Monday, September 12, 2011

ဘာတွေဖြစ်ကုန်ကြပြီလဲ ---

ဘာတွေဖြစ်ကုန်ကြပြီလဲ ------

ကျနော်။ ကျမတို့ နိုင်ငံ
ပြန်လို့ မရတာကြောင့် ----
ကျနော်။ ကျမတို့  အသက်ကို
ရန်ပြုမှာ စိုးတာကြောင့်----
ကျနော်။ ကျမတို့  မိသားစုကို
အန္တရာယ်ပြုမှာ စိုးတာကြောင့် ----
ကျနော်။ ကျမတို့  ဘ၀တွေ
အကျဉ်းကျခံရမှာ စိုးတာကြောင့် -----
ကျနော်။ ကျမတို့  ဘုရားကျောင်း
ဖျက်ဆီးခံရတာကြောင့် -----
(ထားပါတော့လေ)
ဘာကြောင့် ညာကြောင့်
ဟိုဟာကြောင့် ဒီဟာကြောင့်။

ကျနော် ကလေ ----အဲဒီ (-----) အရေးအခင်းတုန်းက
ဘယ်နေရာမှာ ဘာတွေလုပ်
ဟိုဒင်းတွေလုပ် ဟိုဟာတွေလုပ်ခဲ့တာပေါ့
(ဟုတ်ပါ့ မောင်ရာ နည်းနည်းတော့ လျှော့ပြော
ကျနော်တို့ လည်း လိမ်ခံရတာ နှစ် ၂၀ကျော်ပြီ)

ကျမကလေ----အဲဒီတုန်းက
ဟိုလူတွေကို ဟိုလိုကူညီ
ငွေတွေဘယ်လိုကုန် ဘာတွေ ဘယ်လိုလုပ်
နောက်ဆုံးတော့ အသက်ဘေးနီး ပြေးလာခဲ့ရတာ
(ဟုတ်ပါ့ အမရာ နည်းနည်းတော့ လျှော့ပြော
ကျနော်တို့ လည်း လိမ်ခံရတာ နှစ် ၂၀ကျော်ပြီ)


ကိုယ့်နိုင်ငံသားအချင်းချင်းရယ်မို့ 
မပြောချင်လို့ 
အလုပ်မရှုပ်ချင်လို့ 
အထုတ်တွေလည်း မဖြည်ချင်
အပုပ်တွေလည်း နှာခေါင်းပိတ်
တတ်အားသ၍လည်း ကူညီ
တချို့ တချို့  လိမ်စဉ်(လိမ်ဆင်) တွေ
ထိနေ သိနေပေမယ့်
အော်----သူတို့ ဘ၀ လွတ်မြောက်ရင်
တခြား တခြား ဒုက္ခရောက်သူတွေကို ထောက်ညှာကောင်းပေရဲ့ လို့ 
သက်ညှာစွာ စဉ်းစားပေး
ကြာတော့သည်လည်း ခင်ဗျားတို့ စကား
နားဝမှာ ကြားလို့  မလျော်သာ။

ပိုဆိုးတဲ့အဖြစ်ကလေဗျာ
မျက်နှာတွေ အပြောင်တိုက်
မိသားစု vacation
ပြည်တော်ပြန်နွဲလိုက်ကြသေး
ထောင်ထဲက မောင်ကျောင်းသားတွေ
နှစ်ကျော့ပြန် ထောင်နန်းစံတဲ့အဖြစ်
တချက်လေးတော့ ငဲ့ကြည့်သင့်တာပေါ့နော့---

Asylum မရခင်
(ဒို့ အရေး) ရယ်လို့  ဖင်ကုန်းအော်
status လည်းရ
အမောင် အမိ ဘယ်မှာရှာရမယ်မှန်းမသိ ---
နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး
အမောင် အမိ ဘယ်မှာရှာရမယ်မှန်းမသိ ---
ကရင်ဒုက္ခသည်တွေအရေး
အမောင် အမိ ဘယ်မှာရှာရမယ်မှန်းမသိ ---
ဧရာဝတီမြစ်ဆုံအရေး
အမောင် အမိ ဘယ်မှာရှာရမယ်မှန်းမသိ ---
ကချင်စစ်ပြေးဒုက္ခသည်များအရေး
အမောင် အမိ ဘယ်မှာရှာရမယ်မှန်းမသိ ---
ကြာတော့သည်လည်း ခင်ဗျားတို့ စကား
နားဝကြားရ မသက်သာဗျာ။

ဟိုမှာ လုပ်စား
ဒီမှာ လုပ်စား
မီဒီယာထဲလည်းရောက်
အဖွဲ့ အစည်းတွေထဲလည်းရောက်
NGO's ထဲလည်းရောက်
အုတ်ရော ကျောက်ရော သလဲရော  (ချီး) ချေးရော
လုပ်စားသူများနဲ့  ချုပ်စားသူများ
အမှားတွေက အမှန်ဖြစ်
(ဆရာသောကရေ-- ဆရာ့စကား ခေတ္တယူသုံးပါရစေ ဆရာ)
ဘာတွေဖြစ်ကုန်ကြပြီလဲ ------
စိတ်ဓါတ်တွေခြစား
ရွာရိုးကိုးပေါက် သတင်းသမားပေါများတဲ့
ကာရာအိုကေ ယဉ်ကျေးမှု  နိုင်ငံတော်သစ်မှာ
ပြည်တော်ပြန် သတင်းသမားများ
ပြည်တော်ပြန် အကယ်ဒမစ်များ
ပြည်တော်ပြန် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူများ
ပြည်တော်ပြန် အနုပညာသမားများ
ပြည်တော်ပြန် NGO's များ
ပြည်တော်ပြန် လက်နက်ကိုင်များ

ရှိသမျှ နတ်ကောင်း နတ်မြတ်များ စောင့်မမှု
အလ္လာရှင် ။ ဗုဒ္ဓ။ ယေရှုအရှင်တို့  အကူအညီနဲ့ 
မြန်မာပြည် အမှန်တကယ် ငြိမ်းချမ်းပါစေသား။
ဖိုးဇီဝ (စက်တင်ဘာ-၂၀၁၁)

No comments: