ဒီတစ်ပတ်
မားဂွီးပို့စ်ဂျာနယ်မှာရေးခဲ့တဲ့ဆောင်းပါးပါ။မှတ်မိတချို့မေ့တချို့
ဖြစ်နေတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀က အဖြစ်အပျက်တွေကို တတ်နိုင်သလောက်
ပြန်စဉ်းစားပြီး ရေးခဲ့တယ်။
ဒါကြောင့် အချက်အလက်တချို့ ကွဲလွဲမှု ရှိကောင်း ရှိနိုင်တယ်။
ရည်ရွယ်ချက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀က စီးပွားရေးကလွဲလို့ ဘာမှ
စိတ်မ၀င်စားဘူးလို့ ထင်မှတ်နေကြတဲ့၊ မြိတ်ဆိုတဲ့ မြို့လေးမှာ
“အဖြူအစိမ်းဝတ်”အထက်တန်းကျောင်းသားလေးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတစ်ခု
ပေါ်ပေါက်ခဲ့ဖူးတာ ဒီဘက်ခေတ်လူငယ်လေးတွေ သိစေချင်လို့ပါ။
“ မင်မိုရီထဲကမြိတ်၈၈ နေ့စွဲတချို့”
စိုးငယ်
လူသားတိုင်း ဘ၀မှာ အမှတ်တရနေ့လေးတွေ ကိုယ်စီ ရှိတတ်ကြလေသည်။ တချို့က
ဆယ်တန်းအောင်သော နေ့ကို တစ်သက်တာ အမှတ်ရ နေတတ်ကြလေသည်။ တချို့က
အိမ်ထောင်ကျသောနေ့ကို အမှတ်ရ နေတတ်ကြသလို တချို့က ထောင်ကလွတ်သော နေ့ကို
အမှတ်ရနေတတ်ကြလေသည်။ ခေါင်းစဉ်သာ ကွဲပြားခြားနားပေမဲ့ လူသားတိုင်း ဘ၀မှာ
အမှတ်တရ နေ့လေးတွေ ကိုယ်စီ ရှိတတ်ကြစမြဲပင်။ထိုနည်းတူစွာ ကျွန်တော့်မှာလည်း
တစ်သက်တာ မမေ့နိုင်စရာ အမှတ်တရ နေ့လေးတစ်နေ့ ရှိခဲ့ဖူးပါသည်။ ထိုနေ့ကား
အသက်ကို ဖက်နှင့်ထုပ်ပြီး ပြေးခဲ့ရသောနေ့ (သို့မဟုတ်) ၈ရက်၊ ၈လ၊ ၁၉၈၈။
၁၉၈၈။
ထိုအချိန်တုန်းက ကျွန်တော့်အသက်က ၁၈နှစ်။ အကယ်၍
ကိုးတန်းတစ်နှစ်၊ဆယ်တန်းနှစ် နှစ်သာ မကျခဲ့ပါက ထိုနှစ်မှာ ကျွန်တော်သည်
ကံ့ကော်တောက အချောအလှလေးတွေကြားမှာ ပျော်မောကြီး မောရော့မည်။ အကယ်၍
ကံကောင်း ထောက်မပြီး ချစ်သူလေးတစ်ယောက် ရရှိခဲ့ပါက အင်းလျားကန်ကို
ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကြောင့် လွှင့် မြောနေသော ချစ်သူ၏
ဆံနွယ်စလေးများကို လက်နှင့် ငြင်ငြင်သာသာ ထိုးဖွဆော့ကစားရင်း ချစ်ခွန်းတွေ
ဖွဲ့သီကောင်း ဖွဲ့သီ နေပေရော့မည်။ သို့သော် တေပေလွန်းသောကြောင့်
ကျွန်တော်ကား ထိုအချိန်မှာ အဖြူအစိမ်းဝတ် အထက်တန်း ကျောင်းသားကြီးဘ၀နှင့်
ယက်ကန်ယက်ကန် ဖြစ်နေပါတော့သည်။
ထိုနှစ် (၁၉၈၈)သည် လွတ်လပ်ရေးရပြီး
နောက်ပိုင်း မြန်မာ့သမိုင်းမှာ အလှုပ်အယမ်း အများဆုံး နှစ်ကာလ အပိုင်းအခြား
တစ်ခု ဖြစ်ပါသည်။ မတ်လ(၁၂) ရက်နေ့တွင် ကြို့ကုန်းဘူတာရုံ အနီးရှိ
“စန္ဒာဝင်း” လက်ဖက်ရည်ဆိုင်၌ သီချင်းခွေ ဖွင့်ခိုင်းရာမှ အစပြု၍
စက်မှုတက္ကသိုလ်ကျောင်းသား ၃ဦးနှင့် အရပ်သား ၄ဦး
ခိုက်ရန်ဖြစ်ပွားခဲ့ကြပါသည်။ အရပ်သား များ၏ ရန်စရိုက်နှက်မှုကြောင့်
ကျောင်းသား၃ဦး ဒဏ်ရာရရှိပြီး ထွက်ပြေးခဲ့ရပါသည်။ မကြာမီ
အချင်းဖြစ်ပွားရာသို့ ရပ်ကွက် ပြည်သူ့ကောင်စီဝင်များနှင့် ရဲများ
ရောက်လာပြီး ရန်စရိုက်နှက်သော အရပ်သား တချို့ကို ဖမ်းဆီးလေသည်။ သို့သော်
နောက်တစ်နေ့မှာ ဖမ်းဆီးထားသော အရပ်သားများအနက် ဇော်ဇော်(ခ) ညီညီလွင်နှင့်
ခင်မောင်မြင့် တို့နှစ်ဦးကို ရန်ပွဲ၌ ပါဝင်ပတ်သက်ခြင်း မရှိဟူသော
အကြောင်းပြချက်ဖြင့် ရဲစခန်းက ပြန်လွှတ်ပေး လိုက်ပါသည်။ ထိုအခါ
ကျောင်းသားများက မကျေမနပ် ဖြစ်ပြီး ဇော်ဇော်(ခ) ညီညီလွင် နေထိုင်ရာ
ကြို့ကုန်းအနောက်ရပ်ကွက်၊ ကိုဟင်း လမ်းသွယ်၂ နေအိမ်သို့ ည၈နာရီခန့်မှာ
သွားရောက်ပြီး အိမ်တွင်းရှိ ပစ္စည်းတချို့ကို ဖျက်ဆီးရာ အရပ်သားများနှင့်
ထပ်မံ ခိုက်ရန် ဖြစ်ပွားပြီး ကျောင်းသားနှစ်ဦး ဓားခုတ်ခံရပြန်သည်။
ထိုကြောင့် ကျောင်းသားများက ကျောင်းသို့ ဆုတ်အပြန်မှာ ဘီပီအိုင်
အ၀ိုင်းအနီးရှိ သမ၀ါယမဆိုင်ကို မီးတင်ရှို့ကြပါသည်။ အရပ်သားများက
တုတ်၊ဓားများ ကိုင်ဆွဲ၍ ၀ိုင်း လိုက်ကြ ရာ ကျောင်းနားရောက်သောအခါ
ကျောင်းဝင်းထဲမှ ကျောင်းသားများ ထွက်လာကြသောကြောင့် အရပ်သားများမှာ
ရှေ့ဆက်မတိုးတော့ဘဲ တစ်ဖက်နှင့်တစ်ဖက် အော်ဟစ်ဆဲဆိုကာ ခဲလုံးများဖြင့်
အပြန်အလှန် ပစ်ခတ်နေတုန်း လုံထိန်းများ ရောက်ရှိလာပြီး ကျောင်းသားအုပ်စုထဲ
သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကိုဖုန်းမော် သေဆုံးခဲ့ရပြီး ကိုစိုးနိုင်မှာ
သေနတ်ဒဏ်ရာကြောင့် ၅-၄-၈၈မှာ ရန်ကုန်ဆေးရုံကြီး၌ သေဆုံးခဲ့ပါသည်။
ဆက်လက်ပြီး မတ်လ (၁၆) ရက်နေ့မှာ တံတားဖြူ အရေးအခင်း ဖြစ်ပွားရာ
လုံထိန်းများက ဆန္ဒပြ ကျောင်းသားများကို နှစ်ဖက်ပိတ်ပြီး
နံပါတ်တုတ်များဖြင့် အတင်းဝင်ရိုက်သောကြောင့် ကျောင်းသူကျောင်းသားတချို့
သေဆုံးပြီး တချို့ အဖမ်းဆီးခံရလေသည်။ ကျောင်းသားများဘက်က မကျေနပ်မှု
တစ်စထက်တစ်စ ကြီးထွားလာသောအခါ ဦးနေ၀င်းက ကျောင်းသားထုကို ချွေးသိပ်သည့်
အနေနှင့် မတ်လ(၁၇)ရက်နေ့မှာ စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖုတ်ပူမီးတိုက်
ဖွဲ့စည်း ပေးခဲ့သည်။ သို့သော် ကျောင်းသားများက မကျေနပ်သဖြင့် အစိုးရ
ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲကြရာ တစ်နိုင်ငံလုံးရှိ
တက္ကသိုလ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရပါသည်။
ကျောင်းသားဆန္ဒပြပွဲများ၏ ဂယက်ကြောင့် ဇူလိုင်လ(၂၃)ရက်နေ့တွင် ကျင်းပသော
မဆလပါတီ အရေးပေါ် ညီလာခံတွင် ပါတီဥက္ကဌကြီး ဦးနေ၀င်း၊ နိုင်ငံတော်သမ္မတကြီး
ဦးစန်းယုနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တချို့ နုတ်ထွက်ခဲ့ကြသည်။
သို့သော် ဦးနေ၀င်းက ထွက်တော်မူ နန်းကမခွာမီ “စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်
ထောင်မပစ်ဘူး ၊ပစ်ရင်တည့်တည့်ပဲပစ်တယ်”ဟု လူမိုက်ဆန်ဆန် မိန့်ခွန်းတစ်ရပ်
ပြောကြားခဲ့သောကြောင့် နိုင်ငံရေး၊စီးပွားရေး အကြပ်အတည်းများအပြင် ငွေစက္ကူ
အကြိမ်ကြိမ် ဖျက်သိမ်းခံရ၍ မကျေနပ်မှုများဖြင့် တအုံနွေးနွေး ဖြစ်နေကြသော
ပြည်သူတစ်ရပ်လုံးမှာ ပဒူအုံကို တုတ်နှင့် ထိုးလိုက်သလို ၈-၈-၈၈မှာ
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အုံကြွခဲ့ကြလေသည်။
၈-၈-၈၈။
ခါတိုင်းနှစ်တွေတုန်းက ထိုအချိန်ဆို ကျွန်တော်တို့ မြန်မာပြည်
တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပေမဲ့ ထိုနေ့က
ကောင်းကင်တစ်ခွင်လုံး တိမ်ညစ်ညိုများ ကင်းစင်ကာ ရာသီဥတုက ထူးထူးခြားခြား
သာယာလျက် ရှိပါသည်။ မုန်တိုင်း မကျခင် ငြိမ်သက်ခြင်းလားမသိ။ ထိုနေ့က
မြို့သူမြို့သားများမှာ တစ်စုံတစ်ရာကို ရင်တဖိုဖိုနှင့်
မျှော်လင့်စောင့်စားလျက် ရှိပါသည်။ တချို့ကစုရပ် ဖြစ်နိုင်ခြေ ရှိသော
အထက်တန်းကျောင်းများ အနီးသို့ စက်ဘီး၊ဆိုင်ကယ် ကိုယ်စီနှင့် မရဲတရဲ
သွားရောက် အကဲခတ်ကြလေသည်။ ခေတ်အဆက်ဆက် စီးပွားရေးကိုသာ
စောက်ချလုပ်ကိုင်သော မြို့လေးတစ်မြို့မှာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု
ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားသူက
များပါသည်။သို့သော်မနက်၉နာရီကျော်ကျော်မှာ ကျောင်းအသီးသီးမှ အဖြူအစိမ်းဝတ်
အထက်တန်း ကျောင်းသားများ ကိုယ့်အစုနှင့်ကိုယ် လမ်းပေါ် ထွက်လာကြသည်။
“သပိတ် သပိတ်…………………. မှောက် မှောက်
ဒီမိုကရေစီ ရရှိရေး………………. ဒို့အရေး ဒို့အရေး
တစ်ပါတီ အာဏာရှင်စနစ်……… အလိုမရှိ
အရေးတော်ပုံ…………………….. အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့်
၈ရက်၊၈လ၊၈၈ကို ကန့်လန့်ကာ ဆွဲဖွင့်လိုက်ပါသည်။ ထိုနေ့က မြိတ်လေထုထဲတွင်
ခွပ်ဒေါင်းအလံကား ၀င့်ဝင့်ထည်ထည် ပေါ်ထွက်လာပါသည်။ ဆယ်စုနှစ်ပေါင်း
များစွာအတွင်း ဆန္ဒပြပွဲတစ်ခုကို တစ်ခါမှ မမြင်တွေ့ဖူးသော
မြို့သူမြို့သားများမှာ ကနဦး၌ တအံ့တသြ ငေးကြည့်နေကြသည်။ ထိုနောက်
ဘေးဘီဝဲယာတစ်လျှောက် မသိမသာ လိုက်ပါဝန်းရံပေးကြလေသည်။ တချို့ကလည်း
ချီတက်လာသော ကျောင်းသားများကို မြင်သောအခါ အိမ်များ၊ဆိုင်များကို
ကြောက်လန့်တကြား ဆွဲပိတ်လိုက်ကြသည်။ နည်းနည်း ရဲတင်းသူ တချို့ကတော့ ဆန္ဒပြ
ကျောင်းသားများကို စားစရာများ လိုက်လံဝေငှပါသည်။
ထိုအချိန်က
ကျွန်တော်ကား ဆယ်တန်း အပြင်ဖြေ ကျောင်းသားတစ်ဦးမို့ သူငယ်ချင်း
တစ်ယောက်အိမ်မှာ ကျောင်းဝတ်စုံ လဲဝတ်ပြီး ဆန္ဒပြ ကျောင်းသားများနှင့်
ပူးပေါင်းကာ မြို့လှည့် ဆန္ဒပြခဲ့ကြပါသည်။ ထိုနေ့က ကျွန်တော်တို့အားလုံး
ခွပ်ဒေါင်းအလံအောက်မှာ ဒို့အရေး ကြွေးကြော်ခဲ့ကြပါသည်။ မျက်နှာကို
မမှတ်မိအောင် ပ၀ါစည်း ထားသည့်ကြားမှ နိုင်ငံတော် သီချင်းကို
လည်ချောင်းကွဲလုမတတ် အထပ်ထပ် အခါခါ အော်ဟစ်သီဆို ခဲ့ပါသည်။ ထိုနေ့က
ကိုးကွယ်ယုံကြည်မှု မတူညီသူတွေ ခွပ်ဒေါင်းအလံအောက်မှာ စည်းလုံးခဲ့ကြသည်။
ဘယ်သူယူဆောင် လာမှန်း မသိသော လက်ကမ်းစာစောင်တွေကို လမ်းတစ်လျှောက် ဝေငှခဲ့
ကြပါသည်။ မြို့သစ်ဘက် ရောက်သောအခါ အရပ်သားများ ပူးပေါင်းပါဝင်လာ
ကြသောကြောင့် ဆန္ဒပြသူ များသထက် များလာပါတော့သည်။ ထိုအချိန်ထိ
တပ်နှင့်ရဲတို့ အရိပ်အယောင်မျှပင် မမြင်ရသေးပါ။ ထိုနေ့က မြို့ထဲတစ်ပတ်
လှည့်လည် ဆန္ဒပြပြီး သိမ်တော်ကြီးနား အရောက်တွင် မိခင်နှင့်ကလေး
မျက်စောင်းထိုး ၀င်းထဲရှိ ပျဉ်ထောင်အိမ် အပေါ်ထပ်တွင် ရဲတပ်သား ၃-၄ဦး
ကာဘိုင်သေနတ်(ထင်သည်) ကိုင်ဆောင်ပြီး အသင့်ပြင် ထားတာ တွေ့ရသည်။ သို့သော်
သူတို့ဘက်က စတင်ပစ်ခတ်ခြင်းတော့ မပြုကြပေ။ ဆန္ဒပြ လူအုပ်ကြီးကလည်း
ကြွေးကြော်သံများဖြင့် ဆန္ဒပြလျက် ရှိကြလေသည်။ ထိုစဉ် လူအုပ်ကြီး အတွင်းမှ
တစ်ဦးဦးက“ပုလိပ် ပုလိပ်”ဟု တိုင်ပေးလိုက်ရာ အချင်းချင်း
တိုင်ပင်ထားကြသလို“ရိုက် ရိုက်”ဟု ၀ိုင်းကြွေးကြော်ကြရာ အသင့်ပြင်ထားကြသော
ရဲတပ်ဖွဲ့ဝင်များက စိုးရိမ်လို့လားမသိ၊ သေနတ်များဖြင့်
စတင်ပစ်ခတ်ကြလေတော့သည်။ တစ်ဖက်က တကယ်ပစ်ပြီဆိုတော့ လူအုပ်ကြီးမှာ
ဖရိုဖရဲနှင့် ခြေဦးတည့်ရာ ပြေးရပါလေတော့သည်။ ထိုနေ့က ကျွန်တော်နှင့် ထ(၁)
ကျောင်းသားတစ်ဦး သိမ်တော်ကြီး တောလမ်းတစ်လျှောက် ဆင်းပြေးကြရာ
ကျွန်တော့်ဖိနပ် ကျွတ်ကျကျန်နေခဲ့သောကြောင့် ခြေထောက်မှာ ပုလင်းကွဲ
ရှပါလေတော့သည်။ ထိုကြောင့် သိမ်တော်ကြီးနှင့် တစ်ဖာလုံခန့် ဝေးသော
အိမ်ရှိရာသို့ ခြေနာနာဖြင့် ပြေးရပါလေတော့သည်။
ကျွန်တော်အိမ်ပြန်ရောက်သည်အထိ သေနတ်သံက မစဲသေးပါ။ သည်နောက်တော့
ပစ်ခတ်မှုကြောင့် ကိုကိုဦးနှင့် ညီညီလွင်တို့ ကျဆုံးပြီး ထ(၁)မှာ
သပိတ်စခန်း ဖွင့်လှစ်လိုက်ကြကြောင်း ကြားသိရပါသည်။
ကျောင်းသားခေါင်းဆောင်တွေက သုံးထပ်ကျောင်းဆောင်၏ အလယ်ထပ်မှာ ခွပ်ဒေါင်းအလံ
လွှင့်ထူပြီး မျက်နှာကို ပ၀ါစည်းကာ ဆောင်းဘောက်ကြီးများဖြင့်
နေ့စဉ်မိုးသောက် နိုင်ငံရေး တရားဟောကြသည်။ မြို့သူမြို့သားများက ဘုရားငါးဆူ
အပြင်ကွင်း(ယခုဦးမြတ်လေးပန်းခြံ)မှ လာရောက်နားထောင်ကြပါသည်။ အဆိုပါ
သပိတ်စခန်းကို အကြောင်းပြုပြီး ထ(၁) ကျောင်းရှေ့တွင် ယာယီ မုန့်ဈေး တန်း
လေးတစ်ခု ပေါ်ပေါက်လာပါသည်။ သပိတ်စခန်းမှ ကျောင်းသားများစားရန်
ထမင်းထုပ်များ ရပ်ကွက်တွေထဲ အလှူခံ ထွက်ကြသည်။ နောက်ပိုင်းရက်တွေမှာ
စေတနာရှင်များ သပိတ်စခန်း၌ လာရောက်လှူဒါန်းကြသော စားစရာများမှာ အလျှံအပယ်
ဖြစ်သလို တချို့က စေတနာ့ဝန်ထမ်း ထမင်းဟင်း လာရောက် ချက်ပြုတ်ပေး ကြလေသည်။
သို့သော် ဘာကြောင့်မှန်းမသိ၊၃ရက်လောက် အကြာမှာ ကျောင်းသားခေါင်းဆောင်တွေက
သပိတ်စခန်းကို ရုတ်သိမ်း လိုက်ကြ လေသည်။
နောက်ပိုင်း နေ့ရက်တွေမှာ
နံရံကပ်စာစောင် တိုက်ပွဲ ဆက်လက်ဆင်နွှဲကြသည်။ ကဗျာများ
၊ကာတွန်းရုပ်ပြောင်များ ၊သရော်စာများဖြင့် အစိုးရကို
ထိုးနှက်တိုက်ခိုက်ကြပါသည်။ မနက် မိုးလင်းလာတာနှင့် လမ်းဆုံ လမ်းခွရှိ
အိမ်နံရံတွေမှာ ကပ်ထားသော နံရံကပ် စာစောင်များကို တိုးဝှေ့ ဖတ်ရှုရတာ အရသာ
တစ်မျိုးပင်။ တစ်နိုင်ငံလုံး သပိတ်တိုက်ပွဲများ အရှိန်မြင့်လာသောအခါ သမ္မတ
ဦးစန်းယု၏ အရိုက်အရာကို ဆက်ခံသော “ရန်ကုန်သားသတ်သမား” ဟု နာမည်ဆိုးနှင့်
ကျော်ကြားသည့် သမ္မတ ဦးစိန်လွင်မှာ သူ့သမ္မတ သက်တမ်း ၁၈ရက်မှာ ရာဇပလ္လင်ထက်က
ဆင်းပေး ရလေတော့သည်။ ဦးစိန်လွင်၏ အရိုက်အရာကို အပျော့ဆွဲသမား
ဒေါက်တာမောင်မောင်က ဆက်ခံသည်။ ဒေါက်တာမောင်မောင်က တယောဟောင်းလေး ချွဲသလို
“နောင်တစ်ချိန်မှာ သမဂ္ဂ အဆောက်အဦးကို ပျော်ပျော်ပါးပါး အုတ်မြစ်
ချကြတာပေါ့”၊ “ဆန္ဒ မစောကြပါနဲ့” ဟုမည်သို့ပင် ချွဲပြစေကာမူ တစ်နိုင်ငံလုံး၌
ဆန္ဒပြမှုများ ရပ်တန့်မသွားသည့်အပြင် ၀န်ထမ်းများပါ ပူးပေါင်း
ပါဝင်လာသောကြောင့် အစိုးရအုပ်ချုပ်ရေး ယန္တရားများ ရပ်တန့် ကုန်ပါတော့သည်။
ထို့အခါ တစ်ချိန်က မြို့မှာ အာဏာစက် ပြင်းလှသော ပါတီကောင်စီဝင်
ပုဂ္ဂိုလ်ကြီး တချို့မှာ မြို့ပြင်ရှိ စစ်တပ်ထဲသွားရောက် ခိုလှုံရပါလေသည်။
တစ်နိုင်ငံလုံးရှိ မဆလပါတီဝင်များမှာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြလေသည်။
မြိုတွင်း လူစည်ကားသော လမ်းဆုံလမ်းခွများတွင် ယာယီစင်မြင့်လေးတွေ
ဖန်တီးပြီး ဒီမိုကရေစီ တရားပွဲများ ကျင်းပကြပါသည်။အရေးအခင်း
ကာလအတွင်းထုတ်ဝေသော“ဒို့အရေး၊ပြည်သူ့အမြင်၊ကျောင်းသားမီးဒုတ်၊ပါတီစုံသတင်း၊အောင်ပွဲသစ်
၊ဒို့ခေတ်…..” အစရှိသော နေ့စဉ်သတင်းစာများကတဆင့်
မိုးသီးဇွန်၊မောင်မောင်ကျော်၊မင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည်
၊ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး(ကာကွယ်ရေးဦးစီးချုပ်ဟောင်း)…..အစရှိသောဒီမိုအရေး
တက်ကြွလှုပ်ရှားသူများအကြောင်း သိခွင့်ရခဲ့သည်။ ဘီဘီစီ သတင်း ထောက်
ခရစ်စတိုဖာဂါးနက် အမည်မှာ ထိုအချိန်က ပြည်သူတွေ ပါးစပ်ဖျား၌ အထူး
ရေပန်းစားခဲ့ပါသည်။ကျောင်းသားများက ၁၉၆၂ခုနှစ်ကတည်းက ကွယ်ပျောက်ခဲ့သော
ဗကသ၊တကသတွေ ပြန်ဖွဲ့ကြသည်။ ဒေါက်တာမောင်မောင် လက်ထက်တွင်
ဂိုဒေါင်ဖောက်မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။ ယခင်က အေးချမ်းသာယာလှသော
ကျွန်တော်တို့ မြို့ကလေးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။
မီးကွင်းပစ်တာတွေလည်း ရှိခဲ့လေသည်။မြန်မာပြည်တစ်ဝှမ်းရှိ အကျဉ်းထောင်များမှ
ထောင်အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးကြလေသည်။ တချို့က
တမင်လွှတ်ပေးလိုက်တာဟု ထင်ကြေးပေးကြသည်။ တရားဥပဒေ စိုးမိုးရေးကို
ထိထိရောက်ရောက် မကိုင်တွယ်ဘဲ လွှတ်ပေးထားသောကြောင့် မင်းမဲ့စရိုက်တွေ
ကြီးစိုးလာပါတော့သည်။ ရန်ကုန်မြို့တွင် လူမြင်ကွင်း၌
ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အတင့်ရဲရဲ ကျူးလွန်လာကြလေသည်။
စစ်အာဏာသိမ်းချင်သောကြောင့် ယခုလို မသိကျိုးကျွံ ပြုပြီး တမင်တကာ
လွှတ်ပေးထားသလားဟု စဉ်းစားစရာပင်။
ဒေါက်တာမောင်မောင်၏ သမ္မတသက်တမ်း
တစ်လတိတိ ခံခဲ့ပြီး စက်တင်ဘာလ(၁၈)ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင်က
“ချောက်ထဲကျဖို့ လက်နှစ်လုံးအလို”ဟူသော ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ကာ
စစ်အာဏာ သိမ်းခဲ့လေသည်။စစ်အာဏာသိမ်းပြီး နောက်တစ်နေ့၊
စက်တင်ဘာလ(၁၉)ရက်နေ့တွင် ကရာနီလမ်းဆုံအနီး၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး
အရပ်သားတစ်ယောက် ထပ်မံ သေးဆုံးခဲ့ပါသည်။ မှတ်မှတ်သိသိ ထိုစဉ်က
မြို့စောင့်တပ်ဖြစ်သော ခလရ(၁၇)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူးတင်အေး(၂၀၁၅
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီး ဦးတင်အေး) ဖြစ်ပါသည်။
ဘုံတိုက်စိမ်းအနီးမှာ ဓား၊လှံ လက်နက်များ ကိုင်ဆောင်ထားသော မြို့လူထုက
စစ်တပ်ကို ၀ိုင်းထားသော ဖြစ်စဉ်၌ ဗိုလ်မှူးတင်အေး၏ သက်ညှာမှုကြောင့်
အလောင်းတွေ တောင်လိုပုံမသွားခြင်း ဖြစ်ပါသည်။လူအုပ်ထဲ ကျောင်းသားလေးတွေ
ရောနှောနေသောကြောင့် ပစ်မိန့်မပေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားခေါင်းဆောင်တချို့ နာရသိန်ထဲ
ရောက်ရှိကုန်ကြလေသည်။ စစ်ထောက်လှမ်းရေးက အမဲလိုက်ခွေးတွေလို သဲကြီးမဲကြီး
အနံ့ခံလိုက်သောကြောင့် ကျောင်းသားခေါင်းဆောင်တချို့
ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရလေသည်။
ဇာတ်ပေါင်းသော်
ဘာလိုလိုနှင့် ၈၈လူထုအရေးတော်ပုံကြီး နှစ်ပေါင်းသုံးဆယ် ပြည့်ခဲ့လေပြီ။
ထိုအရေးတော်ပုံကြီးတွင် အဓိက နေရာက ပါဝင်သရုပ်ဆောင်ခဲ့သူ တချို့
ကွယ်လွန်ခဲ့ကြလေပြီ။ သက်ရှိထင်ရှား ရှိနေသေးသော ပုဂ္ဂိုလ်တချို့မှာ
နိုင်ငံရေး ပါရာဇိကကျပြီး လူတောထဲ မတိုးဝံ့တော့။နောက်ဆုံးတော့ ဘယ်သူက
အစွယ်လိုသူ မိဖုရား၊ ဘယ်သူက အသွားစေခိုင်းသူ ရှင်ဘုရင်၊ဘယ်သူက
လေးပစ်ခွင်းသူ မုဆိုးငမိုက်သားဆိုတာ လယ်ပြင်မှာ ဆင်သွားသလို
ထင်ရှားခဲ့ရပြီ။ သမိုင်းမှန်ကို လိမ်ညာ၍ မရစကောင်းပါ။မည်သို့ပင်ဆိုစေကာမူ
ကျွန်တော့်အနေနှင့် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သမိုင်း
အချိုးအကွေ့တစ်ခုမှာ အသက်လုပြီးပြေးခဲ့ရသော နေ့တစ်နေ့ကို တစ်သက်လုံး
အမှတ်တရ ဖြစ်နေမှာ သေချာပါသည်။
https://www.facebook.com/poem.ks.77?hc_ref=ARQLyDt3s8QFjMEQzAqH4UXV7bpuzUv_swF20XW7ackW5wtqWAI8EUH0YouZ91XPBbA&fref=nf
No comments:
Post a Comment