Saturday, September 23, 2017

အတူနေထိုင်ခွင့်၊ အတူမျှော်လင့်ခွင့်

အတူနေထိုင်ခွင့်၊ အတူမျှော်လင့်ခွင့် (အပိုင်း ၁)
အစကတော့မရေးဘဲနေမလို့ပါဘဲ။ ဒါပေမယ့် အခုအားလုံးကို မေတ္တာရှေ့ထားပြီးရေးလိုက်ပါတယ်။ ကျွန်တော်တို့လင်မယားနှစ်ယောက်ကို ရိုဟင်ဂျာကိစ္စနဲ့ပါတ်သက်ပြီး အထူးသဖြင့် ဥမ္မာက Human Rights Council ကို တင်သွင်းတဲ့ Forum Asia ရဲ့ တင်ပြချက်ကို ဖတ်ပြီးတဲ့နောက်ပိုင်းမှာ လူကျွံဘောတွေအပါအဝင် မျိုးစုံအောင်ပြောလာတာတွေတွေ့တော့ ချစ်ခင်သူ၊ ရင်းနှီးသူများပါ သိစေချင်လို့ ကျွန်တော်တို့ရပ်တည်ချက်ကိုရှင်းပြလိုပါတယ်။ ဒီဟာကို ဖတ်ပြီးလို့ အမြင်ချင်းမတူရင်လဲ ကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့ ပြောဆိုစွပ်ဆွဲတိုက်ခိုက်မှုတွေကိုတော့ အမုန်းတရားကို အခြေခံတာမို့လို့ (ဘယ်တော့မှ) တုန့်ပြန်နေမှာမဟုတ်ပါဘူး။
ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂါလီ ခင်ဗျားတို့ဘယ်လိုဘဲခေါ်ခေါ် ထိုပုဂ္ဂိလ်များအပေါ်မှာ ကျွန်တော့်ရပ်တည်ချက်ရှိပါတယ်…အဲဒါ ၂၀၁၃ မြန်မာပြည်ဝင်ကတည်းကလဲ သတင်းစာများနဲ့ ပြောဘူးခဲ့သလို အခုလည်းထပ်ပြောပြပါ့မယ်……
လူ့အခွင့်အရေးရပ်တည်ချက်
သူတို့ကို လွတ်လပ်ခွင့်နဲ့အတူ လူ့ဂုဏ်သိက္ခာနှင့်အညီနေထိုင်ခွင့်ရှိသင့်သော လူသားများအနေနဲ့မြင်ပါတယ်။ ဘယ်နိုင်ငံသားဖြစ်ဖြစ်၊ ဘယ်ဘာသာကိုးကွယ်ကွယ်၊ ဘာနိုင်ငံရေးအယူဝါဒရှိရှိ လူသားတစ်ယောက်အနေနဲ့ လူပီသစွာအသက်ရှင်နေထိုင်ခွင့်ရှိသင့်တယ်လို့မြင်ပါတယ်။
အဲဒီအတွက် လူသားချင်းစာနာမှုအရ
သက်သက်ကိုဘဲ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာရှိခွင့် ရှိရမယ်လို့မြင်ပါတယ်။ သူတို့ အပေါ် အဲဒါတွေရှိခွင့်မရအောင် လူပုဂ္ဂိုလ်တွေက ချိုးဖောက်နေတာတွေအပြင်၊ စံနစ်အရ၊ ဥပဒေအရပါ ချိုးဖောက်နေတာတွေရှိရင်လဲ ထောက်ပြရမှာဖြစ်ပြီး၊ ထပ်မံမချိုးဖောက်အောင်လဲ တိုက်တွန်းဆောင်ရွက်ရမှာဖြစ်သလို၊ ချိုးဖောက်မှုတွေရပ်တန့်သွားအောင်အပြင် ထပ်မံမဖြစ်ရအောင် အရေးယူပညာပေးမှုတွေလုပ်ပေးရမှာဘဲဖြစ်ပါတယ်။
ဒါ့အတွက်ကြောင့်ဘဲ ARSA အကြမ်းဖက်အဖွဲ့လို့ မြန်မာအစိုးရကသတ်မှတ်ပြီး ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ရွာမီးရှို့တာ၊ သတ်ဖြတ်တာ၊ ကယ်ဆယ်ရေးအကူအညီတွေဖြတ်တောက်ခံရတာ၊တွေကို မဆိုင်တဲ့အရပ်သားတွေအပေါ်ချိုးဖေါက်ခံရမှုဖြစ်လို့ အဲဒီအရှိအတိုင်းဘဲပြောဆိုထောက်ပြဝေဖန်နေတာဘဲဖြစ်ပါတယ်၊ အနည်းဆံုးု လူဦးရေ ၄ သိန်းလောက်ထွက်ပြေးနေတာ၊ မြန်မာအစိုးရနဲ့စစ်တပ်ကိုယ်တိုင်က နယ်မြေရှင်းလင်းရေးမှာ အရပ်သား ၄၀၀ ကျော် သေဆုံးသွားတယ်လို့ထုတ်ပြန်ခဲ့တာ၊ နဲ့ အခြားမီဒီယာအထောက်အထားတွေအမြောက်အမြားထွက်လာတဲ့အပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာ နဲ့ ကုလသမဂ္ဂက ပြောလာကြတာဖြစ်ပါတယ်။
အဲဒီလို အလားတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအဖြစ်အပျက်တွေကို ဥမ္မာတို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ ပြောနေခဲ့တာ အခုမှမဟုတ်ပါဘူး၊ တိုင်းရင်းသားဒေသတွေကို တပ်မတော်က ထိုးစစ်ဆင်တိုင်း၊ တိုက်ပွဲဖြစ်တိုင်း ဖြတ်လေးဖြတ်ပေါ်လစီကို ကျင့်သုံးပြီး ရှင်းလင်းရေးလမ်းကြောင်းတလျှောက်မှာရှိတဲ့ တိုင်းရင်းသားရွာတွေ မီးရှို့၊ လက်လွတ်စပယ်သတ်ဖြတ်၊ မုဒိန်းကျင့်၊ အတင်းရွှေ့ပြောင်း၊ ပေါ်တာဆွဲ၊ ဆက်ကြေးကောက် အဲဒါတွေလုပ်ခဲ့လို့ မြန်မာပြည်အရှေ့ နဲ့ အရှေ့တောင်ပိုင်းမှာ ပြည်တွင်းရွှေ့ပြောင်းလှည့်လည်နေထိုင်နေရသူ ၄ သိန်းနီးပါး (၂၀၁၅ ဒေတာအရ) နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ ဒုက္ခသည် ၁ သိန်း နီးပါး (အဲဒီအထဲမှာ အဲဒီစခန်းတွေထဲကနေ တတိယနိုင်ငံတွေကိုရွှေ့ပြောင်းသွားတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေမပါဘူး) လက်ရှိရှိနေတယ်။ အဲဒီလိုအလားတူဘဲ ၁၉၉၆ တုန်းက တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပြီး စစ်တပ်ရဲ့ချိုးဖောက်မှုတွေမခံနိုင်လို့ ရှမ်း ၃ သိန်းကျော် ထိုင်းနယ်စပ်ကိုထွက်ပြေးလာခဲ့ရဘူးတယ်။ ဆိုလိုတာက အခုပြောနေတဲ့ ကဏန်းတွေထဲမှာ ၂၀၁၁ နောက်ပိုင်း ပြန်ဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် အလားတူထွက်ပြေးလာရတဲ့ ကချင်နဲ့ရှမ်းပြည်နယ်ထဲက ပြည်တွင်းရွှေ့ပြောင်းထွက်ပြေးရသူတွေ စာရင်းမပါသေးဘူး။ စစ်တပ်က စစ်ဆင်ရေးလုပ်တိုင်း ဖေါ်မြူလာလိုဖြစ်နေတဲ့ကိစ္စပါ။ အဲဒါမျိုးအဖြစ်အပျက်တွေကို ဥမ္မာအပါအဝင် အခြားလူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂနဲ့နိုင်ငံတကာမှာ အမြဲတမ်း ပြောခဲ့၊ ထောက်ပြခဲ့၊ အဲဒီချိုးဖောက်မှုတွေရပ်တန့်သွားဘို့ စစ်တပ်ကိုဖိအားပေးခဲ့ကြတာပါဘဲ။ ဒါကိုလည်း အားလုံးက ဝိုင်းဝန်းကန့်ကွက်ကြ၊ ရပ်တန်းကရပ်ဘို့အတွက် အကြံပြုတိုက်တွန်းကြ၊ ဖိအားပေးခဲ့ကြတာပါဘဲ။
အခု ရခိုင်မှာဖြစ်တဲ့ကိစ္စကို လူ့အခွင့်အရေးကောင်စီမှာ ဥမ္မာတို့ပြောတာတွေကလဲ နိုင်ငံတကာအစိုးရတွေရှေ့မှာ အထောက်အထားခိုင်လုံပြီး ကုလသမဂ္ဂက အတည်ပြုထားတဲ့သတင်းအချက်အလက်တွေကိုဘဲ ပြောပြတာဖြစ်ပါတယ်… နိုင်ငံတကာကလဲ သတင်းတွေကို ဒီအတိုင်းယုံတတ်တာမျိုးမဟုတ်ဘဲ သူတို့ကိုယ်ပိုင် သတင်းကောက်ယူစုံစမ်းမှုတွေရော၊ အခြားနည်းလမ်းတွေနဲ့ပါစီစစ်ပြီးမှ လက်ခံတာမျိုးဘဲဖြစ်ပါတယ်။
အရင်က တိုင်းရင်းသားတွေအပေါ် အဲဒါမျိုးအဖြစ်ခံရလို့ နိုင်ငံတကာကို တင်ပြတုန်းကတော့ အများသူငါ ထောက်ခံနိုင်ခဲ့ကြပီး အခုကျမှ ဘာဖြစ်လို့ အဲဒီလိုမမြင်တာလဲ။
ဘင်္ဂါလီ သို့မဟုတ် ရိုဟင်ဂျာတွေကို အသားရောင်အပေါ်အခြေခံပြီး ကျွန်တော်တို့နဲ့ မတူသူအဖြစ် နှိမ်ချခွဲခြားတာလား။ “ညစ်ပါတ်သူ၊ စည်းကမ်းမရှိသူ၊ လိမ်ညာသူ၊” အဖြစ်သတ်မှတ်ထားလိုက်တာလား။ အိမ်ရှင်၊ ဧည့်သည်အနေနဲ့ စည်းခြားလိုက်တာလား။ ကျုးကျော်သူ သို့မဟုတ် အကြမ်းဖက်သူ အဖြစ်မြင်ထားလိုက်တာလား။ မွတ်ဆလင်လူမျိုး ၊ ပြင်းထန်တဲ့ဘာသာရေးကျင့်သုံးမှုရှိသူအဖြစ် သတ်မှတ်လိုက်တာလား။ လူသားလို့မြင်နိုင်တဲ့အခြေအနေကနေ အန္တရာယ်ရှိသူအဖြစ် အမြင်ရောက်သွားတဲ့ အခါကျတော့ လူသားဆန်စရာမလိုဘူး၊ လူ့အခွင့်အရေးကြည့်စရာမလိုဘူးဆိုပြီး အထက်က လူသားဆန်တဲ့အမြင်၊ လူ့အခွင့်အရေးဖက်ကကြည့်သူတွေရဲ့ အမြင်ကိုပါ ရန်သူအဖြစ်စည်းခြားလိုက်တာလား။ ဒါတွေအားလုံးက ၂၀၁၂ ရခိုင်ကိစ္စ၊ မိတ္တီလာကိစ္စကနေဖြစ်လာခဲ့ပြီး၊ မဘသလှုပ်ရှားမှုကနေတဆင့်၊ ရိုဟင်ဂျာ မုန်းတီးဆန့်ကျင်ရေးအထိ ရောက်လာတာဖြစ်တယ်လို့ ကျွန်တော်တော့မြင်မိတယ်။
ကျွန်တော်တို့ စိုးရိမ်တာကလဲ ဘက်ဆိုတာ ၂ ဘက်ရှိတော့ အဲဒီလို မုန်းတီးမှုတွေကလဲ ဘင်္ဂါလီ သို့မဟုတ် ရိုဟင်ဂျာဘက်ထဲမှာလဲ ရှိလာနိုင်တယ်ဆိုတာကိုပါဘဲ။ အမုန်းတရားတွေကူးဆက်သွားနိုင်တယ်။
နှစ်ဘက်ကြားထဲမှာ အနေရအထိုင်ရကြပ်ပြီး စိတ်ပူမလုံခြုံဖြစ်နေရတာကတော့ ပြည်တွင်းမြန်မာမွတ်ဆလင်တွေအပါအဝင် အခြားလူနည်းစုတွေပေါ့။ “ဒီ ဘင်္ဂါလီတွေက အားအားနေ ကလေးတွေကြီးဘဲ အများကြီးမွေးနေတယ် “ လို့ ပြောတဲ့စကားကို “အေး မင်းတို့ပြောတာလဲဟုတ်သကွ၊ ကလေးတေအများကြီးမွေးပြီး မကျွေးနိုင်ရင် ဒုက္ခတွေများမယ်၊ စီးပွားရေးခက်မယ်” လို့ တွေးပြီး လက်ခံနားလည်ပေးနိုင်ရင်တောင် ဘာသာရေးအရ ကလေးဆိုတာ ဘုရားပေးတာဘဲလို့ လက်ခံယုံကြည်ထားတဲ့ မွတ်ဆလင်တွေ၊ ကက်သလစ်ခရစ်ယာန်တွေအတွက် သွားစိတ်အနှောက်အယှက်ဖြစ်ရတယ်၊ အကြောက်တရားနဲ့မလုံခြုံမှုကို ဖြစ်သွားစေတယ်ဆိုတာသတိထားလာမိတယ်။
အလားတူ “သူတို့နိုင်ငံက လူဦးရေပေါက်ကွဲမှုနဲ့ ငါတို့နိုင်ငံကို လူတွေကျုးကျော်ခိုးဝင်နေအောင်လုပ်နေတာ” လို့ပြောတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုလူနည်းစုတွေအနေနဲ့လဲ သူတို့နယ်မြေထဲကို မြန်မာတွေအများကြီး ရွှေ့ပြောင်းလာကြပြီး သူတို့ပြည်နယ်မှာ မူလရှိသူတွေကို လူနည်းစုဖြစ်အောင်လုပ်နေတယ်ဆိုတဲ့ ခံစားချက်ကြီး သူတို့ထဲမှာရော အလားတူရှိနေတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပေးရမယ်လို့ထင်ပါတယ်။
နိုင်ငံသားရပ်တည်ချက်
၁၉၅၈ ခုနှစ်လောက်ကတည်းက မရှုင်းနိုင်ဘဲ တဝဲလည်လည် နဲ့ တစိုးရတက် တမျိုးမူပြောင်း ဖြစ်သလို အဆင်ပြေသလိုကျော်လွှားခဲ့ကြတဲ့ကိစ္စ အဖြေတွေမှားနေလို့ ဒီအဆင့်အထိရောက်လာပါပြီ။ အနည်းဆုံး ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ဖြေရှင်းတာအဆင်မပြေဘူးဆိုတာတောင်သိသာနေပါပြီ။ (ဒီကိစ္စနဲ့ဘာမှမဆိုင်ဘဲပြောရမယ်ဆိုရင်တောင် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေဟာ တော်တော်ကြီးကို ခေတ်နောက်ကျနေတဲ့ အတွေးအမြင်နဲ့ အခြေခံထားတာမို့ပြင်သင့်နေတာပါ။)
- လူ့အခွင့်အရေးအရ လူသားတိုင်းဟာနိုင်ငံသားအဖြစ်တနိုင်ငံငံမှာ ဖြစ်ခွင့်ရှိပါတယ်။ (နိုင်ငံသားဖြစ်မနေရင်တောင်မှ အခြေခံလူ့အခွင့်အရေးကိစ္စတွေကို ချိုးဖောက်လို့မရပါဘူး)
- မှန်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီလဲဖြစ်ရမှာပေါ့။ ဒါပေမယ့် တရားမျှတတဲ့ဥပဒေဖြစ်ဘို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တာဝန်ပေးထားတဲ့ကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်တွေကိုလဲ ဒေါ်စုအစိုးရက တာဝန်ယူအကောင်ထည်ဖေါ်မယ်လို့ပြောထားတာလဲရှိတယ်။ အဲဒါကလည်း ဒီပြသာနာတွေကိုနည်းလမ်းတကျစတင်ဖြေရှင်းနိုင်ဘို့ လမ်းကြောင်းအစဖြစ်မယ်လို့ထင်ပါတယ်။
- အဲဒါနဲ့အညီ နိုင်ငံသား စီစစ်ပါ။ (အရင် အတုလုပ်ပေးခဲ့တဲ့ လဝကတွေကိုပါပြန်မေးပြီး အတုလုပ်ထားတဲ့ ဟာတွေပါပြန်ဖေါ်ထုတ်စီစစ်တာတောင်ကောင်းသေးတယ်။)
- စီစစ်ပြီးသားသူတွေကိုလွတ်လပ်စွာသွားလာလုပ်ကိုင်စားသောက်ခွင့်ပြုပါ။ နိုင်ငံသား နဲ့ နိုင်ငံရေး အခွင့်အရေးတန်းတူပေးပါ။
အဲဒီရိုဟင်ဂျာတွေ နိုင်ငံသားစီစစ်ရေးကိစ္စမှာ အဓိက တာဝန်ရှိခဲ့တဲ့သူတွေက စစ်အစိုးရအဆက်ဆက်ဘဲ၊ သူတို့ရှုပ်ခဲ့တဲ့ကိစ္စ၊ သူတို့ပြန်မီးမွှေးနေတယ်ဆိုတာကိုမြင်ဘို့လိုတယ်။
 
 
 
Naing Aung is with Khin Ohmar.
2 hrs ·
အတူနေထိုင်ခွင့်၊ အတူမျှော်လင့်ခွင့် (အပိုင်း ၂)
ဒုက္ခသည် (refugee) ဆိုင်ရာကိစ္စ
လူ့အခွင့်အရေးအခြေခံအရ လူတိုင်းဟာ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံပိုင်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ နိုင်ငံရေးခိုလှုံပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားမဟုတ်ဘူးလို့စီစစ်ရပြီးတဲ့လူတွေကို ဘင်္ဂလားဒေ့ရှ်ကရော၊ မြန်မာနိုင်ငံကရော နိုင်ငံသားအဖြစ်နဲ့လက်မခံနိုင်ဘူးဆိုရင် အဲဒီလူတွေကို အသက်ရှင်ရပ်တည်နိုင်ဘို့ ၂ နိုင်ငံစလုံးက ဒုက္ခသည်ဦးရေကို မျှဝေယူပြီး နိုင်ငံတကာကြီးကြပ်မှု၊ ကူညီမှုနဲ့ လက်ခံပေးသင့်ပါတယ်။ ပျုပျုငှာငှာလဲ ရှိသင့်ပါတယ်။ ပြီးရင် နိုင်ငံတကာအကူအညီနဲ့ တတိယနိုင်ငံရွှေ့ပြောင်းနေရာချထားမှု အစီအစဉ်တွေလုပ်သင့်ပါတယ်။ ဒါကမူပါ။
လူဦးရေများနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအနေနဲ့ ဒါကိုအခွင့်ကောင်းယူပြီး သူ့နိုင်ငံသားတွေကိုပါထည့်မလာနိုင်ဘူးလား၊ အဲဒီစခန်းကို အကြမ်းဖက်တွေက ခြေကုပ်မယူနိုင်ဘူးလားဆိုတာတွေရှိနိုင်ပါတယ်။ သူတို့က နိုင်ငံရေးဒုက္ခသည်မှမဟုတ်ဘဲဟာ၊ စီးပွားရေးဒုက္ခသည်တွေဘဲဟာဆိုတဲ့အမြင်တွေလဲရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ အကုန်ဖြစ်နိုင်တယ်။ ကိုယ်ဖြတ်သန်းနေခဲ့တဲ့ ထိုင်းနယ်စပ်တလျှောက်မှာဘဲ အဲဒီအတိုင်းဘဲဖြစ်ခဲ့တာဘဲ။ ဒါပေမယ့် terrorist တွေနေခဲ့တယ်လို့ပြောတာမဟုတ်ဘူး။ ရန်ကုန်ကတောင်ကျော်လာ၊ ဂွင်ရိုက်ပြီး နိုင်ငံခြားကို အန်အယ်ဒီ၊ မောင်ကျောင်းသားဆိုပြီး ရောက်သွားတာလဲ အများကြ်ီး၊ ကုလားတွေလဲ မွတ်ဆလင်ဖြစ်လိုက်၊ ကော်လာသူးဖြစ်လိုက်၊ ခွပ်ဒေါင်းဖြစ်လိုက်၊ ရိုဟင်ဂျာဖြစ်လိုက်ဘဲ။ ဒါ့အပြင် အများစုကြီးကတော့ ခင်ဗျားတို့ကျွန်တော်တို့ပြောနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုကြီးလေ။ အားလုံးသော ထိုသူများသည် ဖိနှိပ်မှုကြောင့်ဘဲဖြစ်ဖြစ်၊ စီးပွားရေးကြောင့်ဘဲဖြစ်ဖြစ် ရေကြည်ရာမျက်နုရာကိုရွှေ့ပြောင်းလာကြရင်း ရုန်းကန်ပြီး အခွင့်အရေးကိုတိုက်ပွဲဝင်ကြရင်း၊ အိမ်ရှင်ကောင်း၊ မိတ်ဆွေကောင်း၊ နိုင်ငံတကာကောင်းတွေနဲ့တွေ့ပြီး အခုလိုမျိုး နိုင်ငံခြားရောက် အလုပ်သမားအခွင့်အရေးတွေရ၊ တချို့ဆို ထိုင်းထဲမှာတောင်နိုင်ငံသားတွေဖြစ်၊ ကိုယ်ချင်းစာစရာတွေအများကြီးပါ။ ကျွန်တော်တို့ ၈၈ ရောက်စကဆို ထိုင်းတွေက မြန်မာလို့ဖြေမိလိုက်တာနဲ့ အတိတ်သမိုင်းကြောင့်တံတွေးထွေးခံရသေး၊ အောင်ဇေယျလို့နာမည်ရင်းကို ပြောမိတာနဲ့ အထိုးခံရသေး၊ ဒါပေမယ့် အခုဆိုရင် မြန်မာအလုပ်သမားတွေ ကျွန်ပြုခံရတယ်ဘဲပြောပြော အသက်ရှင်သန်ပိုင်ခွင့်၊ အလုပ်ကို တရားဝင်လုပ်ပိုင်ခွင့်၊ ကလေးတွေ ကျောင်းတက်ပိုင်ခွင့်၊ ဘတ် ၃၀ နဲ့ ဆေးကုပိုင်ခွင့် …ဒါတွေရတယ်လေ။ ထိုင်းတွေ ငါတို့နိုင်ငံကို မြန်မာတွေအုပ်စီးသွားလိမ့်မယ်၊ လူဦးရေပေါက်ကွဲမှုကြီးနဲ့ ငါတို့ခံရလိမ့်မယ်လို့မပြောပါဘူး။
နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စ
ရိုဟင်ဂျာတွေကလဲ ဘင်္ဂါလီမဟုတ်ဘူးပြောတယ်။ ဘင်္ဂလာဒေ့ဂ်ျကလဲ သူတို့နိုင်ငံကမဟုတ်ဘူး၊ မြန်မာပြည်ကလဲ ကျုးကျော်သူတွေတဲ့၊ ပြောတယ်။ ကျွန်တော့တစ်ယောက်အမြင်အရတော့ သမိုင်းကြောင်းအရ ငြင်းကြခုန်ကြ တာကောင်းတယ်။ အဖြစ်မှန်စီစစ်တာကောင်းတယ်။ ဒါပေမယ့် သူ့လူမျိုးသူဘာဘဲခေါ်ခေါ်၊ ဘာ ဘာသာစကားဘဲပြောပြော သူတို့ရဲ့ ပြဋ္ဌာန်းခွင့်ကိစ္စလို့ဘဲမြင်တယ်။ ဒါပေမယ့် အဓိကအငြင်းပွားချင်နေကြတာအဲဒါမဟုတ်ဘူးလို့ဘဲ ကျွန်တော်ထင်တယ်။ အဲဒါကိုဘဲတည့်ရှင်းသင့်တယ်။ ကျွန်တော့် နိုင်ငံရေးအမြင်အရတော့ အဲဒီရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂါလီတွေဟာ
ဋ္ဌာနေတိုင်းရင်းသားလူမျိုးတရပ်အနေနဲ့ ပြည်နယ်ရယူပိုင်ခွင့်မရှိသင့်ပေမယ့် နိုင်ငံသားတော့ဖြစ်ခွင့်ရှိသင့်တယ် ဆိုတာပါဘဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်၊ ၁၀၀၀ ကျော်လောက်ကတည်းက နေခဲ့ဘူးချင်လဲနေခဲ့ဘူးမယ်။ ဘုရင်လဲဖြစ်ချင်ဖြစ်ခဲ့ဘူးမယ်။ ဒါပေမယ့် ပြည်နယ်အဆင့်တောင်းတဲ့ အဆင့်ကို မကြိုးပမ်းဘဲ နိုင်ငံသားအခွင့်အရေးကို တန်းတူရည်တူရတဲ့ နိုင်ငံသားအဆင့်မှာဘဲ နေသင့်တယ်လို့ထင်ပါတယ်။ (အဲဒီအကြောင်းကို မတရားဘူးလို့ထင်နိုင်တဲ့သူတွေလဲ ရှိနိုင်ပါတယ်။ နောက်များမှ သီးသန့်ဆွေးနွေးပါ့မယ်။)
နိဂုံး - အတူနေထိုင်ခွင့်၊ အတူမျှော်လင့်ခွင့်
အထက်ပါတင်ပြမှုများဟာ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးနိုင်ငံရေးရပ်တည်ချက်များဖြစ်ပါတယ်။ လူသားချင်း မခွဲခြားဘဲ အသက်ရှင်သန်ခွင့်ပေးရမယ်။ ချိုးဖောက်နေတာတွေ့ရင်လဲပြောရမယ်။ ဖိနှိပ်ခံရသူဘက်၊ မတရားမှုကို ခံနေရတဲ့ဘက်မှာ ပိုရပ်တည်ပေးရမယ်။
နိုင်ငံသားဖြစ်ချင်သူတွေကိုစီစစ်ပြီး သဘောထားကောင်းကောင်းနဲ့ မခွဲမခြားလက်ခံပေးပါ။ တရားမျှတတဲ့ဖြစ်စဉ်နဲ့လုပ်ပါ။ ဒေါ်စုအစိုးရလက်ခံထားတဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေလဲ လမ်းစရှိထားပြီးပြီ။ နိုင်ငံသားမဖြစ်နိုင်သူတွေကိုလဲ အချိန်ကန့်သတ်ချက်နဲ့ ဒုက္ခသည်အဖြစ်ပေးနေပြီး အခြားတိုင်းပြည်မှာ ဆက်လက်ရှင်သန်ခွင့်ပြုပါ။ ကိုယ့်တိုင်းပြည်ကလူတွေ၊ တိုင်းရင်းသားတွေလဲ ဒီလိုကြုံခဲ့ရတယ်ဆိုတာ ပြန်လည်အမှတ်ရကြလိမ့်မယ်လို့ထင်ပါတယ်။
ရိုဟင်ဂျာတွေကို ပြည်နယ်ပေးဘို့ကိစ္စတော့မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်လဲ လက်ခံတယ်။ ဒါပေမယ့် သူတို့နာမည်ကို သူတို့ဆန္ဒအတိုင်း ခေါ်တာကိုလက်ခံပေးနိုင်ရမယ်လို့တော့ထင်တယ်။ ကျွန်တော်တို့တွေအားလုံးအတွက် လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်ဘို့ပဓါန အကျဆုံး ဆိုတာနဲ့ အတူတူချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်အောင်ကြိုးစားဘို့ပါဘဲ။
အခု ကမ္ဘာ့အလည်မှာ ဒေါ်စုရော၊ မြန်မာပြည်ရော ကျွန်တော်တို့အားလုံး ဂုဏ်သိက္ခာကျဆင်းနေတာအားလုံးအသိပါ။ ခင်ဗျားတို့က အစွန်းရောက်အကြမ်းဖက်မှုကိုဆန့်ကျင်တယ်ပြောတယ်၊ တပြိုင်နက်တည်းမှာ နိုင်ငံတကာလိမ်ညာနေတယ်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်၊ ဘင်္ဂါလီတွေကိုကျုးကျော်သူဆိုပြီးလက်မခံဘူး၊ တပ်မတော်က စစ်ဆင်ရေးလုပ်တာကိုထောက်ခံတယ်၊ ဒေါ်စုနဲ့ အတူရပ်တည်တယ်ဆိုတာတွေနဲ့တုန့်ပြန်ကြတယ်။ ကျွန်တော်က အစွန်းရောက်အကြမ်းဖက်မှုကို ဆန့်ကျင်တယ်။ ရိုဟင်ဂျာ သို့မဟုတ် ဘဂါင်္လီ တွေအပေါ်မှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတာကို ထောက်ပြရင်း ရပ်တန့်ဘို့တောင်းဆိုတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ ဒေါ်အောင်ဆန်းစုကြည် အစိုးရက အမြန်ဆုံး အကောင်အထည်ဖေါ်မယ်ဆိုတာကိုထောက်ခံတယ်။
အစွန်းရောက်အကြမ်းဖက်မှုတွေကို မုန်းတီးမှုတွေနဲ့ ဖြေရှင်းရင်တော့ အကြမ်းဖက်မှုသံသရာစက်ဝန်းထဲမှာ ချာလပါတ်လည်နေမယ့်အပြင် အစွန်းရောက်အကြမ်းဖက်မှုကို ဖြေရှင်းနိုင်ဘို့ ကျွန်တော်တို့နိုင်ငံက အဆင်သင့်မဖြစ်နေသေးတဲ့အပြင် တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအလုပ်တွေအတွက်လဲ အများကြီးနှောင့်နှေးသွားကုန်လိမ့်မယ်။ အသားအရောင်၊ ကိုးကွယ်ရာ၊ လိင်၊ လူမျိုး၊ မခွဲခြားဘဲ ကိုယ်ချင်းစာနာစိတ်ထားပြီး လောကပါလတရားပြည့်စုံတဲ့ လူ့အဖွဲ့အစည်းအတွင်း အတူနေထိုင်ခွင့်ကိုဘဲ မျှော့်လင့်ကြိုးစားချင်တာပါ။

No comments: