင်ခွင့်ဆိုတာ လွှတ်တော်က ပေးရမှာ။ လွှတ်တော် မဟုတ်ဘဲနဲ့ သူတို့နဲ့ အဆင်ပြေအောင် ပေးလိုက်တော့။ ကျွန်တော့်မိန်းမကို ကျွန်တော် ပြောလိုက်တယ်။
ငါ့ကိုပြည်သူက ဒီကောင်တွေကို ဖြုတ်ခိုင်းတာ။ ဒီကောင်တွေနဲ့ ပေါင်းပြီး ငါမလုပ်နိုင်ဘူး တောခိုတယ်။ ပြီးတော့ နိုင်ငံခြားကိုသွားပြီး သီးခြားအစိုးရဖွဲ့တယ်။ ကုလသမဂ္ဂမှာ လက်ရှိအစိုးရဟာ တရားဝင် အစိုးရ မဟုတ်ဘူး ဆိုတာကို တင်ပြနိုင်အောင် ဖွဲ့တာ။ ကျွန်တော်တို့က အာဏာလိုချင်လို့ ဖွဲ့တာ မဟုတ်ဘူး။
အန်ကယ်က စင်ပြိုင်အစိုးရမှာ နိုင်ငံခြားရေးဝန်ကြီးလည်း လုပ်ခဲ့ပြီးမှ ပြန်လာတာက။
ကျွန်တော်တို့ စဖွဲ့တဲ့ ဥစ္စာက ကျွန်တော်တို့ကို လွှတ်တော် ခေါ်ပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို Constitution ရေးဆွဲဖို့ကို ခေါ်တာ။ အဲဒါ မဟုတ်တော့ဘူး ဆိုတာ သိတဲ့အခါ သူတို့က ရွေးကောက်ပွဲပြီးလို့ ခဏနေရင် လွှဲပေးရတော့မှာ။ မလွှဲပေးဘဲနဲ့ အာဏာ ဆက်တည်မြဲရေးအတွက် ကျွန်တော်တို့ လူတွေကို ဖမ်းတယ်၊ ချုပ်တယ်။ ကျွန်တော်ဆို တောခိုရတယ် ပေါ့ဗျာ။ သူတို့ကို မယုံကြည်ဘူး ကျွန်တော်။ အခုက ကျွန်တော် ယုံယုံကြည်ကြည်နဲ့ ပြန်လာတာ။ သမ္မတကြီး ပထမပြောတာ တော်တော် စေတနာပါတာ ယုံကြည် တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ ဆိုတော့ သမ္မတကြီးဘက်က ရိုးသားမှု ရှိပေမယ့် သူ့နားမှာ ၀ိုင်းရံနေတဲ့လူတွေ တော်တော်များများဟာ လုပ်စားတဲ့လူတွေ ဖြစ်နေတယ်။ နိုင်ငံခြားက ပြန်လာတဲ့ လူတချို့ဟာလည်း နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ကျောင်းသားတွေကလည်း နိုင်ငံခြားမှာ ကျွန်တော် သူတို့နဲ့ ပေါင်းသင်းဖူးတယ်။ ဒီလူ တွေက ကျွန်တော်တို့တုန်းက ကျွန်တော်တို့နဲ့ ပေါင်းတယ်။ ဦးနုတုန်းက ဦးနုနဲ့ပေါင်းတယ်။ အခုလက်ရှိ ဒီအစိုးရနဲ့ လာပေါင်းတယ်။ ဆိုတော့ ဒီလူတွေရဲ့ရပ်တည်မှုဟာ ပြည်သူ့အတွက် မဟုတ်ဘူး။ လုပ်စားဖို့အတွက် ရပ်တည်နေတာဆိုတော့ နိုင်ငံရေးလောကမှာ လုပ်စားဖို့ မဟုတ်ဘူး။ လုပ်ကျွေးဖို့ ဖြစ်ရမယ် နိုင်ငံရေး သမားတွေက။ လုပ်ကျွေးဖို့ မဟုတ်ဘဲနဲ့ စစ်တပ်ကိုကြည့် သူတို့စသိမ်းတဲ့ နေ့ကနေ ဒီနေ့အထိ ထောက်ကြံ့ ကနေ ရန်ကုန်အထိ ခြံတွေခတ်ပြီး အကုန် သူတို့ ယူထားတယ်။ ပြည်သူ့စက်ရုံတွေ အားလုံးကို သူတို့ သိမ်း လိုက်တယ်။ စစ်တပ်ရဲ့ အလုပ်က ကာကွယ်ရေးအလုပ်။ ကျောင်းတွေဖွင့်တယ်၊ ဆေးခန်းတွေ ဖွင့်တယ် အကုန်လုံး သူတို့ လက်ဝါးကြီး အုပ်လိုက်တယ်။ အဲဒါစစ်တပ်ရဲ့ အလုပ်မဟုတ်ဘူး။ စစ်တပ်က ကျွန်တော်တို့ကို စောင့်ရှောက် ပြီးတော့ အကာအကွယ် ပေးရမယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ စစ်တပ်က ဒီစစ်တပ်။ အခုက အကုန်လုံးကို သူတို့က ယူလိုက်တယ်။ သူတို့ပစ္စည်းတွေကို နိုင်ငံခြားကို ရောင်းတယ်။ တရုတ်ပြည်ပေါ့လေ။ ပြည်သူတွေက ငတ်နေတယ်။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စတွေ။ လွှတ်တော်ဆိုတာ ပြည်သူ့ အကျိုးကို လုပ်ရမယ့် လွှတ်တော်ဆိုတာ ပြည်သူ့အကျိုး မဟုတ်ဘဲနဲ့ သူတို့အကျိုးပဲ သူတို့ဥပဒေ ရေးဆွဲနေတယ်။ ဒီနေ့ အထိ ပီပီပြင်ပြင် ဘာမှမလုပ်သေးဘူး။ ဒေါ်စုက ပြုပြင်ပြောင်းလဲရေး ဆိုပြီးတော့ ၀င်လုပ်နေတယ်။ ဒီနေ့အထိ သူ့လုပ်ငန်းတွေ တစ်ခုမှ မအောင်မြင်ဘူး။ တရားဥပဒေ စိုးမိုးရေးကို သူလုပ်တယ်၊ တရားစီရင်ရေး၊ ငြိမ်းချမ်းရေး သူလုပ်တယ်။ ဒါတွေ ကျွန်တော် ထောက်ခံတယ်။ ဒါပေမဲ့ ဒေါ်စုအနေနဲ့လည်း ကျွန်တော်က ဘာမြင်လဲဆိုတော့ ဒေါ်စုက လွှတ်တော်ထဲမှာ ၀င်ပြီးတော့ နေရာယူတာ ကျွန်တော် မကြိုက်ဘူး။ မဟတ္တမဂနီ်္ဒ လုပ်သလို တိုင်းပြည်ထဲမှာ ပြိုကွဲနေတဲ့ဥစ္စာကို ပြန်ပြီးတော့ ထူထောင်ပေးရမှာ သူ့အလုပ်။ နိုဗယ်ဆုရထားတဲ့ နိုဗယ်ဆုရှင် တစ်ယောက်က ဒီလူတွေနဲ့ အာဏာလုစရာ မလိုဘူး။ အာဏာလုလို့ ကျွန်တော်တို့ တိုင်းပြည်ပျက်ခဲ့ပြီးပြီ။
ဒီပြန်လာတော့ အစိုးရအဖွဲ့နဲ့ ပတ်သက်မှုရှိခဲ့လား။
ကျွန်တော်လာတော့ သမ္မတကြီး အကြံပေးရဲ့ဟိုတယ်မှာ နေတယ်။ နေဇင်လတ်ဆီမှာ။ အဲဒီကနေ သုံးလေးရက် နေတော့ ဖုန်းဆက်တယ်။ ၂၀၁၁၊ စက်တင်ဘာ ၁၉ ရက်က ကျွန်တော်ဒီကို ရောက်တယ်။ ပထမဆုံး စပြန်ရောက်တာ။ ကျွန်တော့်ကို ခေါ်ပြီးတော့ သမ္မတကြီးက ကျွန်တော့်ကို လက်ဆောင်ပေးလိုက်လို့ ဆိုပြီးတော့ ဘာပေးလဲ ဆိုတော့ အင်္ကျီတစ်ထည်ရယ်၊ အရက် တစ်သိန်းခွဲတန်ရယ် ကျွန်တော့်ကို လာပေး ပြီးတော့ သမ္မတကြီးက ကျွန်တော့်ကို နှုတ်ဆက်လိုက်ပြီ။ ပြီးလို့ရှိရင် ဒီမှာ ကျွန်တော့်ဘ၀ ရပ်တည် ရေးအတွက်ကို သိန်း ၁၀၀၀ ပေးမယ်။ ပြီးရင် အိမ်တွေဘာတွေ လျှောက်စရာမလိုဘူးတဲ့ ကျွန်တော်နေမယ် ဆိုရင်ပေးမယ်။ အင်းလျားကန်မှာ နေရာ လွတ်နေတယ်။ ပေးမယ်။ ကျွန်တော် ဒါတွေ လျှောက်ဖို့လာတာ မဟုတ်ဘူး။
အဲဒါဘယ်သူကပြောတာလဲ။
ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့၊ ပွဲစားကတော့ ဦးလှမောင်ရွှေပဲ။
အန်ကယ်နဲ့ ဦးအောင်မင်းတို့ အဆက်အသွယ်တွေ ရှိနေတယ်လို့တော့ သတင်းကြားမိတယ်။
ဦးလှမောင်ရွှေ ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ အရင်ဆုံး ဦးနေဇင်လတ်ကို ကျွန်တော်ဆက်သွယ်ဖို့ အမေရိကန် သံရုံးက သံအမတ်ကြီးကနေပြီးတော့ သူနဲ့ အဆက်အသွယ်ရအောင် ပေးလိုက်တယ် သူနဲ့ဆက်သွယ်ပါ။ တည်းခိုဖို့ကို သူတို့အကုန် လုပ်ပေးတယ်။ ဒေါက်တာ နေဇင်လတ်ဆီမှာ တည်းဖို့ ကျွန်တော့်ကို ပြောတယ်။ ဦးလှမောင်ရွှေက သုံးလေးရက်နေတော့ လာတွေ့တယ်။ MB ဟိုတယ်ထင်တယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ သင့်တယ်ဆိုတော့ ကျွန်တော်က လက်ခံတယ်။ ဆီဒိုးနား ဟိုတယ်ကို ခေါ်တယ်။ ဦးလှမောင်ရွှေ၊ ဦးခင်မောင်သန်း၊ သူတို့ Egress က နောက်တစ်ယောက် ဦးဆန်နီညွန့်သိန်း။
ပထမဆုံး ဦးအောင်မင်း ရောက်လာတယ်။ သမ္မတကြီးက ခင်ဗျားကို တရားဝင် တွေ့ခွင့်ပေးလိုက်တာပါ။ ကိုယ့်ညီအစ်ကိုတွေဘဲ ဘာညာပြောတယ်။ ခဏနေတော့ ဦးစိုးသိမ်းလာတယ်။ ကျွန်တော့်ကို လက်ဆောင်တွေ ပေးတယ်။ ကျွန်တော်က ဒါတွေယူဖို့ လာတာမဟုတ်ဘူး။ ကျွန်တော့်ကို သူတို့ပါလာတဲ့ ကားသုံးစီးက တစ်စီး ယူသွားလို့ ပြောတယ်။ လိုချင်ရင် ပြန်ရင် မောင်းသွားရုံပဲ။ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ် သိန်းတစ်ထောင်။ နေဖို့အတွက် အင်းလျား ကန်ပေါင်ဘေးမှာ နေရာတစ်နေရာ လက်ညှိုးထိုး၊ နေစရာ လုပ်ပေးမယ် ပြောတယ်။ နောက် ကျွန်တော်က ကျွန်တော့် သဘောထားတွေ ပြောပြတော့ ပြဿနာ အကြီးအကျယ် တက်တာ။ ကျွန်တော် တိုင်းပြည်က ထွက်သွားတာ ၂၃ နှစ်ကျော်သွားပြီ။ ကျွန်တော်သွားတုန်းက ရန်ကုန်က ရွှေဘုံသာလမ်း၊ အင်းလျားလမ်းတို့က ဖြူးဖြောင့်နေတာပဲ။ အခုက လမ်းတွေ စုတ်ပြတ်သတ်နေတယ်။ ခြေချစရာ နေရာမရှိဘူး။ အဆောက်အအုံတွေက မြင့်ပြီးတော့ တိုးတက်လာတယ်။ သူတို့ကပြောတယ်။ ကျွန်တော်တို့ လုပ်မှာပါ။ မကြာခင် တွေ့မှာပါလို့ ပြောတယ်။
ဆက်လက်ဖော်ပြပါမည်
 
 

No comments: