Thursday, January 27, 2011

ဥရောပ တစ်ခွင် ၀င်မွှေတဲ့ ဘဏ္ဍာရေး ဆိုင်ကလုံး

ဥရောပ တစ်ခွင် ၀င်မွှေတဲ့ ဘဏ္ဍာရေး ဆိုင်ကလုံး 
အော်ဗီးလ်ရိုက် - Orville Wright နဲ့ ဝီလ်ဘားရိုက် - Wilbur Wright ညီနောင်တို့က လေထက် အဆပေါင်းများစွာ လေးလံတဲ့ စက်ကြီးတစ်လုံးကို တောင်ပံနဲ့ ဒလက်တွေတပ်ပြီး လေထဲပျံသန်း ပြလိုက်တော့ မြင်တွေ့ကြရသူတွေ ရင်သပ်ရှုမော အံ့သြခဲ့ကြရတယ်။ ဒီလိုဟာကြီး လေထဲမှာ ပျံသန်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ကြဘူးလေ။

ဒီလိုပဲ ဥရောပသမဂ္ဂ - European Union - EU အဖွဲ့ဝင်နိုင်ငံ အချို့က နိုင်ငံရေးအရ ပေါင်းစည်းထားမှု မရှိဘဲ တစ်ခုတည်းသော ငွေကြေး တစ်ရပ် - A Single Currency ကို တီထွင်ဖန်ဆင်း ပြလိုက်စဉ်ကလဲ ကမ္ဘာက တအံ့တသြ ဖြစ်သွားခဲ့ကြရတယ်။ ဒီလိုဟာမျိုး ဖြစ်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြဘူး မဟုတ်လား။

ယူရိုဟာ ၂ဝဝ၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင်ငွေကြေး - Legal Tender ဖြစ်လာခဲ့တယ်။ အစောပိုင်းကာလ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ စတင်သုံးစွဲခဲ့ပြီး နောက်တော့ ၁၆ နိုင်ငံ ဖြစ်လာတယ်။ ဒါက ၂ဝ၁ဝ ဒီဇင်ဘာ လကုန်အထိ ယူရိုဇုန် အဖွဲ့ဝင် အရေအတွက် ဖြစ်ပါတယ်။

ယူရိုငွေကြေးကို စတင်သုံးစွဲခဲ့ ကြပြီးနောက် မကြာမီအတော အတွင်းမှာပဲ ဂျက်လေယာဉ်ကြီး လေယာဉ်ပြေးလမ်းပေါ်မှာ ပြေးနေရာက ဗြုန်းစားကြီး မိုးပေါ်ထိုးတက်သွားသလို ယူရိုငွေဟာလဲ ချက်ချင်းဆိုသလို ကမ္ဘာသုံးငွေကြေး - Global Currency ဖြစ်သွားပါတော့တယ်။ အမေရိကန် ဒေါ်လာကိုတောင် အင်အားချင်း ပြိုင်လာနိုင်တယ်။ ကမ္ဘာတစ်လွှားက ဗဟိုဘဏ် - Central Bank တွေဆိုရင် တန်ဖိုးကျဆင်းလာတဲ့ အမေရိကန်ဒေါ်လာ နေရာမှာ ယူရိုနဲ့ အစားထိုးပြီး အရန်ငွေအဖြစ် စုဆောင်းထားရှိလာခဲ့ကြတယ်။

ဒါကတော့ ရာသီဥတုကောင်း မွန်နေတဲ့ ကာလက ဖြစ်တယ်။ အခုအခါ ဥရောပ တစ်ခွင်တစ်ပြင်မှာ ဘဏ္ဍာရေး မုန်တိုင်းကြီး အကြီး အကျယ်တိုက်ခတ်နေချိန် ဖြစ်လေတော့ ယူရိုငွေဟာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ့နိုင်ပါ့မလားလို့ စိုးရိမ်တကြီး ဖြစ်နေကြတယ်။

အစောပိုင်းကတော့ ယူရိုငွေဟာ မားမားမတ်မတ် ရပ်ပြီးကြံ့ကြံ့ခံနိုင်ခဲ့တယ်။ စီးပွားရေးသမားတွေက တောင် အခြားငွေကြေးတွေနဲ့ နှိုင်း စာရင် ယူရိုငွေဟာ စိတ်ချလုံခြုံရဆုံးလို့ ယူဆခဲ့ကြတယ်။ အခုတော့ ယူရို ဇုန်ထဲမှာ အက်ကြောင်းပေါ်လာ တယ်။ ပေါ်လာရုံသာမကဘူး။ အက် ကြောင်းတွေပျံ့နှံ့လာတယ်။ ကနဦး မှာတော့ ပေါ်လာတဲ့အက်ကြောင်းကို ဖာထေးပြုပြင်ပေးခဲ့တယ်။ ပထမတော့ ဂရိနိုင်ငံ၊ ပြီးတော့ အိုင်ယာလန်။ အခု နောက်ထပ် စပိန်၊ ပေါ်တူဂီနဲ့ အီတလီနိုင်ငံတွေမှာ အက် ကြောင်းတွေ ထပ်ပေါ်လာပြန်ပြီ။

ရာသီဥတု သာယာနေစဉ်တုန်းက ဒီနှစ်ထဲမှာ ယူရိုဇုန်ဟာ ဝ.၉ ရာခိုင်နှုန်းကနေ ၁.၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားနိုင်တယ်လို့ ခန့်မှန်း ထားခဲ့ကြတယ်။ အခုတော့ ယူရိုဇုန်ကို အကြောက်တရားက ဖုံးလွှမ်းသွား တဲ့အတွက် ခန့်မှန်းချက်ကို သတ် တောင်မထားမိကြတော့ဘူး။ ဒါပေ မယ့် ယူရိုဇုန်ထဲမှာ ဂျာမန်အင်ဂျင်က မောင်းနှင်အား အကောင်းဆုံးဖြစ်နေ တယ်။ ဒီနှစ် ဂျာမနီရဲ့ စုစုပေါင်း ပြည်တွင်းထွက်ကုန် GDP ဟာ ၃.၇ ရာခိုင်နှုန်းနဲ့ ဆက်လက်ထိုးတက် သွားနိုင်တယ်။ ဒါပေမယ့် အိုင်ယာ လန်၊ စပိန်နဲ့ ဂရိနိုင်ငံတွေက မတိုး တက်တဲ့အပြင် စီးပွားရေးကျုံ့သွား နိုင်တယ်။

လောလောဆယ် EU ခေါင်း ဆောင်တွေဟာ လေယာဉ်ပျံသန်းရင်း နဲ့ လေယာဉ်ကို ပြုပြင်လျက်ရှိတယ်။ ကြိုတင်သတိပေးစနစ်တွေ တပ်ဆင် နေကြတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘတ်ဂျက်နဲ့ စီးပွားရေးပေါ်လစီတွေ ကိုအနီးကပ် စစ်ဆေးစောင့်ကြည့်ဖို့ ပြင်ဆင်လျက်ရှိတယ်။ နောက်ပိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ် လာမယ်။ မလိုက်နာတဲ့ နိုင်ငံကိုအပြစ် ပေးမယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ္ဍာ ရေးစနစ်တွေကို ဥရောပစည်းမျဉ်း စည်းကမ်း ကြီးကြပ်ကွပ်ကဲ ထိန်း သိမ်းရေးအဖွဲ့သစ် လေးခုက မျက်စိ ဒေါက်ထောက် စောင့်ကြည့်နေတော့ မယ်။
ဥရောပ သမဂ္ဂ ဖွဲ့စည်းစဉ်တုန်းက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို အနီးကပ်စောင့်ကြည့် ပေးမယ့် အဖွဲ့အစည်းတွေ ထူထောင် ထားခဲ့ခြင်းမရှိခဲ့ဘူး။ အဖွဲ့ဝင် နိုင်ငံတွေက တင်ပြတဲ့ ဘဏ္ဍာရေးစာရင်း အင်းတွေကိုပဲ ယုံကြည်လက်ခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ကိုင်ခဲ့ ကြတယ်။ ထိန်းချုပ်တဲ့ အဖွဲ့အစည်း မရှိတော့ စည်းဖောက်မှုတွေ ဖြစ်လာတယ်။ ချုပ်ဆေးမပါတဲ့ ဆေးဆိုး ရက်ထည်ကို လျှော်ဖွပ်လိုက်ရင် ဆေးကျွတ်သလို၊ အထိန်းအကွပ်မရှိ ဖြစ် သလို ရေးဆွဲထားတဲ့ ဘဏ္ဍာရေး စာရင်းအင်းတွေကလဲ ပြဿနာတက် တာနဲ့ ဒုက္ခအကြီးအကျယ်တွေ့တာ ပါပဲ။

ပမာအားဖြင့် ဂရိနိုင်ငံဟာ ယူရို ဇုန်အဖွဲ့ဝင်ဖြစ်ချင်လို့ သူတို့ရဲ့ ဘတ် ဂျက်ကိုရေးဆွဲရာမှာ အကြံအဖန်တွေ လုပ်ပြီးစာရင်းပြခဲ့တယ်။ ယူရိုအဖွဲ့ဝင် ဖြစ်လာတော့လဲ ဆက်လက်ပြီး စာ ရင်းအင်းတွေကို လိမ်ညာပြခဲ့တယ်။ ကြွေးပတ်လည်ဝိုင်းပြီး အကြွေးတွေကို ပြန်ဆပ်ဖို့ အခက်အခဲတွေ့လာ တော့မှပဲ သူတို့ရဲ့စာရင်းအင်းတွေဟာ အကြံအဖန် လုပ်ထားမှန်း ဥရောပ သမဂ္ဂကသိတော့တယ်။

နောက်မှ သိတော့လဲ ဘာတတ် နိုင်မလဲ။ ငွေကြေးအကူအညီပေးရုံပဲ ရှိတော့တယ်။ ဒါနဲ့ ဥရောပသမဂ္ဂက ယူရိုငွေ ၁၁ဝ ဘီလီယံ ဂရိကို ထုတ် ချေးခဲ့ကြရတယ်။ အသုံးစရိတ်တွေ လျှော့ချရေးအတွက် စည်းကမ်းတွေ သတ်မှတ်ပေးခဲ့တယ်။ ဒါက ၂ဝ၁ဝ မေလအတွင်းက ဂရိကို ကယ်တင်ခဲ့ ရတဲ့ ငွေကြေးအကူအညီဖြစ်တယ်။ တကယ်လို့ နောင်အခါမှာ ဂရိနိုင်ငံ လိုပြဿနာမျိုး ယူရိုဇုန်အတွင်း ဖြစ် ပေါ်လာခဲ့ရင် ငွေကြေးအကူအညီ ပေးနိုင်အောင် ယူရိုငွေ ၇၅ဝ ဘီလီယံ နဲ့ ကယ်တင်ရေး ရန်ပုံငွေတစ်ရပ် ဖွင့်လှစ်ထားခဲ့တယ်။

မကြာပါဘူး။ အိုင်ယာလန်နိုင်ငံမှာ အလားတူပြဿနာတက်လာပြန် တယ်။ နိုဝင်ဘာမှာ ယူရိုငွေ ၈၅ ဘီလီယံထုတ်ချေးခဲ့ရပြန်တယ်။ အဲဒီ နောက်ပိုင်းမှာ ပေါ်တူဂီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာလဲ အကြွေး ပြဿနာတွေ ပေါ်ထွက်လာတော့မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ကြားလာကြရတယ်။ ဒီတော့ ဥရောပ သမဂ္ဂဟာ မေလအတွင်းက ယာယီ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဥရောပ ဘဏ္ဍာရေး တည်ငြိမ်စေရေး အစီအစဉ် European Financial Stability Facility ကိုဘေးချိတ်ပြီး ယူရိုဇုန်ကြွေးမြီ ပြဿနာ ဖြေရှင်းရေးအတွက် ဥရောပ တည်ငြိမ်ရေး ယန္တရားကြီး European Stability Mechanism-ESM လို့ အမည်ပေးထားတဲ့ အမြဲတမ်းအဖွဲ့ အစည်းတစ်ခု ထူထောင်ဖို့ဆုံးဖြတ် ခဲ့ရတယ်။ ESM အဖွဲ့အစည်းဟာ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကာလမှာမှ အသက်ဝင်လာဖို့ မျှော်မှန်းထားကြ တယ်။

ဒီနေရာမှာ သတိပြုစရာ တစ်ခုကို ထောက်ပြချင်ပါတယ်။ ကြွေးမြီ ပြဿနာ ကယ်တင်ရေးအတွက် မေလအတွင်းက ယာယီအဖွဲ့အစည်း တစ်ခု ထူထောင်စဉ်တုန်းက ဥရောပ ဘဏ္ဍာရေးတည်ငြိမ်စေရေးလို့ ကင်ပွန်းတပ်ခဲ့ပေမယ့် နိုဝင်ဘာလအတွင်း မှာ အမြဲတမ်းအဖွဲ့အစည်းတစ်ရပ် တည်ထောင်တဲ့အခါ ဥရောပတည်ငြိမ် ရေးဆိုတဲ့ အမည်ကိုအသုံးပြုလာခဲ့ကြ တယ်။ ဥရောပ ဘဏ္ဍာရေးလောက မတည်မငြိမ် ဖြစ်မှုဟာ ဥရောပသမဂ္ဂ တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက် ပျက်ပြားလာကြောင်း ဖော်ညွှန်းပြသ လျက်ရှိတယ်။

ဥရောပဇာတိ စာရေးဆရာကြီး ဆမ်မားဆက်မွမ် - Somerset Mau-gham ဟာ သူ့ရဲ့ဝတ္ထုတစ်ပိုဒ်ထဲမှာ သစ်ရွက်ကလေးတစ်ရွက် လေတိုက်ခတ်လို့ တဖျပ်ဖျပ် လှုပ်ခါနေတာကို Trembling of a leaf လို့ ခြယ်မှုန်းခဲ့ တာကို သွားပြီးသတိရမိတယ်။ အခုလဲ ဥရောပတစ်ခွင်မှာ ဘဏ္ဍာရေး လေစိမ်းတိုက်ခတ်နေတာကြောင့် ဥရောပသမဂ္ဂဟာ တုန်လှုပ်ချောက် ချားလျက်ရှိတယ်။

ဥရောပ စီးပွားရေး ကော်မရှင်နာ Olli Rehn က တကယ်လို့ ၁၉၉ဝ နှစ်များဟာ စီးပွားရေးနဲ့ ငွေကြေး သမဂ္ဂ Economic and Monetary Union-EMU တည်ဆောက်တဲ့ ဆယ် စုနှစ်ဖြစ်ခဲ့တယ်ဆိုရင်၊ ၂ဝဝဝ ပြည့် လွန်နှစ်များဟာ ဒါကို အကောင် အထည်ဖော်တဲ့ ဆယ်စုနှစ်ဖြစ်တယ်။ အခုအချိန်ကတော့ အခြေခံကစပြီး ပြုပြင်ပြောင်းလဲရတော့မယ့် ဆယ်စု နှစ်ရဲ့ အစပါပဲလို့ မှတ်ချက်ချခဲ့ တယ်။ ဒီလို အပြောင်းအလဲဟာ အမှန်တကယ် လက်တွေ့အလုပ်လုပ် လို့ရတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတစ်ခုဆီကို ဦးတည်သွားနိုင်တယ် လို့ သူက ဆိုတယ်။

ဘာကြောင့် ဒီလိုစကားမျိုး ပြောလာရသလဲဆိုတော့ အကြောင်းရှိတယ်။ ဥရောပသမဂ္ဂရဲ့ အစွန်အဖျား နိုင်ငံတွေမှာ ကြွေးမြီပြဿနာတွေ ပေါ်ထွက်လာရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေ ရှိတယ်။ ဥပမာ-ဥရောပသမဂ္ဂရဲ့ အူတိုင်ဖြစ်တဲ့ ဂျာမနီနိုင်ငံက စီးပွားရေးအရမ်းတိုး တက်သွားပြီး ဘာကြောင့် အစွန် အဖျားနိုင်ငံတွေ စီးပွားရေးနောက်ကျ ကျန်ရစ်ခဲ့ရသလဲ။ တစ်နည်းပြောရင် အစွန်အဖျားနိုင်ငံတွေရဲ့ စီးပွားရေး အနေအထားကြောင့် အူတိုင်ဖြစ်တဲ့ ဂျာမနီနိုင်ငံက စီးပွားရေး အလွန့်အလွန် တိုးတက်နေတာလား။

ဂရိနိုင်ငံမှာ ကြွေးမြီပြဿနာစ တက်လာတော့ ဂျာမနီ နိုင်ငံက ချက်ချင်းမကူညီဘဲ ဘာကြောင့် အချိန်ဆွဲ ခဲ့တာလဲ။ တကယ်တော့ ဂျာမနီနိုင်ငံရဲ့ နှောင့်နှေးကြန့်ကြာမှုကြောင့် ဂရိအနေနဲ့ အတော်ပဲ ထိခိုက်နစ်နာခဲ့တယ်။ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အချင်းချင်း တစ်နိုင်ငံက အခြား တစ်နိုင်ငံကို ငွေကြေးအထောက်အကူ ပေးတာကို ဂျာမနီက မလိုလားဘူး။ ဒါကြောင့်လဲ ကယ်တင်ရေး အစီအစဉ်တွေဟာ မကြာသင့်ဘဲ ကြာခဲ့ရတယ်။ ဒီပြဿနာအပေါ်မှာလဲ အဖွဲ့ ဝင်နိုင်ငံအချို့က မကျေနပ်ကြဘူး။

ဒီလို ပြဿနာတွေကြောင့် ဥရောပ သမဂ္ဂအတွင်းမှာ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်လာပြီး ပြိုကွဲ သွားတော့မလားလိုတောင် စိုးရိမ်ခဲ့ ကြတယ်။ ဥရောပ သမဂ္ဂအတွင်း ကြွေးမြီပြဿနာတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံတက်လာတော့ ယူရိုတန်ဖိုးကလဲ အားပျော့သွားတယ်။ ဥရောပ စတော့ဈေးကွက်ကလဲ ကျဆင်းသွားတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ အထိတ်တလန့် ဖြစ်လာကြတယ်။

ရင်းနှီးမြှုပ်နှံသူတွေက ဥရောပ သမဂ္ဂ အနေနဲ့ အိုင်ယာလန်ကို ကယ်တင်ဖို့ ထုတ်ချေးငွေဟာ လုံလုံ လောက်လောက် မရှိဘူး။ အိုင်ယာလန် ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ ဥရောပ သမဂ္ဂရဲ့ ကြွေးမြီကယ်တင်ရေး ရန်ပုံငွေ ဆိုတာကလဲ ဘယ်လောက်မှမများ ဘူး။ နောက်ထပ် စပိန်နိုင်ငံလို အီတလီ နိုင်ငံလို နိုင်ငံကြီးကြီးတွေမှာ ကြွေးမြီပြဿနာ တက်လာရင် ဒီကယ်တင်ရေး ရန်ပုံငွေနဲ့ မလုံလောက်တော့ ဘူးလို့မြင်တယ်။ ဥရောပ တည်ငြိမ်ရေး ယန္တရားကြီး ESM အောက်မှာ နောက်ထပ် ကြွေးမြီပြဿနာတွေ ထွက်ပေါ်လာနိုင်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယူရိုဇုန် အစိုးရများကို ငွေထုတ်ချေးရင် အတိုး နှုန်း ကြီးကြီးမားမားနဲ့ချေးငှားလာကြ တယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ ကြွေးပိနေတဲ့ ယူရိုဇုန်နိုင်ငံတွေနဲ့ ပတ်သက်ပြီး တော်တော်စိုးရိမ်ကြတယ်။ အိုင်ယာလန်ကိုပဲ ကြည့်ပါ။ အိုင်ယာလန် နိုင်ငံရေး သမားတွေဟာ သူတို့ကတိ ပေးထားတဲ့အတိုင်း ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ကြမှာ မဟုတ်ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက မြင်တယ်။ တကယ်လို့ သူတို့ ကတိအတိုင်း အကောင်အထည်ဖော် နိုင်မယ်ဆိုရင်တောင်မှ အိုင်ယာလန် စီးပွားရေးက အကြွေးပြန်ဆပ်နိုင် လောက်အောင် တိုးတက်လာမှ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိုင်ယာလန်ပေးနေရတဲ့ အတိုးနှုန်းက တိုင်းပြည်တိုးတက်နှုန်းထက်တောင် များနေတယ်။ ဥရောပသမဂ္ဂမှာ ဒီ အတွက် ဖြေဆေးမရှိဘူး။

တကယ်တော့ နိုင်ငံတစ်နိုင်ငံ ကြွေးပိလာတယ်ဆိုရင် ငွေတန်ဖိုး လျှော့ချ - Devaluation နည်းနဲ့ ထွက်ပေါက်ရှာကြတယ်။ ယူရိုဇုန် အဖွဲ့ဝင်နိုင်ငံတွေမှာ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်ငွေကြေး ပေါ်လစီ မရှိတော့ တန်ဖိုးလျှော့ချစရာ ငွေမရှိဘူး။ ယူရို ငွေကြေးဆိုတာက ဘုံငွေကြေး။ ကိုယ်တစ်ဦးတည်းပိုင် ငွေကြေးမဟုတ်။ ဒါကြောင့် ငွေတန်ဖိုးလျှော့ချတဲ့ နည်း ကို အသုံးပြုလို့မရ။ ဒီလိုနဲ့ ကြွေးပိတဲ့ ယူရိုဇုန် နိုင်ငံတွေမှာ မဟာအခက် အခဲနဲ့ရင်ဆိုင်နေကြရတယ်။

ဒါပေမယ့် ထွက်ပေါက်လုံးဝ မရှိဘူးတော့ မဟုတ်ပါဘူး။ စရိတ် -Cost လျှော့ချပြီး ကုန်စည်များများ ထုတ်လုပ်၊ နိုင်ငံခြား များများတင်ပို့ ရောင်းချတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒီနည်းကလဲ အပြောလွယ်သလောက် လုပ်ရကိုင်ရ ခက်တယ်။ ကဲ- ဒီလိုဆိုတော့ ယူရိုဇုန်ကလဲ နုတ်ထွက်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်အဖြစ်မှလဲ နုတ်ထွက်လိုက်ရင်ကော မဖြစ်ဘူး လား။ သေတစ်ပန် သက်တစ်ဆုံး ရိုးပြာမြေကျ ပေါင်းပါ့မယ်လို့ ကတိကဝတ် ပေးထားကြတဲ့ အကြင်လင် မယားမဟုတ်ပေမယ့် ဒီအဖွဲ့အစည်း ကြီးထဲကနုတ်ထွက်လိုက်ရင် ကြွေးပိနေတဲ့ နိုင်ငံအဖို့ ပြဿနာပိုပြီး ကြီး ထွားသွားလေမလား။
Ref: The Economist; Dec-4, 2010

မင်းရွှေမောင်
 

No comments: