Friday, November 29, 2013

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ရိုးသားရန် ဦးပီတာလင်းပင် ပြောခြင်း – အံ့ခေါင်မင်း ငွေကြေး၊ နေအိမ်၊ ကားများပေး၍ ပြည်ထောင်စုဝန်ကြီးများ စည်းရုံးမှု အကြောင်းစုံဖွင့်ချပြီ


Ko MoeJee 
 
 သူတို့ကို ပုဂ်္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိဘူး ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှုမရှိဘူး ကျွန်တော်က ဘာကိုမုန်းလဲဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ် . . . ဘယ်သူ မရိုးသားဘူး၊ ရိုးသားတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတယ် . . .

မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ အတွဲ(၂)၊ အမှတ်(၃၇) နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်တွင် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာေ သာ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးပီတာလင်းပင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြခဲ့ပါသည်။ ထိုတွေ့ဆုံ မေးမြန်းခန်းပါ အကြောင်းအရာ အချို့နှင့် ပတ်သက်၍ တိုက်ရိုက် သက်ဆိုင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ မြန်မာသံတော်ဆင့်မှ တိုက်ရိုက်တွေ့ဆုံ မေးမြန်းလိုကြောင်း နိုဝင်ဘာလ (၂၁)ရက် နေ့ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ သို့သော် ယနေ့အချိန် ထိ ပေးပို့စာနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးထံမှ တစ်စုံတစ်ရာ ဆက်သွယ် အကြောင်းပြန်ကြားမှု မရှိသေးသော်လည်း နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7 Day သတင်းဂျာနယ်တွင် ၎င်းပြည်ထောင်စုဝန်ကြီး တွေ့ဆုံမေးမြန်းခန်း ဖော်ပြ ပါရှိခဲ့ရာ မြန်မာသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းခွင့် တောင်းခံထားသော အကြောင်းအရာကို ဦးစွာအဓိကထား မေးမြန်း ထားမှုများကို တွေ့ရှိရပါသည်။ ထိုနေ့တွင်ပင် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ ဆက်သွယ် လာသဖြင့် ပြည်ထောင်စု ၀န်ကြီးထံ တွေ့ဆုံမေးမြန်း ခွင့် တောင်းခံထား သည့် မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့ပြီး 7 Day သတင်းဂျာနယ်တွင် ထပ်မံဖော်ပြခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်အား ယုံကြည် ဖတ်ရှုလျက် ရှိကြသော ပြည်သူလူထုအမြင် ရှင်းလင်းမှု ရှိစေရန် ဦးပီတာလင်းပင်အား ထပ်မံ၍ ပြည့်စုံစွာ ပြောကြားပေး ပါရန် မေတ္တာရပ် ခံခဲ့ပါသည်။ ပြည်သူလူထု ရှင်းလင်းစွာ အကြောင်းအရာ ဖြစ်ရပ်အစုံအလင် သိရှိနိုင်စေရန် မြန်မာသံတော်ဆင့်၏ မေတ္တာရပ်ခံချက်နှင့်အတူ 7 Day သတင်းဂျာနယ်ပါ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုများကို ပြန်လည် ရှင်းလင်းလိုသည့် ဦးပီတာလင်းပင်၏ သဘောထားများကို ယခု ဖော်ပြအပ် ပါသည်။ …

7 Day ဂျာနယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ မြန်မာသံတော်ဆင့်က ဖော်ပြခဲ့တဲ့ အန်ကယ် ပြန်လည် ၀င်ရောက်လာချိန် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့က အန်ကယ့်ကို ကား၊ ငွေကြေး၊ နေအိမ် စတာတွေ ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်မင်းကို မေးမြန်း ဖော်ပြထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ခန်း ပြောကြားချက်တွေက ကျွန်တော် ဖတ်ရတာ သိပ်ရှင်းလင်းမှု မရှိသလို ဖြစ်နေတယ်။ အန်ကယ့်အနေနဲ့ အပန်းမကြီးဘူးဆိုရင် ဒီအကြောင်းအရာရဲ့ အဖြစ်အပျက် အစုံအလင်ကို ပြောကြား ပေးနိုင်မလားခင်ဗျာ။

ဒီကိစ္စက ကျွန်တော် ပြောခဲ့သလို ရှင်းရှင်းလေးပါပဲ။ ကျွန်တော် ပြန်ရောက်လာတဲ့ အချိန်မှာ ဒေါက်တာ နေဇင်လတ်တို့နဲ့ ဆက်သွယ်မိပြီး ဒေါက်တာနေဇင်လတ်ရဲ့ ဟိုတယ်မှာ တည်းတယ်။ အဲဒီဟိုတယ်ကို ရောက်ပြီး သုံးလေးရက်လောက်နေတော့ ဦးလှမောင်ရွှေက ကျွန်တော့်ဆီ ရောက်လာတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ သင့်တယ်ဆိုပြီး အဆိုပြုလို့ ကျွန်တော်ကလည်း ယုံယုံကြည်ကြည်နဲ့ လက်တွဲပြီး ဆောင်ရွက်ဖို့ ပြန်လာတာ ဖြစ်တဲ့အတွက် တွေ့ဖို့ လက်ခံ လိုက်တယ်။ ဒီတော့ ဦးအောင်မင်းတို့နဲ့ တွေ့ကြတယ်။ ကျွန်တော် ရိုးသားစွာ အမှန်အတိုင်း ပြောခဲ့ပြီးသားပဲ။ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့တဲ့ အချိန်မှာ Myanmar Egress က ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးဆန်နီညွန့်သိန်းတို့ ပါတယ် ဆိုတာတောင် ပြောခဲ့သေးတာပဲ။ ဦးအောင်မင်း 7 Day မှာ ပြောတဲ့အထဲမှာ ကျွန်တော်က မြန်မာနိုင်ငံကို ပထမဦးဆုံး ပြန်ဝင်လာတယ်ဆိုတာ ဟုတ်တယ်။ သူပြောတဲ့ အခွင့်အရေး ဆိုတာတွေ တောင်းခဲ့တာလည်း ဟုတ်တယ်။ ဒါပေမဲ့ သူပြောတာက ပြည့်စုံမှု တိကျမှု မရှိဘူး။ တကယ့် အကြောင်းအရာတွေ ကျန်နေတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီ 7 Day နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ့်ကို ငွေတွေ၊ အိမ်တွေ၊ ကားတွေပေးတဲ့ ကိစ္စ မေးမြန်းတဲ့အခါ ““အဲဒါတွေမပြောခင် သူတို့ လုပ်နေတဲ့ကိစ္စလေး ပြောချင်ပါတယ်ဆိုပြီး သမ္မတကြီးက ၂၀၁၁ ခုနှစ်က အခြေပြ မိန့်ခွန်းပြောခဲ့တာ ဒီမိန့်ခွန်းထဲမှာ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ တာ၊ သမ္မတကြီး ဖိတ်ခေါ်ပြီးနောက် အန်ကယ်က ပထမဆုံး ပြန်လည်ဝင်ရောက်လာပြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံမှု ရှိခဲ့တာ၊ ပြီးတော့ အန်ကယ်က အခွင့်အရေးတွေ တောင်းတယ်။ ဒါပေမဲ့ အခုက ခေတ် ပြောင်း သွားပြီ၊ တန်းတူညီမျှပဲ ဘယ်သူမှ အခွင့်အရေး ပိုယူလို့မရဘူး။ ဒါကြောင့် သူတို့အနေနဲ့ ဘာမှပေးလို့ မရဘူးလို့ ဆိုထားတယ်””။ ဒါက ပထမမေးခွန်းမှာ ဖြေတဲ့ အကြောင်းအရာတွေ ဒီတော့ မေးတဲ့သူက အန်ကယ်က ဘာအခွင့်အရေးတွေ တောင်းတာလဲဆိုတာ ဒုတိယမေးခွန်းအနေနဲ့ မေးခဲ့တယ်။ ဒီတော့ ဦးအောင်မင်းက““အန်ကယ်က အန်ကယ့်ရဲ့ပင်စင်လစာ ပြန်လည်ခံစားခွင့်၊ ပြီးတော့ မေမြို့က အန်ကယ့်ရဲ့ အိမ်မြေကွက်ဂရန် ပျောက်သွားတဲ့ကိစ္စ ပြန်လျှောက်ဖို့တွေ ပြောတယ်။ ဒီအခါမှာ ဦးအောင်မင်းတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ပြည်ပက ပြန်လာတဲ့ လူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြောပေးတာ တို့၊ လုပ်ပေးတာတို့ ဒီလောက်ပဲ ရှိတယ်””လို့ ပြန်ဖြေတယ်။ အဲဒီတော့ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ်နဲ့ ပတ်သက်ပြီး မေးတာ၊ ဖြေတာ ဒီနှစ်ခုပဲ တွေ့တယ်။ နောက်ပိုင်းမှာ ဘာမှ ဆက်မတွေ့တော့ဘူး။ အခု အန်ကယ်က ဦးအောင်မင်း အနေနဲ့ ပြောတာ ပြည့်စုံမှု မရှိဘူးဆိုတော့ ဘာတွေ ကျန်နေတာလဲ။

အဓိကက ပထမ မေးခွန်းမှာပါတဲ့ ကျွန်တော့်ကို ကားတွေ၊ ငွေတွေ၊ အိမ်တွေ ပေးတယ်ဆိုတဲ့ ကိစ္စ ဖြေထားတာ မတွေ့ဘူး။ မဖြေလို့ ထပ်မေးတာလည်း မတွေ့ဘူး။ နောက်ပြီးတော့ အဲဒီအခွင့်အရေးတွေ ဆိုတဲ့ကိစ္စ သူပြောတာ လွဲနေတယ်။ ကျွန်တော်ပြောပြမယ်။ ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ကစပြီး Offer လုပ်တာ။ ကျွန်တော် က ဒီကိစ္စကို လိမ်ပြောစရာလည်း မလိုဘူး။ အမှန်ကို အမှန်အတိုင်းပဲ။ ကျွန်တော်က ကြောက်တဲ့ သူလည်းမဟုတ်ဘူး။ ကျွန်တော့်ကို သူတို့က ကားသုံးစီးထဲက တစ်စီး ယူသွား၊ နေစရာမရှိရင် အင်လျား ကန်စောင်းမှာ ဗိုလ်ချုပ်တွေ ပြောင်းသွားလို့ နေရာတွေ လွတ်နေတယ်။ အဲဒီက တစ်နေရာ လုပ်ပေးမယ်။ လောလောဆယ် သုံးဖို့လည်း အသုံးစရိတ် သိန်းတစ်ထောင်ပေးမယ်။ ဒါကို သူတို့က စပြီး Offer လုပ်တာ။ သူတို့ အဲဒီလိုပြောတော့ ကျွန်တော်က ဒါတွေယူဖို့ လာတာမဟုတ်ဘူး။ ဒီတော့ ကားကိုလည်း ကျွန်တော့် ဘာသာ စာတင်ပြီး ရောင်းဖို့ လျှောက်မယ်။ နောက်ဖုန်းလည်း တရားဝင်လျှောက်မယ်။ နောက်နေဖို့ အခန်းလည်း ရောင်းပေးဖို့ ကိုယ့်ဘာသာ လျှောက်မယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါကို ဦးလှမောင်ရွှေက စာရေး တင်လိုက်ပါဆိုလို့။ အဲဒီနောက် ဒေါက်တာ နေဇင်လတ်ဆီက တစ်ဆင့် ကျွန်တော် တကယ်လည်း လျှောက်ခဲ့ တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘာမှ အကျိုးအကြောင်း မသိရဘူး။ ဒီတော့ 7 Day ထဲမှာ သူရှင်းတာ၊ သူဖြေ ထားတာကိုက ဒီကိစ္စတွေ မပါဘူး။ သူတို့က လိုချင်ရင် အခု ဒါတွေ၊ ဒါတွေ ယူသွားလို့ offer လုပ်တာ။ ကျွန်တော်က မယူဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်မယ်လို့ ပြန်ပြောခဲ့တာ။ ဒါကအခု ဦးအောင်မင်း ပြန်ရှင်းတဲ့ အထဲမှာ မပါတဲ့ကိစ္စ။ သူပြောတဲ့ ပင်စင်တို့၊ ဂရန်တို့ ဆိုတာက ပင်စင်က ကျွန်တော် ပြည်ပထွက် သွားတော့ အသိမ်းခံလိုက်ရတာ ဒါကိုပြန်ရဖို့ လျှောက်တာ။ နောက် ဂရန်ကလည်း ကျွန်တော် နိုင်ငံခြား ထွက်သွားတဲ့ အချိန် ဘယ်သူ ယူသွားမှန်း မသိဘဲ ပျောက်သွားလို့ ပြန်လျှောက်ဖို့ လုပ်တာ။ ဒါတွေက ကျွန်တော့် ရပိုင်ခွင့်တွေကို ကျွန်တော်တောင်းတာ။ ဒေါက်တာ နေဇင်လတ်ဆီမှာပဲ အဲဒါတွေနဲ့ ပတ်သက်ပြီး စာပေးခဲ့တယ်။ ဒါတွေမကဘူး အခုဖွဲ့ထားတဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေမှာ လည်း အကုန်ပူးတွဲပြီး တင်ထားတာ။ ဒါတွေ အကုန်လုံး အခုချိန်ထိ ရှင်းရှင်းပြောရင် ပြန်မရသေးဘူး။ ပင်စင်လစာ ဆိုတာ ကျွန်တော် လိုချင်လို့ မဟုတ်ဘူး။ ကိုယ့်အခွင့်အရေး အနေနဲ့ ရသင့်တယ်ထင်လို့ မတရားမှုကို တိုက်ရမှာမို့ ပြန်တောင်းတာ။ နောက် သူပြောတဲ့အထဲမှာ မပါတဲ့ကိစ္စက ၉၀ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တွေနဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပူးပေါင်းဖို့ ထောက်ပံ့ ကူညီဖို့ စာတင်ခဲ့တာလည်း ရှိတယ်။ ဒါတွေကို အခွင့်အရေး တောင်းတယ်လို့ ပြောရင် ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။ ဟုတ်တယ်။ ကျွန်တော် အခွင့်အရေး တောင်းခဲ့တယ်လို့ပဲ။ ကျွန်တော်က ရိုးရိုးသားသား လုပ်တဲ့သူဆိုတော့ အကုန်လုံး အမှန်အတိုင်း ပြောရဲတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အဓိကကျတဲ့ အန်ကယ့်ကို ဦးအောင်မင်းတို့က ကားတွေ၊ အိမ်တွေ၊ ငွေစတာတွေ ပေးမပေး ပထမမေးပေမယ့် ဦးအောင်မင်း ဖြေတဲ့အထဲမှာ ပေး မပေး အတိအကျ မဖြေထားဘူး။ ဒါကိုလည်း နောက်ပိုင်း အဖြေအတိအကျ ရအောင် ထပ်မေးတာမျိုး မတွေ့ရဘူး။ ဒါပေမဲ့ ဒါက သူတို့မေးတဲ့၊ ဖြေတဲ့အပိုင်းမို့ ထားလိုက်ပါတော့။ တစ်ခုရှိတာက ကျွန်တော်တို့က အန်ကယ်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို မဖော်ပြခင် ကတည်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်ဆီကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခွင့် ပေးဖို့ တင်ခဲ့တယ်။ ဒါပေမဲ့ အခုအန်ကယ်နဲ့ တွေ့နေတဲ့ အချိန်ထိ အကြောင်းပြန်ချက် မရှိသေးဘူး။ ဒါပေမဲ့ ဒီနေ့ 7 Day မှာ ဒီတွေ့ဆုံ မေးမြန်းခန်း ပါလာတယ်။ တွေ့ဆုံ မေးမြန်းခန်းရဲ့ မေးခွန်းတွေကို ကြည့်ရင် ကျွန်တော်တို့ သံတော်ဆင့် ထွက်ပြီးမှ ဒီတွေ့ဆုံ မေးမြန်းခန်း လုပ်ထားတာ ငြင်းလို့ မရဘူး။ ဒီတော့ ဒီအကြောင်းအရာတွေကို တရားဝင် ဖော်ပြခဲ့သလို ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်လည်း အစောကတည်းက တောင်းထားပေမယ့် မရဘဲ အခုလို 7 Day မှာ တွေ့ဆုံ မေးမြန်းခန်း ပါလာတဲ့အပေါ် အန်ကယ့် အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။

ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခွင့် လှမ်းတင်တုန်းကပဲ ဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိက ၀န်ကြီးအနေနဲ့ အခမ်းအနားတွေမှာ သတင်းမီဒီယာတွေနဲ့ ဆုံတွေ့မေးမြန်းနေတာမို့ သီးသန့် တွေ့ဆုံမေးမြန်းမှုမျိုး ဘယ်သူ့ကိုမှ ပေးလေ့မရှိပါဘူးလို့ ကြိုပြောထားတဲ့ အသံဖိုင်လည်း ကျွန်တော့်ဆီမှာ ရှိတယ်။

သူတို့ လုပ်ရပ်တချို့က လှည့်စားနေတာ။ ကျွန်တော်က သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။ ဒီတော့ ဘယ်သူ ဘာလုပ်တယ်ဆိုတာ ပြည်သူကသိသလို ဒီအဖြစ်အပျက်တွေကို ကြည့်တာနဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ လူတွေက သိတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တာ တိုင်းပြည်မှာ ဗရုတ်ဗရက် အခက် တွေ့အောင် လုပ်နေတဲ့သူတွေ အုပ်ချုပ်နေတာ မဖြစ်အောင်လို့ တစ်ချိန်လုံး တားဆီးလာတာ၊ မသေမချင်း လည်း အမှန်တရားပဲ လုပ်သွားမှာ ဒီကိစ္စက ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ လူတိုင်းသိတယ်။

စကားမစပ်ခင်ဗျ။ ကျွန်တော် မရှင်းတာလေး တစ်ခုလောက် မေးပါရစေ။ အန်ကယ် ပြောတဲ့အထဲမှာ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့က ကားသုံးစီးရှိတယ်။ ကြိုက်တဲ့ တစ်စီးယူသွားလို့ ပြောတယ်ဆိုတော့ အဲဒီကားတွေက သူတို့စီးလာတဲ့ ကားတွေလား။ ဘာအမျိုးအစားတွေ များလဲ။

သူတို့ စီးလာတာ မဟုတ်ဘူး။ အဲဒီ့အချိန်က ဦးစိုးသိန်းက စက်မှုဝန်ကြီးဆိုတော့ သူတို့စက်ရုံက ထုတ်ပြီး အခုအပြင်မှာ တက္ကစီ ဆွဲနေတဲ့ ကားတွေ ရှိတယ်။ အဲဒီလိုကားမျိုးတွေ။ အဲဒီထဲက တစ်စီး ယူသွားဖို့ ပြောတာ။ ပြန်သွားရင် ယူသွားရုံပဲ အဲဒီလို ပြောတာ။

ဒါဆို အန်ကယ်က ဒီကားပေးတာကို လက်မခံဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်ဖို့ ဆိုတာက ဘယ်ကားကို ပြောတာလဲ။ အစိုးရဆီက ကားကိုလား။

ဦးစိုးသိန်းတို့ စက်ရုံက ထုတ်တဲ့၊ သူတို့ယူသွားလို့ ပြောတဲ့ ကားမျိုးပဲ လျှောက်ခဲ့တာ။ အဲဒါကလည်း သူတို့နဲ့ တွေ့ပြီးနောက်မှ စာရေးပြီးတော့ ဦးလှမောင်ရွှေ ဆီကနေ တစ်ဆင့်လျှောက်တာ။

အခု အန်ကယ့် ကိုယ်တွေ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး အခုလို ကြုံတွေ့ရတဲ့ အပေါ်မှာရော အန်ကယ့်အနေနဲ့ တစ်စုံတစ်ရာ ပြောချင်တာ ရှိပါသလား။

ရှင်းရှင်းပြောရရင် ကျွန်တော်က ယောက်ျား တစ်ယောက်။ နိုင်ငံရေးသမား။ ပြည်သူကို လိမ်ဖို့လည်း မစဉ်းစားဘူး။ ဘယ်သူ့ကိုမှလည်း လိမ်ဖို့မစဉ်းစားဘူး။ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်လို့။ တချို့က ဘယ်လိုပြောလဲ ဆိုရင် ယူသွားတယ်လို့ သတင်းထွက်လာတယ်။ နိုင်ငံခြားမှာ ယူသွားတယ်လို့ သတင်း ထွက်လာတယ်။ ဒီမှာလည်း သို့လောသို့လော ရသွားတယ်လို့ ပြောနေတဲ့လူတွေ ရှိတယ်။ မဟုတ်ပါဘူး ဆိုတာ ကျွန်တော် တိတိကျကျ ပြောပါတယ်။

ကျွန်တော်ကပဲ သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။ ဒီဟာတွေ ဖြစ်လို့လည်း သူတို့ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိဘူး။ ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှု မရှိဘူး။ ကျွန်တော်က ဘာကိုမုန်းလဲ ဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ်။ ကျွန်တော့် သဘောထားက ဒါပဲ။ ကျွန်တော် တပ်မတော် အပေါ်လည်း ဒီအတိုင်းပဲ။ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး။ တပ်မတော်ထဲမှာ ချစ်စရာ ကောင်းတဲ့လူ၊ တိုင်းပြည်ကိုချစ်တဲ့ လူအများကြီးပဲ။ ကိုယ့်အတွက်ကိုယ် လုပ်နေတဲ့၊ ကိုယ့်အကျိုးအတွက် လုပ်နေတဲ့ ဟာတွေ အများကြီး ရှိနေတာကိုသာ တိုက်တာ။ ဒီတော့ ဦးအောင်မင်း အနေနဲ့လည်း ရိုးသားပါလို့ ပြောချင်တယ်။

အခု သူတို့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို တတ်နိုင်သလောက် ကြိုးစားနေတယ်လို့ ပြောတယ်။ ဒီတော့ ဒီလုပ်ငန်းတွေ မအောင်မြင်ဘူး၊ အောင်မြင်တယ် ဆိုတာက ရိုးသားမှုမှာ မူတည်တယ်။ ရိုးသားရင် အောင်မြင်မှာပဲ။ ရိုးသားဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကျိုးကို လျှော့ပြီးတော့ တိုင်းကျိုး ပြည်ကျိုးကို လုပ်ကြပါ။

အန်ကယ်အခုပြောသွားတဲ့အထဲမှာ ကိုယ်ကျိုးအတွက် လုပ်နေတဲ့ သူတွေရှိသလို တိုင်းပြည်ကို တကယ်ချစ်တဲ့ သူတွေလည်း ရှိတယ်ဆိုတဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ အန်ကယ့်လို ခွဲခြား သိမြင်နိုင်အောင် ပြောပြပေးပါဦး။

ဘယ်သူမရိုးသားဘူး၊ ရိုးသားတယ် ဆိုတာကိုယ့်ကိုယ်ကိုယ် သိတယ်။ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တစ်ဖက်နဲ့ တစ်ဖက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး မဖြစ်တာ ပြည်သူတွေ အရမ်းနစ်နာတယ်။ တိုင်းပြည် ဆုတ်ယုတ်မှုတော့ ရှိတယ်။ တကယ့် ဒီမိုကရေစီ လမ်းကို သွားမယ်ဆိုရင် ငြိမ်းချမ်းရေးရမှ တပ်မတော်ရဲ့ လှုပ်ရှားမှုက နည်းသွားမယ်။ ပြီးရင် အရပ် အုပ်ချုပ်ရေးက ၀င်လာမယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် အန်ကယ်ပါမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်ဖြစ်အောင် လုပ်ပါလို့ ကျွန်တော်မေတ္တာရပ်ခံ ပါတယ်။

လောကကြီးမှာ မိသားစု တစ်ခုတောင်မှ ကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့လူ ရှိတယ်။ လုပ်စားနေတဲ့လူ တော်တော်များများလည်း ရှိသလို ပြည်ထောင်စု အရေးကို ဆောင်ရွက်နေတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ အရေးအကြီးဆုံးက လုပ်မစားဘဲနဲ့ ပြည်ထောင်စု အကျိုးကို လုပ်မယ့် လူတွေနဲ့ လုပ်လို့ရှိရင် အောင်မြင်မှာပဲ။ တကယ့် ပြည်ထောင်စု အကျိုးကို လိုချင်ရင် ငြိမ်းချမ်းရေးကို လုပ်မယ်။ ငြိမ်းချမ်းရေး မရှိရင် စစ်အုပ်ချုပ်ရေးက ကြာမယ်။ ပြီးရင် တရား ဥပဒေစိုးမိုးရေး လုပ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘာကြောင့် ရေးဆွဲရလဲ ဆိုတာကို အုပ်ချုပ်သူ လူတန်းစားကနေ အုပ်ချုပ်ခံ လူတန်းစားကို ဖိနှိပ် မချုပ်ချယ်နိုင်အောင် ရေးဆွဲရမယ်။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက နေပြီးတော့ တရားဥပဒေ နားလည်တဲ့လူတွေ၊ ကျွမ်းကျင်တဲ့လူတွေ၊ တိုင်ပင်ပြီးတော့ ဒီဟာတွေကို ရေးဆွဲပါ။ အခုက တစ်ဖွဲ့တည်းက ရေးဆွဲပြီးထားတော့ ပြောစရာမလိုဘူး။ ရေး ဆွဲထားတာ အားလုံးကို ကြည့်ရင်လည်း ပြည်သူ့အကျိုး မဟုတ်ဘဲနဲ့ တပ်မတော်အကျိုးကို အများဆုံး ထည့်ထားတယ်။ အဲဒါတွေ ကတော့ လုပ်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီဟာ ဟန်ပြပဲဖြစ်မယ်။ ပြည်သူတွေ ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ရှိရမယ်။ ကြေးစားလုပ်တဲ့ ၀န်ထမ်းတွေက ကြေးလည်းစား၊ ပြီးလို့ရှိရင် လွှတ်တော်ထဲလည်း ၀င်တယ်ဆိုတော့ အလုပ်နှစ်ခု လုပ်စရာမလိုဘူး။ ကြေးစား လုပ်မယ်ဆိုရင် ၀န်ထမ်းတစ်ခုက တကယ့် နိုင်ငံရေး လုပ်မယ်ဆိုရင် အဲဒီအလုပ်က ထွက်ပြီးတော့ နိုင်ငံရေးပဲ သူလုပ်ရမယ်။ အခုက လုပ်လို့မရဘူး။ တပ်မတော်က ကြေးလည်း စားထားသေးတယ်။ ကြေးစားတပ်မတော် ဖြစ်နေတယ်။ လွှတ်တော်ထဲ ၀င်တယ်ဆိုတာ မဖြစ်သင့်တဲ့အလုပ်။ စစ်တပ်ကို ပိုပြီးတော့ ပေးထားတဲ့ အခွင့်အရေးက စစ်က ၂၄ နာရီ အလုပ်လုပ်နေရလို့ စစ်တပ်ကို အခွင့်အရေးတွေ အများကြီး ပေးထားရတယ်။ အဲဒါတွေ အားလုံးက ပြည်သူက ပေးထားတဲ့ အခွင့်အရေးတွေ။ http://myanmarthandawsint.com/2013/11/29/ပြည်ထောင်စုဝန်ကြီး-ဦးေ/

No comments: