Saturday, March 11, 2017

အမုန်းစကား ပြောဆိုနေမှုများအား ဓမ္မစက်ဖြင့် တားမရပါက အာဏာစက်သို့ လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုပြော

အမုန်းစကား ပြောဆိုနေမှုများအား ဓမ္မစက်ဖြင့် တားမရပါက အာဏာစက်သို့ လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုပြော
--- --- ---
အမုန်းစကား ပြောဆိုနေမှုများအား ဓမ္မစက်ဖြင့် တားမရပါက အာဏာစက်သို့ လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက အာအက်ဖ်အေ မြန်မာပိုင်း အစီအစဉ် မေးမြန်းချက် ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့မှ ဦးဝီရသူအား တရားဟောခွင့် တစ်နှစ်ပိတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အဆိုပါသတင်းဌာနက မတ်လ ၁၁ ရက်နေ့ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာတွင် ထိုကဲ့သို့ ပြောသွားခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန အနေဖြင့် ဘာသာတစ်ခုနှင့်တစ်ခု လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား အမုန်တရား ပွားများစေရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိပါးအောင် လုပ်ဆောင်သည့် ကိစ္စများကို အရေးယူ ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့အကြား ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ယင်းအတွက် ဓမ္မစက်ဖြင့်မရပါက အာဏာစက်သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။
သူရဦးအောင်ကိုက “ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းထားတာ ရှိပါတယ်။ အမုန်းစကားတွေ ဟောပြောမယ်ဆိုရင် ဘာသာတစ်ခုနဲ့တစ်ခု လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ အမုန်းတရားတွေ ပွားများအောင် လှုပ်ဆော်စည်းရုံးမှုတွေ လုပ်မယ်ဆိုရင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိပါးအောင် လုပ်မယ်ဆိုရင် ထိရောက်စွာ အရေးယူဖို့အတွက်ကို သာသနာရေးရယ်၊ ပြည်ထဲရေးရယ် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် မဟာသဃာနာယက အပါအ၀င် သံဃာအဖွဲ့အစည်း အဆင့်ဆင့်က ပထမအဆင့် ဓမ္မစက်ဖြင့် ထိထိရောက်ရောက် ဟန့်တားမယ်၊ ဟန်တားတာကို မလိုက်နာရင် အာဏာစက်ကို လွှဲပေးသွားမှာဖြစ်ပါတယ်” ဟု ဖြေကြားသွားသည်။
အခုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့မှ ယခုမှစပြီး တရားဥပဒေ စိုးမိုးမှု အားကောင်းအောင် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်သည့်အတွက် သာသနာရေး ၀န်ကြီးဌာနဘက်မှ ဘာသာရေး အကြောင်းပြုပြီး ပြသ၁နာများ မဖြစ်ပွားစေရန် ထိရောက်စွာ အရေးယူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောသွားသည်။
သူရဦးအောင်ကိုက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ သမ္မတကြီးတို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အခုကစပြီး နောက်ဆက်လက်ပြီး တရားဥပဒေ စိုးမိုးမှု အားကောင်းအောင်ဆိုပြီး ကြိုးပမ်းလုပ်ဆောင် သွားကြမယ်၊ သာသနာရေး ကနေပြီးတော့မှာ ဘာသာရေးကို အကြောင်းပြုပြီးတော့မှ လူတစ်မျိုးနှင့်တစ်မျိုး ဂိုဏ်းတစ်ခုနဲ့တစ်ခု ကြားထဲမှာ မသင့်မြတ်အောင် အမုန်းစကားပြောဆိုမှုများကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။
စိုင်းဟန်
The Ladies News

No comments: