Friday, March 17, 2017

ကနေဒါနိုင်ငံရဲ့  လူသားချင်းညှာတာ ထောက်ထားမှု မရှိတဲ့ လုပ်ရပ်ကို ရင်ဆိုင်နေရတဲ့ မြန်မာကျောင်းသားတစ်ဦး ကိုရဲရင့်။

Myo Aye with Poe Ziwa.
ယခုအခါ ကနေဒါနိုင်ငံရဲ့  လူသားချင်းညှာတာ ထောက်ထားမှု မရှိတဲ့ လုပ်ရပ်ကို ရင်ဆိုင်နေရတဲ့ မြန်မာကျောင်းသားတစ်ဦး ကိုရဲရင့်။
၂၀၀၇ ခုနှစ်ကနေ စတင်လုပ်ဆောင်လာခဲ့တဲ့ ကနေဒါနိုင်ငံ Immigration and Refugee Board ရယ်၊ President of the Canada Border Services Agency ရဲ့  သနားညှာတာထောက်ထားမှုမရှိတဲ့ ဆောင်ရွက်မှုကို ကန့် ကွက်တဲ့အနေနဲ့  ကိုရဲရင့်ဟာ ကနေဒါနိုင်ငံရဲ့  တရားရုံးမှာ တရားဝင် ရင်ဆိုင်လျှောက်ထားခဲ့ပါတယ်။ ကိုရဲရင့်က သူဟာ ၁၉၈၉ ခုနှစ်က ပြန်ပေးဆွဲတဲ့လုပ်ရပ်ကို သူလုပ်ခဲ့ပေမယ့် သူဟာ အကြမ်းဘက်သမား မဟုတ်ဖူး၊ လေယာဉ်ပေါ်ပါတဲ့သူ တစ်ဦးတစ်ယောက်ကိုမှ လုံးဝ နာကျင်ထိခိုက်အောင် ရည်လည်း မရည်ရွယ်ခဲ့ဖူး၊ လုပ်ဆောင်ခဲ့တာလည်း မရှိဖူးလို့  ပြောဆိုခဲ့ပါတယ်။ တကယ်တော့ သူဟာ မြန်မာပြည် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် စစ်အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေတဲ့သူ တစ်ဦးသာ ဖြစ်ပါတယ်လို့  ခုခံချေပခဲ့ပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ နှစ်ဦးဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာလေကြောင်းလိုင်း လေယာဉ်အမှတ် (F 28) ကို ပြန်ပေးဆွဲ ခေါ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံ နယ်မြေအတွင်းကို ဆင်းသက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကို အကြောင်းပြပြီး ကနေဒါအစိုးရကနေ ကိုရဲရင့်ကို ပြန်လည်ပို့ ဆောင်ဖို့  လုပ်တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့  ပတ်သက်လို့  ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (The United Nations High Commissioner for Refugees – UNHCR) ကလည်း ကနေဒါနိုင်ငံအစိုးရအနေနဲ့  ကိုရဲရင့်ကို မြန်မာနိုင်ငံကို ပြန်ပို့ ခဲ့မယ်ဆိုရင် ဖမ်းဆီးညဉ်းပမ်းနှိပ်စက်ခံရခြင်း၊ နှစ်ရှည်ထောင်သွင်းအကျဉ်းချခြင်းနဲ့  အသက်အန္တရာယ်ပါ ရှိနိုင်တာမို့  အထူးစိုးရိမ်မိတယ်လို့  ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကိုရဲရင့်ဟာ လေယာဉ်ပြန်ပေးဆွဲမှုကို လုပ်ဆောင်ခဲ့တာ မှန်ပေမယ့် သူ့ ရဲ့  အဓိက ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့  စစ်အာဏာရှင်လက်အောက်မှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်မြောက်စေဖို့ အတွက် ဖိအားပေးတဲ့ လုပ်ရပ်တစ်ခုအနေနဲ့  လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့  ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ က ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ မြန်မာ့လေကြောင်းပိုင် လေယာဉ်အမှတ် ၂၈ (Fokker 28) ကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ ခရီးသည်လေယာဉ်ဟာ မြန်မာနိုင်ငံရဲ့  မြိတ်လေဆိပ်ကနေ မြို့ တော် ရန်ကုန်မြို့ ကို ပျံသန်းမယ့် လေယာဉ် ဖြစ်ပါတယ်။ မြိတ်လေယာဉ်ကွင်းကနေ စတင်ပျံသန်းဖို့  ထွက်ခွာချိန် မနှေးမနှောင်းမှာဘဲ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးရဲ့  ပြန်ပေးဆွဲမှုအောက်ကနေ ထိုင်းနိုင်ငံဘက်ကို ဦးတည် ပျံသန်းခဲ့ရပြီးနောက် မိုင် ၈၀ သာ ဝေးကွာတဲ့ ထိုင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းဖြစ်တဲ့ U-Tapao လေယာဉ်ကွင်းမှာ ဆင်းသက်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံ၊ U-Tapao လေယာဉ်ကွင်းမှာ ဆင်းသက်တာနဲ့  ချက်ခြင်းဘဲ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ဟာ လေယာဉ်ခရီးသည်တွေထဲက အသက်အရွယ်ကြီးသူနဲ့  အသက်အရွယ် ငယ်လွန်းသူ စုစုပေါင်း အယောက် ၃၀ ကို လွှတ်ပေးခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ခရီးသည် အယောက် ၅၀ ကိုသာ ထိန်းသိမ်းထားခဲ့ပြီး မြန်မာစစ်အစိုးရအနေနဲ့  နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာနိုင်ငံရဲ့  ထောင်များအတွင်းကနေ လွှတ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။
ထိုင်းအစိုးရ၊ ထိုင်းပြည်သူပြည်သားတွေအပါအ၀င် ကမ္ဘာ့ပြည်သူပြည်သားတွေ ဒီလေယာဉ်ပြန်ပေးဆွဲမှုသတင်းကို သိရှိသွားကြပြီးနောက်၊ မြန်မာစစ်အစိုးရရဲ့  မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အရေးဆိုခြင်းသာဖြစ်တဲ့အတွက် ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ လေယာဉ်ခရီးသည်အားလုံးကို လွှတ်ပေးခဲ့ပါတယ်။ လေယာဉ်မောင်းသူများ၊ လေယာဉ်ဝန်ထမ်းများနဲ့  လေယာဉ်ခရီးသည်များအားလုံး လုံးဝ ထိခိုက်နာကျင် ဘေးအန္တရယ် အလျဉ်းမရှိခဲ့ဘဲ၊ ပြန်ပေးဆွဲသူ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးရဲ့  လုပ်ရပ် ရည်ရွယ်ချက်အစစ်အမှန်ကိုပါ သိရှိနားလည်ခဲ့ကြပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ရဲ့  တောင်းဆိုချက်များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အခြေစိုက်တဲ့ မြန်မာသံရုံးမှတစ်ဆင့် အသိပေးတောင်းဆိုခဲ့ပေမယ့် ဘယ်သူသေသသေ ငတေမာရင် ပြီးရောဆိုတဲ့ မြန်မာစစ်အာဏာရှင်အစိုးရဟာ လေယာဉ်ပေါ်မှာ ပါရှိနေတဲ့ မြန်မာခရီးသည်များအားလုံးရဲ့  အသက်ကိုတောင် ငဲ့ညှာခြင်းမရှိဘဲ လစ်လျူရှုမှုကို ခေါင်းမာစွာနဲ့  တုန့် ပြန်ခဲ့ပါတယ်။
၉ နာရီကြာမြင့်သော လေယာဉ်ပြန်ပေးဆွဲမှုရဲ့  နောက်ဆုံးမှာ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ ထိုင်းအာဏာပိုင်တွေထံမှာ အဖမ်းဆီး ခံခဲ့ကြပါတယ်။ ထိုင်း ဒုတိယ၀န်ကြီးချုပ် Hon. Thienchai Sirisamphan ကိုယ်တိုင် ဦးစီးပြီး ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ကို ညှိနှိုင်းဆောင်ရွက်ပြီး နားလည်မှုအပြည့်နဲ့  လိုအပ်သည်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ အသက်အရွယ် ၂၁ နှစ်နဲ့  ၂၅ နှစ် အရွယ်သာ ရှိသေးတဲ့ မြန်မာကျောင်းသားတွေ ဖြစ်ကြပြီး၊ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်ရဲ့  အခြေအနေကို ကမ္ဘာက သိအောင်သာ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ မြန်မာစစ်အာဏာရှင်အစိုးရထံ အချက် ၇ ချက်ပါတဲ့ တောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြောင်း၊ အဓိကတောင်းဆိုချက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့  တောင်းဆိုတာဖြစ်ကြောင်း၊ ပြန်ပေးဆွဲလေယာဉ်ပေါ်ပါ လေယာဉ်ဝန်ထမ်း ၃ ဦးနဲ့  ခရီးသည် ၈၀ ယောက်ကို လုံးဝ အန္တရာယ်မပေးခဲ့ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်က သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ နှစ်ဦးဟာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (The United Nations High Commissioner for Refugees – UNHCR) ရဲ့  လက်အောက်ခံ ထိုင်းနိုင်ငံ UNHCR က တရားဝင် အသိအမှတ်ပြုခံထားရသူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မြန်မာပြည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ မြန်မာကျောင်းသားတွေလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ပြန်ပေးဆွဲခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့ လေယာဉ်ကို ထိုင်းနယ်မြေအတွင်း ဆင်းသက်စေခဲ့တဲ့ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးကို ထိုင်းနိုင်ငံဥပဒေနဲ့  နိုင်ငံတကာဥပဒေအရ အရေးယူအပြစ်ပေးခဲ့ပေမယ့် ထိုင်းအစိုးရအနေနဲ့  ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ နှစ်ဦးကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ ဆောင်တာမျိုး မလုပ်ဖူးလို့  ကတိက၀တ်ပြုခဲ့ပါတယ်။ ထို့ အတူဘဲ ထိုင်းနိုင်ငံရဲ့  တရားဥပဒေအရ လေယာဉ်ပြန်ပေးဆွဲမှု ကျူးလွန်သူ မည်သူကိုမဆို သေဒဏ်ချမှတ်ရမယ်လို့  ပြဌာန်းထားပေမယ့် မြန်မာကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ ရဲ့  လုပ်ရပ် မူရင်းရည်ရွယ်ချက်ကို သိရှိချက်အရနဲ့  လေယာဉ်နဲ့ လေယာဉ်စီးခရီးသည်တွေအားလုံးကို အကြမ်းဘက် အန္တရယ်ပေးခြင်း လုံးဝမရှိခဲ့မှုကြောင့်အရရယ် ထောင်ဒဏ်သာ သက်ညှာစွာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့  မေတ္တာရပ်ခံခဲ့ပေမယ့် မရရှိခဲ့ပါ။ ထိုင်းနိုင်ငံ တရားဥပဒေရဲ့  စီမံမှုအောက်မှာ ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ ဟာ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံယူခဲ့ပါတယ်။ ထောင်ဒဏ် ၆ နှစ်မပြည့်ခင်မှာ ထိုင်းအစိုးရရဲ့  သက်ညှာမှုအရ ထောင်သက်တမ်း ၂ နှစ်ခွဲပြည့်မြောက်တဲ့အချိန်မှာ ထောင်မှ လွတ်ခဲ့ပါတယ်။ ဒီနောက်မှာ ကိုရဲရင့်ဟာ အမေရိကန်နိုင်ငံသို့  ပညာသင်တော်သင်အဖြစ် သွားရောက်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ကနေဒါနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိဖို့ ရောက်ရှိခဲ့ပြီး၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့တဲ့ ကိုရဲရင့်ကို ၂၀၀၇ ခုနှစ်မှာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကနေ မူရင်းနေရပ်ဌာနေကို ပြန်ပို့ ဖို့ အတွက် လုပ်ဆောင်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ ရောက်ရှိခဲ့တဲ့အချိန်မှာ ကနေဒါနိုင်ငံရဲ့  Immigration and Refugee Board ရယ်၊ President of the Canada Border Services Agency ရယ်က ကိုရဲရင့်ကို ပြန်ပို့ ဖို့ အတွက် ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖိအားပေးခဲ့ပါတယ်။ ကိုရဲရင့်ကို ထိုင်းနိုင်ငံသို့  ပြန်ပို့ ဖို့  ပြောဆိုရာကနေ အန္တရာယ်ရှိလှတဲ့ မြန်မာပြည်ကို ပြန်ပို့ ဖို့  လုပ်ဆောင်လာသည်အထိ ဖြစ်ပေါ်လာပါတယ်။
ကနေဒါနိုင်ငံအစိုးရရဲ့  လုပ်ရပ်ကို ကျွန်တော်တို့  မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးကြတဲ့သူတွေအနေနဲ့  ကိုရဲရင့်ကို မြန်မာပြည် အတင်းအကျပ် ပြန်ပို့ မယ့်ကိစ္စကို ၀ိုင်းဝန်းကန့် ကွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
လေယာဉ်ပြန်ပေးဆွဲခဲ့မှုကိစ္စနဲ့  ပတ်သက်တဲ့ အဖြစ်အပျက်အပေါ် ပြောကြားခဲ့တဲ့ မြန်မာကျောင်းသားနှစ်ဦးဖြစ်တဲ့ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ရဲ့  ပြောကြားချက်များနဲ့  သူတို့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမယ်။
မျိုးအေး။
မတ်လ ၄ ရက်နေ့ ၊ ၂၀၁၇ ခုနှစ်။

No comments: