Monday, November 18, 2013

ရင်ထဲကပေါက်ထွက်လာတဲ့စကား


November 18, 2013 at 3:56pm
ရင်ထဲကပေါက်ထွက်လာတဲ့စကား
ပြည်သူ့အတွက်အသက်ပေးဖို့တပ်မတော်ထဲဝင်ခဲ့တယ်
မြန်မာပြည်ကြီးပြိုကွဲတော့မယ်လို့ပြောတယ်
အပြိုကွဲတော့မခံဘူးအသေခံတိုက်မယ်
ဒါဟာငါ့ရဲ့ခံယူချက်။
ခေါင်းပုံဖြတ်အမြတ်ကြီးစားတွေကြောင့်
တိုင်းပြည်ကြီးဆင်းရဲလို့နေတယ်
ဒီလူတန်းစားကိုအကုန်ရှင်း၊
စက်ရုံတွေသိမ်း၊ အိမ်သိမ်း၊ဆိုင်သိမ်းမြေသိမ်းလုပ်
ဟော...လူမွဲနိုင်ငံနေချင်းညချင်းခုန်ဆင်း၊
တပ်ထဲမှအဝတ်လျှော်ဖို့ဆပ်ပြာတောင်မရှိ
အရင်က ရုပ်ရှင်ကြည့်ရင်
တပ်မတော်သားတွေအတွက် တဝက်ဈေးပဲပေးရ
အခုတော့အများနည်းတူလျော့ဈေးလေးတောင်
ပြုတ်ငုတ်တုတ်ထိုင်နေရပါပေါ့လား။
ဗိုလ်မှူးကြီးများကျတော့တပ်မတော်ကပွဲရုံမှာ
အလကားတဲ့၊ ကားကြီးကားငယ်နဲ့လာကြ
ပဒုမ္မာပြခန်းတဲ့ဘာများလဲသွားကြည့်တော့
အပေါက်စောင့်က ဒါပြခန်းမဟုတ်ဘူး
ဗီအိုင်ပီတွေအတွက် အထူးလျော့ဈေးနဲ့ရောင်းတဲ့
နိုင်ငံခြားဖြစ်အရောင်းဆိုင်တဲ့
အော်ဂုတ်သွေးစုတ်အရင်းရှင်တွေကိုတိုက်တဲ့သူတွေ
ဘယ်ကဘယ်လိုအသွင်ပြောင်းပြီး
သွေးစုတ်ဖုတ်ကောင်တွေဖြစ်ကုန်ပါလိမ့်၊
အခွင့်ထူးခံတွေကသူတို့ကိုယ်တိုင်ဖြစ်နေပါပေါ့လား
ဟောအခု..... တပ်မတော်သာလျှင်အမိတပ်မတော်သာလျှင်အဖတဲ့
ဟင် ...ဘယ်လိုဖြစ်တာလဲ ပြည်သူဟာအမိအဖလို့ယုံကြည်တဲ့ငါ
ဘယ်လိုတွေးရမှန်းမသိယောင်ချာချာဖြစ်လို့
အခုတော့လဲ နိုင်ငံခြားက လာပါယူပါနဲ့ ရှိသမျှထုတ်ရောင်း
သစ်တောတွေကုန်၊ သားငါးရှားပါး၊ တောင်လုံးပျောက်
လက်ရဲဇက်ရဲနိုင်နေတာငါတို့ဗိုလ်ချုပ်တွေချည်းပါလား
ရှေ့တန်းတက်ပြီးအရင်းရှင်တွေကိုအပြုတ်တိုက်သူတွေ
ကိုယ်တိုင်အရင်းရှင်သူဌေးကြီးတွေဖြစ်နေပါပေါ့လား
ငါ့သူငယ်ချင်းရဲဘော်ရဲဖက်တွေရှေ့တန်းမှာသေသူသေ
ခြေပြတ်သူပြတ်၊လူလုံးမလှဖြစ်တောင်းရမ်းစားနေရ
ရင်မှာမချိလှဘူး၊ မင်းတို့ကတော့တိုင်းပြည်ကိုရောင်းလို့
ကောင်းစားနေတာဘယ်သိနိုင်ပါ့မလဲ။
ငါချစ်မြတ်နိုးတဲ့တပ်မတော်
ပြည်သူမုန်းတဲ့သတ်မတော်ဖြစ်အောင်လုပ်သူတွေ
မင်းတို့ကိုမကြေဘူး၊အလှည့်ကျရင်မနွဲ့စတမ်းပေါ့
မြဲမြဲမှတ်ထား၊ ရင်ထဲကပေါက်ထွက်လာတဲ့
အညတရ ၊ ငါစစ် သားအိုကြီး ရဲ့စကား။

အရာခံဗိုလ်ရဲခေါင် (ဦးရဲခေါင်)

No comments: