Monday, March 6, 2017

ဦးကိုနီကို ဘယ်သူသတ်ခိုင်းသလဲ

ဦးကိုနီကို ဘယ်သူသတ်ခိုင်းသလဲ
**********************************
(မြေးချစ်ညိုရေးသည်။)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီကိုပြီးခဲ့သည့် ဇန်နဝါရီ ၂၉ရက် ညနေပိုင်းက ရန်ကုန် လေဆိပ်တွင် လုပ်ကြံခဲ့ပြီးနောက် လိုက်လံဖမ်းဆီးခဲ့သည့် သံသယ ဖြစ်သူများစာရင်းတွင် ကာယကံမြောက်လုပ်ကြံသူ ကြည်လင်းမှလွဲ၍ စေခိုင်းသူများအားလုံးမှာ တပ်မတော်မှအငြိမ်းစားယူထားသူများ ထောက်လှမ်းရေးမှသူများ ဖြစ်နေကြသည်ကို တွေ့ရသည်။
သို့သော် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကိုနီအား လုပ်ကြံမှုပြုလုပ်ရန် စေခိုင်းခဲ့သည့် အကြောင်းအရင်းမှာ မျိုးချစ်စိတ် လွန်ကဲသည့်အတွက်ဖြစ်သည်ဟု အကြောင်းပြပြောဆိုခဲ့သလို ထို အကြောင်းပြချက်ကိုလည်း တစ်တိုင်းပြည်လုံးက လက်ခံခဲ့ခြင်းမရှိ သည်ကို တွေ့ရသည်။
ထိုသတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းထိန်က မီးလောင်ရာ လေပင့်သည့်ကိစ္စဟု ဝေဖန်ခဲ့ပြီး လူငယ်စိတ်ကြောင့်ဖြစ်ခဲ့ရသည် ဆိုသည့် စကားလုံးအသုံးအနှုန်းကို ပြည်သူများက လက်ခံခဲ့ခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် နာမည်ကြီးလူသတ်မှုများ နည်းတူ ဦးကိုနီအား လုပ်ကြံသည့်အမှုမှာလည်း လက်ရှိ ဖမ်းဆီး ထားသည်ဟူသည့် လေးဦးဖြင့် အဆုံးသတ်သွားနိုင်ကြောင်း အများ မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လာခဲ့ပြီး ကျန်ရှိနေသေးသည်ဟု ယူဆ လို့ရသည့် နောက်ကွယ်က ခိုင်းစေသူများကို ဖော်ထုတ်ရန်ဖြစ်လာ မည့်အခြေအနေ မရှိတော့ပေ။

ဦးကိုနီကို ဘာကြောင့်သတ်သလဲ

ဦးကိုနီ ဘာကြောင့်အသတ်ခံရသလဲဟု မေးခွန်းထုတ်ရာတွင် လူမျိုးရေးဘာသာရေးနှင့် ဆက်နွှယ်နိုင်သလို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးစားနေသောကြောင့်ဟု သုံးသပ်သူ များလည်းရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး နောက် လွှတ်တော်တွင်း အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ရပြီး စစ်တပ်၏ အဓိကအားပေးထားသည့်ပါတီဟု ပြည်သူများ ယူဆခဲ့ သည့် ပြည်ခိုင်းဖြိုပါတီမှာ အာဏာကိုလက်လွှတ်ခဲ့ရသည်။
ထိုစဉ်က သမ္မတအဖြစ်တာဝန်ယူထားသည့် သမ္မတဟောင်း ဦးသိန်းစိန်က ပြည်ခိုင်ဖြိုးသာအနိုင်မရခဲ့ပါက တိုင်းပြည်တွင် မတည် ငြိမ်မှုများဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားခဲ့သည်ကို ပြည်တွင်း ဂျာနယ်တစ်စောင်က ရေးသားဖော်ပြခဲ့ဖူးပါသည်။
ဒီချုပ်အဖွဲ့ အာဏာရလာပြီးနောက်ပိုင်းတွင် ပြည်သူများ သာမက တစ်ကမ္ဘာလုံးစောင့်ကြည့် စိတ်ဝင်စားခဲ့သည့် ကိစ္စမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်ကဲ့သို့ ပါဝင်ဦးဆောင်မည်ကို စိတ်ဝင်စားခဲ့ကြသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အာဏာမရရှိရန်နှင့် သမ္မတဖြစ်ခွင့်မရရှိရန်တို့ကို အဓိကအခြေပြုရေးဆွဲထားသည့်ဥပဒေဖြစ်သလို စစ်အာဏာရှင်များအတွက်လည်း အာဏာလက်လွှတ်ခြင်း မပြုရန် လွှတ်တော်တွင်း တပ်မတော်သားများ ပါဝင်ရန် ထိပါထည့်သွင်းရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ် သည်ဆိုသည်ကို တစ်တိုင်းပြည်လုံးသိရန်အတွက် ဦးကိုနီက ကြိုး စားချပြခဲ့သည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ၅၉(စ) ပြင်ဆင်ရေးများကို ယောင်ပြ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ သမ္မတရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပြီးသည့် နောက်တွင်တော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူး သည် စာအုပ်စိမ်းကြားက ထွက်ပေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်ကိုခေါင်းဆောင်နိုင်ခွင့်ရရှိခဲ့သည်။ ဒါတွေသည်ပင် ဦးကိုနီ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုံးလိုချေရေလိုနှောက်ပြီး လိုချင်သလို ကစားပြနိုင်သည့် အရည်အချင်းပင် ဖြစ်သည်။
ဦးကိုနီ၏ ပြည်တွင်းဟောပြောပွဲများ နိုင်ငံတကာ ဟောပြောပွဲများကို ပြန်လည်နားထောင်ကြည့်မည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန်သာ အဓိကပြောဆို ဟောပြောခဲ့သည်ကိုသာ တွေ့ရမည်ဖြစ်ပြီး လူမျိုးရေးကိစ္စများ ဘာသာရေးကိစ္စများကို ရှေ့တန်းတင် လုပ်ကိုင်နေသည့်သူ မဟုတ် ဆိုသည်မှာ အများအသိဖြစ်ပါသည်။
ထိုကိစ္စများကို ကောက်ချက်ချကြည့်မည်ဆိုပါက ဦးကိုနီ လုပ်ကြံခံရခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် သို့တည်းမဟုတ် အသစ်ပြန်လည်ရေးဆွဲရန် ပြုလုပ်နေသည့် အတွက် ကြောင့်လားဆိုသည်မှာ ဦးကိုနီဘာကြောင့် အသတ်ခံခဲ့ရသလဲဟုသာ မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။

အစွန်းရောက်ခဲ့သည့်မျိုးချစ်စိတ်ကြောင့်

ဖေဖော်ဝါရီ ၂၅ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ တော့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ကတော့ ဒီလုပ်ရပ်ဟာ အစွန်းရောက်သွားသည့် မျိုးချစ်စိတ်ကြောင့် သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်ကိုတွေ့ရသည်။
”အမျိုးမျိုးချိန်ဆလို့ရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာက အမျိုးချစ်တဲ့စိတ်ကြောင့် အစွန်း ရောက်သွားတာ၊ အစွန်းရောက်တဲ့မျိုးချစ်စိတ်ဓာတ်တွေ ကိန်းအောင်း သွားတဲ့အချိန်မှာ လုပ်ကြံလိုက်တယ်လို့ ဒါ ကိုယ်တို့ဖော်ထုတ်လို့ရ ပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၏ပြောကြားချက်ကို ဒီမိုကရက်တစ် မြန်မာ့အသံက ဖော်ပြခဲ့သည်။
ထိုစကားကိုကြည့်လျှင် ဦးကိုနီကိုလုပ်ကြံခံရခြင်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးစားနေသည့် ကိစ္စနှင့် မသက် ဆိုင်ဘဲ မျိုးချစ်စိတ်အရင်းခံသည့်လုပ်ရပ်ကြောင့်ဟု ပြောဆိုလျှင် မျိုးချစ်အုပ်စုများ၏လုပ်ရပ်ဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော် ဆွေက ပြောဆိုလိုခြင်းသာဖြစ်မည်။
လူမှုကွန်ရက် သုံးစွဲသူများကလည်း လုပ်ကြံမှုတွင် ပါဝင်သူများ နှင့် အမျိုးသားရေးဆရာတော်များ အတူတွဲရိုက်ထားသည့် ဓာတ်ပုံ များကို ဖော်ပြခဲ့ကြသလို သီတဂူဆရာတော် တက်ရောက်ခဲ့သည့် မဘသပွဲတွင် ထောက်လှမ်းရေးဟောင်းဖြစ်သူ ဇေယျာဖြိုးနှင့် မဘသ ဆရာတော်များနှင့် သီတဂူဆရာတော်ပါဝင်သည့် ဓာတ်ပုံများကို ရှာဖွေတင်ပြခဲ့သည်။ သို့သော် သီတဂူဆရာတော်နှင့် နီးစပ်သူများက ထိုဓာတ်ပုံကိစ္စကို ငြင်းဆိုခဲ့ကြပြီး ဆရာတော်အနေဖြင့် မသိရှိကြောင်း ပြန်လည်ရှင်းပြခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။
လုပ်ကြံမှုတွင်ပါဝင်သည်ဟု ယူဆရသူများသည် တပ်မတော် အရာရှိဟောင်းများ၊ ထောက်လှမ်းရေးဟောင်းများ ဖြစ်နေကြပြီး ပိုပြီးအံ့သြဖို့ကောင်းသည်မှာ လက်ရှိမိုင်းဖြတ် လွှတ်တော်အမတ်ဖြစ်သူ ဦးလင်းဇော်ထွန်းပင်ဖြစ်နေသည်။
ဦးလင်းဇော်ထွန်းသည် တစ်ချိန်ကလက်ရှိ တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဟု ရေးသားနေကြသည်ကိုလည်း တွေ့နေရပြီး နာမည်ကြီးအမျိုးသားရေး ဆရာတော်ဖြစ်သည့် ဆရာတော်ဝီရသူထံ ငွေသိန်းနှစ်ရာလှူဒါန်းနေသည့်ဓာတ်ပုံများ၊ လူသတ်မှုကြောင့် လိုက် လံဖမ်းဆီးနေသည့် အောင်ဝင်းခိုင်နှင့် လေဆိပ်တွင်တွဲရိုက်ထား သည့် ဓာတ်ပုံများသည် လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် လွှတ်တော် အမတ်ဖြစ်သူ ဦးလင်းဇော်ထွန်းကတော့ သူ့အပေါ် စွပ်စွဲပြောဆို နေမှုများကို တရားစွဲသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့သည်ကိုတွေ့ရ သည်။
ဦးလင်းဇော်ထွန်း၏ပြောကြားချက်မှာ လေဆိပ်တွင် ခဏ တဖြုတ်တွေ့သည်ဟုဆိုသော်လည်း မော်တော်ပေါ်တွင် တွဲရိုက်ထား သည့်ဓာတ်ပုံများ ဆက်လက်ထွက်ပေါ်လာပြီး လေဆိပ်တွင်ရိုက်ထား သည့် ဓာတ်ပုံနှင့် မော်တော်ပေါ်တွင် ရိုက်ထားသည့်ဓာတ်ပုံများမှာ အဝတ်အစားတူနေသည်ကို တွေ့ရသည်။ ဖြစ်သင့်သည့်ကိစ္စမှာ ဦးလင်းဇော်ထွန်းအနေဖြင့် ထိုသူများနှင့် မည်သို့မည်ပုံ ပတ်သက်ပုံ၊ တွေ့ရှိစဉ်အချိန်က မည်သည့်ကိစ္စများ ပြောဆိုခဲ့သည် ဆိုသည့် အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်လျှင်ပိုကောင်းမည်ဖြစ်သည်။

ထောက်လှမ်းရေးဟောင်းတွေ ပါနေသလား

လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက် လာ သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ခြံတွင် ထောက်လှမ်းရေးဟောင်းများ၏ စုပေါင်းညစာစားပွဲတစ်ရပ် ကျင်းပခဲ့သည်ဆိုသည့် သတင်းကို ပြည် တွင်းဂျာနယ်တစ်စောင်က ရေးသားဖော်ပြခဲ့သည်။
တိုက်ဆိုင်သည်က ဗိုလ်ချုပ်ကြီးခင်ညွန့်သည် မည်သည့်နိုင်ငံ ရေးကိုမျှ လုပ်မည်မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ လုပ်မည်ဟု ပြောဆိုခဲ့ဖူးခြင်း၊ ဆရာတော်ဝီရသူနှင့် တွေ့ဆုံသည့်ဓာတ်ပုံများ ထွက်ပေါ်လာခြင်းများက မေးခွန်းထုတ်စရာများဖြစ်ခဲ့သည်။
ဆရာတော်ဝီရသူနှင့် တွေ့ဆုံခြင်းမှာ သာမန်တွေ့ဆုံခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် နိုင်ငံ့ထိပ်ပိုင်း ပုဂ္ဂိုလ်များဖြစ်သည့် အားလျော်စွာ မည်သည့်ကိစ္စအတွက် တွေ့ကြသည်ဆိုသည်ကိုမူ သတင်းထုတ်ပြန်ခဲ့ကြခြင်း မရှိခဲ့ကြပေ။
သို့သော် ယခုဖမ်းဆီးထားသူများကိုကြည့်လျှင် ခိုင်းစေသူများ မှာ တပ်မတော်သားဟောင်းများနှင့် ထောက်လှမ်းရေးဟောင်းများ ပါဝင်နေသည်ကိုက တွေးတောစရာအချက်များ ဖြစ်လာခဲ့ခြင်းပင်ဖြစ် သည်။ ထိုကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တိကျ သည့် ဖော်ထုတ်မှုများပြုလုပ်ပြီး ပြည်သူကို ပွင့်လင်းမြင်သာစွာပြော ဖို့လိုအပ် မည်ဟုထင်မြင်မိသည်။ သို့မှသာ ယခုဖြစ်ပွားခဲ့သည့်ကိစ္စမှာ ထောက်လှမ်းရေးက ခိုင်းခြင်းလား၊ တပ်မတော်သားဟောင်းအချို့ စုပေါင်းလုပ်ကြံခြင်းလားဆိုသည်မှာ ကွဲပြားဖို့လိုပါသည်။

ကြိုဆိုလိုက်တဲ့ မဘသ

သတင်းစာရှင်းလင်းပွဲလုပ်ပြီး နောက်ရက်တွင် မဘသ ဆရာ တော်တစ်ပါးဖြစ်သည့် ဆရာတော်ဝီရသူက ဦးကိုနီကို သတ်လိုက် သည့် လူသတ်သမားများကို ကြိုဆိုသည့်ရေးသားမှုများကို င်္ခေန-ဘသသု မှာရေးသားခဲ့သည်ကို တွေ့ရသည်။
သူ၏ရေးသားချက်တွင် ခြေဥကို ပြင်ရန်ကြိုးစားနေရင် ကြည်လင်းလိုလူတွေ ထပ်ပြီးထွက်ပေါ်လာမယ်ဆိုသည့် အရေး အသားများနှင့် ဖော်ပြခဲ့သည်။
အထက်ပါအချက်များအားလုံးကို ချိတ်ဆက်ကြည့်လျှင် လက် ရှိ ဖမ်းဆီးထားသူများ၊ သံသယ ဖြစ်သူများ၊ ခေါ်ယူစစ်ဆေးခံနေရ သူများ၊ မျိုးချစ်အုပ်စုအချို့ စသည့်သူများသည် တစ်နည်းမဟုတ် တစ်နည်း ချိတ်ဆက်နေလားဆိုသည်ကိုတော့ ပြည်သူကို ပွင့်လင်း မြင်သာစွာ ချပြရန်လိုအပ်သလို ဦးကိုနီကို သတ်ပစ်ရန် စေခိုင်းလိုက် သည့် နောက်ကွယ်ကသူဟာ ဘယ်သူလဲဆိုတာကိုတော့ ဖော်ထုတ် ရန် လိုနေကြောင်း အသိပေးလိုခြင်းသာဖြစ်သည်။
http://www.fridaytimesjournal.com/archives/1085
.
Credit : မြေးချစ်ညို via ထိပ် ထား
.
ပြန်လည်မျှဝေပေးပါတယ်။

No comments: