Tuesday, August 29, 2017

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသော ဒိုင်းနက် တိုင်းရင်းသားများအနက် အချို့ပြန်လည်ရောက်ရှိ၊ ရုပ်အလောင်း ၃ လောင်းတွေ့ရှိ၊ အချို့ပျောက်ဆုံး လျက်ရှိ


နေပြည်တော်၊ သြဂုတ် - ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရန်ကာစေတီကျေးရွာမှ ရွှေ့ပြောင်းလာသည့် ဒိုင်းနက်တိုင်းရင်းသား များအား ကြောင်ဒိုးကျေးရွာအနီး၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက တုတ်၊ ဓားများဖြင့် အတင်း ၀င်ရောက်တိုက်ခိုက်ထိုးခုတ်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ဦးမောင်ဘစိန်ဆိုသူ ၁ ဦးသာ ထွက်ပြေး လွတ်မြောက်လာခဲ့ကာ အောင်သပြေနယ်မြေရုံးသို့လာရောက်အကြောင်းကြားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက သြဂုတ် ၂၇ ရက် နံနက်ပိုင်းမှစတင်၍ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက် ရှင်းလင်း ရှာဖွေခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကာစေတီကျေးရွာ၌ ဒိုင်းနက်တိုင်းရင်းသား မဦးခင်ဆိုသူအား ၎င်း၏နေအိမ်၌ လည်ပင်း၊ နားရွက်နှင့် ဦးခေါင်းတို့၌ ပြတ်ရှဒဏ်ရာများဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ကနဦးဆေးဝါး ကုသမှုများ လုပ်ပေးခဲ့ကာ အောင်သပြေနယ်မြေရဲစခန်းသို့ ဆေးဝါးကုသမှုခံယူနိုင်ရေး ပို့ဆောင် ပေးခဲ့သည်။
၎င်း၏ ပြောပြချက်များအရ ၎င်းအပါအ၀င် ဒိုင်းနက်တိုင်းရင်းသား ၂၂ ဦးတို့ သည် နွားအကောင် ၃၀ နှင့်အတူ သြဂုတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ဝေလာတောင်ကျေးရွာဘက်သို့ထွက်ခွာလာရာ ကြောင်ဒိုးကျေးရွာ တံတားအနီးအရောက်၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်က တုတ်၊ ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ၎င်း၏ရင်ခွင်၌ပိုက်ထားသည့် ၂ နှစ်အရွယ်သမီးငယ်လေးအား အကြမ်းဖက် သမား များက ဆွဲယူ၍ ရက်စက်ကြမ်းကြုတ်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်သူများမှာအချို့ ထွက်ပြေး လွတ်မြောက်သွားပြီး အချို့အသတ်ခံခဲ့ရကြောင်းနှင့် ၎င်းမှာရရှိဒဏ်ရာများဖြင့် ရန်ကာစေတီကျေးရွာသို့ ပြန်လည်ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။
သြဂုတ် ၂၇ ရက်နံနက် ၉ နာရီခွဲတွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားသူများအနက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၇ ဦးတို့သည် အောင်သပြေနယ်မြေရဲစခန်းသို့ ရောက်ရှိ ခဲ့ပြီး ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပျောက်ဆုံးလျက်ရှိသော ဒိုင်းနက်တိုင်းရင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေစဉ် သြဂုတ် ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ကြောင်ဒိုးကျေးရွာ၏ အရှေ့တောင်ဘက်တောင်ခြေနေရာ၌ မြေသား တူးဖော်စုပုံထားသည့်နေရာအားတွေ့ရှိသဖြင့် တူးဖော်ရှာဖွေခဲ့ရာ ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည့် ရုပ် အလောင်း ၃ လောင်းအား တူးဖော်ရရှိခဲ့သည်။
ဒိုင်းနက်တိုင်းရင်းသားများ၏ အတည်ပြုချက်အရ အဆိုပါရုပ်အလောင်းများမှာ ရန်ကာစေတီကျေးရွာနေ မကံသီနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မခင်နုနှင့် မဦးခင်၏ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မလှသာနု တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါရုပ်အလောင်းများအား လုံခြုံရေးတပ်ဖွဲ့မှ ဆေးမှူးက ဆေးစစ်ချက်ယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ပျောက်ဆုံးနေသည့် ကျန်တိုင်းရင်းသား ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ ၀င်များ က ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: