Friday, November 15, 2013

အတိုက်အခံ ကြမ်းခင်းဈေး

အတိုက်အခံ ကြမ်းခင်းဈေး

ဟိုတစ်နေ့က ဗိုလ်ကြီးအုံးကျော်မြင့် post တင်လိုက်တော့ ကုပ်တွေ တယ်ရိုရစ်ဇင်တွေ
ဘယ်နည်းနဲ့မှ လက်မခံကြတာတွေ့ရပါတယ် ။ ကျွန်တော်လည်း လက်မခံပါဘူး ။
ဒါပေမယ့် သမိုင်းထဲက ဦးနုပြောခဲ့တာလေး သတိရသွားစေလို့ ရေးကြည့်ပါမယ်။
ဗကပတွေရဲ့ အင်္ဂလိပ်လို နဲ့ ထိထိရောက်ရောက် ဖြန့်တယ်ဆိုတဲ့ ညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေး စာတမ်းတစ်စောင်အပြီး ဘိုနေဝင်းက တောထဲကရော မြေပေါ်ကပါ
ပုန်ကန်သူတွေဖိတ်ပြီး ဆွေးနွေးမယ်လုပ်ပါတယ် ။ ဦးနုတို့ မန်းဝင်းမောင်တို့ အပါ
၃၃ဦးကော်မတီဆိုလား နိုင်ငံတော်အတိုင်ပင်ခံကောင်စီလည်းဖွဲ့ပေးတယ်ထင်ပါတယ်။
အဲဒီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ သိတဲ့အတိုင်း ပျက်ပြီး ပြန်ကြတာမှာ မြို့ပေါ်က
အဟုတ်မှတ်ပြီး တွေ့မိကြတဲ့ ဆွေမျိုးသားချင်းမိသင်္ဂဟတွေ ထောင်ကျကုန်ပါတယ် ။
ဟို ဦးနုတို့ကော်မတီကတော့ ပါတီစုံဒီမိုကရေစီက အများစုမှာ တစ်ပါတီထောက်ခံတာ
၁၀ယောက်နဲ့ ပြတ်သွားပေမယ့် အချိန်မတန်သေးဘူး ဆိုလား ဘိုနေဝင်းက တိုတို
တုတ်တုတ်မှတ်ချက်ပေး ပယ်ချလိုက်ပါတယ် ။ ၆လလောက် အားထည့်ပြီး လုပ်တဲ့
ဦးနု စိတ်အပျက်ကြီးပျက်ပြီး အချိန်လေးခြားသွားတော့ အိန္ဒိယဘုရားဖူးထွက်မယ်ဆိုပြီး
လစ်ပါတယ် ။ နိုင်ငံခြားရေးဝန်ကြီး ဦးသီဟန်ဆိုလား ကြားဝင်ပေးလို့ ထွက်ရတယ်
ဆိုပေသည့် ဘိုနေဝင်းက လွှတ် လိုက်တာပါပဲ ။ အင်္ဂလန်ရောက်တော့ ဘိုနေဝင်းကို
လက်နက်ကိုင်တော်လှန်မယ်လို့ အတိအလင်းကြေငြာတဲ့ စကားက...

" သတ်ဖြတ်တာ ၊ အကြမ်းဖက်တာ ဟာ အကုသိုလ်ပြစ်မှုကြီးတွေပါ ။ ဒါပေမယ့်
မင်းဆိုးမင်းညစ်အောက်မှာ မရှုမလှ ခံနေကြရတဲ့ ပြည်သူလူထုကို ဘေးက လက်ပိုက်
ကြည့်နေရတဲ့ အကုသိုလ်က ပိုကြီးပါတယ် ။ ဒါကြောင့် ပြစ်မှုသေးတဲ့ အကုသိုလ်ကို
ရွေးလိုက်ရခြင်းဖြစ်ပါတယ် " တဲ့ ။

ဒီမှာ ကျွန်တော်ထောက်ပြချင်တာက ဦးနုဆိုတာ မြန်မာသမိုင်းထဲ ဘာသာရေး သိပ်
ကိုင်းရှိုင်းတာမှာ နာမည်ကျော်ဖြစ်ပါတယ် ။ ကိုယ်ကျင့်သီလနဲ့ ပတ်သက်လို့လည်း
သူ တစ်ပြားခိုးထားတာများရှိရင် ထောက်ပြပါလို့ စိန်ခေါ်ခဲ့သူလည်း ဖြစ်ပါတယ် ။
state visit ထွက်တာတောင်မှ သေတ္တာသဘောလေး ဖြည်လိုက်ရုံနဲ့ ဘုရားစင်ငယ်
ဖြစ်အောင် လက်ဝင်ခံ လုပ်ပြီး ဆောင်တတ်တဲ့သူပါ ။ ယုတ်ဆွအဆုံး ဘိုနေဝင်းတို့
သူ့ သွားဖမ်းတုန်းကတောင် သူက အိမ်တော်ပေါ်မရှိပဲ အဆောင်သေးသေးလေး
ထုတ်ထားတဲ့ အထဲမှာ ဘုရားဝတ်ပြုနေတာပါ ။ သူ ဝတ်ပြုတယ်ဆိုတာ ဖင်နွေးရုံ
မဟုတ်လောက်ဘူးနော် ။ နာရီပိုင်းကြာအောင် ပြုတာ နေ့စဉ်ဖြစ်ပါတယ် ။
နောက်ပြီး မိန်းမဆီက အဗြဟ္မစရိယာ အလှုခံပြီး မနေဘူးခင်ဗျ ။ ဦးသန့်မြင့်ဦး
ခြေရာပျောက်မြစ်ထဲမယ် လေယာဉ်ပျံမစီးရဲတဲ့ သူ့အဖွားက ဦးနုနဲ့ဆို စီးမယ် တဲ့
ခင်ဗျ ။ ပြောချင်တာက သူ့လို ဘာသာတရား ဒိလောက် လူသိရှင်ကြား ကိုင်းရှိုင်း
သူတောင်မှ မဖြစ်သာတော့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ရတယ်ဆိုတာပါပဲ ။
ဒီလိုပြောလို့ မင့်မလည်း ရာဒီကယ်တာများ ကြံဖန်ရေးတယ်ကွာ ပြောချင်လည်း
ပြောကြပါတော့ ဦးကျော်ဝင်းတို့ ရာဒီကယ်လှိုင်းလို့ အပြောကြီးက ခုချိန် NLD က ပြင်သစ်ပွဲတွေနဲ့ ပြင်ကော်မတီတောင် နောက်တစ်လဆုတ် ကီး ချိန်လို့ နိုင်ငံရေး
အာပတ်သင့် ခဏချင်းသမိုင်း ဖြစ်သွားပြီဆိုတာ ထောက်ပြချင်တာပါ ဟဲဟဲ ။

နောက်တစ်ခုက ကျွန်တော်တို့ ပြောနေတာ တပ်မတော်ကို NLD နဲ့ ဝေးကွာစေတယ်
အပြောမတတ်တော့ ဆဲသလို ဆိုတဲ့ ကီးတွေပါပဲ ။ အခုတလော ရှယ်နေကြတဲ့
ကချင်ပြည်နယ်သွား သတင်းထောက်မလေးကို ရည်းစားစကားပြောမယ် ပြောတဲ့
ကာယိန္ဒြရေ ပျက်စေမှုလို အသေးလေးကနေ (အမှန်က ကြီးလေးပါတယ် ၊ သတင်းထောက်မလေး ဘေးမယ် ဒေသခံတိုင်းရင်းသားတွေလည်း ရှိနေလို့
ဗမာအချင်းချင်းတောင် မိုက်ရိုင်းသေးရင် တိုင်းရင်းသားက နေစရာမရှိတော့ပါ ။
ဒီစစ်ဗိုလ်အထက်က အရာရှိတွေကလည်း မှာကြားထားတာမျိုး မရှိလို့ သေချာတယ်။
စကားမစပ် စာနယ်ဇင်းကော်မတီကလည်း သူရိယနေဝန်းတို့ သံတော်ဆင့်တို့
လူထုပုံရိပ်တို့သာ ဘာပုညာပု ပြောတာ ဒီကိစ္စ ဘာသံမှ ထွက်မလာဘူး ။ သူတို့
နှမလေး အလှည့်မကျသေးလို့နေမယ် ။ ၈၈ က မုဒိမ်းကျင့်ခံရတာထဲ ဗိုလ်မှုးသမီး
တစ်ယောက်လည်းပါတယ်ဆိုတာ သတိရပါတယ် ) သစ်မှောင်ခိုအတွက် တိုက်တာ၊
သထုံဘက်မယ် စစ်ဗိုလ်ဓါးပြတိုက်တာမျိုးတွေက မပြောလို့ ဘယ်လိုမှ မဖြစ်ပါဘူး။

ဟိုးထိပ်က အနုကြမ်းစီး ဂုတ်သွေးစုပ်နေတဲ့ သူတွေကိုလည်း ပြောနေတာတောင်
မသိဟန်ဆောင် ဆိုးနေလေတော့ စစ်ရာဇဝတ်မှုတွေဆိုတာ မုန်းလည်း ပြောရမှာပါပဲ။
လယ်သိမ်းယာသိမ်း ဂုတ်သွေးစုတ်နေတာတွေဟာ စစ်ဗိုလ်က အရပ်သားကို
ထိုးကြိတ်ပုတ်ခတ်နေတာနဲ့ ပုံပမာပြုရင် သက်သာအောင် ရှောင်တာပြုတာဖယ်တာ
ကာတာလေးမှ မလုပ်ရတော့ပဲ ဒူးထောက်ခိုင်းနေတာကတော့ လွန် လွန်းပါတယ် ။
ဒါ လိုင်းပေါ်ကဆရာလေးတွေ မပြောပါဘူး စောင်ရေ တစ်သိန်းကျော် နှစ်သိန်းမဲ့မဲ့
ထိပ်သီးဂျာနယ်တွေက ဆရာကျော်တို့လို ဒူးထောက်ခိုင်းနေတဲ့ အိုင်ဒီယော်လော်ဂျီ
တွေကို ပြောတာပါ ။ မန်းလေးမိတ်ဆွေတစ်ယောက်က သူ ခပ်တွေတွေရှိတုန်း ရိုက်တယ်ထင်ရတဲ့ ကောမန့်က ရိုက်နှက်နေတဲ့သူကို တာဆီးရကောင်းမှန်းမသိပဲ ရိုက်နေတဲ့တုတ်ကို လျှာနဲ့ယက်သူ ဆိုတာမျိုးပေါ့ ။ တစ်နေ့ကတင် ဦးဇင်းတစ်ပါး
ရေးပါသေးတယ်။ လူမိုက်ကိုပဲ ချော့ဖို့ လုပ်နေကြတယ် ။ လူကောင်းတွေ ကာကွယ်ဖို့
မေ့နေကြတယ် ဆိုတာပါ ။ ပြောရရင် တပ်မတော်က နဝတ နအဖ ခောတ်တလျှောက် စစ်ဗိုလ်ဘာလုပ်လုပ် တင့်တယ်တဲ့ခောတ်မို့ မိဘတွေက ဇိကုပ်နတ်ပြည်တင် DSA
ပို့တဲ့ ခောတ်က မပြေးသော်ကန်ရာရှိ ဒီကနေ့ တိုးလျှိုပေါက်ခောတ်ထဲ သတင်းတွေ
တက်လာတာက ဆိုးသထက်ဆိုး ဆိုးလာတာဟာ သိသိသာသာဖြစ်ပါတယ် ။ ဒီလို
စည်းကမ်းပျက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟာ တချိန်ချိန် ဟသာင်္ကိုးသောင်း
ဇာတ်လို ဗိုလ်အချင်းချင်း စားခွက်လု ဗိုလ်လုပွဲတွေ ကြမ်း လာနိုင်ပါတယ် ။
ဒီလောက် မဆိုးသေးခင်က S1 S2 ငြိတာတောင် S3 နဲ့ မျှခြေယူလို့ မရတော့ပဲ
ပွဲသိမ်းတဲ့အထိ စာရင်းရှင်းသွားတာ သမိုင်းပါပဲ ။ မာဖီးယားလို့လည်း ပြောကြ
ပရော်ဖက်ရှင်နယ် ပရော်ဖက်ရှင်နယ် လို့ စစ်ခေါင်းဆောင်အချင်းချင်းလည်း
အပြောခံရ ရှက်တတ်ရင် လဲသေလို့တောင် ရပါတယ် ။ စစ်တပ်ဆိုတာ မတစ်ထောင်
သားမို့ လူကောင်းတွေလည်း အများကြီးရှိမှာပါ ။ ဒါပေသည့် လူဆိုးတွေတော့
လွှတ်ထားလို့ မတော်ဘူးထင်ပါတယ် ။ ပြီးတော့ လူတစ်စုအတွက် မဟုတ်
အခွန်ထမ်းပြည်သူတွေ စားရိတ်နဲ့ တည်ထောင်တဲ့ တပ်မတော် ပြည်သူတစ်ယောက်
အနေနဲ့ သိပ် မြင်ရ ကြားရ ဆိုးတာကြီး ဝေဖန်ခွင့်ရှိပါတယ် ။

ထိပ်က ခေါင်းဆောင် ဒေါ်စုတောင်မှ တုံးလုံးလှည်းခံ တပ်မတော်ကို စည်းရုံးနေတာ
မင်းတို့လုပ်နေ ရေးနေတာ ဒေါ်စုကို နှောက်ယှက်ရာကျနေတယ်ဆိုတာလည်း ရှိတယ်။
ဒီမှာလည်း ANCနဲ့ မင်ဒဲလားလိုပဲ ခေါင်းဆောင်တွေကီးက ခေါင်းဆောင်တွေ
သတ်သတ် ၊social mobility (ပြင်သစ်ပွဲတွေ) သတ်သတ် ၊ အရပ်ဘက်က ဆိုင်ရာ
ဆိုင်ရာ အင်စတီကျူးရှင်းတွေက သတ်သတ် မြိုင်နေဖို့ လိုနေသေးတာကိုး ။ ဒီမှာက
မီဒီယာကလည်း ၉၀%ကျော် က မလွတ်မကင်းတွေဆိုတော့ CJ တွေ ၊ FB activist
တွေက မြိုင်ပေးဖို့လည်း လိုသေးတယ် ဆိုတာပါပဲ ။ ကုန်ကုန်ပြောမယ်ဗျာ ။
အခု ရင်ကြားစေ့တယ်ဆိုတာမှာ အပေါ်က ရေပက်မဝင် လိုရာဆင်ထားတဲ့ ဂိမ်းထဲ
ငါတို့ကွင်း ငါတို့ပရိသတ် ငါတို့ဒိုင်ရှေ့ ငါတို့ ရူးလ်နဲ့ ကစားရမယ် ။ လာမကန်လည်း
အရှုံးဆိုတာမျိုး ညှပ်ပူးညှပ်ပိတ်လုပ်နေတာ အသိသာကြီးထဲ အတိုက်အခံဘက်က
ကြေးတန်းတိုက်တဲ့နေရာတွေမှာ dead lock တွေတောင် ဖန်တီးကစားရပါတယ်
လို့ သီအိုရီတွေမယ် ပါပြီးသားဖြစ်ပါတယ် ။ ရှင်းရှင်းပြောရရင် အတိုက်အခံက
ကီးတွေချရတာ သံစဉ်တောင် ပျက်လုကမန်းပါပဲ ။ ဒါကိုပဲ လိုရာစွဲပြီးတော့
ဒေါက်တာနေဝင်းမောင်တွေ မလုပ်ကြပါနဲ့ပဲ ပြောချင်ပါတယ် ။ စစ်တက္ကသိုလ်
ချက်မြုပ်လို့ ပရိုဖိုင်ရေးတဲ့ ဆရာသမား သူမကွယ်လွန်မီ အတိုက်အခံကိုပြောတာ
အမှတ်ရတယ် ။ ရွေးကောက်ပွဲမှာ နေရာတစ်ဝက်ပဲ ဝင်ပြိုင်ပြီး အရှုံးပေးလိုက်ပါတဲ့။
ဆင်ခြေက အပြောင်းအလဲ ညင်သာချောမွေ့အောင်ပါတဲ့ ။ သူကွယ်လွန်မှ အီးဂယက်
ကထုတ်တဲ့ စာအုပ်ပါးလေးထဲမှာ ပါပါတယ် ။ ၈၈ ကာလကတည်းက သတင်းစာ
ဆောင်းပါးရှင်ဆိုတော့လည်း ထားပါတော့ ။ သူ့ကိုကြိုက်တာက ရွေးကောက်ပွဲပြီးတော့
သူ မှန်းထားသလို ဖြစ်မလာဘူးလို့ ဝန်ခံတယ် ။ ချောတိုင် ဆက်တက်မယ် ကြုံးဝါးသွား
ပါသေးတယ် ။ DSA ဆင်းထက်တောင် တပ်နဲ့ ရင်းသေးတဲ့ သူ့လို ယေးလ်ဆင်းက
ပြောတာ မဆန်းပါဘူး ။ ဆန်းတာက ခု သီတင်းကျွတ် အမိန့်တော်ပြန်တမ်းထဲ
တစ်မတ်သားပဲ မထိနဲ့ ပါလျက်သား တပ်မတော်နဲ့ ထိပ်သီးတွေကတောင် လျှော့ပေါ့
နေတုန်း ပြင်ညာရှင်ဆိုသူတွေက အရှိန်မသေနိုင် ဆိုနီယာဂန္ဓီတို့ ဥက္ကဌတို့
ဝန်ကြီးတစ်နေရာတို့ နဲ့ ဒေါ်စုကို ပုဂ္ဂိုလ်ရေး နေကြတာပါပဲ ။

နိဂျုံးခုတ်ရရင်တော့ အတွေးအခေါ် အယူအဆဆိုတာ ရပ်တဲ့ ဘက်ပေါ် အဓိက အခြေခံပါတယ်။ ကိုယ့်ဘက် သူ့ဘက်ကွာခြားနေလို့ သိပ်ပြီးလည်း အတိုက်အခံကို
နိုင်တိုင်း ပညာတတ်စကားလုံးတွေနဲ့ မဖိစေချင်ပါဘူး ။ ကြမ်းခင်းဈေးထက်တော့
လည်း လျှော့လို့ရမှာ မဟုတ်ချေဘူးလို့ ဖြစ်ပါတယ် ။ ကြက်တူရွေးတွေကတော်တော်
မယ်ဘော်တွေက ကဲချက်တော့ ဖလန်းဖလန်း ထနေပါတယ် ။ ဦးနုလို သူတော်ကောင်း
ဒေါင်ဒေါင်မြည် ဘာသာရေးသမားကြီးတောင်မှ ဘားဆုံးတယ်ဆိုတာ ရှိပါတယ် ။

No comments: