ဗမာပြည်ကြီး ပြောင်းပြီ၊ ပြောင်းပြီ ပြောတာ အစက
မယုံနိုင်ဘူး။ အခုတော့ မယုံချင်လို့ မရ ယုံလိုက်ရပြီ။ လက်စသပ်တော့ ဗမာပြည်ကြီး
ပြောင်းလဲသွားပြီဆိုတာ ခွပ်ဒေါင်းအိုတွေ ဖွတ်ဒေါင်း ဖြစ်ကုန်တာပါလား။
ဒါ့ကြောင့်လည်း လူတွေက ပြောကြတာ၊ ခွပ်တဲ့ ဒေါင်းမှ ခွပ်ဒေါင်း၊ ဖွတ်နဲ့ပေါင်းရင်
ဖွတ်ဒေါင်း တဲ့ ။ အခုကြည့်၊ ၈၈ မျိုးဆက်ကျောင်းသား ဆိုတဲ့သူတွေ ဖွတ်နဲ့ပေါင်းရင်း
ပေါင်းရင်းက အကုန်လုံး ဖွတ်ဒေါင်း ဖြစ်ကုန်ကြပြီ။
၈၈ တွေယီးတီယားတားနဲ့ နှမ်းဖြူးသလိုလို ၊ ရွှေပြည်အေး
တရားဟောသလိုလို၊ ငါမှသိငါမှတတ် သမ္ဘာကြီးလိုလို ဆရာကြီးလိုလို
သွားလုပ်တဲ့ လက်ပံတောင်းရဲ့ ဖြစ်စဉ်ကို
အရင်ပြန်ကြည့်ရအောင်ပါ။
အရင် အိုင်ဗင်ဟိုနဲ့ လုပ်သွားတဲ့ ကြေးနီစီမံကိန်းမှာ
စံပယ်တောင်ကြီးတခုလုံးကို ဖျက်ဆီးသွားလိုက်တာ ကုန်းဂမူ မို့မို့ လေးလောက်ပဲ
ကျန်တော့တယ်။ အခုလက်ပံတောင်းတောင်ကိုဖျက်ဆီးနေပြီ။
တောင်ပြိုတော့မယ်။ တောင်ပျောက် တော့မယ်။ လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲ။ စစ်တပ်ပိုင်
ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီ။ ဒီနေရာမှာလည်း ပြောစရာရှိ တယ်။
ဦးပိုင်ကုမ္ပဏီအနေနဲ့ အိုင်ဗင်ဟိုကနေ ရှယ်ယာတွေ လက်လွှဲလက်ပြောင်းလုပ်ရာမှာ
မရိုးမသားလုပ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထောက်ပြ ဝေဖန်တာ ခံခဲ့ရတယ်။ (အခု
အဲဒီစာရင်းစစ်ချုပ်လည်း ပြုတ်သွားပြီ။) စစ်တပ်ပိုင်ကုမ္ပဏီ ဆိုတာကလည်း
အောက်ကစစ်သားတွေ အတွက် ဦးပိုင်က အမြတ်ဆိုပြီး တပြားတချပ်မှ ခွဲဝေပေးတာမျိုးမရှိဘဲ
စစ်အာဏာရှင်ကြီးတွေနဲ့ ခရိုနီတွေသာ သူဌေးကြီးတွေ ဖြစ်သွား ကြတယ် ဆိုတာလည်း
အားလုံးသိထားကြပြီးသား။
လယ်သမားတွေရဲ့ လယ်တွေ ဧက ၇၈၀၀ ကျော် အသိမ်းခံရတယ်။ ဒါက
ကုမ္ပဏီဘက်က အတည်ပြုထားတဲ့ ဂဏန်း။ လယ်သမားတွေ ဘက်က ပြောတဲ့ အရေအတွက်က တသောင်းကျော်။
စပြီး လယ်မြေကိုယူတုန်းက ၃ နှစ်စာ သီးနှံ လျော်ကြေးပေးပြီး ၃ နှစ်စာငှားတယ်။ အခုကျ
တော့ နှစ် ၃၀၊ နှစ် ၆၀ ဆိုပြီး လိမ်တယ်။ ညစ်တယ်။ ဝမ်ပေါင်ကုမ္ပဏီ၊
ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရ အာဏာပိုင်တွေ ပေါင်းညစ်တာ ထင်ထင် ရှားရှားကြီးပဲ။ အစိုးရ
မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲ မလဲ။ စစ်တပ် မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲမလဲ။ တချို့တွေ
ထင်နေကြသလို ဦးသိန်းစိန်က လူထုကောင်းကျိုး လုပ်ပေးချင်တဲ့ စေတနာ အမှန်အကန်
ရှိတယ်ထားဦး။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို သူအာခံရဲမလား။ အာခံချင်မလား။
တကယ်တော့ သူတို့အားလုံး ဒီပုပ်ထဲက ဒီပဲတွေပါ။
လယ်သမားတွေမှာ လယ်တွေ အသိမ်းခံရယုံတင်မကဘူး။ ရွာတွေ
အတင်း အဓမ္မ အရွှေ့အပြောင်းခံရတယ်။ စစ်တပ်အစိုးရနဲ့ လူယောင် ဆောင်ထားတဲ့ ကြံ့ဖွတ်
အစိုးရ ဘာမှ မခြားနားဘူး။ စစ်တပ်တုန်းက လုပ်နည်းလုပ်ဟန် အတိုင်း အဓမ္မသိမ်းတာ၊ အဓမ္မ
ရွှေ့တာတွေ အကုန်လုပ်တယ်။ အဓမ္မမှန်သမျှ အကုန်လုပ်တယ်။
ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းစပြီး ၇ လ ၈ လ
အတွင်းမှာ ဒေသခံတွေရဲ့ သောက်ရေတွေ ငံသွားတယ်။ ဓါတ်ခွဲကြည့်တော့ သောက်ဖို့ မသင့်တဲ့
အခြေအနေအထိ ပျက်စီးနေပြီ။ ကြေးနီလုပ်ငန်းက အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကြောင့်
မြေအောက်မှာရှိတဲ့ ရေကြောပါ ပျက်စီးပြီး တွင်းထဲက ရေပါ အဆိပ်သင့်ကုန်တာ ဖြစ်တယ်။
နောင်မှာ ကင်ဆာလို ရောဂါတွေ ဖြစ်လာမယ်။ ကိုယ်လက် အင်္ဂါ မပြည့်စုံတဲ့ ကလေးတွေ မွေးလာမယ်။
ဒါတင်မကဘူး။ ကြေးနီသန့်စင်တဲ့ လုပ်ငန်းက ဓါတုပစ္စည်း
သုံးစွဲထားလို့ မသန့်ရှင်းတော့တဲ့ မြေစာတွေကို လယ်သမားတွေရဲ့ လယ်ယာတွေ ထဲမှာ ပုံတယ်။
ရွာသားတွေက မခံနိုင်လို့ ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။
သူတို့ နစ်နာတာတွေကို လျော်ကြေးပေးဖို့ တောင်းဆိုတယ်။ သူတို့မြေကို ဖျက်ဆီး၊
သူတို့ ရေကို ဖျက်ဆီး၊ သူတို့ သားသမီးမြေးမြစ်တွေရဲ့ နောင်ရေးကိုပါ ဖျက်ဆီးမယ့်
ဒီစီမံကိန်းကို လုံးလုံး ဖျက်သိမ်းပေးဖို့
တောင်းဆိုတယ်။ ဆန္ဒပြတယ်။ ကန့်ကွက်တယ်။ ဒါကို အာဏာပိုင်တွေက ဖိနှိပ်တယ်။
အရင်တုန်းကလိုဆိုရင်တော့ ချက်ချင်း အားလုံး ကို သိမ်း
ကြုံးဖမ်းမယ်။ သေနတ်နဲ့ ပစ်သတ်မယ်။ ဒါပေမဲ့ အခုတော့ ဒီလို လုပ်ပစ်လိုက်လို့
မဖြစ်ဘူး။ သူတို့ မင်းသားခေါင်းဆောင်းနေတဲ့ အချိန်။ လူယောင် ဆောင်နေတဲ့ အချိန်။
နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတဲ့ အချိန်။
နိုင်ငံတကာကလာချင်တဲ့ လူတွေမှာလည်း လာချင်ပါရက် အလာခက်နေတဲ့ အချိန်။ ဒီမိုကရေစီကို
မျက်ကွယ်ပြုပြီး စီးပွားလာရှာကြလိမ့်မယ်ဆိုပြီး လက်ညှိုးထိုးခံနေရတဲ့ အချိန်။
ဒီလို အချိန်မျိုးမှာ စစ်တပ်က လယ်သမားတွေကို သေနတ်နဲ့ ပစ်ရင် ကြံ့ဖွတ်ရဲ့
စီမံကိန်းတွေ အကုန်ပျက်ပြားသွားမှာစိုးလို့ လက်ယားနေတဲ့ ကြားက သီးခံနေရတဲ့ အချိန်။
ဒီလို အချိန်မျိုးမှာ လယ်သမားတွေက မဟုတ်မခံ ဆန့်ကျင်
တွန်းလှန်ကြတယ်။ ကိုဟန်ဝင်းအောင်တို့ နိုင်ငံရေး အကျဉ်းသားကွန်ယက် က ကူညီတယ်။
ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကူညီတယ်။ ဒေသခံကျောင်းသားတွေကကူညီတယ်။
ကျောင်းသားတွေပါလာ တော့ ဗကသ အသီးသီးကလည်း ကျောင်းသားတွေဘက်က ရပ်တည်တယ်။ မိဘ
ပြည်သူတွေ ဘက်က ရပ်တည်တယ်။
အာဏာရှင်တွေ မျက်ဒေါင့်နီလာပြီ။ ကိုဝေဠုကို ဖမ်းတယ်။
နောက် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ဖမ်းတယ်။ နှိပ်စက်တယ်။ ဗကသ နယ်ပေါင်းစုံ၊
ခရိုင်ပေါင်းစုံက ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ဖို့ မုံရွာကို တက်လာကြတယ်။
ဒီအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က
စိုးရိမ်လာတယ်။ ဘယ်သူ့ အတွက် ဘာကို စိုးရိမ်သလဲ ဆိုတာ သူတို့သာ အသိဆုံး
ဖြစ်လိမ့်မယ်။
ဂျင်မီ၊ ဇော်ဇော်မင်းနဲ့ စမ်းချောင်းကိုကိုကြီး တို့
မုံရွာတက်လာတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော်အဆင့် စီမံကိန်း
ဖြစ်တယ်။ အလွယ်တကူ ချက်ချင်းရပ်လို့မရဘူး။ တိုင်းက ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။
ရွာသူရွာသားတွေ အနေနဲ့ အပြုသဘောနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုတယ်။ လယ်သမားတွေ
ဆန္ဒပြတာတွေ ရပ်ဆိုင်းပြီး ရွာကို အေးအေးဆေးဆေး ပြန်ကြဖို့ ပြောတယ်။ ရွာသူသုံးယောက်
ပြန်လွတ်ရေးကို သူတို့ ကြားဝင် ဆောင်ရွက်ပေးမယ်လို့
ပြောတယ်။
လယ်သမားတွေကတွေ့ချင်ပါတယ် ဆိုတုန်းက အတွေ့မခံ ရှောင်ကာပြေးတဲ့
မောင်သာအေးတို့ လူတသိုက်ကလည်း ဂျင်မီတို့ ပုလဲလွှတ်တော်
အမတ်တို့ကိုတော့ အတွေ့ခံတယ်။ ဆွေးနွေးတယ်။ လယ်သမား ၃ ယောက်ကို ပြန်လွှတ်ပေးတယ်။
လယ်သမားတွေကို ပြန်လွှတ်ပြီးနောက်မှာ လယ်သမားတွေကို
ဆန္ဒပြတာ ရပ်ပြီး အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ သူတို့ အဆို အပြုသဘောဆောင်ဖို့ ဂျင်မီတို့က
ပြောတယ် ။
မေးပါရစေဦး။ လယ်သမားတွေ ဆန္ဒပြတာ အပျက်သဘော
ဆောင်နေတယ်လို့ မင်းတို့က ဆိုချင်သလား။ ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက
တောင်ဖြိုနေတာ၊ ပတ်ဝန်းကျင် တခုလုံး အဆိပ်သင့်အောင်လုပ်နေတာကိုမှ အပြုသဘောလို့
ပြောချင်သလား။ ဘယ်သူက အပြု၊ ဘယ်သူက အပျက်ဆိုတာကို မင်းတို့ သေသေချာချာ
စဉ်းစားဖို့သင့်တယ်။
ဂျင်မီတို့ ပြောတဲ့ စကားတွေကို ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်ပါ။
လယ်သမားတွေ ဆန္ဒပြတာကို ရပ်ပြီး အိမ်ပြန်ကြဖို့သာ ဂျင်မီတို့ ပြောတယ်။
လယ်သမားတွေရဲ့ အသိမ်းပိုက်ခံလယ်တွေ ပြန်ပေးဖို့ တခွန်းမှ မပြောဘူး။
ကြေးနီစီမံကိန်း ရပ်ဖို့ တခွန်းမှ မပြောဘူး။ ရပ်ဖို့ မပြောရုံသာ မက အလွယ်တကူ
ရပ်လို့ မရဘူးဆိုပြီး ဦးပိုင်ဘက်က ရှေ့နေလိုက်ပြီး ပြောတယ်။ အလွယ်တကူ ရပ်လို့
မရဘူး ဆိုတဲ့ စကားကို ဦးပိုင်ထက် အရင်၊ အစိုးရထက်အရင် ဂျင်မီတို့ ၈၈ တွေက စပြီး
တိုင်းသိပြည်သိ လူသိရှင်ကြား ပြောဆိုခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားဖို့
လိုပါလိမ့်မယ်။ ဒါဟာ နောင်တချိန်မှာ သမိုင်းဖြစ်လာမှာပါ။
အလွယ်တကူ ရပ်လို့ မရဘူးလို့ သူတို့ ဘာ့ကြောင့်
ပြောနိုင်သလဲ။ လက်ပံတောင်းစီမံကိန်း အကြောင်းသူတို့က ဘယ်လောက်သိလို့လဲ။ ဘယ်သူက
ဘာပြောထားလို့လဲ။ မြစ်ဆုံ စီမံကိန်းတောင် ချက်ချင်းရပ်လို့ ရရင်
လက်ပံတောင်းစီမံကိန်းကို ဘာ့ကြောင့် ရပ်လို့ မရနိုင်ရမလဲ။
ဒီတော့ ထပ်မေးပါရစေဦး။
ဂျင်မီ မင်းတို့ ဘယ်သူ့အတွက် လာကြတာလဲ။ လယ်သမားတွေ
အတွက်လာတာလား။ ဦးပိုင် အတွက်လာတာလား။ စိုးသိန်းနဲ့ အောင်မင်းက
ငွေဆယ်သိန်းပေးလိုက်လို့ မင်းတို့ ဘက်ပြောင်းသွားပြီလား။ စကိုင်းနက်တို့
ဇော်ဇော်တို့က သိန်းလေးငါးရာစီ လှူလိုက်လို့ မင်းတို့ ခရိုနီဘက်၊
ဘက်ပြောင်းသွားကြပြီလား။ မင်းတို့ ၈၈ တွေ ဖွတ်နဲ့ ပေါင်းလို့ ဖွတ်ဒေါင်း
ဖြစ်ကုန်ကြပြီလား။
ဗကသ ကျောင်းသားတွေ အနေနဲ့ အခြေအနေကို ဝင်ရောက်
ထိန်းသိမ်းပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ဂျင်မီက ပြောလိုက်သေးတယ်။
နောက်မှ ကမန်းကတန်း လိုက်လာပြီး ရှေ့က ဆရာကြီးလုပ်ချင်တဲ့ ပြောကွက်ပါပဲ။
အရပ်စကားနဲ့ ပြောရရင်တော့ ဗကသ အပေါ် ညွန့်လိုက်တာပါ။ ဗကသ အပေါ်လူပါးဝလိုက်တာပါ။
ဗကသက ဝင်ရောက်ထိန်းသိမ်းပေးတာ ဟုတ်လို့လား။ ဒီစကားဟာ
ဗကသကို တင်စီးပြောဆိုတဲ့ စကားဖြစ်ရုံတင်တောင်မကပါဘူး။ စော်ကားလိုက်တဲ့ စကားလည်း
ဖြစ်ပါသေးတယ်။ ဗကသက လယ်သမားတွေရဲ့ အကျိုးကို ကူညီဆောင်ရွက်ပေးနေတာပါ။ လယ်သမား
တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ အတွက် ပူးပေါင်းတောင်းဆိုပေးနေတာပါ။ လယ်သမားတွေကို
စော်ကားနှိပ်စက်တဲ့သူတွေရဲ့ ရန်ကနေ ကာကွယ် စောင့်ရှောက်ပေးနေတာပါ။ လယ်သမားတွေဘက်က
ရပ်တည်နေတာပါ။ ဒီလို ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ ဗကသကို သူတို့လို
လှေနံနှစ်ဘက်နင်း မမြဝင်းတွေလို့ ထင်သွားအောင် သူခိုးသေဖော်ညှိတဲ့ စကားပါ။
သူတို့ဘက် ဆွဲသွင်းတဲ့ စကားပါ။
သမိုင်းကို ပြန်ကြည့်စမ်းပါ။ ဗကသဟာ ဖိနှိပ်သူနဲ့
ပြည်သူကြားမှာ ကြားနေဆိုတဲ့ စကားမျိုး ပြောခဲ့ဖူးသလား ဆိုတာ။ ၁၃၀၀ ပြည့်မှာ
အလုပ်သမားတွေ၊ လယ်သမားတွေ ဆန္ဒပြကြတော့ ကိုဗဟိန်းက မကွေးမှာ ဘာပြောခဲ့သလဲ။
ဂျင်မီသိရဲ့လား။ မင်းကိုနိုင်သိရဲ့လား။ မသိတာတော့ ဟုတ်အံ့မထင်ပါဘူး။ မေ့လိုက်တာပဲ
ဖြစ်မှာပါ။ ကိုဗဟိန်းက အလုပ်သမားတွေ အိမ်ပြန်ကြပါ။ ဖမ်းထားတဲ့ ခင်ဗျားတို့
သခင်ခေါင်းဆောင်ကို ပြန်လွှတ်အောင် အင်္ဂလိပ်အစိုးရကို ကျနော်တို့
ကျောင်းသားခေါင်းဆောင်တွေ တောင်းပန်ပေးပါ့မယ်လို့များ ပြောခဲ့သလား။ အလုပ်သမားတွေ
အလုပ်မလုပ်ဘဲ သပိတ်မှောက်ရင် တိုင်းပြည်ဝင်ငွေ နစ်နာလိမ့်မယ်၊
အပြုသဘောဆောင်ပါလို့များ ပြောခဲ့သလား။ ကလေးတောင်သိတဲ့ စကားကို မင်းတို့ ၈၈ တွေ
အမှတ်ရအောင် ပြန်ပြောလိုက်ပါရစေဦး။ အင်္ဂလိပ် အစိုးရ ဘက်က နောက်ထပ် မြင်းခွာတချက်ပေါက်ရင်
ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်လို့ ပြောခဲ့ပါတယ်။ မှတ်ထား။ အဲဒါမှ
ခွပ်ဒေါင်း။ ဖွတ်ဒေါင်းမဟုတ်ဘူး။
နိုင်ငံတော် စီမံကိန်းဖြစ်လို့ လွယ်လွယ်နဲ့
မရပ်နိုင်ဘူး၊ ဆန္ဒပြတဲ့သူတွေဘက်က ရပ်ကြပါ ဆိုတဲ့ အယူအဆဟာ တကယ်တော့ ဂျင်မီ
တယောက်တည်းရဲ့ အယူအဆ မဟုတ်ဘူး။ ဂျင်မီ၊ ဇော်ဇော်မင်း၊ စမ်းချောင်းကိုကိုကြီး
သုံးယောက်ထဲရဲ့ အယူအဆလည်း မဟုတ်ဘူး။ ဂျင်မီ မုံရွာကို မရောက်ခင်ကတည်းက
မင်းကိုနိုင်က ရန်ကုန်မှာ ဒီစကားပြောနေတာကို ကြားခဲ့ရပြီးပြီ။ ဒီအယူအဆဟာ ၈၈
မျိုးဆက်ကျောင်းသား အုပ်စုကြားမှာ အားလုံး သဘောတူ ဆုံးဖြတ်ထားတဲ့ အယူအဆ၊ အားလုံး
ဆုံးဖြတ်ထားတဲ့ ရပ်တည်ချက်ပါ။
တကယ်တော့ ဂျင်မီ၊ ဇော်ဇော်မင်းတို့ မုံရွာမလာခင်ကတည်းက
ဇာတ်ညွှန်းက ရန်ကုန်က ပါလာပြီးသားပါ။ မုံရွာမှာ ဘာလုပ်ရမယ်၊ ဘာဖြစ်မယ်ဆိုတာ
စီစဉ်ပြီးသားပါ။ သူတို့ မုံရွာမလာခင်ကတည်းက ၈၈ နဲ့ စိုးသိန်း၊ အောင်မင်းတို့
စကားပြောပြီးပါပြီ။ လယ်သမား ၃ ယောက်လွှတ်ပေးဖို့ သဘောတူထားပြီးပါပြီ။
သာအေးဆီကိုလည်း လွှတ်မိန့်က ရောက်ပြီးနေပါပြီ။ မုံရွာမှာ လုပ်ကြတာက ဇာတ်တိုက်ထားတဲ့
အတိုင်းကပြတာပါ။ stage act ပါ။ ၈၈ ဘက်က ဒီစီမံကိန်းဟာ နိုင်ငံတော်အဆင့်ဖြစ်တဲ့
အတွက် အလွယ် တကူ ရပ်လို့ မရကြောင်း ပြောပြီး ဆန္ဒပြသူတွေ နောက်ဆုတ်ကြဖို့
သိမ်းသွင်း တရားဟောရေးကို လည်း လက်ခံ သဘောတူထားခဲ့ပြီးသားပါ။
ဦးပိုင်က စက်တင်ဘာ ၁၃ ရက်မှာ လုပ်တဲ့
သတင်းစာရှင်းလင်းပွဲကိုလည်း ကြည့်ပါ။ ဦးပိုင်လီမိတက်ရဲ့ စီမံကိန်းမန်နေဂျာ
ဦးမြင့်အောင်ရဲ့ ပြောစကားဟာ ဂျင်မီတို့ ပြောတဲ့ လေသံနဲ့ တထပ်တည်းပါ။ ဒါဟာ ၈၈ တွေ
ပြောတဲ့ စကားကို ဦးပိုင်ကလူတွေက သိပ်ကြိုက်လို့ လိုက် ပြောတာ မဟုတ်နိုင်ပါဘူး။ ၈၈
ပြောတဲ့ စကား၊ ဦးပိုင်ကပြောတဲ့ စကားတွေဟာ တနေရာတည်းက တခုတည်းသော ဆုံချက်ကနေ
ထွက်ပေါ်လာနေတာ ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မင်းကိုနိုင်က မြစ်ဆုံကို သွားတယ်။ မြစ်ဆုံစီမံကိန်း
မရပ်သေးဘူးလို့ ပြောတယ်။ မင်းဇေယျက စက်တင်ဘာ သံဃာ့ နှစ်ပတ်လည် အခန်းအနားလုပ်ဖို့
ပြင်ဆင်တယ်။ သူတို့ လုပ်ပုံတွေဟာ မယောင်ရာ ဆီလူးနေသလိုပဲ။ လက်ပံတောင်းက လယ်သမားတွေ
ရဲ့ နစ်နာမှုတွေ အပေါ် အာရုံစိုက်နေတဲ့ ပြည်သူတွေကို ကြံ့ဖွတ်နည်း၊ နအဖနည်းသုံးပြီး
အာရုံလွှဲနေသလားလို့ တောင် တွေးစရာ ဖြစ်နေတယ်။
နိုင်ငံရေး အဖွဲ့အစည်း တခုမှာ လုပ်မှားကိုင်မှား
တခါတလေရှိတာကို ခွင့်လွှတ်လို့ရတယ်။ အတွေးအခေါ်အမှား တခါတလေဝင်တာကို
ခွင့်လွှတ်သီးခံလို့ရတယ်။ ဒါပေမဲ့ ရပ်တည်ချက်မှားရင် ရပ်တဲ့ဘက်မှားရင် ပြဿနာ
သိပ်ကြီးတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို သတိပေးပါရစေ။
အခုမောင်ရင်တို့ ၈၈ ရဲ့ ရပ်တည်ချက်ဟာ လူထုကိုဆန့်ကျင်တဲ့ ရပ်တည်ချက် ကြံ့ဖွတ်အာဏာရှင်ဘက်မှာ
ရပ်တည်တဲ့ ရပ်တည်ချက် ဖြစ်နေပြီဆိုတာ သတိပေးပါရစေ။
အခု လယ်သမားတွေက ဦးပိုင်လူရဲ့ အလောင်းသင်္ဂြိုဟ်ပွဲဆိုတာ
လုပ်နေပြီ။ ဦးနှမ်းဖြူး ၈၈ နှစ်ရဲ့ အသုဘ အခန်းအနားဆိုပြီး အလောင်း ကောင် သင်္ဂြိုဟ်
ဆန္ဒပြပွဲ လုပ်နေပြီ။ မင်းတို့ ၈၈ တွေကို လယ်သမားတွေက အလောင်းကောင်လုပ်ပြီး
ခေါင်းထဲထည့် ဆန္ဒပြနေတာ မင်းတို့ မရှက်ဘူးလား။
မင်းတို့လုပ်တဲ့ အလုပ်ဟာ ပြီးပြီး ပျောက်ပျောက်
လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ မင်းတို့ လျှောက်တဲ့ လမ်း ခြေရာကျန်မယ်။
ဖွတ်ဒေါင်းသွားရာလမ်းမှာ စွတ်ကြောင်းကျန်မယ်။ ဒါမင်းတို့ရဲ့ သမိုင်းပဲ။
ပြည်သူ့ရန်သူတွေရဲ့ ပေးစာကမ်းစာကို ယူပြီး ပြည်သူကို
စော်ကားတဲ့ လုပ်ရပ်၊ မင်းတို့ ရပ်တန်းကရပ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
No comments:
Post a Comment