Thursday, November 28, 2013

ဘယ်ကလာပြီး ဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ.


November 19, 2013 at 7:39pm
ဘယ်ကလာပြီးဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ..

အခုရက်ပိုင်းအတွင်း အော်စလိုမှာDVB အသံလွှင့်ဌာန ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားလုပ်ဖို့ တာစူနေကြတယ်။ ပြည်တွင်းနဲ့ချင်းမိုင်၊ မဲဆောက် အခြေစိုက် DVB ၀န်ထမ်းတချို့ရော ဟိုးအစောပိုင်း DVB တည်ထောင်စ ပါဝင်ခဲ့တဲ့ လူဟောင်းတွေကိုရောသတိတရ ဖိတ်ကြားပြီး မနက် ကိုးခွဲကနေ ညနေ လေးနာရီထိ ရှေ့ကြောင်းနောက်ကြောင်းတွေ ပြန်သုံးသပ်တင်ပြကြမယ်လို့ ကြားတယ်။ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စကားနည်းနည်းပြောမယ်ကြားတယ်။ဒီပိတ်ပွဲကို မြန်မာပြည်က စာရေးဆရာ ဂျာနယ်လစ်တချို့ကိုလည်း ဖိတ်တယ်..။ သတင်းထောက်တွေရောဆိုလူ ၂၀ကျော်မယ်ထင်တယ်။ ပြည်တွင်း ဂျာနယ်လစ်စ်တွေကတော့  နော်ဝေးအပြင် ဆွီဒင်၊ပြင်သစ် စတဲ့ ဥရောပနိုင်ငံတချို့ခရီးဆက်မယ်သိရတယ်။ ဒီပွဲကြီးတခုလုံးအတွက် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့၊ OpenSociety Foundation ရယ် နော်ဝေးအခြေစိုက်  Fritt Ord Foundation အဖွဲ့တွေက ငွေကုန်ကြေးကျခံတယ်လို့စုံစမ်းသိရတယ်။ တကယ်တော့ DVB ဟာ လာခြင်း ကောင်းခဲ့ပေမဲ့ ပြန်ခြင်းမလှရှာဘူး။ ပေါ်ပေါက်စကပြည်သူ့ သြဘာသံတညံညံရခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြည်သူရဲ့ ထွီ.ထွမ်..အခြေစိုက်ဖို့ဖြစ်သွားပြီလို့ဘဲ မထောက်မညှာ ပြောရတော့မယ်။


၁၉၉၂ ဇူလိုင် ၁၉ရက်မှာDVB ရေဒီယိုကို စတင်လွှင့်ခဲ့တယ်။ ကျနော်တို့နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေမှာ ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားသူတွေနှစ်ထောင်းအားရဖြစ်ကြတယ်။ ဒါဟာ ငါတို့အသံ လို့ခံယူပြီး တတ်နိုင်သလောက် ၀န်းဝိုင်းပံ့ပိုးခဲ့ကြတယ်။ကျနော်ဟာ အဲဒီကာလက သတင်းထောက်တယောက်မဟုတ်ပေမဲ့ အိန္ဒိယနိုင်ငံကနေ ကိုယ့်ဖာသာ အိပ်စိုက်ပြီးဖက်စ်ဘိုး၊ တယ်လီဖုံး ဖိုး အကုန်ကျခံ သတင်းတွေ ပုံမှန်ပေးပို့ခဲ့တယ်။ ငါတို့ ရေဒီယို..ငါတို့ဝန်းရံရမယ်ဆိုတဲ့မူမျိုးရှိခဲ့ကြတယ်။ ကိုယ်မှ မဟုတ်ဘူး၊ တခြား အရပ်မျက်နှာ အစုံက တော်လှန်ရေးရဲဘော်တွေ၊နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း DVB ကို ၀ိုင်းဝန်းပံ့ပိုးခဲ့တယ်။


DVB ပေါ်လာတာကလည်း တခြား BBC၊VOAနဲ့ နောက်ပိုင်း RFA တို့ ပေါ်လာပုံနဲ့ တူမှမတူတာ။ BBC နဲ့ VOA ကတော့ ထားပါတော့လေ။RFA တောင် DVBလိုမျိုး  မြန်မာ့ဒီမိုကရေစီအရေးကြွေးကြော်သံနဲ့  ပေါ်လာတာမဟုတ်ဖူး။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့စစ်အေးတိုက်ပွဲကာလ Radio Free Europ အောင်မြင်လို့ အဲဒီပုံစံယူပြီး တရုတ်ကွန်မြူနစ်ကိုပစ်မှတ်ထားပြီး Radio Free Asia လို့ ပေါ်လာတာကိုး။ မြန်မာပိုင်းဌာနဟာ ကျွဲကူးရေပါသဘောလောက်ပါ။ထားပါတော့ ပြောချင်တာက DVB ဟာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သီးခြားပေါ်ပေါက်လာတာဖြစ်တယ်။အာဏာရှင် စစ်အစိုးရနဲ့ကျောထောက်နောက်ခံတွေ၊ ဒေါက်တိုင်တွေကို ဖြိုလှဲဘို့ နော်ဝေးအစိုးရရဲ့ထောက်ခံအားပေး ပံ့ပိုးမှုနဲ့ ပေါ်ထွက်လာတာဖြစ်တယ်။ တနည်းပြောရရင် DVB ဟာ ၁၉၉၁ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရှိန်အ၀ါနဲ့ ပေါ်လာတာလို့ ပြောရင် မမှားပါဘူး။


ဒီလိုပါ။ နော်ဝေးနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေးကော်မတီကနေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၉၁ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုချီးမြှင့်ပြီးတဲ့နောက်ပိုင်းနော်ဝေးအစိုးရဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အတတ်နိုင်ဆုံး အားပေးထောက်ပံ့မဲ့မူ ကျလာပါတယ်။နောက်ပိုင်း ညွန်ပေါင်းအစိုးရ၀န်ကြီး ဒေါက်တာစိန်ဝင်း( ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမ၀မ်းကွဲ)နဲ့ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့ ပုဂိုလ်ရေး ခင်မင်သိကြွမ်းသူ  ယခ္ခု နော်ဝေးမြန်မာ ကော်မတီ အဖွဲ့တည်ထောင်ခဲ့သူကွယ်လွန်သူ မစ္စတာဂူလွိုင်း အပါအ၀င် နော်ဝေးအစိုးရပုဂိုလ်တချို့ တိုင်ပင်ဆွေးနွေးပြီးမြန်မာ့ဒီမိုကရေစီအရေး အတွက် ၀ါဒဖြန့်ချိပေးမဲ့ ရေဒီယိုစတေးရှင်းတခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီရေဒီယို စတေးရှင်းနာမည် Democratic Voice of Burma ဆိုတဲ့ နာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပေးခဲ့တာလို့ နီးစပ်တဲ့ NLD သတင်းရပ်ကွက်ကနေ သိခဲ့ဖူးပါတယ်။ ဒီတော့ ရှင်းပါတယ်။ DVBဟာဗြုန်းကနဲ မိုးပေါ်ကနေ ကျပြီး ပေါ်လာတာမဟုတ်ဖူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရှိန်အ၀ါတွေနဲ့ ပေါ်လာတာဖြစ်တယ်။ တနည်းပြောရရင် ရဟန်းရှင်လူကျောင်းသားတွေရဲ့ အသက်တွေ၊ သွေးတွေ၊ တိုက်ပွဲတွေ စိတ်ဓာတ်တွေကို ရင်းနှီးပြီး ပေါ်လာတာဖြစ်တယ်။ဒါရှင်းတယ်။


DVB ရေဒီယိုဟာ အဲဒီလို အရေးတော်ပုံရေခံမြေခံနဲ့ ထွန်းတောက်လာသလို အစောပိုင်းတည်ထောင်ခါစနဲ့ လွန်ခဲ့တဲ့ ၂နှစ်လောက်အထိ(၁၉၉၂-၂၀၁၁အထိ) တက်တက်ကြွကြွတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ၀န်ထမ်းတွေ၊ ရေဒီယို၊ တီဗွီသတင်းထောက်တွေနဲ့ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ  သောတရှင်တွေရဲ့ အားပေးကူညီမှုကြောင့် DVB အရှိန်အ၀ါတက်ခဲ့တာဖြစ်တယ်။ တိတိကျကျပြောရရင် NLD ပါတီကDVB အတွက် အခက်အခဲ အန္တရာယ်တွေကြားထဲက ပြည်တွင်းသတင်းတွေအဆက်မပြတ်ပေးပို့ခဲ့တယ်။  တနည်းပြောရရင် DVB ဟာ ဒီမိုကရေစီအရေးဘက်၊ ပြည်သူ့အရေးဘက်ရပ်တည်လို့ လမ်းကြောင်းမှန်လို့ အများရဲ့ အားပေးထောက်ခံမှုကို ခံစားရတာဖြစ်တယ်။  ဒါပေမဲ့ မနှစ်က စပြီး DVB ရဲ့ လမ်းကြောင်းဟာ မူလဦးတည်ရာနဲ့ လွဲလာသလို ကျေးဇူးရှင်တွေကိုတောင် ကျေးစွပ်နေတဲ့ အဖြစ်အပျက်နဲ့ လားရာတွေကိုစိတ်မချမ်းမြေ့ဘွယ် မြင်ခဲ့ရပါတယ်။


၂၀၁၁ခုမှာ  DVB ရဲ့ ငွေကြေးအရှုတ်တော်ပုံအနံ့အသက်တွေ ယင်တလောင်းလောင်းနဲ့ထွက်လာပါတယ်။ အမေရိကန်ဒေါ်လာ ၃သိန်းကျော် လဂ်စားမှု လို့သာ DVB ခေါင်းဆောင်တွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့အမှန်တကယ်က အဲဒီငွေတွေရဲ့ ၃ဆနှုံး အစအနပျောက်သွားတာပါ။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါပေါ်မှာစိုးလို့  ၃သိန်းနဲ့ပဲ ကမန်းကတန်း တရားခံတယောက်ဝိုင်းဝန်း လက်ညှိုးထိုးအပြစ်ပုံချလိုက်တာ ဆိုတဲ့ အတွင်းသတင်းတွေ စုံစမ်းသိရတယ်။ အခုလောလောဆယ်အဲဒီအမှုကိစ္စလည်း စုတ်စမြှုတ်စ ပျောက်နေပါတယ်။ ဟိုလူခိုးတာပါဗျို့လို့ လက်ညှိုးထိုးစွတ်စွဲပြလိုက်သလို စွတ်စွဲခံရသူဘက်ကလည်း ဒီခေါင်းဆောင်တွေ အားလုံးသဘောတူညီချက်တွေနဲ့ ဆုံးဖြတ်ပြီးလုပ်လာခဲ့တဲ့အလုပ်ပါလို့ ပြန်ပြောလာပါတယ်။ နိဂုံးချုပ်လိုက်ရင် နော်ဝေးအစိုးရ ဘက်က မျက်နှာပျက်စရာဖြစ်ရတယ်။မြန်မာပြည်သူတွေက ပိုပြီး နစ်နာပါတယ်။ အစိုးရလည်းသူခိုး အစိုးရဆန့်ကျင်သူတွေလည်း သူခိုးဖြစ်ကုန်ပါတယ်။ ထားပါတော့ ဒီအရှုတ်တော်ပုံက တဖြေးတဖြေးချင်း စုံစမ်း၊ လေ့လာ ဖြည်ထုတ်ရအုံးမှာမို့ဒီနေရာမှာ မပြည့်မစုံနဲ့ အကျယ်တ၀င့်ရေးမပြလိုတော့ပါ။ အဓိကပြောချင်တာက ကျေးဇူးသစ္စာမဲ့သွားကြပုံတွေပါ..။


DVB ကို နော်ဝေးမှာ ဆက်လက်ရပ်တည်ဖို့အခြေအနေမပေးတော့ပါဘူး။ ပြည်တွင်း အပြောင်းအလဲ ကာလနဲ့လည်း တိုက်ဆိုင်နေတာမို့ (တိုက်ဆိုင်တယ်ဆိုတာထက်အမှန်တော့ စစ်အစိုးရနဲ့ ပြည်ပ အစိုးရတချို့အပေးအယူ အညှိအနှိုင်းတွေနဲ့ ချိန်ကိုက် လုပ်ထားကြတဲ့နိုင်ငံရေးကျားကွက် အရွေ့အပြောင်းပါ) DVB ကို အထဲတွန်းပို့ပါတယ်။ အထဲဝင်ရင် နောက်ထပ်၂နှစ် ၃နှစ် အထောက်အပံ့ ဆက်ပေးမှာဖြစ်ပါတယ်။ ဒီတော့ DVB အထဲဝင်ဖို့ သမတဦးသိန်းစိန်အစိုးရနဲ့ အပေးအယူလုပ်ရပါတော့တယ်။


မနှစ်က ဇွန်လထဲမှာ(၂၀၁၂ ဇွန်၁၅-၁၉)ဒေါ်အောင်ဆန်းစုကြည်နိုဘယ်မိန်ခွန်းစကားပြောဘို့ နော်ဝေးကို အလည်အပတ်ရောက်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဒေါ်အောင်ဆန်းစုကြည်ထက်အရင် ကြံ့ဖွတ်အစိုးရ ပြန်ကြားရေးအဖွဲ့ (ယခ္ခု ဒုဝန်ကြီး ဦးရဲထွဋ်အပါအ၀င်) ခေါင်းဆောင်တချို့နဲ့ မြ၀တီနဲ့ MR TV တာဝန်ရှိသူတွေ၊ ခရိုနီတွေပါ ရောက်လာပါတယ်။နော်ဝေး၊ ဆွီဒင် ဒိန်းမတ်နိုင်ငံတွေမှာ သင်တန်းတွေတက်၊ လေ့လာမှုတွေလုပ်ခဲ့တယ်။ အဲဒီအတွက်DVB ကိုခင်မောင်ဝင်းနဲ့ ကိုအေးချမ်းနိုင် အပါအ၀င် နောက်ကွယ်ကDVB ကြိုးဆွဲထားသူတွေကစီမံတဲ့ပွဲဖြစ်ပါတယ်။ ပြည်ပ အစိုးရနဲ့ NGO အဆက်အသွယ်၊အရင်းအမြစ် တင်မက ပတ်စာခွါ ဖျာသိမ်းစကားပြန်အလုပ်ကအစ ကြံဖွတ်အစိုးရအတွက်  DVB ခေါင်းဆောင်တွေအမှုတော်ထမ်းပေးခဲ့ရတယ်။ အဲဒါအပေးအယူနိဒါန်းအစပါပဲ။ ပိုပြီး ရက်ရက်စက်စက်တခု တင်ပြချင်ပါသေးတယ်။


ဇွန်လတတိယအပတ်ထဲ ဒေါ်အောင်ဆန်းစုကြည်အော်စလိုမှာရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အရှိန်အ၀ါနဲ့ နိုဘယ်လ်ဆု တန်ခိုးကြောင့်ပေါ်ပေါက်လာတဲ့ DVB၊  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နာမည်ပေးထားတဲ့DVB ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးသိသိ၊ သတိတရနဲ့ DVB ရုံးဖိတ်ခေါ်ဘို့ ပျက်ကွက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ တခေတ်လုံးသူကိုယ်တိုင် အားပေးမြှင့်တင်ခဲ့တဲ့ DVB ရဲ့ အလေးမမူတဲ့ဒါဏ်ကိုခံလိုက်ရပါတယ်။ သူနေအိမ် အကျယ်ချုပ်ဘ၀က DVB ရေဒီယိုသံမသဲကွဲလို့ အိပ်ယာခြင်ထောင်တိုင်ပေါ်ရေဒီယိုအန်တီနာလေးချိတ် နားထောင်ခဲ့ရတယ်လို့ ပြောခဲ့ဖူးတာကို မဆီမဆိုင်ပဲ အားနာနေမိတယ်။DVB ရုံးဘယ်မှာလဲဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် သိခွင့် မရခဲ့ဘူး။


ကျေးဇူးရှင်စစ်စစ်ကြီးကိုDVB ရုံးမဖိတ်ခေါ်ဝံ့ပေမဲ့ ထမင်းရှင် အသစ်ဖြစ်တဲ့ ကြံ့ဖွတ်ပြန်ကြားအဖွဲ့တွေကိုတော့ DVBရုံးကို အသေအချာပင့်ဖတ်ပြီး ဖွယ်ဖွယ်ရာရာ စားပွဲ သောက်ပွဲကြီးကို ဆင်ယင်ကျင်းပကြပါတယ်။ခရိုနီတွေကိုယ်တိုင်တည်ခင်းတဲ့ အကောင်းစားအရက်တွေမှီဝဲပြီး မျက်နှာအဆီပြန်နေတဲ့ ပြန်ကြားရေးအရာရှိတွေနဲ့DVB ခေါင်းဆောင်တွေဟာ..ဆရာကြီးဒဂုံတာရာရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုတဲ့ ဆောင်ပုဒ်လေးကိုကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် အရသာရှိရှိ ရေရွတ်ခဲ့ကြပါတယ်။ တချိန်က ဒီရုံးခန်းထဲကနေ ဖက်ဆစ်အစိုးရလို့မိုးမွှန်အောင် ဆဲဆိုခဲ့သူတွေနဲ့ ပြည်ပအားကိုး ပုဆိန်ရိုးတွေလို့ ကြုံးဝါးမာန်ဖီခဲ့သူတွေဟာတယောက်ပုခုန်း တယောက်ဖက်ပြီး  DVB အသံလွှင့်ခန်းရှေ့ကဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကြီးကို မျက်လုံးလေးမှေး မထီသထီကြည့်ပြီး ခနဲ့တဲ့တဲ့နဲ့ ဟားတိုက်ပြစ်လိုက်ကြတယ်။အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကိုယ်တိုင် အော်စလိုမှာ ရှိနေတဲ့အချိန်ဖြစ်တယ်။ နော်ဝေးအစိုးရကမြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးနဲ့ အဖွဲ့ကို နိုဘယ်လ်ဆုအခမ်းအနားတက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့မတက်ရောက်ပဲ ရန်သူမဟုတ်တော့တဲ့ မိတ်ဆွေစစ်စစ်ကြီးတွေဟာ အော်စလိုတခွင် ပျော်ပျော်ပါးပါး လည်ပတ်ကြည့်ရှုမှုတွေလုပ်ပြီး နော်ဝေးတနိုင်ငံလုံးTV ရှေ့ထိုင် အာရုံစိုက်ငေးကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်မိန့်ခွန်းကို သရော်ခဲ့ကြတယ်။ဒါဟာ DVB က ကြံဖွတ်အစိုးရ အပေါ်ယုံကြည်မှုတည်ဆောက်ပြသလိုက်တာပဲဖြစ်ပါတယ်။ တနည်းဆိုရရင်ဒီမိုကရေစီတော်လှန်ရေးကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်ပြလိုက်တာဖြစ်တယ်။


ကြံ့ဖွတ်အစိုးရနဲ့ DVB ယုံကြည်မှုတည်ဆောက်မှုကို ထပ်မံသက်သေပြလိုက်တာကတော့ အခုနှစ်ဖေဖ၀ါရီနောက်ဆုံးအပတ်က သမတဦးသိန်းစိန်ရဲ့ အော်စလိုခရီးစဉ်မှာပဲဖြစ်ပါတယ်။ သမတဦးသိန်းစိန်ကိုဆန္ဒပြတဲ့မှတ်တမ်းကို သမတနဲ့ လိုက်ပါလာတဲ့ သတင်းအဖွဲ့တွေက အင်တာဗျူးလုပ်ရိုက်ကူးနေပေမဲ့အော်စလိုအခြေစိုက်တဲ့ ဒီမိုကရက်တစ်အမည်ခံအဖွဲ့က သမတဦးသိန်းစိန်နောက် တကောက်ကောက်လိုက်ပြီးသမတသတင်းတွေ၊ အင်တာဗျူးတွေသာ သတင်းအဂတိလိုက်စားပြီး ရွှမ်းရွှမ်းဝေအောင်လုပ်သွားပါတယ်။ ဆန္ဒပြသူတွေရဲ့ အနားတောင် မကပ်ပါဘူး။ သမတနောက်တကောက်ကောက်လိုက်ဝတ်ကြီးဝတ်ငယ်ဖြည့်ပေးရတဲ့ဘ၀ ရောက်သွားပါတယ်။ ဒါဟာ DVB ခေါင်းဆောင်တွေရဲ့ တဖက်သပ်အညံ့ခံပြီးကြံ့ဖွတ်အစိုးရဆီ ယုံကြည်မှုတည်ဆောက်လိုက်တာဖြစ်ပါတယ်။


ဒီကနေ့ DVBဟာ လမ်းကြောင်းတွေေ၀၀ါးနေပါတယ်။ Democratic Voice of Burma ကနေ Voice ofMyanmar အသွင်ပြောင်းသွားပါပြီ။သူ့ဆန်စားပြီး ရဲပြနေပါတယ်။ ဒီ၁နှစ် ၂နှစ်အတွင်း နော်ဝေးရဲ့ အထောက်အပံ့ရပ်တာနဲ့ခရိုနီMR TV4 အဖွဲ့ကို ရှယ်ရာခွဲပေးတော့မယ်လို့ သိရတယ်။ ကျနော်ရဲ့ ဆောင်းပါးကို မေးခွန်း၃ခွန်းလောက်ပဲ မေးပြီး အဆုံးသပ်ချင်ပါတယ်။

၁။ DVB ကို ဘယ်သူပိုင်သလဲ..။
၂။ DVB ဘယ်ကို သွားမှာလဲ..။
၃။ DVB ဘယ်သူ့အတွက်လုပ်မှာလဲ..။

 သေချာတာကတော့ DVB က အဲဒီမေးခွန်းကိုဖြေမှာမဟုတ်ပါဘူး။

ကိုညို( အော်စလို)
  


No comments: