ကလေးသူငယ်  လူမမယ်များ၊ အားနည်းသူများနဲ့ အဖိနှိပ်ခံပြည်သူများရဲ့  မျှော်လင့်ချက်တွေကို လျစ်လျူရှုတတ်သော ဘကြီးအောင်လို လူစားများ  မြန်မာပြည်မှာ ကင်းရှင်းစေရန် ရည်သန်လျှက် ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့သော  "ဘကြီးအောင်ညာတယ်" ၀တ္ထုတိုလေးအား မျှဝေခံစားပါတယ်။ 
ဘကြီးအောင် ညာတယ်
မင်းသုဝဏ်
`အရှေ့ကျောင်းသား သူတောင်းစား၊  လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊  တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ၀ါး´ ဟု အားရပါးရ ဆူညံစွာ  အော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်  ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ၎င်းတို့၏ ကျောဘက် တင်းချ  လယ်တစ်ကွက်လောက် အကွာတွင် ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍  သင်တိုင်းအင်္ကျကို လျော့ရိလျော့ရဲ ၀တ်လျက် ခေါင်းငိုက်စိုက်နှင့်  တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် `ဧ၀ံ မေသုတံ ဧကံ သမယံ´ ဟု တတွတ်တွတ်  ရွတ်လျက် ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ  ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ  ၀ိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့်  ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။
ဦးအောင်ချာသည်  ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက် ရှိ၏။ ထုလုပ်စဖြစ်၍  ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ  နွဲ့နှောင်းဖြူဖွေးချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊  မောင်ခွေး၊ ဘိုးစ၊ ဘိုးလှတို့ တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား  မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား  ကြည့်လျက်ပင် ရှိသေး၏။
`ဘကြီးအောင်၊  ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ဖို့ ထုနေတာလဲ ဟင်´ ဟု မျက်စိကလေး ပေကလပ်လုပ်၍  မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တို  စမ်းနေသော ဦးအောင်ချာက `ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ် ယူခဲ့ရင်  ဘကြီးပေးမယ် သိလား´ ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း  ခေါင်းကုတ်လျက် `ငွေတစ်ကျပ်ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့´ ဟု  မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက်  `ဆယ်ပြား ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း  ခြောက်ဆယ်နဲ့ လေးပြား။ အဲသလောက်ကို တစ်ကျပ်ခေါ်တယ်၊ ကြားလား´ ဟု  ကလေးသူငယ်များကို ချစ်ခင်သော ၀ါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည်  ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ `ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော်  ဒီအရုပ်ကလေးကို တကယ်ပဲ ရမလား။ နောက်တော့ မညာနဲ့နော် ဘကြီးအောင်´ ဟု  ပြောရင်း သျှောင်ဆံမြိတ်ကလေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့  ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။
မောင်ချစ်သည် နေ့လယ်ချိန်  ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော  အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အကျ`် သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍  စုထားသည်မှာ ခြောက်ပြားမျှ ရလေသည်။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်း  သမုဒ္ဒရာအတွက်မူကား နေ့ဆွမ်းစား ကုလားတက်ခေါက်တွင် ဘုန်းတော်ကြီး ဦးခေမာ  ဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက် ရှိလေသည်။
ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တခြား  သားနားကျော့ရှင်း၍ လာ၏။ သွားကလေးများပေါ်လုမတတ် ရှိအောင် ပြုံးလိုက်ရန်  ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်  မျက်လုံးတွင်းမှ မထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်  ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြား တစ်ပြား စုရသည်ကို အလွန်  ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များတွင်ပင်  စာသင်ရက် ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်းက ဘယ်နည်းနှင့်  ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်ပြန်၏။
ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီး ကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှ ယူ၍ ညဥ့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြား ရ၏။ ကျောင်းသားကြီး ဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်း ဆွေးမိ၏။
တစ်ဆယ့်နှစ်ပြားမျှ ရလာသောအခါ  အကျ`်သင်ပုန်းခေါင်းမှာ မဆံ့တော့ပြီ၍ နှစ်ဖက်ပိတ် ကြသောင်းဝါးတစ်ဆစ်တွင်  ထိပ်က အပေါက်ဖောက်ကာ ဝေလခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန် စသော  တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို  သွင်းလှောင်သိုမှီးလေ၏။ နှစ်ဆန်းတစ်ရက်နေ့က ဒွေးလေညို ချစ်စနိုး၍ ပေးသည့်  သူငယ်ဖော် မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ  တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှ ထုတ်ယူ၍  ကြေးပြားအဖော်များရှိရာ ကြေးတိုက်သွင်းသို့ သွတ်သွင်းလိုက်လေ၏။  ကြေးပြားအရေအတွက်ကိုလည်း ၀ါးကြောတွင် စူးဖြင့် ခြစ်၍ မှတ်ထားလေ၏။  `ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေက တစ်ပြား´ စသည်ဖြင့်  လက်ချောင်းကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်းတွက်ရ စစ်ရသည်မှာ  နေ့စဉ်နှင့် အမျှ ဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင် ကောင်းနိုးနိုး၊  သင်္ဘောကြမ်းပေါ်မှာ ၀ှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ  ကျတ်ပြောင်းရသည်မှာလည်း အမောပင် ဖြစ်၏။ အရုပ်ကလေးကို ရလျှင် ထည့်ထားဖို့ရန်  ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင် မွမ်းမံရသည်မှာလည်း  မအားပင် ဖြစ်လေ၏။
ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌  အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကို မြင်ရသောအခါ  သွားရည်ယိုမိ၏။ သို့ပါသော်လည်း ၀ယ်မှရသော သရေစာတို့ကို သပိတ်မှောက်လေ၏။  သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာဝ အများနည်းတူ  ကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို  ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း  ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျက်  စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ ၄ နာရီ  ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသွေးကို နှိုးဆွလိုက်လေ၏။  ဘုရားရှိခိုးခါနီး `အာမ´ ဟု ဆိုမိလျှင်ပင် `ဘန္တေ´ ကို မစောင့်နိုင်ဘဲ ထ၍  ပြေးလေရာ အစောင့် ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို  ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍  ခြေမကွဲသွားသော်လည်း နာရမှန်း မသိ။ ဦးအောင်ချာ့ ကနားဖျင်းနား ရောက်သောအခါ  အတွင်းသို့ ၀င်သွားလေ၏။ ဖော့ဦးထုပ်ကိုဆောင်း ဘောင်းဘီအပြာဝတ်လျက်  ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီး ရုပ်ကလေးကို ဘယ်ပြန်ညာပြန်  ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကို မြင်မှသာ  ကိုယ်ရှိန်သတ်၍ ပြောနေကြသော စကားကို ကြားမိလေတော့၏။
`ဘယ့်နှယ်လဲ ဆရာကြီးရဲ့၊  ကျုပ်ပြောတဲ့ အဖိုးနဲ့ပဲ ပေးလိုက်မယ် မဟုတ်လား။ ခင်ဗျားတို့ အရပ်မှာ  ဒီအရုပ်ကလေးနဲ့ တန်တဲ့အိမ် တစ်အိမ်မှ မရှိပါဘူး။ ၀ယ်နိုင်မယ့်လူလည်း ရှိမှာ  မဟုတ်ပါဘူး´
`မှန်ပါ။  ၀န်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမယ့်  အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေချင်ပါတယ်။  ပြီးရင်ပြီးချင်း ၀န်ထောက်မင်းတို့ဆီကို လာပြီး ပို့ပါမယ်´
ထိုမျှကို ကြားရလျှင်ပင်  မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ် ဖြစ်လေ၏။ အရုပ်ကလေးကို  အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု  ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့  ၀ံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူး သေနတ်သည်လည်း မောင်ချစ်၏ အကြံကို  သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။  ၀ဲလာသော မျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ ကျောခိုင်းနေသော  ဆင်စွယ်ဒေ၀ီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။  လမ်းကြားငယ်တစ်ခုအတွင်းမှ`ဟိုေ ကာင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊  နင်ငိုပေမဲ့ အလကား၊ တို့အမေက မပေးစား´ ဟု ထွက်ပေါ်လာသော တေးသံသည်  တေးဆိုသူအား နှလုံးပွားဖွယ်ပင် ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား  ဓားပါးနှင့် မွှန်းလိုက်လေတော့ သတည်း။
၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင်  တဘက်ကိုယ်စီတင်ထားသော မိန်းမကြီးတစ်စုနှင့် ယောက်ျားကြီးတစ်ယောက်တို့  မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေးအတွင်းသို့ ၀င်သွားသည်ကိုက  မြင်ရပါသည်။ အိမ်ရှေ့ ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌  မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏  ခြေစုံကို ပြေးဖက်လျက် `အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပျက်ပုံတွေ  မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့၊  အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး´ ဟု ဟစ်အော် ပြောဆို ငိုကြွေးမြည်တမ်းလေ၏။  ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော  မောင်ချစ်ဖခင်အား `ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း  မြို့တက်သွားတာ ဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခု  ပြန်ရောက်ရောက်ချင်းပဲ အိမ်မှာ ထိုင်တောင် မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွဲ့´  ဟု ပြောလေ၏။ `ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင်  တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ ဆန်ပြုတ်ကလေး  တစ်ဇွန်းလောက် ၀င်သွားပေမဲ့ ချက်ချင်း အန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့  ဆရာသြခေါ်ပြပါလည်း ဘာမှ မထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေခေါ်ပြီး သူစုထားတဲ့  ပိုက်ဆံငါးမူးနှစ်ပြားကို သူ့ဆရာတော်ကို လှူလိုက်ပါလို့ မှာပြီးတော့  ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ ပြောတော့ အတန်ကြာကြာ  ဘာမျှမပြောဘဲ မောနေပြီး `ဘကြီးအောင် ညာတယ်´ လို့ မပီတပီ ပြောရင်း  အသက်ပျောက်သွားတာပဲ´ ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။  ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍  သွားလေတော့ သတည်း။
ယခုအခါတွင်ကား ရွာကလေး အနောက်ဘက်  နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သချိုံင်းကုန်းထက်တွင် ထီးထီးသော  အုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ `အချစ်ဂူ´ ဟူ၍ လည်းကောင်း၊  `မောင်ချစ်ဂူ´ ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို  အမှန်ပြော၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာ လိုဏ်ပေါက်ကလေးထဲတွင်  ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏ လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော  အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော  ကျောက်ပြားငယ်ထက်တွင်ကား `လို၍ မရသော ဆင်းရဲ´ ဟု စာတန်းထိုးထားပါသည်။  ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော  တောထွက်ကြီး ဦးအိန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။
No comments:
Post a Comment