Tuesday, March 28, 2017

တရုတ် စီးတီးဘတ်စ် ဝယ်သင့် မဝယ်သင့်

တရုတ် စီးတီးဘတ်စ် ဝယ်သင့် မဝယ်သင့်
****************************************
“ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီကားတွေ စီးချင်တာလားဗျ။ အကူအညီ မပေးချင်နေပါ။ မနှောင့်ယှက်ပါနဲ့။ အပို ပစ္စည်းနဲ့ အာမခံ ၂ နှစ် ရှိတယ်။ ဘာမှ ပူစရာမလိုဘူး။ ဘယ်မောင်းမူဝါဒကြောင့် တရုတ်ကား သွင်းရတာပါ ...”
ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS အနေနဲ့ ရန်ကုန်မှာ ပြေးဆွဲဖို့ တရုတ်လုပ် စီးတီးဘတ်စ်တွေ တင်သွင်းတဲ့ကိစ္စအပေါ် ဝေဖန် ထောက်ပြတဲ့သူတွေကို ရန်ကုန်အစိုးရဘက်ကနေ အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်တဲ့စကားတချို့ ဖြစ်ပါတယ်။ အဲဒီလို တုံ့ပြန်တဲ့သူတွေကိုလည်း တရုတ်ကားတွေနဲ့ပတ်သက်တဲ့ ကျွန်တော့် အတွေ့အကြုံအပေါ် မူတည်ပြီး နည်းနည်းလောက် ပြန်ပြောချင်ပါတယ်။
(၁)မြန်မာပြည်မှာ တရုတ်ဘတ်စ်များကို ယခုမှ တင်သွင်းလာတာ မဟုတ်။ ယခင်ကတည်းက တစ်ဦးတည်းပိုင်၊ အစုအဖွဲ့ပိုင်၊ အများပိုင် ကုမ္ပဏီတွေက ဝယ်သွင်းလာတာ အများကြီး။ ဒါတွေဟာ ပြည်သူနဲ့လည်းမဆိုင်၊ ကျွန်တော်နဲ့လည်းမဆိုင်။ ဒီကားတွေ ပျက် ပျက် အရည်ကျို ကျို ဒါက သူတို့ကိစ္စ သူတို့ငွေနဲ့ လုပ်တာဖြစ်လို့ ရှုံးလည်း သူတို့ခံ၊ မြတ်လည်း သူတို့စံ။ ကျွန်တော်တို့နဲ့ရော ပြည်သူနဲ့ရော ဘာမှမဆိုင်။ သူတို့ကုမ္ပဏီက တာဝန် ယူကြတာ။ ရှုံးလည်း ပြည်သူ့ပိုက်ဆံနဲ့ အကြွေးဆပ်စရာမလို။ မြတ်လည်း ပြည်သူတွေ ပိုက်ဆံမရ။ ဒါကြောင့် ဘာမှပြောစရာမလို။
(၂)ယခု ရန်ကုန်တိုင်းဒေသကြီး အစိုးရဝယ်မည့် တရုတ်ကားတွေဟာ ပြည်သူတွေ အခွန်ဆောင်ထားတဲ့ငွေနဲ့ ဝယ်မှာဖြစ်ပါတယ်။ အာမခံ ၂ နှစ်ကျော်သွားရင် ပျက်တဲ့ကားကပျက် ပြုပြင်ထိန်းသိမ်း စရိတ်တွေကများ ဝန်ထမ်း စရိတ်တွေတက် အရည်ကျိုပို့ရတော့မယ့် အဆင့်ရောက်သွားရင်၊ အကြွေးက မကျေသေး ၄ နှစ်နဲ့ မကျေသေးလို့ ဘဏ်တိုးတွေက တက်လာရင်၊ ငွေရှာ အလုပ်လုပ်ပြီး ပြန်ဆပ်စရာ ကားကမရှိ ဖြစ်ခဲ့ရင်၊ အလုပ်လုပ်စရာ ကားတွေ ပျက်နေရင်၊ အခု တရုတ်ကား ဝယ်မယ့် တာဝန်ရှိသူတွေသာ အကြွေးဆပ်ပေးရင်၊ ပြည်သူတွေငွေနဲ့ မဆပ်ဘူးလို့ အာမခံပေးရင်၊ တာဝန်ခံပေးမယ်ဆိုရင် ဝယ်သာ ဝယ်ဗျို့ အားပေးပါတယ်။ ဘာကားဖြစ်ဖြစ် စီးပါတယ်ဗျာ။
(၃)အရင်အစိုးရ လက်ထက်တုန်းကလည်း ပြည်သူတွေ ဆပ်စရာအကြွေးတွေ အများကြီး ချန်ထားခဲ့တယ်။ အဲဒီလိုအစိုးရကို မကြိုက်လို့၊ အကြွေး ထပ်မတင်ချင်လို့ ဒီအစိုးရကို ပြည်သူတွေက တစ်ခဲနက် ရွေးချယ်တင်မြှောက်ခဲ့တာ။ ဒါကြောင့် ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ ပြည်သူတွေ ကန့်ကွက်နေတဲ့ တရုတ် စီးတီးဘတ်စ်ကိစ္စကို၊ ပြည်သူတွေ သဘောမတူတဲ့ကိစ္စကို ပြည်သူ့အစိုးရဆိုရင် မလုပ်သင့်ပါ။ ပြည်သူတွေ အကြွေး ထပ်တင်အောင် မလုပ်သင့်တော့ပါ။ ဘယ်အစိုးရတက်တက် ဘာလုပ်လုပ် ပြည်သူတွေအပေါ် အကြွေးတွေ ထပ်ပြီးရင်း ထပ်နေရင်၊ ပြည်သူတွေက ခံဘက်ကချည်းပဲ ဆိုရင်တော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။
(၄)ဘယ်မောင်းမူဝါဒဟာ ပြည်သူတွေ ဒုက္ခရောက်မယ့်ကိစ္စ၊ ပြည်သူတွေ အကျပ်အတည်း တွေ့မယ့်ကိစ္စ ဖြစ်လာခဲ့ရင် သမ္မတရုံးအဆင့်ကနေ ယခုတင်သွင်းမယ့် စီးတီးဘတ်စ်များ အတွက်သာဆိုပြီး မူပြင်ပေး၊ ခြွင်းချက် ပေးလို့ရပါတယ်။ သမ္မတရုံးကလည်း ဘယ်မောင်းမူဝါဒကို ဖြေလျှော့ပေးတာ ရှိခဲ့ဖူးပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေးလို့ ခေါင်းစဉ်တပ်ပြီး ဘယ်မောင်းမူဝါဒကို အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အထိ ဟိုင်းဝေးလမ်းတွေ အမြန်လမ်းတွေမှာ ဘယ်မောင်းကားကြီး ကားသေးတွေ တိုက်ကြ မှောက်ကြတာ မနည်းမနော ရှိပါတယ်။ မြန်မာပြည်တစ်လွှား မမြင်ချင်ဆုံးက နေ့စဉ်ဖြစ်နေတဲ့ ယာဉ်တိုက်မှုတွေပါ။ ဘယ်မောင်းမူဝါဒ ပြောင်းလိုက်လို့ ယာဉ်မတော်တဆမှု လျော့နည်းသွားတာ မတွေ့ရပါ။ တကယ်တော့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုတာက မော်တော်ယာဉ်မောင်းနှင်တဲ့သူ ကားစတီယာရင် ကိုင်တဲ့သူသာ အဓိက ကျပါတယ်။ နောက် မော်တော်ယာဉ် မောင်းနှင်သူတွေ၊ ဆိုင်ကယ်စီးနင်းသူတွေကို ဦးစားပေး လမ်းကြောတွေ၊ ယာဉ်ကြောတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို ယခုထက် ပိုမိုသိရှိအောင် ပညာပေးမှသာ ယာဉ်မတော်တဆမှု ကျဆင်းပြီး တိုင်းပြည်ရဲ့ ကာယအား ဉာဏ အားဆုံးရှုံးမှုကနေ ကာကွယ်နိုင်မှာပါ။
(၅)ဒီဆောင်းပါးဟာ သမ္မတကြီး ကိုယ်တိုင်က အစိုးရ ချို့ယွင်းချက်တွေကို ထောက်ပြဖို့ တိုက်တွန်းတာကြောင့် ကိုယ့်ထမင်း ကိုယ်စားပြီး အပြုသဘောနဲ့ ထောက်ပြဝေဖန်ခြင်း ဖြစ်ပါတယ်။
အန်တီစုရဲ့ ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရမယ်ဆိုတဲ့ စကားကို ထောက်ထားပြီး ရန်ကုန်တိုင်းအစိုးရရဲ့ စီးတီးဘတ်စ် ဝယ်ယူရေး ကော်မတီက တာဝန်ရှိသူများ၊ တရုတ် စီးတီးဘတ်စ် ဝယ်မယ့်ကိစ္စကို ပြန်လည် ပြင်ဆင်ပေးစေချင်ပါတယ်။ တရုတ်ကားတွေ ပျက်ပြီး အကြွေးတွေ တင်တဲ့အချိန် စီးတီးဘတ်စ် ဝယ်ယူရေး ကော်မတီဝင်များသာ အကြွေးဆပ်မယ်၊ ပြည်သူများ အခွန်ဆောင်ထားသော ငွေနဲ့ မဆပ်ဘူးလို့ တာဝန်ခံရင် တရုတ် စီးတီးဘတ်စ် ဝယ်ယူရေးကို သဘောတူပါတယ်။
ဒါပေမဲ့ တစ်ခုတိုက်တွန်းလိုတာက အကြွေးတင်လာရင်၊ တာဝန်ရှိသူ လူကြီးမင်းတွေ ဆပ်မယ်ဆိုရင် ချင့်ချိန်နိုင်ဖို့ ပါရမီကားဝင်းထဲမှာ လွန်ခဲ့တဲ့ ၆ လလောက်က ဝယ်ယူ အသုံးပြုနေပြီး အခုလည်း ဝယ်မယ်လို့ ပြောထားတဲ့ Yutong ကား အမျိုးတူတွေကို သွားလေ့လာရင်း ယာဉ်မောင်းတွေနဲ့ စကားပြော မေးမြန်း စုံစမ်းကြည့်ပါလို့ အကြံပြုလိုပါတယ်။
ပါရမီလိုင်းကဝယ်ထားတဲ့ Yutong တွေက အခုဝယ်မယ့် ဘတ်စ်ကားတွေထက် မြင်းကောင်ရေ ၃၀ ပိုများတဲ့ မြင်းကောင်ရေ ၂၆၀ အင်ဂျင် ဖြစ်ပေမယ့် ချော်တွင်းကုန်း ခုံးကျော်ကို ရုံးတက် ရုံးဆင်း လူအပြည့် တင်ထားချိန် မီးပွိုင့်မိလို့ ကားရပ်ပြီး ကုန်းတက် ပြန်တက်တဲ့အခါ မတက်နိုင်တော့လို့ ခရီးသည်တွေ ဆင်းပေးရပါတယ်။ အခုဝယ်မယ့် မြင်းကောင်ရေ ၂၃၀ ရှိ ကားများနဲ့ဆိုရင်တော့ ခုံးကျော်တံတားများ ပြန်ဖျက်ရမလား၊ ခုံးအောက်မှာ စီးတီးဘတ်စ်အတွက် လမ်းသီးသန့် လုပ်ပေးမလား စဉ်းစားရမယ်ဆိုတာ မေတ္တာနဲ့ အကြံပေးလိုပါတယ်ခင်ဗျာ။
ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)
Source >> The Voice

No comments: