Sunday, September 4, 2011
ခေါင်းဆောင်ကောင်း
မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန်အခွင့်အလမ်း
(သို့ မဟုတ်)
လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများပေါ်ထွန်းချိန်
        ၈၈၈၈ အရေးတော်ပုံ ကာလအတွင်း မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ စသည်ဖြင့် သမဂ္ဂများစွာ အဖွဲ့ အစည်းများစွာ လွတ်လပ်စွာပေါ်ထွက်ခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖျက်သိမ်းခြင်းကို ခံခဲ့ကြရသည်။ ထို့ နောက် ၁/၉၀ အမိန့် ကြေညာချက်ဖြင့် နအဖ စစ်အစိုးရမှ အမျိုးသား ဒီမိုကရေစီအဖွဲ့  ချုပ် အပါအ၀င် စသည့် အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့် စည်းရုံးပိုင်ခွင့်ဆိုင်ရာ ဒီမိုကရေစီအခွင့် အရေးများကို ပိတ်ပင်ခြင်းခံခဲ့ရသည်မှာ ယခုအချိန်ထိတိုင်ဖြစ်ခဲ့သည်မှာ (၈၈၈၈) အရေးတော်ပုံနှင့်တူ (၂၃) နှစ်တိုင်တိုင် ပြန်လည် ဆိတ်သုဉ်း နေခဲ့ရပေသည်။
သို့ သော်ယခုနှစ် ၂၀၁၁ခုနှစ်တွင် မြန်မာအလုပ်သမားထုကြီးအတွက် အလုပ်သမားအခွင့်အရေးတွေ အပြည့် အ၀ခံစားနိုင်ရန်အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရမဲ့အချိန်အခါအခွင့်အလမ်းပေါ်ထွန်းလာပြီဖြစ်တယ်လို့  သတင်း ကောင်းပါးလိုက်ခြင်း နှင့် အတူ လွတ် မြောက်ရာ လမ်းဘယ်လိုဖေါ်ဆောင်မလဲဆိုတာကို အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။
အကြိမ် (၁၀၀) မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ် (အိုင်အယ်လ်အို) (International Labour Organization - ILO) ညီလာခံ ကို   ဒီနှစ် ၂၀၁၁ ခုနှစ် ဇွန်လမှာ ကျင်းပရာမှာ မြန်မာပြည်မှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေဖွဲ့ စည်းခွင့်၊ တရားဝင်မှတ်ပုံတင်ခွင့်ပြုဖို့  စတာတွေလုပ်ဆောင်ဖို့  မြန်မာအစိုးရကို အိုင်အယ်လ်အိုက ဖိအားပေး တိုက်တွန်း လိုက်ပါတယ်။ တိုက်တွန်းချက်နဲ့ အတူ သတ်မှတ် ရက်ကို လည်း ပေးလိုက်ပါတယ်။ သတ်မှတ်ရက် ဖြစ်တဲ့ နိုဝင်ဘာလ မှာ အပြီးသတ်ဆောင်ရွက်ခြင်း၊ ခွင့်ပြုခြင်း လုပ်ဆောင်ခြင်းများ မပြလုပ်ပါ က မြန်မာအစိုးရကို ဆက်လက်ဖိအားပေး အရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုပါ ဆုံးဖြတ်ချက် ချခဲ့ ကြောင်းကိုလည်းသိရပါတယ်။
အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့် စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇) {Freedom of Association and Protection of the Right of Organise Convention (No.87)} FOA ကို မြန်မာနိုင်ငံအစိုးရက ILO ၌ ၁၉၅၅ ခုနှစ်မှာ သဘောတူ ညီကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီနောက်တော့ မြန်မာစစ်အစိုးရက ပြဌာန်းချက် (၈၇) ကို မလိုက်နာတော့ပဲ ချိုးဖေါက်ခဲ့တာ နှစ်ပေါင်း (၄၀) ကျော် သွားပြီးဖြစ်တာကို နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေနဲ့  ILO က ပြင်းပြင်းထန်ထန်သတိပေးတားမြစ်ခဲ့ပြီး အထူးကြေညာချက် အနေနဲ့  ၂၀၀၄ ခုနှစ် ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ ထုတ်ပြန်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အစိုးရက မလိုက်နာပဲဆက်လက် ချိုးဖေါက်နေ တဲ့အတွက် အခု ၂၀၁၁ ခုနှစ်မှာ ဖိအားပေးဆုံးဖြတ်ချက်ကို ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ (လွတ်လပ်စွာအသင်း အဖွဲ့ များဖွဲ့ စည်းခွင့်၊ စည်းရုံးပိုင်ခွင့်၊ စုဝေးခွင့် ဆိုင်ရာပြဌာန်းချက်အမှတ် (၈၇) မှာ ဘာတွေ ပါဝင်သလဲဆိုတာ (ပူးတွဲ) နှင့်ဖေါ်ပြပါတယ်။ )
ဒါ့ကြောင့် မြန်မာအလုပ်သမားထု၊တောင်သူလယ်သမားထုကြီးအနေနဲ့ ဤအခွင့်အလမ်းကောင်းကြီး စတင်ပေါ် လာတာနဲ့ အတူ အလုပ်သမား ထုအားနဲ့  ကိုယ်ပိုင်အခွင့်အရေးရရှိဖို့  သတ္တိရှိရှိစတင်တိုက်ပွဲဝင်ဖို့  ဦးစွာပထမ တိုက်တွန်း အကြံပြုလိုက်ပါတယ်။
ဘယ်လိုတိုက်ပွဲဝင်ကြမလဲဆိုတာ ၀ိုင်းဝန်းအဖြေရှာ လုပ်ဆောင်ရမှာကတော့ ပထမဦးဆုံး ရန်ကုန်မှာ ဖွင့်ထားတဲ့ အိုင်အယ်အိုရုံးကို သွားရောက်ဆက်သွယ်ပြီး လွတ်လပ်စွာအသင်းအဖွဲ့ များဖွဲ့ စည်းခွင့်ဆိုင်ရာကို အိုင်အယ်အိုက သတ် မှတ်ပြဌာန်းထားတဲ့ ပြဌာန်းချက်အမှတ် (၈၇) ဆိုတာဘာလဲ၊ မြန်မာအစိုးရကို အိုင်အယ်အိုက တိုက်တွန်းဆုံးဖြတ်ချက် တွေကဘာတွေလဲ ဆိုတာကို အရင်သိအောင်လုပ်ရမှာဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာ သမဂ္ဂတွေဖွဲ့ ပြီဆိုရင် အိုင်အယ်အိုက ဘယ်လို ကျောထောက်နောက်ခံပြုမှာလဲဆိုတာ ဥပမာ.. ဖွဲ့ တဲ့လူတွေ ကို မြန်မာအစိုးရ ကဖမ်းဆီးရင် ခြိမ်းချောက်ရင် ဘယ်လိုအရေးယူ အကာအကွယ်တွေ ပေးမလဲဆိုတာတွေကို မေးမြန်းစုံစမ်းကြရပါမယ်။ ဘယ်လိုအာမခံချက်တွေရနိုင် မလဲ ဆိုတာတွေပါ။
ရန်ကုန် အိုင်အယ်အို (ILO) ရုံးကို သွားတာနဲ့ အတူ တပြိုင်နက်တည်းမှာ NLD ကိုလည်း မိမိတို့  အလုပ်သမား တွေက သွားရောက်အကြောင်း ကြားရပါမယ်။ NLD အနေနဲ့  အလုပ်သမားသမဂ္ဂတွေပေါ်ထွန်းရေးကို ပံ့ပိုးလုပ်ဆောင် သွားမယ်ဆိုတဲ့ လုပ်ငန်းစဉ်ချမှတ်ထားတာကြောင့် အလုပ်သမား ထုက အကူအညီတောင်းခံပြီး သမဂ္ဂ ဘယ်လိုဖွဲ့ ရမယ် ဆိုတာကို အကြံဥာဏ်များသွားရောက်တောင်းခံရမှာဖြစ်ပါတယ်။ ဒါဆိုရင် NLD က အလုပ်သမား ထုကို ပံ့ပိုးပြီး ILO နဲ့   ချိတ်ဆက်ပြီး အလုပ်သမားသမဂ္ဂတွေ တရားဝင်မှတ်ပုံတင်ခွင့် ရရှိရေးကို အလုပ်သမားထုနဲ့ အတူ ဖေါ်ဆောင်သွား နိုင်မယ် လို့ ယုံကြည်ရပါတယ်။
ဒီနေရာမှာ အဓိကဦးဆောင်လှုပ်ရှားရမှာက အလုပ်သမားထုဖြစ်ပါတယ်။ ဦးစွာပထမ သမဂ္ဂကို တိတ်တဆိတ် ကျစ်လစ်ခိုင်မာစွာ ဖွဲ့ ၊ ပြီးနောက်တော့ NLD နဲ့  ILOကို အကြောင်းကြား၊ ပြီးသည်နှင့်တပြိုင်နက် မှတ်ပုံတင်ခွင့်ပြုရန် ကို အစိုးရထံတရားဝင်စာပို့ ။တပြိုင်နက်ထဲမှာပဲ ကမ္ဘာ့သတင်းဌာနတွေကို သတင်းပို့  အင်တာဗြူးများလုပ်ထားခြင်းဖြင့် အကာအကွယ်များယူထားရန်ဖြစ်ပါတယ်။
သမဂ္ဂတွေဘယ်လိုဖွဲ့ ကြမလဲ …… 
အလုပ်သမားသမဂ္ဂဆိုတာ အလုပ်သမားတွေနဲ့ စုပေါင်းပြီးဖွဲ့ ထားတဲ့အဖွဲ့ အစည်းကို အလုပ်သမား သမဂ္ဂလို့ ခေါ် ဝေါ်စေပြီး၊ ဘာကြောင့် အလုပ်သမားသမဂ္ဂတွေဖွဲ့ စည်းရသလဲဆိုတဲ့ အဓိကအကြောင်းအရင်းကတော့ အလုပ်သမားတွေရှဲ့ အခြေခံအခွင့် အရေးတွေ နဲ့ အလုပ်သမားတွေဖက်ကရပ်တည်မဲ့ အင်အားတောင့်တင်းတဲ့ အဖွဲ့ အစည်းတခုလိုအပ်တဲ့ အတွက် အလုပ်သမားသမဂ္ဂဆိုတာ ကိုဖွဲ့ စည်းရခြင်း ဖြစ်ပါတယ်။ အဓိက အခြေခံအခွင့်အရေးတွေဖြစ်တဲ့ နိုင်ငံတကာ စံနူန်းနဲ့ ညီစေတဲ့ လုပ်အားခ၊ လုပ်ငန်းခွင်လုံခြုံမှု စတာတွေကိုရရှိဖို့ က လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေဖွဲ့ စည်းပြီး အလုပ်ရှင်တွေနဲ့  ညှိနှိုင်းဆွေးနွေးသွားမှ အလုပ်ရှင်တွေက ပေးလာမှာဖြစ်ပါတယ်။ အဲဒီလို ပဲ နိုင်ငံတော်အစိုးရတွေကို လည်း မိမိတို့ အခြေခံအခွင့်အရေးတွေကို တရားဥပဒေဘောင်ထဲကနေတောင်းဆို ညှိနှိုင်းသွားရမှာဖြစ်ပါတယ်။
လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂဆိုတာဘာလဲ…. မည်သည့်အာဏာရှင်အဖွဲ့ အစည်း၊ မည်သည့်အစိုးရ၊ ပါတီအဖွဲ့  အစည်း၊ အလုပ်ရှင်၊ အဖွဲ့ အစည်းတခုခုတို့ ရဲ့ လက်အောက်ခံ ကြိုးကိုင်ထားခြင်းမရှိတဲ့ အလုပ်သမားသမဂ္ဂကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂဆိုတာ အလုပ်သမားများကိုယ်တိုင် ကိုယ့်စိတ်ကြိုက်ဖွဲ့ စည်းပိုင်ခွင့် ရှိပြီး ကိုယ့်အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ကိုယ့်ဖာသာ လွတ်လပ်တဲ့မျှတတဲ့ ဒီမိုကရေစီ နည်းလမ်းတကျ မဲပေးရွေးချယ်ပြီး ဖွဲ့ စည်းတည်ထောင်သွားရမှာဖြစ်တယ်။ သမဂ္ဂခေါင်းဆောင်ရွေးချယ်ရာမှာလည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ရဲ့ အရည်အချင်းတွေနဲ့ ညီတဲ့ သူကို ရွေးချယ်ဖို့ လိုပါတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေက ဘာတွေရှိရမလဲ ….. ဒီမိုကရေစီစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့သူဖြစ်ရမယ်။ စီမံချက်တွေ စီစဉ်တတ်ရမယ်။ သိရှိထားတဲ့ ဗဟုသုတအတွေ့  အကြုံတွေနဲ့  လုပ်ငန်းပိုင်းဆိုင်ရာတွေကို ပြန် လည်ဝေငှ သိရှိစေတတ်သူဖြစ်ရမယ်။ ဦးဆောင်မှုပြုနိုင်ပြီး လုပ်ငန်းတွေကို စုံစမ်းစစ်ဆေး ညွှန်ကြားနိုင်တဲ့သူဖြစ်ရမယ်။ သမဂ္ဂဖွံ့ ဖြိုးတိုး တက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိရှိ နားလည် ပြန်လှန်သုံးသပ်နိုင်တဲ့ သူဖြစ်ရမယ်။
ခေါင်းဆောင်ကောင်းတယောက်ရဲ့ စွမ်းရည်၊ စိတ်ဓါတ်နဲ့ အရည်အသွေး တွေကကော…. အဖွဲ့ ဝင်များရဲ့  ယုံကြည်အားထားမှုနဲ့  အမိန့် နာခံရန်လုပ်နိုင်တဲ့စွမ်းရည်ရှိပြီး ခင်မင်စရာကောင်းတဲ့ဆက်ဆံရေးစွမ်းရည်ရှိရပါမယ်။ အဖွဲ့  ၀င်တွေနဲ့ တသားတည်း လုပ်ဆောင်ခြင်း နဲ့ အဖွဲ့ ဝင်တွေကို မပြတ်တန်းထောက်ခံအားပေးခြင်းကိုလည်းပြုလုပ်နိုင်တဲ့ စွမ်းရည်လည်းရှိနေရပါမယ်။ ပြီးတော့ အသင်းအဖွဲ့ ဆိုတဲ့စိတ်ဓါတ်နဲ့  အဖွဲ့  အတွက်ကောင်းမွန်စေမဲ့ လုပ်ငန်းပိုင်း ဆိုင် ရာတွေပြုလုပ်နိုင်တဲ့ စွမ်းပကား ရှိရပါမယ်။ ပြဿနာကိုကျွမ်းကျင် လိမ်မာ စွာဖြေ ရှင်း နိုင်တဲ့စွမ်းရည်တွေနဲ့ ပြည့်စုံရပါမယ်။
  စိတ်ဓါတ်ပိုင်းဆိုင်ရာ မှာဆိုရင်တော့…. အဖွဲ့ ဝင်တွေဟာ တိုးတက်ဖွံ့ ဖြိုးမှုတွေကို သူတို့ ကိုယ်တိုင် လုပ်နိုင် စွမ်း ရှိတယ် ဆိုတာ ကို ခေါင်းဆောင်လုပ်သူက ယုံကြည်စိတ်ထားရပါမယ် ကိုယ့်နောက်လိုက်ငယ်သားတွေကို ခင်မင်ရင်းနှီးစွာနဲ့ ထိတွေ့ ပြီး လေးစားစွာ ဆက်ဆံ တတ်တဲ့စိတ်၊ နောက်လိုက်ငယ်သားတွေ ကောင်းစားရေးကို အမှန်တကယ် လုပ်လိုတဲ့ စိတ်တွေရှိရမှာဖြစ်ပါတယ်။
အရည်သွေးပိုင်းဆိုင်ရာမှာဆိုရင်လည်း…… အတတ် ပညာကြွယ်ဝပြီှးဗဟုသုတရှိကာ အမြင်ကျယ်ပြန့် မှုရှိ ခြင်း။   ရိုးသားဖြူ စင်ပြီးတာဝန်ခံ တတ်ခြင်း။ မျက်နှာလိုက်မှုမရှိဘဲမျှတမှုရှိခြင်း။ အဂတိလိုက်စားမှုမရှိခြင်း။ ခံနိုင်ရည်ရှိပြီး တည် ကြည်ခိုင်မာယဉ်ကျေးခြင်း။ မာန်မာနမထား ဘဲ နှိမ့်ချကာနေတတ်ပြီး စာနာနာလည်းမှုရှိခြင်း။ လူမှုရေး စီးပွားရေး နိုင်ငံရေးနှင့် ယဉ်ကျေးမှုတွေမှာ တက်ကြွမှုရှိပြီး စွယ်စုံရနေခြင်း။ ခိုင်မာတဲ့ အမျိုးသား ရေးစိတ်ဓါတ်နဲ့ အတူစွန့် လွှတ်စွန့်  စားမူတွေရှိနေခြင်း။ စည်းမျဉ်းစည်းကမ်းကိုလိုက်နာမှုရှိခြင်း။ တဦးတည်းကောင်းမဟုတ်ဘဲ အဖွဲ့ ဝင် များနဲ့ ပူးပေါင်း ဆောင် ရွက်မှုရှိခြင်း။ နိုးကြားသတိနဲ့ အတူ ရဲစွမ်းသတ္တိ၊ ဂုဏ်သိက္ခာတွေကိုစောင့်စည်းမှုရှိခြင်း စတာတွေနဲ့ ပြည်စုံဖို့  လိုအပ် ပါ တယ်။
အလုပ်သမားသမဂ္ဂကို ဘယ်လိုအဆင့်အထိတက်လှမ်းဖွဲ့ စည်းရမယ်ဆိုတာကို အကျဉ်းချုပ်တင်ပြတာပါ။ အဲဒီလို အဖွဲ့ ချုပ်ပေါင်းချုပ်သမဂ္ဂ (Confederation) ဒါမှမဟုတ် အဖွဲ့ ချုပ် သမဂ္ဂတွေ (Federation of Trade Unions) ကိုဖွဲ့  ပြီးရင်တော့ အိုင်တီယူစီ (International Trade Union Confederation - ITUC) လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်ကို ချိတ်ဆက်ပြီး အဖွဲ့ ဝင်ဖြစ်ဖို့ ရန်နဲ့  ကူညီပံ့ပိုးမှုတွေရရန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါက လည်း သိတ်ပြီးခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ဘာဖြစ်လို့ လဲဆိုတော့ အခုလိုအချိန်အခါကောင်းမှာ ILO နဲ့  NLD တို့ က တဆင့် ဆက်သွယ်ချိတ်ဆက်သွားရမှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ မှာအခြေစိုက်တဲ့ ITUC အဖွဲ့ ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ်ဖြစ်ပြီး၊ ၁၅၅ နိုင်ငံက အလုပ်သမား ၁၇၅ သန်းကို ကိုယ်စားပြုဖွဲ့  စည်းထားတဲ့အဖွဲ့ ဖြစ် ပါတယ်။ ITUC အနေနဲ့ ကလည်း ILO နဲ့ အတူလက်တွဲနေတာကြောင့် အခုလို လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ မြန်မာပြည်ထဲမှာပေါ်ထွန်းရေးကို ဦးစားပေးကူညီသွားမှာဖြစ်ကြောင်း အသိပေးလိုက် ရပါတယ်။ ဒါကလည်း ILO မှ အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့် စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက် အမှတ်(၈၇) ရဲ့ သတ်မှတ်ပြဌာန်းချက်အရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ၊ အလုပ်ရှင်များ အဖွဲ့ အစည်း တွေနဲ့  ဆက်သွယ်ပူးပေါင်း၍ အဖွဲ့ ဝင်ခွင့်ရှိသည်ဆိုတဲ့ အပိုဒ် (၅) ပါ ပြဌာန်းချက်နဲ့ အညီ ဖြစ်ပါတယ်။
ILO မှ အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့် စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇) ရဲ့ သတ်မှတ်ပြဌာန်းချက်ထဲမှာဆိုရင် အလုပ်သမားများနှင့် အလုပ်ရှင်တွေဟာ ကွဲပြားခြားနားခြင်းမရှိဘဲ ဘယ်သူတဦးတယောက်အဖွဲ့ အစည်း အစိုးရကမှ ကြိုတင်အမိန့် အာဏာပေးထားခြင်းကြောင့်မဟုတ်ဘဲ ကိုယ်စိတ်ကြိုက်သမဂ္ဂဖွဲ့ ၊ ကိုယ်ကြိုက်တဲ့သမဂ္ဂမှာပါဝင် အဲဒီသမဂ္ဂ ရဲ့ စည်းမျဉ်းတွေ ကိုလိုက်နာပြီး တည်ထောင်ခွင့် ပါဝင်ခွင့်ရှိတယ်လို့ ဆို ထားပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေကလည်း အလုပ်ရှင်များသမဂ္ဂတွေ ဖွဲ့ စည်းပြီး အလုပ်သမားသမဂ္ဂတွေနဲ့ လက်တွဲ နိုင်တယ်ဆိုတာလည်းတင်ပြလိုက်ပါတယ်။
ထို့ အတူ - မိမိတို့  အလုပ်သမားထုကြီးအနေနှင့် ၂၀၁၀ ခုနှစ် ဇွန်လပိုင်းက မြန်မာပြည်တွင်းမှာ မည်သည့် အလုပ်သမားသမဂ္ဂ၊ မည်သည့်အဖွဲ့ အစည်းတို့ ၏လမ်းညွှန်မှုမပါဘဲ ဖွဲ့ စည်းတည်ထောင်ခဲ့တဲ့ မြန်မာအမျိုးသားများ အလုပ်သမားများသမဂ္ဂကို စံနမူနာထား၍သော် လည်းကောင်း ၎င်းတို့ နှင့်ချိတ်ဆက်ပူးတွဲ၍ သော်လည်းကောင်း လွတ်လပ် တဲ့အလုပ်သမားသမဂ္ဂတွေကို စတင် ဖွဲ့ စည်း သွားဖို့ ကိုလည်းတိုက်တွန်းပါတယ်။ ဘာကြောင့်အခုလို မြန်မာအမျိုးသားများ အလုပ်သမားများသမဂ္ဂကို ညွန်းပြ ရသလဲ ဆိုရင် အဲဒီအချိန်က သူတို့ လုပ်ငန်းစဉ်တွေက ထိရောက်မှုရှိ ခဲ့လို့  နအဖ စစ်အစိုးရက လျှင်မြန်စွာပိတ်ပင်တားဆီးခဲ့ရပါတယ်။ 
သူတို့  က ဘယ်လိုလုပ်ငန်းစဉ်တွေလုပ်ခဲ့လို့ ဘယ်လိုထိရောက်ခဲ့တာလဲ -
မြန်မာအမျိုးသားများ အလုပ်သမားများသမဂ္ဂ ဥပဒေအကြံပေးပုဂ္ဂိုလ်လူ့ အခွင့် အရေးရှေ့ နေ ကိုဖိုးဖြူ က ၂၀၁၀ ခုနှစ် ဇွန်လ (၂) ရက်နေ့ မှာ လွတ်လပ်တဲ့အာရှအသံ (Radio Free Asia) RFA ရေဒီယိုမှာ အင်တာဗြူးလုပ်သွားတာက - နိုင်ငံတ၀ှမ်းမှာရှိတဲ့ လယ်ယာနဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေအရေးကူညီဆောင်ရွက်ပေးဖို့ နဲ့  သူတို့ ရဲ့  အကျိုးစီးပွားကိုကာကွယ်ပေးနိုင်ဖို့  ပြည်တွင်းက အလုပ်သမားခေါင်းဆောင်တွေ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့  စည်းလိုက် ရကြောင်း၊ အဲဒီအလုပ်သမားသမဂ္ဂ တရားဝင်ရပ်တည်နိုင်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ သို့ လိပ်မှုပြီး စာတိုက်ကတဆင့် ဇွန်လ (၂) ရက်နေ့ မှာပေးပို့ လျှောက်ထားခဲ့ကြောင်း၊ အဲဒီသမဂ္ဂကို အလုပ်အမှုဆောင် (၁၈) ဦးနဲ့ ဖွဲ့  စည်း ထားကြောင်း၊ ဦးဆောင်သူများမှာ လယ်ယာအငှားအလုပ်သမားတစ်ဦးဖြစ်တဲ့ ဦးပါလေး၊ ၈၈ အရေးအခင်းမှာ အလုပ် သမားသမဂ္ဂ အတွေ့ အကြုံရှိခဲ့တဲ့ ဦးသိန်းအောင် တို့  ပါဝင်ပြီး လယ်ယာအငှားအလုပ်သမားများ၊ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုံတွေက အလုပ်သမားတွေနဲ့ ပါဝင်ဖွဲ့ စည်းထား တာဖြစ်ကြောင်း တို့ ကို ပြောပြသွားပါတယ်။ ဒါ့အပြင် သူတို့ ကို ခွင့်မပြုလည်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဖမ်းရင်လည်း ဖမ်း ထောင်ထဲကိုထည့် ထားရင်လည်းနေမယ် လို့  ပြတ်ပြတ်သားသားနဲ့ သတ္တိရှိရှိ ပြောသွားပါတယ်။
သူတို့ ရဲ့  မှန်ကန်တဲ့လမ်းကြောင်းပေါ်မှ ထွက်ပေါ်ရပ်တည်ချက်ကို အပြည်ပြည်ဆိုင်ရာအလုပ် သမားသမဂ္ဂများ အဖွဲ့ ချုပ် (International Confederation of Trade Union - ITUC) အိုင်တီယူစီ (ITUC) မှ အခုလို မြန်မာပြည်တွင်းမှာ တရားဝင်အလုပ်သမားသမဂ္ဂ တရပ် တရားဝင်ထူထောင်နိုင်ရေးအတွက် စစ်အစိုးရခေါင်းဆောင် ထံကို ခွင့်ပြုချက်လျှောက် ထားလိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း။  ဒီလို ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားခွင့် ရရှိအောင် ကြိုးပမ်းတဲ့ လုပ်ရပ်မှန်သမျှကို ကြိုဆိုရမှာပါ၊ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီအခွင့်အရေး တွေကိုဖိနှိပ်ချိုး ဖောက်တဲ့နေရာမှာ အတော့်ကိုနာမည်ကြီးပါတယ်၊ အထူးသဖြင့် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ထား တဲ့အပြင် အလုပ်သမားသမဂ္ဂဖွဲ့ စည်းထူထောင်ခွင့် တွေကိုလည်း တောက်လျောက် ပိတ်ပင်ထားခဲ့တာပါ၊ အခုလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိအောင် စတင် ကြိုးပမ်းမှုတွေရှိလာတာဟာ ထူးခြားတဲ့ ဆောင်႟ရွက်ချက်ပါလို့  ITUC အဖွဲ့ ရဲ့  ပြောခွင့်ရပုဂ္ဂိုလ် Tim Noonan က လွတ်လပ်တဲ့အာရှအသံ (Radio Free Asia) RFA ရေဒီယို အင်တာဗြူးမှာ ပြောသွားပါတယ်။ (၂၀၁၀ - ၀၆ -၀၂ ရက်နေ့  RFA သတင်း) အခုလို အပြည်ပြည်ဆိုင်ရာက ၀ိုင်းရံလာ တာကို မြန်မာ့အလုပ်သမားထုကြီးအနေနဲ့ သတိချပ် ဖို့  ဖြစ်ပါတယ်။  
အလုပ်သမားထုကြီးနဲ့ တောင်သူလယ်သမားထုကြီးခင်ဗျား - 
မြန်မာနိုင်ငံမှာ အလုပ်လုပ်သည့် ဦးရေ (၃၀.၈၅) သန်းအနက် (၂၀၀၉ ခုနှစ် - ခန့် မှန်း) ၇၀ ရာခိုင်းနူန်းဟာ တောင်သူ လယ်သမားများဖြစ်ပြီး  (၇) ရာခိုင်နူန်းဟာ စက်မှု အလုပ်သမားနဲ့  (၂၃) ရာခိုင်နူန်းဟာ ၀န်ထမ်းများ  ဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်သူလယ် သမားထုကြီးနဲ့ အလုပ်သမား ထုကြီးရဲ့ အင်အားဟာ မြန်မာနိုင်ငံရဲ့   ဒုတိယအသက် သွေးကြော မဏ္ဍိုင်  အဖြစ် တည်ရှိရပ်တည်နေပါတယ်။ သို့ ဖြစ်ပါသောကြောင့် မိမိတို့ ရဲ့ အင် အားတွေနဲ့  မိမိတို့  အခွင့် အရေးတွေကို ရရှိအောင် အထက်တင်ပြပါအတိုင်း စုပေါင်းတည်ဆောက်ပြီး  လွတ်လပ်တဲ့အလုပ်သမား သမဂ္ဂတွေ ဖွဲ့ စည်းရန် အချိန်အခါတန်ပြီဖြစ်ကြောင်း တိုက်တွန်း နိုးဆော်အပ်ပါသည်။    
နိဂုံးချုပ်အနေဖြင့်
၁။ အိုင်အယ်လ်အို (ILO) နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် (ITUC) တို့  မှ မြန်မာပြည်တွင်လွတ်လပ် သည့် အလုပ်သမားသမဂ္ဂ များ ပေါ်ထွန်းရေးကို ဖေါ်ဆောင်နေခြင်း။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အလုပ်သမားသမဂ္ဂပေါ်ထွန်းရေးအား လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ချမှတ်ထားခြင်း။
၃။ မိမိတို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှေ့ မှ ဦးဆောင်၍ စစ်အုပ်စုနှင့် စေ့စပ်ဆွေးနွေး နေချိန်တွင် မိမိတို့ အလုပ်သမားထုကြီးက အင်အားထုတရပ် အနေဖြင့်  လျှို့ ဝှက်တဲ့ လုပ်ငန်းစဉ်များ လုပ်နေရမည့် အချိန်အခါမဟုတ်ပဲ သတ္တိ ရှိ ရှိဖြင့် ဗြောင်ဖွင့်တိုက်ရန် အချိန်အခါကောင်းဖြစ်နေခြင်း။
၎။ စစ်အုပ်စု အနေဖြင့် အခုအချိန်အခါတွင် မည်သည့် ပြယုဂ် အတုအယောင်များဖြင့် လုပ်နေသည်ဖြစ်စေ ရလာသည့် အခွင့်အလမ်းနဲ့ အခြေအနေကို မလွတ်တန်းဆုတ်ကိုင် တက်နင်းပြီး ၎င်းတို့ မှ တရားဝင်မှတ်ပုံတင် လက်ခံရမည့် အလုပ်သမားသမဂ္ဂပေါ်ထွန်းစေပြီး အိုင်အယ်လ်အိုက အသိအမှတ်ပြုသည့်အခြေအနေရောက်အောင်ပြုလုပ်နိုင်သည့် အခြေအနေပေးနေခြင်း။ ဥပမာ အားဖြင့် - အဓမ္မအလုပ်ခိုင်းစေခြင်းကိစ္စတွင်  အိုင်အယ်လ်အိုမှ ဖိအားပေးမှုကြောင့် စစ်အုပ်စုမှ ရန်ကုန်တွင် အိုင်အယ်လ်အိုရုံးစိုက်ခွင့်ပြုလိုက် ရသကဲ့သို့  လုပ်ဆောင်ရမည့်အခြေအနေပေးနေခြင်း။
၅။ မိမိတို့ အလုပ်သမားထုအနေဖြင့် စစ်မှန်တဲ့ အလုပ်သမားသမဂ္ဂကို မဖေါ်ဆောင်ပါက စစ်အုပ်စု ကြိုးကိုင်သည့် အတု အယောင်အလုပ်သမား သမဂ္ဂကိုလည်း ဖေါ်ဆောင်လာမည့်အခြေအနေဖြစ်နေခြင်း နှင့် ထိုသို့ ဖေါ်ဆောင်လာပါကလည်း မိမိတို့  အလုပ်သမားထု၏ စစ်မှန်သည့် အလုပ် သမားသမဂ္ဂများက ၀င်ရောက်ပူးပေါင်းစီးနင်းခြင်းနှင့် အထက်ဖေါ်ပြပါ အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်များ ဖေါ်ဆောင်ခြင်းဖြင့် အနိုင်ဖြင့်စီးနင်း ထားနိုင်ခြင်း။
စသည့် အခြေအနေများကြောင့် အလုပ်သမားထုကြီး လွတ်မြောက်ရန်လမ်း (သို့ မဟုတ်) လွတ်လပ်သည့် အလုပ်သမား သမဂ္ဂများပေါ်ထွန်းချိန် ကျနေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အလုပ်သမားထုအရေးကို စိတ်ဝင်စားသူများအနေဖြင့် မြန်မာပြည်တွင်းရှိ မိမိတို့  သိရှိသည့်အလုပ်သမားထုနှင့် အဆက်အသွယ်များအား တဆင့်ဆက် လက် အသိပေးအကြောင်းကြား ပေးပို့ ပါရန် အတွက် အခုလို အင်တာနက်တွင် ဖေါ်ပြရ ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် လွတ်လပ်စစ်မှန်သည့် အလုပ်သမားသမဂ္ဂများပေါ်ထွန်းရေးကိုရည်မှန်း၍။
ချိုမောင်
အလုပ်သမားရေးရာလေ့လာသူ
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်။
-       ပူးတွဲ -
အသင်းအဖွဲ့ များလွတ်လပ်စွာဖွဲ့ စည်းခွင့်နှင့်စည်းရုံးပိုင်ခွင့်အား ကာကွယ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ်(၈၇)  ၁၉၄၈ ခုနှစ် ဇူလိုင်လ (၉) ရက် ၊ ဆန်ဖရန်စ္စကိုမြို့ ၊ အိုင်အယ်အို မှ လက်ခံကျင့်သုံးသည်။
{Freedom of Association and Protection of the Right of Organise Convention (No.87) 1984} FOA
အပိုဒ် (၁)
အိုင်အယ်အို အဖွဲ့ ဝင်တို့ အတွက် အကျိုးသက်ရောက်စေသော ဤပြဌာန်းချက်တွင် အိုင်အယ်အို အဖွဲ့ ဝင်တခု သည် အောက်ပါ သတ်မှတ်ချက်များကို အကောင်အထည်ဖေါ်၍ အကျိုးသက်ရောက်စေရမည်။
အပိုဒ် (၂)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ သည် ကွဲပြားခြားနားခြင်းမရှိဘဲ ကြိုတင်အမိန့် အာဏာပေးထားခြင့်ကြောင့် မဟုတ်ဘဲ မိမိတို့  စိတ်ကြိုက်သမဂ္ဂအဖွဲ့ အစည်းများကို ရွေးချယ်ပြီး ၎င်းအဖွဲ့ အစည်းတို့ ၏ စည်းမျဉ်းများကိုသာလိုက်နာ၍ တည်ထောင်ခွင့် ပါဝင်ခွင့်ရှိသည်။
အပိုဒ် (၃)
(၁) အလုပ်သမားများနှင့် အလုပ်ရှင်တို့ အဖွဲ့ အစည်းများ ၊ သမဂ္ဂများသည် ၎င်းတို့ ၏အဖွဲ့ အစည်း၊ သမဂ္ဂ စသည် တို့ ၏ အုပ်ချုပ်ပုံစည်းမျဉ်းများ၊ ဥပဒေစည်ကမ်းများရေးဆွဲရာ၌လည်းကောင်း ၎င်းတို့ ၏ကိုယ်စားလှယ်များကိုရွေးချယ်ရာ၌ လည်းကောင်း၊ ၎င်းတို့ ၏အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာ၌ လည်းကောင်း လွတ်လပ်စွာဆောင်ရွက်ရန် အခွင့်အရေး အပြည့်အ၀ရှိသည်။
(၂) သမဂ္ဂများ၏ တရားးဝင်လုပ်ငန်းဆောင်ရွက်ရာတွင် အနှောက်အယှက် အဟန့် အတားဖြစ်စေမည့် မည်သည့် စွက်ဖက်မှုမျိုးကိုမဆို အာဏာပိုင်တို့ မှ မလုပ်ဆောင်ရ။
အပိုဒ် (၄)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ သမဂ္ဂအဖွဲ့ အစည်းများသည် အုပ်ချုပ်ရေးအာဏာပိုင်တို့ ကြောင့် အဖွဲ့  အစည်းများ ပယ်ဖျက်ရခြင်းမဖြစ်စေရ။
အပိုဒ် (၅)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ သမဂ္ဂများသည် ကိုယ်ပိုင်လွတ်လပ်သောအဖွဲ့ ချုပ်များနှင့် အဖွဲ့ ပေါင်းချုပ် အဖွဲ့ ကြီးများနှင့် အခြားအဖွဲ့ အစည်းများအဖြစ် တည်ထောင်နိုင်ခွင့်။ ပါဝင်ပူးပေါင်းနိုင်ခွင့်ရှိသည်။ ၎င်းအဖွဲ့ ချုပ် - အဖွဲ့ ကြီး များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အလုပ်ရှင်များ အဖွဲ့ အစည်းတို့ နှင့် ဆက်သွယ်ပူးပေါင်း၍ အဖွဲ့ ဝင်ခွင့် ရှိသည်။
အပိုဒ် (၆)
အထက်တွင်ဖေါ်ပြထားသော အပိုဒ် ၂။ ၃။ နှင့် ၄ ပြဌာန်းချက်များသည် အဖွဲ့ ချုပ်များ အဖွဲ့ ပေါင်းချုပ်သမဂ္ဂများ နှင့် (Federation and Confederation) သက်ဆိုင်သည်။ 
အပိုဒ် (၇)
အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏သမဂ္ဂများ ကိုယ်ပိုင်လွတ်လပ်သောအဖွဲ့ ချုပ် (Federation) များနှင့် အဖွဲ့  ပေါင်းချုပ် (Confederation) တို့ သည် ဥပဒေပညာရှင်များကို အသုံးပြုကြရာတွင် အပိုဒ် ၂ နှင့် ၃ တို့ တွင်ပါရှိသော ပြဌာန်းချက်များကို အဟန့် အတား မဖြစ်စေရ။
အပိုဒ် (၈)
(၁) ပြဌာန်းချက်မှ ပေးထားသော အခွင့်အရေးများကိုကျင့်သုံးရာတွင် အလုပ်သမားများနှင့် အလုပ်ရှင်များ၏ သက်ဆိုင်ရာအဖွဲ့ အစည်း သမဂ္ဂများသည် အခြားသူများ (သို့ ) အခြားအဖွဲ့ အစည်းများကဲ့သို့  သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာကြရမည်။
(၂) ထိုနိုင်ငံ၏ ဥပဒေနှင့် ၎င်းဥပဒေကိုကျင့်သုံးရာတွင် ဤပြဌာန်းချက်များမှ အာမခံကတိပြုထားချက်များကို ထိခိုက်အားနည်စေခြင်းမဖြစ်ရ။
အပိုဒ် (၉)
(၁) ဤပြဌာန်းချက်မှပေးထားသော အာမခံကတိပြုချက်များကို လက်နက်ကိုင်စစ်တပ်နှင့် ရဲများအား မည်သည့် အတိုင်းအတာအထိ ကျင့်သုံးပိုင်ခွင့်ပေးမည်ကို ၎င်းတို့ တိုင်းပြည်၏ ဥပဒေများနှင့် စည်းမျဉ်းများကသာ အဆုံးအဖြတ်ပေး ရမည်။
အပိုဒ် (၁၀)
ဤပြဌာန်းချက်တွင် “သမဂ္ဂအဖွဲ့ အစည်း” ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ အကျိုး စီးပွားများ တိုးတက်စေရန်နှင့် အကာအကွယ်ပေးစေရန် အလုပ်သမားများနှင့် အလုပ်ရှင်တို့ ၏ ဖွဲ့ စည်းထားသော မည်သည့် အဖွဲ့ အစည်းကိုမဆို ခေါ်ဆိုသည်။
အပိုဒ် (၁၁)
အိုင်အယ်အို အဖွဲ့ ဝင်တို့ အတွက် အကျိုးသက်ရောက်စေသော ဤပြဌာန်းချက်တွင် အိုင်အယ်အို အဖွဲ့ ဝင်တိုင်း သည် အလုပ်သမားများနှင့် အလုပ်ရှင်တို့ စည်းရုံးပိုင်ခွင့်ကို လွတ်လပ်စွာ အမှန်ဖေါ်ဆောင်နိုင်ရန် လိုအပ်သင့်လျှော်သော အရေးယူဆောင်ရွက်ချက်များပြုလုပ်ပေးမည်ဟု တာဝန်ခံကတိပြုပါသည်။
ကိုချိုမောင် (ကျွန်တော်တို့ကတော့ ကိုချိုလို့ဘဲ သူ့ကိုခေါ်ပါတယ်) ရေးတဲ့ စာတမ်းငယ်တစောင်ဖြစ်တဲ့ မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန် အခွင့်အလမ်း (လွတ်လပ်သော အလုပ်သမားသမဂ္ဂများပေါ်ထွန်းချိန် ဆိုတာထက် ပိုသဘောကျလို့ပါ) ကို ဖတ်ရတာ လက်ရှိနိုင်ငံရေး ရေချိန်အနေနဲ့လည်း ကိုက်ညီနေသလို၊ အထောက်အပံ့မဲ့သလိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို တဒေါင့် တကဏ္ဍကနေ အားဖြစ်စေမှာ ဖြစ်တယ်လို့လည်း ယူဆမိသလို၊ မြန်မာအလုပ်သမားထုရဲ့ လိုအင်ဆန္ဒ ရပိုင်ခွင့် အခွင့်အရေးတွေကို အလုပ်သမား သမဂ္ဂမှနေတဆင့် တောင်းဆို တိုက်ပွဲဝင်နိုင်မှာ ဖြစ်သောကြောင့်၎င်း၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်နေချိန်မှာ လိုအပ်ချက် တခုကို ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းတခုအနေနှင့်၎င်း၊ အခြေအနေအချိန်အခါ လိုအပ်ချက်နှင့် ကိုက်ညီစွာ ပေါ်ထွက်လာသော စာတမ်းတစောင် ဖြစ်ပါတယ် လို့ယူဆပါတယ်။
ကိုချိုကို ၈၈၈၈ နောက်ပိုင်း ဒီဘက် ၂၃ နှစ် အတွင်းမှာ ဖြတ်သန်းမှုမျိုးစုံအတွင်း အကြိမ်ကြိမ်ရင်းနှီး တွေ့ဆုံဆက်ဆံခဲ့ဘူးသလို သူနဲ့ ညီအကိုတော်စပ်တဲ့ ကိုမောင်မောင်ကိုလည်း တခါမက တွေ့ဆုံဘူးပါတယ်။ ဆိုလိုချင်တာက ကိုချိုဟာ ကိုမောင်မောင်နဲ့ အတူ FTUB မှာ ၁၀ နှစ်ကျော် နှစ် ၂၀ နီးပါး အလုပ်သမားအရေးအတွက် လုပ်ဆောင်ခဲ့ပါတယ် (အလုပ်ဖြစ်မှု ခရီးရောက်မှုကတော့ အများသိကြတဲ့အတိုင်းပါဘဲ)။
မြန်မာပြည်ထဲမှာဖြစ်ဖြစ် မြန်မာပြည်ပမှာဖြစ်ဖြစ် အလုပ်သမားသမဂ္ဂတခုကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ရမယ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများနဲ့ (ILO, IUC, etc…) ဘယ်လိုဆက်သွယ်ရမယ်။ ဘယ်လောက်လွယ်ကူစွာ အလုပ်သမားသမဂ္ဂတခုကို တည်ထောင် ဖွဲ့စည်းလို့ရတယ်ဆိုတာကို ကိုချို FTUB မှာ တာဝန်ထမ်းဆောင်နေစဉ် ကာလက ဒီလိုစာတမ်းမျိုး ကိုမရေးသား မဖြန့်ဝေဘဲ အခုလိုကိုချို FTUB ကနေအထုတ်ခံရပြီးမှ ရေးသားဖြန့်ဝေရသလည်း။
ကိုမောင်မောင်က ခွင့်ပြုချက်မပေးလို့ဘဲလား။ FTUB အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ဘဲလား ဆိုတာကတော့ ကိုချိုကိုယ်တိုင်နဲ့ ကိုမောင်မောင်တို့ဘဲ သိမှာပါ။
ဘာဘဲဖြစ်ဖြစ် အခုလို လိုအပ်နေတဲ့အချိန်မှာ အလုပ်သမားထုကြီးက အလုပ်သမားသမဂ္ဂကို ဘယ်လိုလွယ်လွယ်ကူကူ ဖွဲ့စည်းလို့ရပြီး ဘယ်လို နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေနဲ့ တိုက်ရိုက် ကြားခံလူမရှိဘဲ ဆက်သွယ်လို့ရတယ်ဆိုတာ ကောင်းသော သတင်းစကားတရပ်ပါ။ မြန်မာပြည်မှ အလုပ်သမားများနဲ့ မြန်မာပြည်သူများအပါအ၀င် မြန်မာ့နိုင်ငံရေးအတွက် ကောင်းသောလက္ခဏာပါ။
ဘာဖြစ်လို့လည်းဆိုတော့ အလုပ်သမားသမဂ္ဂများဆိုတာ ကမ္ဘာတ၀ှမ်းက နိုင်ငံအသီးသီးမှာ အစိုးရကို လှုပ်ကိုင်နိုင်သလို အလုပ်သမားတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးများကို အလုပ်ရှင်များဆီမှ အလုပ်သမားများကိုယ်စား တောင်းဆိုနိုင်လို့ဘဲဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အစိုးရ (သူတို့မတရား အတည်ပြုထားတဲ့ ဥပဒေနဲ့ မတရား အနိုင်ရလာတဲ့ အမည်ခံ စစ်ဗိုလ်ကြိုးဆွဲ စစ်ဗိုလ်လူထွက်အဖွဲ့) ကို မကိုင်လှုပ်နိုင်ရင်တောင်မှ အလုပ်သမားများရဲ့ အခွင့်အရေးကို နည်းလမ်းကျကျ အလုပ်ရှင်များထံမှနေ တောင်းဆိုနိုင်မယ်ဆိုရင်တောင် မြန်မာပြည်မှာ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းသင့်နေပါပြီ။
ဒါပေမယ့် ပြသနာကအခုမှစတာပါ။ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားများက အလုပ်သမားသမဂ္ဂဖွဲ့ဘို့ သတ္တိရှိကြပါ့မလား။ ဒါကတော့ ကျွန်တော့ စိုးရိမ်မှုပါ။ အလုပ်သမား သမဂ္ဂ ဖွဲ့ဘို့ကြိုးစားသူများနဲ့ သမဂ္ဂ အဖွဲ့ဝင်လိုသူများဟာ ထောင်ကျမှာကိုတော့ ကြောက်နေလို့မရပါဘူး။
မြန်မာပြည်သူ ပြည်သားများဟာ အစိုးရနဲ့ပါတ်သက်ရမှာ ထောင်တန်းကျမှာ အလွန်အမင်း စိုးရိမ်ကြပါတယ်။ အာဏာရယူလိုသူ စစ်ဗိုလ်ချုပ်တွေက မကြောက်ကြောက်အောင် ခြောက်ထားပါတယ်။ ကြောက်နေအောင်လည်း ဆွေစဉ်မျိုးဆက် မိသားစုဝင်တွေကို အမျိုးမျိုးဒုက္ခပေးပါတယ်။ ဒီတော့ သမဂ္ဂကိုဖွဲ့ရေးအတွက် ထောင်တန်းကျမှာ မကြောက်တဲ့ အလုပ်သမား ငါးယောက် ဆယ်ယောက်လောက်လိုပါတယ်။ ငါးစိမ်းသည်များ သမဂ္ဂ၊ ကူလီများ သမဂ္ဂ၊ အလှဖန်တီးရှင်များ သမဂ္ဂ စသည်ဖြင့် လုပ်သမား သမဂ္ဂပေါင်း ရာထောင်ချီအောင် ဖွဲ့နိုင်ပါတယ် အဓိက အစကတော့ သူရဲကောင်း အလုပ်သမား ၅ ယောက်၊ ၁၀ ယောက်သာ လိုပါတယ်။
တကယ်မှာတော့ ကိုချိုတင်ပြသလိုဆိုရင် ထောင်ကျသွားရင်တောင်စိုးရိမ်စရာမလိုပါဘူး၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေကနေ ထောင်ကျ အလုပ်သမားသမဂ္ဂ၀င်တွေကို လွတ်သွားအောင် (မစုစုနွေးတို့လိုမျိုး၊ သူမက အလုပ်သမား သမဂ္ဂ၀င် ဟုတ်မဟုတ်တော့ မသိပါ) ထောင်တွင်းရပိုင်ခွင့်တွေ ရရှိအောင် ဖိအားပေးနိုင်ပါတယ်။
အချုပ်ဆိုရသော် လွတ်လပ်သောအလုပ်သမားများ သမဂ္ဂကို ဖွဲ့စည်းနိုင်ရန်
၁။       ။ သတ္တိရှိ ထောင်ကျခံနိုင်သော အလုပ်သမား ၅ ယောက်၊ ၁၀ ယောက် လိုပါတယ်။
၂။       ။ ILO ရန်ကုန် ကိုသွားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းပုံ နည်းနာတွေကို မေးပါ။
၃။       ။ လက်ရှိ စစ်အာဏာရှင်နောက်ခံ သိန်းစိန် အစိုးရထံမှာမှတ်ပုံတင်ပါ (သို့) အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တောင်းပါ။
၎။       ။ ၂၀၁၁ နိုဝင်ဘာလ နောက်ပိုင်းတွင် ဖွဲ့စည်းနိုင်ရန်လုပ်ဆောင်ပါ။
၅။       ။ နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အတွေ့ အကြုံရှိသော ကိုချိုမောင် နှင့်ဆက်သွယ်ပါ (အကူအညီ လုပ်ထုံးလုပ်နည်း များလိုအပ်ပါက)။
မှတ်ချက်။       ။ ခေါင်းဆောင်အရည်အချင်းရှိပြီး ကိုယ်ကျိုးမရှာ သောသူကို ခေါင်းဆောင်တင်ပါ။
ကိုချိုအနေနှင့်လည်း ဤကဲ့သို့ အလုပ်သမား သမဂ္ဂဖွဲ့စည်းရာတွင် လိုအပ်သော အချက်အလက် လုပ်ထုံးလုပ်နည်းများကို အလုပ်သမားထုကြီးသိအောင် ဆက်လက်ရေးသားဖြန့်ဝေပေးပါ။ ၎င်းတို့လိုအပ်သော အကူအညီ အထောက်အပံ့များကို ပေးနိုင်အောင် အသင့်ပြင်ထားပါ။ (ကိုချို ကိုယ်တိုင်ပါဝင်သော အဖွဲ့တခုဖွဲ့ပြီး အလုပ်သမား သမဂ္ဂ ဖွဲ့လိုသူ ပြည်တွင်း ပြည်ပမှ အလုပ်သမားများကို အကူအညီပေးနိုင်ရင် ပိုပြီးထိရောက်နိုင်ကြောင်း အကြံပြုပါတယ်)။
အလုပ်သမားများစုပြီး အလုပ်သမား သမဂ္ဂများကို လုပ်သမားများ စိတ်ကျဖွဲ့စည်းနိုင်ကြောင်း အသိပေးလိုက်ပါတယ်။ အလုပ်သမားသမဂ္ဂ ဆိုတာ လူတဦးတယောက်က ပိုင်ဆိုင်တာ ချုပ်ကိုင်ထားတာ အလုပ်သမားသမဂ္ဂ မဟုတ်ပါဘူး။ မာဖီးယားလို၊ အာဏာရှင်လို အဖွဲ့တွေမှ တဦးတယောက်ကနေ လုပ်ပိုင်ခွင့်တွေကို ချုပ်ကိုင်ထားတာပါ။
အလုပ်သမားများက စုစည်း ဖွဲ့စည်းထားပြီး  အများသဘောတူ ရွေးကောက်တင်မြှောက်ထားသော သူက ဦးဆောင် ဦးရွက် ပြုတာမှ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်ဖြစ်ပါကြောင်း။ ခေါင်းဆောင်ကိုလည်း အမြဲတမ်းရွေးကောက်ခြင်းပြုနေရပါတယ်။ သက်တမ်း ၂ခုသာ အများဆုံးလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီနည်းကျကျ လျှို့ဝှက်မဲပေး ရွေးချယ်ရပါတယ်။
အလုပ်သမား သမဂ္ဂများဟာ အစိုးရကို ဖိအားပေးနိုင်သော်လည်း နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်း တခုမဟုတ်ပါ။ အလုပ်သမားများရဲ့ အရေးကို အဓိက ဦးစားပေး ဆောင်ရွက်သော အဖွဲ့ဖြစ်ပါတယ်။
မြန်မာပြည်တွင် လွတ်လပ်၍ အများသဘောတူ တင်မြှောက်ထားသော ခေါင်းဆောင် ဦးဆောင်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို တောင်းဆိုတိုက်ပွဲဝင်နိုင်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်လာစေရန် ရည်သန်၍။         
တိုးတက်နေသော ကမ္ဘာကြီးမှာ ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောကျမလုပ်နိုင်ပေမယ့်။ နိုင်ငံတကာ ဥပဒေရဲ့ အောက်မှာတော့ ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောကျလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မောင်ဂဏန်း (၈၈၈၈)
ကို ဂဏန်း။
အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးပါ။
ဘာကြောင့်အခုမှ ဒီလိုစာတန်းထွက်ရသလဲဆိုတာကို အခြေအနေအချိန်အခါရပဲလို့ သာ မှတ်စေချင်ပါတယ်။
အခုအချိန်မှာတော့ အမှန်တကယ်လိုအပ်နေတဲ့ အချိန်အခါဖြစ်နေတယ်လို့ သုံးသပ်ဆုံးဖြတ်ပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ 
ကျွန်တော် စွမ်းနိုင်သမျှ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် လုပ်ဆောင်နေခြင်းပါ။
ကိုဂဏန်းပြောသလို ကျွန်တော် တတ်စွမ်းသမျှ ဆက်လက်ကြိုးစားသွားပါမယ်။
စာပြန်နောက်ကျတဲ့အတွက် ခွင့်လွတ်ပါရန်။
ကိုဂဏန်းပြောသလို မြန်မာ့အလုပ်သမားထုကြီးထဲက သတ္တိရှိတဲ့ခေါင်းဆောင်ကောင်းတွေထွက်ပေါ်လာမယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။
ကျေးဇူးပါ။
ချိုမောင်
Dear Ko Cho,
ကျေးဇူးအထူးတင်စရာမလိုပါဘူးလို့ ပြောလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့လို့ ရှစ်ဆယ့်ရှစ် ကျောင်းသား အိုအများစု ဘာမှမလုပ်နိုင်ချိန်မှာ (တချို့ကတော့ ကိုယ့်အတွက်ကိုယ် လုပ်နိုင်ပါတယ်) ကိုချိုတို့လို လက်တွေ့ အတွေ့အကြုံရှိသူတွေက အများအတွက်အကျိုးရှိစေမယ့် တကယ်လက်တွေ့လည်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေပြသပေးနိုင်တာ လေးစားစရာ ကောင်းလို့ပါ။
တခုတော့ရှိတာပေါ့လေ။ ကျွန်တော်တို့တတွေ မြန်မာပြည်ကို ဖွတ်ဖွတ်ညက်ညက်ကြေ အောင် လေနဲ့သိမ်းခဲ့တာ အကြိမ်ကြိမ်ပါဘဲ။ လက်တွေ့မှာတော့ ရွာကလေး တရွာ ရန်သူရဲ့ ကတုတ်ကျင်းလေးတခုကိုတောင် မသိမ်းနိုင်ခဲ့ကြပါဘူး (ရန်သူကို တိုက်ရင်းတိုက်ရင်းနဲ့ လွတ်မြေ မယ်နယ်ပလောတောင် ရန်သူ့လက်ထဲမှာ အတော်ကြာသွားခဲ့တယ်) ။ အခု သိန်းစိန်တို့ အစိုးက တရားဝင် အစိုးရဖြစ်တော့မယ် ဒေါ်စုတောင် လက်ခံနေပြီ။ ဆိုလိုချင်တာကတော့ ပြောတာလွယ်သလို ပြောတာကို ဖြစ်အောင်လုပ်ဘို့ တကယ်ခက်ပါတယ်။ ဒါပေမယ့် ရန်သူကတော့ သူလိုချင်တဲ့ ရည်မှန်းချက်ကို တဖြေးဖြေးနဲ့ ရောက်အောင်သွားနေပါပြီ။ ရောက်နေပါပြီလို့ဘဲ ပြောပါရစေ။
လူကြီးလူကောင်းတွေဟာ ပေးတဲ့ကတိကို တည်အောင် စောင့်ထိမ်းကြတယ်။ ကိုချိုက လူကောင်းမဖြစ်သေးရင်တောင်မှ လူကြီးစာရင်းထဲ ထည့်လို့ရနေပြီ ဆိုတော့။ ပေးတဲ့ကတိအတိုင်း။ မဖြစ်ဖြစ်အောင်သာ လုပ်ပေတော့လို့။ ကိုချိုယုံကြည်တဲ့အတိုင်း တိုင်းပြည်ကောင်းစားရေးအတွက် အလုပ်သမား သမဂ္ဂများ ပေါ်ပေါက် ပြီး တိုက်ပွဲဝင်နိုင်မယ့် နေ့ကို စောင့်မျှော်ရင်း။
မောင်ဂဏန်း (တော်လှန်ရေး ကျောင်းသား ရဲဘော်အို)
ခေတ္တ အမြဲတမ်းယာယီ (တိုင်းတပါးမှ)
မှတ်ချက်။    ။ တတ်စွမ်းသမျှမဟုတ်ဘူး အစွမ်းကုန် ပြဲနေအောင်လုပ်မှ ရမှာ။ ကျွန်တော်တို့ စွမ်းသမျှလုပ်လာကြတာ ၂၃ နှစ်ရှိပါပြီ ရန်သူသာ တရားဝင် အစိုးရ ဖြစ်လုဖြစ်ဆဲနဲ့။ ကျွန်တို့တတွေကတော့ အရင် ကထက်တောင် နိမ့်ကျနေဆဲ ဘဲလို့ခံစားရလို့ပါ။ မြန်မာ အမျိုးကောင်း သမီးတွေလည်း နိုင်ငံတကာမှာ နာမည်ရ ပျော်တော်ဆက်တွေ များလာတာ ကျွန်တော်တို့ အစွမ်းကုန်မလုပ်ဘဲ တတ်စွမ်း သလောက်သာ လုပ်ကြလို့သာ လို့ ကျွန်တော်ထင်ပါတယ်။
No comments: