Monday, November 25, 2013

ပြည်ထောင်စု ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး UNFC ထပ်မံ ရှင်းပြ

Written by  ဖနိဒါ

UNFC-meets-with-11-parties
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana ဟိုတယ်တွင် UNFC နှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ- ဖနိဒါ၊ မဇ္ဈိမ) ထိုတွေ့ဆုံပွဲတွင် ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွန်မော်က ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ချင်းမိုင်(မဇ္စျိမ)။    ။ မြန်မာ့တပ်မတော်ကို ပြည်ထောင်စု ဖက်ဒရယ် တပ်မတော်အဖြစ် ဖွဲ့စည်းနိုင်ရေးကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCအဖွဲ့ဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က နိုဝင်ဘာလ ၂၂ ရက်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း တက်ရောက်ဆွေးနွေးသူများက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana ဟိုတယ်တွင် UNFC နှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဖက်ဒရယ် ပြည်ထောင်စု တစ်ခုတည်ထောင်ဖို့ လက်ခံလိုက်ရင် သူနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် တပ်မတော် တစ်ခုက ဖွဲ့ရမှာပဲ။ ဒါငြင်းလို့ မရဘူး။ ဖက်ဒရယ်ကို လက်ခံပြီဆိုရင် ဘယ်လိုဖွဲ့မလဲဆိုတာကို စဉ်းစားရမယ်။ ပြည်ထောင်စု ပုံသဏ္ဍာန် ဖွဲ့မလား။ ဖက်ဒရယ် စနစ်ကနေ ဖွဲ့မယ်ဆိုရင် ပြဿနာ မရှိဘူး။ ဖက်ဒရယ် အပြင်ဘက်က ဖွဲ့မယ်ဆိုရင်တစ်မျိုးပေါ့။ ဗိုလ်ချုပ် ဂွန်မော်ပြောတာက အဲဒီလို မဟုတ်ဘူး။ တပ်မတော်နဲ့ဘယ်လို ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ သဘောကို ရှင်းပြသွားတာ” ဟု အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
သူက ဆက်လက်ပြီး “ဖက်ဒရယ် တပ်မတော်ဖွဲ့လို့ရှိရင် လက်ရှိ မြန်မာ့တပ်မတော်ကို ဖျက်ပြီးတော့ အစပြန်ဖွဲ့ရမလို တပ်က ထင်သွားပုံ ပေါ်တယ်။ ဒါပေမဲ့ ဒီမှာ ဗိုလ်ချုပ်ဂွန်မာ် ရှင်းပြတာက အဲဒီလို မဟုတ်ဘူး။ ရှိပြီးသား တပ်မတော်ကို ပေါင်းစပ်ပြီးတော့ ပြည်ထောင်စု တပ်မတော် ပုံစံမျိုးဖြစ်သွားအောင် ဖွဲ့သွားမယ်ဆိုတာကို သူလည်း ပြောသွားပြီပေါ့။ ဒါက ရှင်းလို့မရတာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများဘက်က တင်ပြသော ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေးကို လက်ရှိ မြန်မာတပ်မတော်ဘက်က နားလည်မှု လွဲနေခြင်းဖြစ်ပြီး ထိုကိစ္စအား ပြန်လည် ညှိနှိုင်းပါက မြန်မာအစိုးရ တပ်မတော်ဘက်မှ လက်ခံနိုင်မည်ဟု ယူဆကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုကလည်း “ဒီကို လာတုန်းက စိတ်ထဲမှာ ကြားခဲ့တာရှိတယ်။ တပ်မတော်က ဒီပြည်ထောင်စု တပ်မတော်ကိစ္စကို မချိမနှစ်ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ် ဂွန်မော် ဒီနေ့ ရှင်းပြတာက ဘာမှ စိုးရိမ်စရာ ကြောက်စရာမရှိဘူး။ ဒါလေးကို ပိုပြီးတော့ အားလုံးသိသွားတာ ဒါလေးကို သံသယ ဖြစ်စရာမလိုဘူးဆိုတာ အင်မတန်မှ ကောင်းသွားတယ်”ဟု မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀မှ နိုဝင်ဘာလ ၂ ရက်အထိ ကျင်းပသော လိုင်ဇာ ညီလာခံမှ ရရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ထဲမှ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များဘက်မှ မေးမြန်းခဲ့သဖြင့် ပြန်လည် ရှင်းပြခဲ့သည်ဟု UNFC မှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ပြည်ထောင်စု တပ်မတော်ဆိုတာက နှစ်မျိုးရှိတယ်။ တစ်မျိုးက ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်ဆိုရင်တော့ အဲဒီပြည်ထောင်စုအတွက် လိုအပ်တဲ့ ကာကွယ်ရေးတပ်ကတော့ ရှိရမှာဖြစ်တယ်။ သို့သော် လက်ရှိ မြန်မာ့တပ်မတော်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်အဆင့်ကို သွားဖို့ အချိန်နည်းနည်းယူပြီးတော့ အသွင်ပြောင်းရမယ်။ အဲဒီလို အသွင်ပြောင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံတို့၊ လက်ရှိ တပ်မတော်တို့ ပြောင်းဖို့။ ဖြုတ်ဖို့ မလိုအပ်သေးပါဘူး။ တိုင်ပင်ပြီး တဆင့်ချင်း ပြောင်းလဲသွားရမဲ့ ကိစ္စဖြစ်တယ်” သူက သတင်းထောက်များအား ပြောဆိုခဲ့သည်။
ထိုအဆင့်ထိ ရောက်ရန်အတွက် လာမည့် ဒီဇင်ဘာလလယ်၌ ကရင်ပြည်နယ် ဘာအံမြို့တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲတွင် ခေါင်းစဉ်တစ်ခု အနေဖြင့် ထည့်သွင်းကာ အကောင်အထည်ဖော် ဆွေးနွေးသွားမည် ဖြစ်ကာ ယခုကဲ့သို့ တွေ့ဆုံခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှု ရရှိခြင်းနှင့် ညီညွတ်ရေးတည်ဆောက်နိုင်သဖြင့် တွေ့ဆုံခွင့်ပေးသော အစိုးရအား ကျေးဇူးတင်ကြောင်း ခွန်ဥက္ကာက ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၂ နာရီခွဲတွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ် ၇ ဦးတို့နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ကြပြီး “မြန်မာနိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုများနှင့် တိုင်းရင်းသား လူမျိုးများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်နှင့် ဦးဇိုဇမ်တို့ ဆွေးနွေးခဲ့ကြသည်။
လက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ခုသည် အစိုးရ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူဘောင်နှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

No comments: