နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်သို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ ရောက်ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကြိုဆို နှုတ်ဆက်စဉ် (ဓါတ်ပုံ – MOI)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၄-၃-၂၀၁၇ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဥရောပသမဂ္ဂမှ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒေါ်စုကိုယ်တိုင် အကြီးအကျယ် လူသိရှင်ကြား ကန့်ကွက်ရှုပ်ချပေးဖို့ ကာချုပ်က တရားဝင် တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဆိုတာ မရှိကြောင်းနဲ့ ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီး ဒေါ်စုအရှိန်အ၀ါကို သုံးပြီး နိုင်ငံတကာ ကို ပြတ်ပြတ်သားသား မက်ဆေ့ပေးဖို့ ကာချုပ်က အပြင်းအထန် ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ဒေါ်စုကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်လာရင် သူပြောသင့်ပြောထိုက်တာ မှန်သမျှ နိုင်ငံတကာကို အသိပေးပြီး ဖြစ်ကြောင်း၊ ဒီကိစ္စနှင့် ပတ်သတ်လာလျှင် နိုင်ငံတကာ ဝေဖန်မှု့အချို့ကိုပင် ဂရုမစိုက်ပဲ တပ်မတော်နှင့် အတူ ရပ်တည်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံတကာနှင့် သက်ဆိုင်သော ကိစ္စရပ်တိုင်း၊ နိုင်ငံတကာမှ လက်ခံအလေးထားဖို့ လိုကြောင်း၊ IFF ( International Fact-Finding Mission) ကို dissociated လုပ်ချင်လျှင် မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်ဆုံးဖြတ်ချက်တွေကိုလည်း လက်ခံလိုက်နာဖို့ လိုကြောင်းနှင့် ပြစ်မှု့ကျူးလွန်တဲ့ သက်ဆိုင်သူတွေကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးပြီး အရေးယူဖို့လိုတယ်လို့ ပြန်လည် နှုတ်လှန်ထိုးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားမှုတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နေ့ ဆိုတဲ့ အခမ်းအနားကို တက်ရောက်မှုမရှိတာပါ။ ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်မှုမရှိတာကို ထင်ရှားစေဖို့အတွက် ခုံလွတ်ကိုလည်း ထင်ရှားအောင် ပြသထားပါတယ်။ တပ်မတော်နေ့ ညစာစားပွဲ အခမ်းနားမှာလည်း ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကိုသာ ဖိတ်ကြားပြီး တစ်စားပွဲတည်း ထိုင်ပြလိုက်ခြင်းအားဖြင့် တပ်မတော်နဲ့ ဦးသိန်းစိန် တသဘော တည်းရှိကြောင်းလည်း ပြည်သူသိအောင် မက်ဆေ့ပေးပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးအဆင်မပြေမှုကို ထင်ဟပ်တယ်လို့ သုံးသပ်ကြည့်နိုင်ပါတယ်။

ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


















ဒေါ်စုကလည်း အန်အလ်ဒီက ကြီးမှူးကြီးပတဲ့ တော်လှန်ရေးနေ့ အခမ်းအနားမှာ မည်မျှပင်ခက်ခဲပါစေ ရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်သွားပါ့မယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းကြေညာထားပါတယ်။ ဒါဟာ သူမကိုယ်တိုင်ကတော့ ဆက်လက်ပြီး မျှော်လင့်ချက် ရေးရေးလေးကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ထင်ရှားစေပါတယ်။
ဒီအတောအတွင်း – မနေ့က ကျရောက်တဲ့ ၇၂ နှစ်မြောက် တော်လှန်ရေးနေ့မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အငြိမ်းစား တပ်မတော်အရာရှိတွေကို နေပြည်တော်မှာရှိတဲ့ နန်းတော်တမျှ ခမ်းနားတဲ့ သူ့နေအိမ်မှာ တွေ့ဆုံကြပါတယ်။ ဒါဟာ အဓိပ္ပါယ်များစွာ ပါဝင်နေတယ်လို့ နိုင်ငံရေး အကဲခတ်သူတွေက ဆိုကြပါတယ်။ သူဘာကြောင့် လူလုံး ထွက်ပြရပါ သလဲ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု ဆိုတာ မရှိဘူးဆိုတဲ့ အတိုင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခုလို လူလုံးထွက်ပြတာဟာ တိုက်ဆိုင်မှု သက်သက်တော့ မဆိုနိုင်ပါဘူး။

ဓါတ်ပုံ – Aung Paing Min FB














တကယ်တော့ ဒေါ်စုဟာ-
ရခိုင်ပြည်နယ်အရေးမှာ ဥရောပ သမဂ္ဂက ဦးဆောင်ပြီး ဂျီနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရခိုင်ပြည်နယ်အရေး အဆိုကို တင်ခဲ့ရာမှာ ဒီအဆိုကို မဲခွဲကာ ရခိုင်ပြည်နယ်ကိစ္စ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့စေလွှတ်ရေး ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ နိုင်ငံခြားရေး ဌာနက လက်မခံ ငြင်းပယ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ် ဥရောပ သမဂ္ဂ နိုင်ငံတွေနဲ့ နိုင်ငံတကာက အံ့သြမင်သက်သွားတဲ့အထိ ဖြစ်ခဲ့တာပါ။
အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို လက်ခံသင့်ပါလျှက် လက်မခံ ပယ်ချလိုက်တာဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ အလိုကျ လုပ်ဆောင်လိုက်တာပဲလို့ ဝေဖန်ကြပါတယ်။ ဒီလောက်တောင် လုပ်ပေးခဲ့ပါလျှက်နဲ့ မင်းအောင်လှိုင်ဘက်က မဖြစ်နိုင်တာတွေကို ထပ်မံတောင်းဆိုခဲ့တာပါ။
အခုတော့ နိုင်ငံရေးမှာ ဒေါ်စုမပါပဲ ဆက်သွားတော့မယ်ဆိုတာ ထင်ထင်ရှားရှားကြီး အချက်ပြလိုက်ပါပြီ။ ဒါပေမယ့် အထက်ကလို ငြင်းဆိုမှုရဲ့ တဖက်မှာ တိုင်းပြည်ရဲ့ အာဏာဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထဲမှာ မရှိဘူးဆိုတာကို ဖော်ပြရာလည်း ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ပြန်ပေးဆွဲခံထားရသလားလို့လည်း သံသယဖြစ်ဖွယ် မြင်ကွင်းလို့ သုံးသပ်နိုင်ပါတယ်။
ဒေါ်စုက စစ်တပ်ကို အပျော့ဆွဲလေးနဲ့ သူ့ဘက် သိမ်းသွင်းလို့ ရကောင်းရနိုင်တယ်ဆိုတဲ့ မရောမရာ မျှော်လင့်ချက်ကို ဆွဲပြီး စစ်တပ်နဲ့ အပြုသဘောဆောင်ပြီး ဆက်ဆံရေးကောင်းရအောင် ကြိုးစားတည်ဆောက်ခဲ့ရှာပါတယ်… သို့သော် စစ်တပ်က သူထင်သလိုမဖြစ်လာသလို သု့ကိုပါအသုံးချနေမှန်း တရိပ်ရိပ်သိလာပြီး နောက်မှာတော့ ကချင်ဒုက္ခသည်စခန်းကို သွားလည်ပြပြီး စစ်တပ်ကို သတင်းစကားပေးပို့ခဲ့ပါတယ် … အရှေ့အလယ်ပိုင်းလို သွေးမြေကျပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းတာမလုပ်လိုတဲ့ ဒေါ်စုအနေနဲ့ စစ်တပ်နဲ့ဆက်ဆံရေး ကောင်းတည်ဆောက်ပြီး အသွင်ကူးပြောင်းရေးမယ်ဆိုတဲ့ သူ့ရပ်တည်ချက်က အတော့ကိုပဲ စိန်ခေါ်ခံနေရတယ်။
ဒီအချိန်မှာ ဒေါ်စု အတွက်အခက်အခဲဆုံးက ICC ကိုရင်ဆိုင်ရတာမဟုတ်ပဲ လူထုထောက်ခံမှု ကျဆင်းသွားတာမဟုတ်ပဲ… သွေးမြေမကျဘဲ အသွင်ကူးပြောင်းရေး အောင်မြင်သွားဖို့က သူ့အတွက် အခက်အခဲဆုံးဖြစ်နေပါတယ်။ သူ့မှာလည်း ရွေးစရာလမ်း သိပ်မကျန်တော့ပါဘူး စစ်တပ်နဲ့ ပေါင်းပြီး ဆက်လုပ်မလား?… စစ်တပ်ကို အပြင်းအထန် ကိုင်တွယ်ပြီး ဆက်သွားမလား?… ဒီရွေးစရာနှစ်ခုသာ ကျန်ပါတော့တယ်၊ အဲဒီအတွက် ရိုက်ခတ်လာမယ့်အကျိုးဆက်တွေမှာ ဆိုးကျိုးတွေ ဘယ်လောက်လျော့မလဲ ဆိုတာတွေက အရေးပါလာပါတယ် သူ့အတွက် စစ်တပ်ကို မကြောက်ကောင်း မကြောက်နိုင်စရာ ရှိထားပေမဲ့ ရိုက်ခတ်လာမဲ့ အကျိုးဆက်တွေကိုတော့ ဒေါ်စုကြောက်နေတဲ့ပုံရပါတယ်….
ဦးကိုနီ လုပ်ကြံခံရပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ စစ်တပ်အကြား ဆက်ဆံရေး ပိုမို ကြဲပါးရာကနေ ကွဲပြဲသွားခဲ့တာ ဖြစ်နိုင်ကြောင်း မြန့်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ယောက်ပြောကြားထားတာကိုလည်း ကိုးကားထားကြောင်းပါ ခင်ဗျား-