Friday, November 29, 2013

ရွှေရည်စိမ် ဒီမိုကရက်တိုင်ဇေးရှင်း ပဲလား

အခု အပြောင်းအလဲဆိုပြီး သုံးနှစ်သုံးမိုး ရှိတော့ပါမယ် ။ ဒီ အပြောင်းအလဲကနေ
ဘယ်သူတွေ အကျိုးအမြတ် ထွက် ခဲ့ပါသလဲဆိုတာ သမိုင်းထဲက ဂျပန်တွေပေးတဲ့
ရွှေရည်စိမ်လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း သုံးသပ်ပြတာနဲ့ ဒီကနေ့လည်းပဲ
ရွှေရည်စိမ် ဒီမိုကရက်တိုင်ဇေးရှင်း ပဲလား သုံးသပ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
မောင်ထင်ရဲ့ ဗမာ့အောင်ဆန်း ဆိုတဲ့ စာအုပ်ထဲကပါ ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်စစ်တပ်တို့ မြန်မာပြည် ၀င်လာသည် ဆိုလျှင်ပင် ဂျပန်တော်လှန်ရေးကို သူ၏ ဦးဏှောက်ထဲတွင် စဉ်းစားကြံဆထားခြင်းပင်ဖြစ်သည်။
ထိုအကြံ၏ အရိပ်နိမိတ်တို့သည် ဗိုလ်ချုပ်၏ ဂျူဘီလီဟောလ် မိန့်ခွန်းတွင်
ပေါ်ပေါက်လာခဲ့သည်။

“ ကျုပ်တို့ ယခု လွတ်လပ်ရေးရပြီလို့ ဆိုတယ်။ ဒါပေမယ့် လွတ်လပ်ရေးကို ဘယ်သူတွေ ခံစားနေသလဲ။ ကျုပ် ရှင်းရှင်းပြောမယ် ။ ကျုပ်နှင့်တကွ ကျုပ်ရဲ့ အပေါင်းဖော်ဝန်ကြီးတွေ၊ သူတို့ရဲ့သားမယားတွေ၊ အချွေအရံတွေ၊ ကျုပ်တို့ကို ကပ်ဖါးယပ်စား လုပ်နေတဲ့သူတွေ၊ အဲသလောက်ပဲ လွတ်လပ်ရေး အရသာကို ခံစားနေကြတယ် ”

ဗိုလ်ချုပ်ပြောနေစဉ် အဓိပတိ ဒေါက်တာဘမော်က ဗိုလ်ချုပ်ဘက်သို့
ခေါင်းမလှည့်ပဲ မျက်စိသာ လှည့်ကြည့်လိုက်သော အကြည့်မျိုးကို
ကျွန်တော်ဘေးက ချောင်းကြည့် ခဲ့သည်။

အခမ်းနား ပြီးဆုံးသောအခါ လူအများပြားပင် အရုံးရုံးနှင့် လှုပ်ရှားပြီး
ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။ စင်မြင့်ပေါ်တွင် ကျွန်တော်တို့လူစုနှင့် ဂျပန်လူစုမှာ ရှုပ်ယှက်ခတ်သွားသည်။ ဂျပန်များ၏ ဦးဏှောက်ထဲတွင် ထိုထိုသော အတွေးများ ၀င်လာသည့် လက္ခဏာရှိသည်။ “ သူ ဘာပြောလဲ ၊ သူ ဘာပြောသလဲ ” ဟု ရှီမာနိုအုချက ကျွန်တော့်ကို ခဏခဏမေးနေသည်။

ကျွန်တော်က ၀ိနည်းရှောင်ပြောပြရသည်။

မောင်ထင် ရေးသားသော ဗမာ့အောင်ဆန်း စာအုပ်မှ ထုတ်နှုတ်တင်ပြသည်။

No comments: