Tuesday, March 28, 2017

ရွေးကောက်ပွဲ မဲဆွယ် ကတိက၀တ်တွေ အတိုင်း လုပ်ဆောင် သွားမယ် လို့  ဒေါ်အောင်ဆန်းစုကြည် ပြောကြား
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
မတ်လ၊ ၂၈၊ ရန်ကုန်
ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပေးခဲ့တဲ့ ကတိ က၀တ်တွေကို ဆက်လက် ဖော်ဆောင်နိုင်ဖို့  ကြိုးစားနေတယ်လို့  ကချင်လူထု ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲသည်လို ကတိက၀တ်တွေကို ဖော်ဆောင်ရာမှာ အကြမ်းဖက်မှု မပါတဲ့ နည်းလမ်းတွေ ကိုသာ အသုံးပြု သွားမှာ ဖြစ်တယ်လို့  ပြောဆိုခဲ့ကြောင်း အရပ်ဖက် အဖွဲ့အစည်းများ ကိုယ်စားလှယ် အနေနဲ့ တွေ့ ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထွယ် အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်နန်ပူ က ပြောပါတယ်။
” သူတို့ မဲဆွယ်တုန်းက အတိုင်း ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး လုပ်ဆောင် သွားမယ်။၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင် သွားမယ်လို့  ကတိပေးခဲ့တယ်။ အဲဒီအတွက် ကြိုးစားနေတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ဖို့ က ၂၁ ရာစု ပင်လုံ လမ်းကြောင်းက သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်။ နစ်နာမှု နည်းတယ်။ အကြမ်းဖက်မှု မပါတဲ့ နည်းလမ်းနဲ့  ပြင်သွားဖို့  ကြိုးစားနေပါတယ်လို့ ပြောသွားပါတယ်။ ” လို့  ဒေါ်နန်ပူက ပြောပါတယ်။
သည်ကနေ့ မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အရပ်ဖက် အဖွဲ့ အစည်း ကိုယ်စားလှယ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့  ၂၀ ကျော်နဲ့  တွေ့ ဆုံခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဘယ်သူ့ ဆီမှာမှ အာမခံချက် မရှိတာကြောင့် မနက်ဖြန်ကို စောင့်ဆိုင်း မနေကြဖို့ ကိုလည်း တိုက်တွန်း ပြောဆိုသွားတယ်လို့  ဒေါ်နန်ပူ ထံမှ သိရပါတယ်။
” ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး သူလုပ်နိုင်သလောက် အစွမ်းကုန် လုပ်ပါ့မယ်လို့  ပြောတယ်။ မနက်ဖြန် ဆိုတာ မရှိဘူး။ ဒါ့ကြောင့် ဒီနေ့ပဲ အကောင်းဆုံး လုပ်ကြဖို့ လိုတယ်လို့ ပြောတယ်။ အဲဒါ့ကြောင့် အကောင်းဆုံး လုပ်ဆောင်သွားမယ်။ ” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တယ်လို့  ဒေါ်နန်ပူ က ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံပွဲကို တက်ရောက် လာကြတဲ့ အဖွဲ့  ၂၀ ကျော်က ကိုယ်စားလှယ်တွေ ကလည်း ငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန် စေရေး ကိစ္စတွေကို အဖွဲ့ အစည်းတိုင်းက ထည့်သွင်း တင်ပြခဲ့တယ်လို့  သိရပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ကိစ္စ၊ ရွှေ့ ပြောင်း အလုပ်သမားတွေ အရမ်း များလာတာတွေ၊ မြစ်ဆုံ ကိစ္စ၊ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ အကြမ်းဖက် ခံနေရတာတွေ အပါအ၀င် စစ်ဘေးရှောင် စခန်းက အမျိုးသမီးတွေရဲ့  အခြေအနေတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စ၊ ဖက်ဒရယ် ကိစ္စတွေကို ပြောဆိုဆွေး နွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်နန်ပူက – ” ဒေါ်စုကတော့ ကျွန်မတို့ တင်ပြတာတွေကို သေချာနားထောင်တယ်။ဒီကိစ္စတွေဟာ သေချာ လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ သူလည်း ကြိုးစားလုပ်ပါ့မယ်လို့  ပြောတယ်။ အဲဒီကိစ္စတွေလုပ်ဖို ကိုလည်း အားလုံး ၀ိုင်းဝန်း ကူညီပေးကြဖို့ ပြောပါတယ်။” လို့  သိရပါတယ်။
မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး သည်စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့်၊ မသင့်ကို ဆုံးဖြတ်ဖို့  မြစ်ဆုံ ကော်မရှင်ရဲ့ အစီအရင်ခံစာကို စောင်ကြည့်ရမှာ ဖြစ်ပြီး တရားဥပဒေနဲ့  အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားတယ်လို့  သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သည်ကနေ့ ကချင်ပြည်နယ် ခရီးစဉ်မှာ ၀ိုင်းမော်မြို့ နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
Author – ချမ်းသာ
#Kumudra

No comments: