Wednesday, August 16, 2017

အဓိက ဇာတ်လိုက်ကျော်အဖြစ် တပ်မတော်ကို မျှော်လင့်နေကြောင်းပါဗျာ။

တပ်မတော် အရာရှိကြီးတစ်ဦးက...
"တပ်မတော် နိုင်ငံရေးမှ နုတ်ထွက်လျှင် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်လုံခြုံရေးအား တာဝန်ယူနိုင်မလား" လို့ မေးပါတယ်။
ဒီစကားပေါ် မူတည်ပြီး နှစ်ဖက်လုံးက အမျိုးမျိုး ငြင်းခုံနေတာ မြင်ရလို့ ဒီစာကို ရေးပါတယ်။
တကယ်ကတော့...
ဒီကိစ္စကို နားလည်နိုင်ဖို့ "နိုင်ငံရေး" ဆိုတဲ့ စကားလုံးနဲ့ "နိုင်ငံ့အရေး" ဆိုတဲ့ စကားလုံးကို ခွဲသိမှ ဖြစ်ပါမယ်။
ကျွန်တော်တို့ အားလုံး ပြောလေ့ ပြောထ ရှိသည်က...
ဆရာဝန်တွေ ဆေးကုတာလည်း နိုင်ငံရေးပဲ
ဆရာတွေ ပညာသင်ပေးနေတာလည်း နိုင်ငံရေးပဲ
အင်ဂျင်နီယာ တည်ဆောက်နေတာလည်း နိုင်ငံရေးပဲ စသည် စသည်။
ဒါက မြန်မာစကားနဲ့ ပြောနေလို့ ရှုပ်နေတာ ဖြစ်သည်။
တကယ်တော့ သိုးဆောင်းလို politics ဆိုသည်ကို နိုင်ငံရေးသမားများသာ လုပ်ဆောင်ကြတာ ဖြစ်သည်။
နိုင်ငံရေးသမားဆိုတာက...
လူထုကို စည်းရုံးရသည်
ရွေးကောက်ပွဲ ဝင်ပြိုင်ရသည်
ရွေးကောက်ပွဲ နိုင်လျှင် အစိုးရဖွဲ့ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်ရသည်
ရွေးကောက်ပွဲ မနိုင်လည်း ရသည့် အမတ်နေရာအလျောက် လွှတ်တော်တွင်းတွင် တိုင်းပြည်ကောင်းရာကောင်းကျိုးကို ဥပဒေပြုရင်း၊ အစိုးရကို ထောက်ပြရင်းဖြင့် ရွက်ဆောင်ရသည်။
ဒါက နိုင်ငံရေးဆိုတဲ့ politics ကို နိုင်ငံရေးသမားဆိုတဲ့ politician တွေက လုပ်ဆောင်ပုံ အကြမ်းဖျင်းဖြစ်သည်။
ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာတွေ၊ အခြားဝန်ထမ်းတွေ၊ စီးပွါးရေးသမားတွေကျတော့ ကျရာနေရာကနေ သူတို့ တာဝန်ကျေအောင် လုပ်ဆောင်ထမ်းရွက်တာကိုပဲ "နိုင်ငံ့အရေး" ကို ကူညီဆောင်ရွက်ကြတာလို့ သတ်မှတ်တာ ဖြစ်ပြီး အဲဒါသည် politics ဆိုတဲ့ နိုင်ငံရေး မဟုတ်ပါ။
ဒီသဘောတရားကို နားလည်ပြီဆိုလျှင်...
တပ်မတော်သားတွေ နိုင်ငံတော်ကို ကာကွယ်နေတာသည် နိုင်ငံ့အရေးကို အသက်စွန့် ထမ်းဆောင်ပေးနေတဲ့ မြင့်မြတ်တဲ့ အလုပ်ဖြစ်ပြီး နိုင်ငံရေးတော့ မဟုတ်တာ ရှင်းလောက်ပါပြီ။
တပ်မတော်သား အရာရှိတွေ politics ဆိုတဲ့ နိုင်ငံရေးသင်ခန်းစာတွေက စစ်ကျောင်းတွေမှာ သင်ရတာက တစ်ပိုင်းတစ်ကဏ္ဍ ဖြစ်ပါတယ်။
ဒီနိုင်ငံရေး အခြေခံတွေကို တပ်မတော်က နုတ်ထွက်ပြီးတဲ့အခါ၊ အငြိမ်းစားယူပြီးတဲ့အခါ ကိုယ့်လွတ်လပ်ခွင့်အရ နိုင်ငံရေးလောကထဲ ဝင်ပြီး အသုံးချလျှင် ဘောင်ဝင်သော်လည်း...
စစ်ဝတ်စုံဝတ်ထားရင်းက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီး...
တပ်မတော်ရဲ့ နိုင်ငံ့အရေးဖြစ်တဲ့ ကာကွယ်ရေး စစ်တာဝန်တွေအပြင်
နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကိုပါ လက်ဝါးကြီးအုပ် ရယူလိုက်ခြင်းက
"ဖင်မနိုင်ဘဲ အခြောက်လုပ်ချင်သလို" ဖြစ်ပြီး ဒီနိုင်ငံမှာ "နိုင်ငံရေး အေအိုင်ဒီအက်စ်" တွေ ဖြစ်ကုန်ရခြင်းရဲ့ အဓိက အကြောင်းခြင်းရာ ဖြစ်ပါတယ်။
တကယ်တော့ ပြည်သူတွေက...
မြန်မာ့နိုင်ငံရေး အရှုပ်အထွေးတွေဟာ တပ်မတော်က သူနဲ့မဆိုင်တဲ့ နိုင်ငံရေးသမားတွေ လုပ်ရမယ့် နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်လာတာကြောင့်သာ ဖြစ်တယ်လို့ မြင်တာမို့...
တပ်မတော်ကို သူ့အကျွမ်းကျင်ဆုံး အလုပ်ဖြစ်တဲ့ နိုင်ငံကာကွယ်ရေး အလုပ်တွေကိုပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်လုပ်ပြီး...
Politics ကို နိုင်ငံရေးသမားတွေ လက်ထဲ ၁၀၀ ရာခိုင်နှုန်း ပြန်အပ်ဖို့ကိုပဲ တောင်းဆိုတာ ဖြစ်ပါတယ်။
ဒါကို တပ်မတော်အရာရှိကြီးက...
"တပ်မတော် နိုင်ငံရေးမှ နုတ်ထွက်လျှင် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်လုံခြုံရေးအား တာဝန်ယူနိုင်မလား" လို့ အငေါ်တူးပြီး မေးတာဆိုတော့...
"တပ်မတော်က နိုင်ငံရေးက နုတ်ထွက်လိုက်ရလျှင် နိုင်ငံ့အရေးဖြစ်တဲ့ ကာကွယ်ရေးအလုပ်ကို အစိုးရက ညွှန်ကြားသည့်အတိုင်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လိုက်နာဆောင်ရွက်ပါမည်လား" ဆိုတဲ့ အမေးနဲ့ပဲ ပြန်ဖြေဆိုရမယ် ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဘက်က အဖြေပေါ် မူတည်ပြီး အစိုးရရဲ့ အဖြေကလည်း ပြောင်းသွားနိုင်လို့ပါ။
တပ်မတော်ဘက်က အဖြေက...
"လိုက်နာဆောင်ရွက်မယ်" ဆိုရင် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်လုံခြုံရေးကို တာဝန်မယူနိုင်စရာ ဘာမကြောင်းမှ မရှိပါ။
ဘာလို့လဲဆိုရင် လူထုတောင်းဆိုနေတာက တပ်မတော်ကို လွှတ်တော်နိုင်ငံရေးကနေပဲ နုတ်ထွက်ခိုင်းတာဖြစ်ပြီး စစ်တန်းလျားတွေက နုတ်ထွက်ခိုင်းတာ မဟုတ်တာမို့ တပ်မတော်ဟာ တပ်မတော်အလုပ်စစ်စစ်ကို အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေရုံနဲ့ တိုင်းပြည်ကာကွယ်ရေးကို လုပ်ဆောင်ပြီး ဖြစ်သွားတာမို့ပါ။
အကယ်၍ တပ်မတော်ဘက်က အဖြေက...
"အေး ငါတို့ကို လွှတ်တော်ထဲက ထွက်ခိုင်းရင် နိုင်ငံ့အရေးဖြစ်တဲ့ ကာကွယ်ရေးကိုလည်း ငါတို့ မလုပ်တော့ဘူး။ မင်းတို့ဘာသာ လုပ်ကြ" ဆိုရင်တော့ အစိုးရက နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူနိုင်စရာ အကြောင်း မရှိတော့ပါ။
ဘာဖြစ်လို့လဲဆိုရင် နှစ်ရှည်လများ လေ့ကျင့်သင်ကြားထားတဲ့ စစ်သည်တော်တွေက နိုင်ငံကာကွယ်ရေး မလုပ်တော့ဘူးဆိုရင် သာမန်ပြည်သူတွေက စစ်သားတွေအဖြစ် ချက်ချင်းအစားထိုး တာဝန်ထမ်းလို့ မရလို့ပါပဲ။
ဒါဟာ ဆရာဝန်အလုပ်ကို အင်ဂျင်နီယာက ဝင်လုပ်လို့ မရသလို အင်ဂျင်နီယာအလုပ်ကို ဆရာဝန်က ဝင်လုပ်လို့ မရသလိုမျိုးပါပဲ။
အထက်က တပ်မတော်အရာရှိကြီးရဲ့ အမေးစကားနဲ့...
ဒီရက်ပိုင်း ဒုကာချုပ် ပြောလိုက်တဲ့ "တပ်မတော်နဲ့ ရဲဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်" ဆိုတဲ့ စကားတွေကို ထောက်ရှုသုံးသပ်ရရင်...
"တပ်မတော်သာ နိုင်ငံရေးက ထွက်လိုက်ရရင်ပဲ ကာကွယ်ရေးဆိုတဲ့ နိုင်ငံ့အရေးကိုပါ မလုပ်တော့မှာမို့ မင်းတို့ အရပ်သားအစိုးရက ကိုယ့်ဘာသာကိုယ် နိုင်ငံကာကွယ်ရေး လုပ်နိုင်သလားကွ" လို့ စိန်ခေါ်နေတဲ့ ပုံစံပေါက်နေပါတယ်။
အမှန်တကယ်ကတော့...
နိုင်ငံသားတွေ ပေးဆောင်ထားတဲ့ အခွန်ဘဏ္ဍာထဲကနေ လခရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ သုံးစွဲနေတယ်ဆိုရင်...
နိုင်ငံတော် ဘက်ဂျက်ခွဲတမ်းမှာ အများဆုံး ဝင်ယူနေမယ်ဆိုရင် ဘယ်လိုပဲ "နိုင်ငံ့ဝန်ထမ်း ဆိုတဲ့ စကားရပ်ထဲမှာ အကြုံးမဝင်ပါဘူး" လို့ စကားတွေကပ်ပြီး ဖင်ပိတ်ငြင်းငြင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူကို ယူပေးရမှာပဲ ဖြစ်ပါတယ်။
အစိုးရရဲ့ ဘတ်ဂျက်ကို ယူသုံးရင် အစိုးရကို တာဝန်ခံပြီး အစိုးရ ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် အရပ်သားအစိုးရက တိုင်းပြည်ကို မကာကွယ်နိုင်စရာ ဘာအကြောင်းမှ မရှိတော့။
နိုင်ငံရေးသမားက နိုင်ငံရေးလုပ် တိုင်းပြည်အုပ်ချုပ်
တပ်မတော်က ကာကွယ်ရေးလုပ် တပ်တွေကို အုပ်ချုပ်
နိုင်ငံရေးလုပ်ချင်လျှင် တပ်ထဲကထွက် နိုင်ငံရေးလောကထဲဝင် ရွေးကောက်ခံပြီး အရွေးခံရရင် လွှတ်တော်ထဲဝင်ထိုင်
တပ်ဝတ်စုံဝတ်ထားရင်းက ဘယ်ပြည်သူကမှ မရွေးကောက်ဘဲ လွှတ်တော်ထဲ အသားလွတ် ၂၅ ရာခိုင်နှုန်း ဝင်ထိုင်နေစရာ မလိုရေးချ မလို
ရှင်းရှင်းလေးပဲ ဖြစ်သည်။
ဒီလောက် ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး မရမက ကတ်ဖိုးကတ်ဖဲ့လုပ်ပြီး
"ငါတို့က လွှတ်တော်ထဲက ထွက်ပေးရမယ်ဆိုရင် မင်းတို့ ကိုယ့်ဘာသာ ကာကွယ်ရေးလုပ်ကြတော့" ဆိုရင်လည်း ရပါတယ်။
အစိုးရဘက်ဂျက်ရဲ့ ၁၄ ရာခိုင်နှုန်းကို တစ်ပြားမှ မယူနဲ့တော့။
အရင်တုန်းက ဘတ်ဂျက်တွေနဲ့ ဝယ်ထားတဲ့ စစ်လက်နက်တွေ၊ တပ်ပိုင်အဆောက်အအုံတွေ၊ တပ်ပိုင်မြေတွေ၊ တပ်ပိုင်စီးပွါးရေးတွေ အားလုံးကိုလည်း နိုင်ငံတော်ကို ပြန်အပ်လိုက်တော့။
မတတ်နိုင်ဘူးလေ...
ကိုယ့်တာဝန် မဟုတ်တာကို ဝင်မပါရတော့လို့ ကိုယ့်တာဝန်အစစ်ကိုတောင် မထမ်းချင်တော့ဘူးဆိုရင် နိုင်ငံတော်ကတော့ ချက်ချင်း ဖြစ်မလာနိုင်ပေမယ့် ရှိတဲ့သူတွေနဲ့ပဲ တပ်မတော်ကို ပြန်ပျိုးထောင်ရမှာပဲ ဖြစ်သည်။
ဒါဆိုရင်တော့ နိုင်ငံတော် ကာကွယ်ရေး အင်အားချည့်နဲ့သွားမည်မှာ အသေအချာ။
ဒါကြောင့် ပြည်သူတွေကတော့...
လေ့ကျင့်သား ပြည့်ဝပြီးသား တပ်မတော်က ကိုယ့်ရဲ့ ကာကွယ်ရေးတာဝန်ကိုသာ အပြည့်အဝတာဝန်ယူ...
နောက်လာမယ့် အရပ်သားအစိုးရတွေကို ၁၀၀ ရာခိုင်နှုန်း ရွေးကောက်ခံ အစိုးရဖြစ်နိုင်အောင် ခြေ/ဥ ပြင်ပေးပြီး နိုင်ငံရေးကနေ နုတ်ထွက်...
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြန်ဆုံးညှိနှိုင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ပေးစတဲ့...
"မြန်မာ့နိုင်ငံရေးလောကရဲ့ သားရွှေအိုးထမ်းလာတာကို မြင်လိုက်ရတဲ့ ပျော်ရွှင်စရာ ဇာတ်ပေါင်းခန်း" ကို ဖော်ဆောင်ပေးမယ့် အဓိက ဇာတ်လိုက်ကျော်အဖြစ် တပ်မတော်ကို မျှော်လင့်နေကြောင်းပါဗျာ။
(ဆွေယု)။

No comments: