မြန်မာပြည်ဟာ ပြည်တော်ပြန် လုပ်စားတွေနဲ့ အသင့်တော်ဆုံးပါ  “ဟာသ ဂွင်ဖန်သူ ဂေါ်ဖီအာ နှင့် တွေ့ဆုံခြင်း”   အယ်ဒီပြာတဦး၊ စက်တင်ဘာ ၁၀၊ ၂၀၁၁ မိုးမခ   နိုင်ငံကျော်  သမ်မဒကျီး ဦးသိန်းလိမ်သည် ပထမအကြိမ် ပြည်“ထောင်”စုလွှတ်တော်  ပထမနေ့အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်းတွင် “ပြည်ပရောက်နေသော  မြန်မာနိုင်ငံသားများ ပြန်လာမည်ဆိုပါက ကြိုဆိုပါကြောင်း၊ သဘောထား  မတူသည်များကို ဘေးဖက်ကာ တူသည့် “အကွက်”များကို အတူတူ“ဂွင်”ဖန်  စားနိုင်ကြောင်း ထည့်သွင်းပြောကြားကာ ကမ်းလှမ်း ဖိတ်ခေါ်လိုက်သဖြင့်  ပထမဆုံးအနေဖြင့် နိုင်ငံကျော် ဟာသအနုပညာရှင်များထဲမှ “ဂေါ်ဖီအာ”နှင့်အဖွဲ့  ပြည်တော်ပြန်လာတော့မည်ဖြစ်ရာ “ဂေါ်ဖီအာ”နှင့် အင်တာဗျူးသည်တို့ကို  ဖေါ်ပြလိုက်ပါသည်။   မေး။   ။ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ ဘာကြောင့် စိတ်ကူးလိုက်တယ်၊ စီစဉ်လိုက်တယ်ဆိုတာလေး သိပါရစေ။  ဂေါ်ဖီအာ။        ။အတူတူတွဲပြီး “ဂွင်”ရိုက်နိုင်မယ်ထင်လို့ပါ။ ဒါကြောင့်လည်း  ဟိုလူသည်လူတွေ ဂွင်သွားမဖန်ခင် ကျနော်တို့ အရင်ဆုံး ဂွင်ဖန်နိုင်အောင်  ကတိုက်ကရိုက်စီစဉ်လိုက်တာဗျ။ ကျနော်တို့လို ဂွင်ဖန်ဖို့ ချောင်းနေတဲ့သူတွေက  မနည်းဘူးလေ။ ဟိုမီဒီယာ သည်မီဒီယာတွေအပြင် သံရုံးတွေမှာ ပြန်ပြီး  ဂွင်ရှာဖို့ စာရင်းပေးထားတာ ၁၀၀ ကျော်လောက်ရှိနေပြီဗျ..။ ဆိုတော့  သူများထက်စောပြီး ပြန်မှ ပိုအဆင်ပြေမှာ..။ ဟဲ ဟဲ.. လက်ဦးမှု  ရယူလိုက်တာပေါ့ဗျာ..။  မေး။   ။ပြည်တော်ပြန်မယ်ဆိုရင် အနုပညာအလုပ်တွေ ဆက်လုပ်ခွင့်ရမယ်ထင်လား..။  ဂေါ်ဖီအာ။        ။ ရမှာပါ.. ရမှာပါ..။ ပထမပိုင်းမှာတော့ သူတို့လုပ်စေချင်တဲ့  ပေါ်လစီကား ၂ ကားလောက်ရိုက်ပေးလိုက်ပြီး ရင် ကျနော်တို့ ဂွင်တွေ  လုပ်ပိုင်ခွင့်တွေ ရမှာပါ။ အနုပညာ အလုပ် လုပ်ခွင့်မရလည်း အရေးမကြီးပါဘူး။  “ဂွင်”မိမှ “စင်” ရှိမှာကိုးဗျ။  မေး။            ။လေးစားလောက်ပါတယ်ဗျာ..။ ခင်ဗျားတို့ “ဆရာ” အထဲက ပြန်ထွက်လာဖို့  ဘာညာ အပေးအယူ မလုပ်ဘူးလား။ သူပြန်ထွက်လာတဲ့အထိ ဘာလို့ မစောင့်တာလဲ။  ဂေါ်ဖီအာ။        ။ သူပြန်ထွက်လာဖို့ လူကြားကောင်အောင်တော့ ကျနော်တို့  တောင်းဆိုရမှာပေါ့။ အဲ.. အဘတို့ ခွင့်ပြုရင်ပေါ့ လေ..။ နောက်..  ကျနော်တို့ဆရာ ပြန်ထွက်လာမှ ဆိုရင် .. ပြန်လို့မဖြစ်ဘူးဗျ။ သူရှိရင်  မလုပ်ရဲပေမယ့် သူမရှိတုန်း “ဂွင်”လေး လည်း ပေါ်တုန်း ပြန်ထားရတာ.. ဟဲ..။  မေး။            ။ကိုဂေါ်ဖီအာက စကားပြောတဲ့ထဲမှာ “ဂွင်” “ဂွင်”နဲ့  အတော်ပြောတယ်နော်။ ဘယ်လို“ဂွင်”တွေလဲဗျ။ အခုပြည်ပမှာရော ခင်ဗျားပြောတဲ့  “ဂွင်”တွေ မရှိဘူးလား။  ဂေါ်ဖီအာ။        ။အင်း..ခင်ဗျားက မီဒီယာသမားလုပ်ပြီး အတော် အောက်တာပဲ။  ဘယ်လိုဂွင်လဲဆိုတော့… စားပေါက်ဂွင်ပေါ့ ဗျ။ အခုခေတ်က “ဂွင်” ခေတ်ဗျ။  ပြောခဲ့ပါပကော.. “ဂွင်”ရှိမှ “စင်”ရှိတာပါလို့..။ နောက်.. ပြည်ပမှာ ဂွင်တွေ  ရှိတာပေါ့ဗျာ..။ အများကြီး..။ အဲ.. ဒါပေမယ့် ကျနော်တို့က မတိုးနိုင်ဘူးဗျ။  ကိုယ့်ထက်စောရောက်တဲ့ “ဂွင်” ဆရာကြီးတွေက သူတို့“ဂွင်” ကို အထိမခံဘူးဗျ။  “မယားထိ ရင်ထိ.. ဂွင်တော့ မထိနဲ့ ” ဆိုတာမျိုး။ ကျနော်တို့က အချောင်  ဂွင်မိမလား ထင်ထားတာ..။ အခု အခြေအနေအရ “အပြင်ဂွင်” ထက် “အထဲဂွင်”က  ပိုမိတယ်လေ..။  မေး။            ။သြော်.. လေးစားလောက်တယ်ဗျာ..။ ခင်ဗျား ပြည်တော်ပြန်တယ်ဆိုတော့  ဒီမိုကရေစီ ကိစ္စ ဆက်မလုပ်တော့ ဘူးလား။  အထဲက ပြန်ရောက်ရင်  ဘာလုပ်မယ်စိတ်ကူးလဲ  ဂေါ်ဖီအာ။       ။ဂွင်မိတာ အကုန်လုပ်မှာပေါ့။ နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ ရဖို့ လုပ်မယ်လေ..။  မေး။           ။ဟာ.. ဒါတော့ လေးစားတယ်ဗျာ..။ မြန်မာပြည် ဒီမိုကရေစီရဖို့ ဆက်လုပ်မယ်ပေါ့.. ဟုတ်လား  ဂေါ်ဖီအာ။       ။ဒီလိုမဟုတ်သေးဘူးဗျ။ ကျနော်ဆိုလိုတဲ့ ဒီမိုကရေစီက ပြည်သူတွေအတွက် ဒီမိုကရေစီ မဟုတ်ဘူး။ နိုင်ငံတော် ဒီမိုကရေစီ ဗျ။  မေး။           ။ဘယ်လို.. ဘယ်လို..  ဂေါ်ဖီအာ။        ။ခင်ဗျား ကို နားလည်အောင် ရှင်းပြရရင် အခု ကျုပ်တို့တိုင်းပြည်မှာ  နိုင်ငံတော် လူကြီးတွေနဲ့ ပတ်သက်ရာ အ၀န်းအ၀ိုင်းတွေက ဒီမိုကရေစီ ရနေပြီဗျ။  လုပ်ချင်တာ လုပ်ခွင့်ရတယ်။ ရေးချင်တာရေး၊ ပြောချင်တာပြော၊ စားချင်သလိုစား၊  အားလုံးပြည့်စုံကြွယ်ဝပြီး တိုးတက်သာယာတဲ့ ဒီမိုကရေစီရနေကြပြီလေ။ ဒီတော့  သူတို့နဲ့ပေါင်းပြီး သူတို့လို ဒီမိုကရေစီရဖို့  သူတို့နဲ့ပေါင်းရမှာပေါ့ဗျ..။  မေး။            ။ပိုပိုပြီးတော့ကို လေးစားရပါတယ်ဗျာ..။ သောက်ကျိုးနည်း  လေးစားပါတယ်။ ဆိုတော့.. ခင်ဗျားတို့ပြန်ရင် ပြည်တွင်းက အရင်လို အားပေးဦးမယ်  ထင်မိလားဗျ။  ဂေါ်ဖီအာ။        ။ အရင်လိုတော့ ဘယ်ရတော့မလဲဗျာ..။ပြောရရင် ကျနော်တို့မှာ ရန်သူ ၂  ဖက်ရှိနေတယ်ဗျ။ ပြည်ပက ကျနော်တို့ကို ဆဲမယ်။ ပြည်တွင်းက အားပေးခဲ့တဲ့  ပရိသတ်က ဆဲမယ်။ အဲ.. လူကြီးတွေကတော့ သူတို့ဆင်တဲ့ဂွင်ထဲ ၀င်လာသူတွေဆိုပြီး  အစပိုင်းမှာတော့ အခွင့်အရေးတွေ ပေးမယ်လေ…။ အခွင့်အရေးလေး  ရတုန်းယူထားမယ်ပေါ့ဗျာ။ စွန့်စားရတာပေါ့ဗျာ..။နောက်ပိုင်း  အပြောင်းအလဲဖြစ်တော့လည်း နောက်ဂွင်ပေါ့။  မေး။           ။အဲဒီတော့..။ လက်ရှိ လူကြီးတွေက ခင်ဗျားတို့ “ဂွင်”ဖန်တာကို ကြည်ဖြူမယ်ထင်လား  ဂေါ်ဖီလာ။        ။ မကြည်ဖြူပေမယ့် လတ်တလော သူတို့အတွက် ကျနော်တို့လိုလူတွေလိုတယ်လေ။  ဒီတော့ သူတို့က ကျနော်တို့ကို အသုံးချမယ်။ ကျနော်တို့ကလည်း သူတို့ကို  ပြန်အသုံးချမယ်။ မပိုင်ဘူးလားဗျာ.. ဟဲ ဟဲ..။  မေး။               ။သောက်သောက်လဲကို လေးစားရပါတယ်ဗျာ..။ လူပျက်ကြီး  ကိုဂေါ်ဖီအာတယောက် ရှေ့ကိုဆက်ပြီးတော့ ဂွင့် ဂွင် ဂွင်း နိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်။  | 
Monday, September 12, 2011
“ဟာသ ဂွင်ဖန်သူ ဂေါ်ဖီအာ နှင့် တွေ့ဆုံခြင်း”
Subscribe to:
Post Comments (Atom)

No comments:
Post a Comment