Monday, September 25, 2017

"ဒီနည်းးကောင်းသားးး

Nay Toe Hlaing

"ဒီနည်းးကောင်းသားးး"😂😂😂
ကိုယ်တွေ MLM ကို ပြန်လိမ်ခဲ့ကြတုန်းက...
တက္ကသိုလ်ကျောင်းသား သူငယ်ချင်းနှစ်ယောက်
မြို့ထဲ လမ်းမပေါ်မှာ ယောင်ပေပေနဲ့ လမ်းလျှောက်နေတုန်း
အသိတစ်ယောက်နဲ့ ပက်ပင်းသွားတိုးတယ်...

"မင်းတို့ ဘာလုပ်နေကြတာလဲ"
"ငါတို့ ဒီလိုပဲ ဟိုကြည့် ဒီကြည့်လျှောက်သွားနေတာ"
"မင်းတို့ အလုပ်မလုပ်ချင်ဘူးလား"
ဟာ ဒုက္ခပဲ၊ ကျောင်းတက်နေပါတယ်ဆို
အလုပ်မလုပ်ချင်ဘူးလားဆိုတော့...
အေး လုပ်ချင်တယ်ပဲ ပြောရတာပေါ့ ကြည့်ကောင်းအောင်
"အေး လုပ်ချင်တယ်ဆိုရင် ငါလုပ်နေတဲ့ အလုပ်ရှိတယ်
ငါတော့ တော်တော်လေး အဆင်ပြေနေတယ်"
ဟာ ပြဿနာပဲ၊ အဆင်ပြေနေတယ်လည်းပြောသေးတယ်
ကျောပိုးအိတ်တစ်လုံးနဲ့ မြို့ထဲလျှောက်သွားနေရသလားပေါ့
ဝတ်စားထားတာ ကြည့်လိုက်တော့လည်း ကိုယ့်လောက်တောင်
ရုပ်ကမထွက်၊ နွမ်းဖတ်ဖတ်၊ ပေစုတ်စုတ်နဲ့ ဟာကို...
အေးပေါ့လေ သူအဆင်ပြေတယ်ဆိုတာ ဘဏ်ထဲမှာများ
ကြိတ်စုထားလို့ အဆင်ပြေနေတာလားဟပေါ့...
"မင်းတို့ အချိန်ရရင် ငါမင်းတို့နဲ့ ဆိုင်တစ်ဆိုင်သွားပြီး
အေးအေးဆေးဆေး စားရင်းသောက်ရင်း ရှင်းပြချင်တယ်ကွာ"
သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
"ငါကျွေးမှာပါကွ၊ လိုက်ခဲ့ပါ"
ကြိုက်ပြီလေ၊ ရှယ်ကို တွယ်ပစ်လိုက်မယ်၊ သူပြောချင်တာ
ပြောပါလေ့စေဆိုပြီး လိုက်သွားကြတာ...
ဆိုင်ရောက်တော့ စားပွဲထိုး လှမ်းခေါ်ပြီး
"ဝက်ကြေးအိုး ပွဲကြီးရှယ် နှစ်ပွဲ၊ စတော်ဘယ်ရီလက်ဖျော်နှစ်ခွက်"
အေးရော၊ မှတ်ထား...
ကိုယ်တွေ နှစ်ယောက်စထိုင်ကတည်းက သကောင့်သားက
စလွှတ်ပါတယ်၊ တခါတလေ ဘိုလိုတွေလည်း ညှပ်ညှပ်ပြောလေရဲ့
သူပြောတော့ ပြောနေတယ်၊ သူပြောတာတွေကို ကိုယ်တွေက
နားထဲ တစ်လုံးမှ မဝင်ပါဘူး၊ ဘယ်ဝင်မလဲ ကိုယ်တွေက
ဒကာရှိတုန်းဆိုပြီး ကြေးအိုးကို အသက်မရှူဘဲ စားနေတာကို...
သူပြောတဲ့အထဲမှာ ဘလဲတွေရော၊ ဂလဲတွေရော၊ သလဲတွေရော
စုံနေတာပဲ၊ လက်ဟန်ခြေဟန်နဲ့ အာပေါင်အာရင်းသန်သန်နဲ့
ဘိုလိုတွေ ပြောတဲ့အခါ သူ့တံတွေးတွေ ကိုယ်ကြေးအိုးထဲ
မဝင်အောင်တောင် မနည်းဂရုစိုက်နေရတာပါ...
စားလို့ဝတော့ အအေးထပ်သောက်တယ်၊ သူကတော့
ပြောနေတုန်းပဲ၊ ဘယ်နိုင်ငံမှာ ဘယ်လို၊ ဘယ်လိုအဆင့်ဆိုရင်
ဘယ်လို၊ ဘယ်လိုရင်းရင် ဘယ်လိုမြတ် မိုက်တာ...
"မင်းတို့ ဘွဲ့ရလို့ အလုပ်လုပ်ရင် အလွန်ဆုံးက သုံးသိန်းပေါ့
ဒါက မင်းတို့ လုပ်နိုင်ရင် သိန်းသုံးဆယ်၊ သိန်းသုံးရာ အသာလေး"
အမယ် လူကြည့်တော့ ပေပေတေတေနဲ့ ပါးစပ်က သိန်းကို
ဆယ်ဂဏန်းကနေကို မဆင်းဘူး၊ ဒီအလုပ်ကိုမှ မလုပ်ရင်
ကိုယ်တွေ ဘဝက လမ်းဘေးရောက်ပြီး လုပ်လိုက်ရင်တော့
ချက်ချင်းလက်ငင်းကို မီလီယံနာ ဖြစ်သွားတော့မယ့်စတိုင်
သို့သော် ကြေးအိုး အလကားသောက်ရနည်းလားဆိုပြီး
သည်းခံနေလေရဲ့...
"မင်းတို့ စိတ်ဝင်စားရင် ငါက မင်းတို့ကို ဟိုတယ်မှာ
ငါတို့ရုံးက MD နဲ့ ရှင်းပြပေးမယ်၊ ဟိုက မင်းတို့ကို
Laptop ဖွင့်ပြီးတော့ကို သေချာရှင်းပြပေးမှာ"
ဟာ Laptop ဆိုပါလား၊ ငါတို့တောင် မမြင်ဖူးသေးဘူး
အားကျတယ်ကွာ၊ အေးလာခဲ့မယ်...
ချိန်းထားတဲ့နေ့ သူငယ်ချင်းနှစ်ကောင်သား
ဟိုတယ်ထဲကို ယောင်ပေပေနဲ့ ဝင်သွားကြတယ်
အမယ် သူတို့ MD အလန်းဟ၊ ကြောင်လျှာသီးနဲ့
လူကြမ်းမင်းသားတွေဝတ်တဲ့ ကုတ်အင်္ကျီဖားဖားကြီးနဲ့
Laptop ဆိုတာကြီးကို ဖွင့်လို့ ဖဲကစားနေလေရဲ့
ကိုယ်တွေ သူငယ်ချင်းနှစ်ယောက်လည်း ပျော်တာပေါ့
ဘဝမှာ ဒီတစ်ခါပဲ ကိုယ်တွေကို ဆေးဖော်ကြောဖက်လုပ်ပြီး
ဟိုတယ်ဖိတ်လို့ စကားပြောတာ ဒါပထမဆုံးမလား...
ကိုယ်တွေကတော့ သူတို့ပြောတာ သိပ်နားမလည်ဘူး
ဟိုတယ်ဆိုတော့ ဘာထပ်စားရမလဲပဲ ချောင်းနေတာ...
ပြောရင်း ပြောရင်းနဲ့ ကိုယ်တွေကို ပစ္စည်းတွေ ထုတ်ပြလေရဲ့
ဝယ်ရမယ်တွေရော၊ ရောင်းရမယ်တွေရော ရှုပ်နေတာပဲ
အမယ် ဒါကော်ဖ်ီမစ်တဲ့၊ ပြုးပြဲကြည့်မှ ကော်ဖီမစ်ဆိုပေမဲ့
ရိုးရိုးမဟုတ်ဘူးတဲ့၊ အိပ်ပျော်စားဝင်၊ လေးဖက်နာ၊
ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ် လေငန်း၊
ကျောက်ကပ်၊ အသဲ၊ အဆုတ်၊ ကလီစာ
အူမကြီး ပြောရင်းနဲ့ တုတ်ထိုးတောင် စားချင်လာတယ်
အကုန်ပျောက်သတဲ့...
အဲ ပျောက်တဲ့အကြောင်းပြောတာကလည်း ရိုးရိုးမဟုတ်ဘူး
ဆရာ၊ ဇာတ်လမ်းနဲ့ ဇာတ်ထုပ်နဲ့ ဇာတ်ညွှန်းနဲ့ မသိရင်
ရုပ်ရှင်တောင် ရိုက်ပစ်လို့ရတယ်၊ သူတို့ပြောတဲ့
ကော်ဖီမစ်သမိုင်းကြောင်းက...
ပြီးတော့ တခါ သွားတိုက်ဆေးတဲ့ သွားတိုက်ဆေးကလည်း
အလာကြီးခင်ဗျ၊ သွားတင်တိုက်လို့ရတာ မဟုတ်ဘူးရယ်
ဖင်လည်း လိမ်းလို့ရတယ်၊ သောက်လို့ရတယ်၊
ရှူလို့ရတယ်၊ ဖျော်လို့ရတယ်၊ ရောလို့ရတယ်၊
ပိုမိုက်တာ တစ်ခုက ဒီသွားတိုက်ဆေးဟာ HIV တောင်
ပျောက်သလိုလို ဘာလိုလို ပြောတယ် ဟိုက်ရှားဘား
သောက်ကျိုးနည်းဆေးက အခုမှ လာပေါ်ပြီဟပေါ့
ဒါတောင် ဒီသွားတိုက်ဆေးထွင်တဲ့သူ နိုဘယ်ဆု
မရသေးဘူးလားဟ
ဒီပုံစံအတိုင်းဆို ဒီသွားတိုက်ဆေး လူးထားရုံနဲ့တင်
ကွန်ဒုံးတောင် စွပ်စရာ မလိုလောက်တော့ဘူးထင်ပ
အင်း ကွန်ဒုံးကုမ္ပဏီတွေ ဒေဝါလီခံရမယ့်ကိန်း
အမျှ အမျှ အမျှ...
ဟော ပြောလို့လည်းဝရော ကိုယ်တွေကို
တစ်ခွန်းတည်းပြောတယ်၊ သိန်းငါးဆယ်ထည့်ရမယ်တဲ့
သိန်းငါးဆယ်ဖိုး ပစ္စည်းတွေ ပေးလိုက်မယ်တဲ့
သြော်ဟုတ်တယ်၊ အဲ့ဒီ သိန်းငါးဆယ်ကို
အိမ်ကနေသွားတောင်းပြီး ကျုပ်တို့က ကော်ဖီမစ်နဲ့
သွားတိုက်ဆေးကို သိန်းငါးဆယ်ဖိုး ဝယ်သွားရမယ်ပေါ့
စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး အရပ်ကတို့
ကြားလို့မှ ကောင်းကြသေးရဲ့လား
ကော်ဖီမစ်နဲ့ သွားတိုက်ဆေးကို သိန်းငါးဆယ်ဖိုးတဲ့
ဒါပေမဲ့ အပြတ်ငြင်းရင် သိက္ခာကျမယ် နောက်ပြီး
ဟိုတယ်စာတွေကလည်း လွတ်သွားနိုင်တယ်ဆိုတော့
ရွှီးရတာပေါ့ ခပ်တည်တည်နဲ့...
"အိမ်ကတော့ ကျနော် လုပ်ချင်တာလုပ်ဖို့ဆိုပြီး
ကျနော့်နာမည်နဲ့ စုပေးထားတဲ့ ပိုက်ဆံတော့
ဘဏ်ထဲမှာ ရှိတယ်ဗျ၊ ကျနော်စဉ်းစားမယ်လေ"
အဲ့လိုလည်းပြောရော ဟို MD နဲ့ ငတိတို့များ
မျက်နှားလေးတွေ အရောင်လက်လို့
"ကဲ ကဲ ပြောရတာလည်း မောလာပြီ
စားရင်း သောက်ရင်း ဆက်ပြောကြတာပေါ့" တဲ့
ကြိုက်ပြီလေ၊ ဒီခွင်ကိုရဖို့ နားဒုက္ခခံပြီး
စောင့်ခဲ့ရတာ၊ လာခဲ့စမ်း ဆွဲမယ်ဆိုပြီး
သူငယ်ချင်းနှစ်ယောက် တီးကြတာ
ခါးပတ်တောင် လျှော့ယူရတယ်...
စားလို့လည်း ပြီးရော နောက်နေ့
ရုံးခန်းမှာ လက်မှတ်ထိုးမယ်၊ စာချုပ်ချုပ်မယ်
ဘာညာဆိုပြီး ဖြစ်ကုန်ရော...
ကိုယ်လည်း စားချင်တာ စားပြီးပြီဆိုတော့
အင်းအဲလုပ်ပြီး ချော်လဲရောထိုင် လုပ်နေလိုက်ရော
ဟော ကိုယ့်ဆီက ဆက်သွယ်ရမယ့်
ဖုန်းနံပါတ်လည်းတောင်းရော ကိုယ်ပေးခဲ့လိုက်တယ်
667766 လို့...
သူတို့ သိမယ်ထင်တာ၊ မသိကြဘူးဗျ
လူလည်ကြီးတွေလေ၊ ဘယ်သိကြမလဲ
တကယ်တော့ ကျနော်ပေးလိုက်တဲ့
667766 ဆိုတာ အဲ့ဒီအချိန်တုန်းက မိုးလေဝသ
အလိုလျောက်ဖြေကြားတဲ့ ဖုန်းကြီးဗျ...
နောက်နေ့ သူတို့ဆက်ရင်တော့ တိုးမှာပေါ့
ဦးထွန်းလွင်အသံနဲ့ ကျန်းမာတော်မူကြပါစခင်ဗျားဆိုပြီး...
Wai Phyo Maung
24.Sep.2017

No comments: