Wednesday, September 20, 2017

" ဇာတ်သိမ်းကားလိပ် ချပါလေ "
_________________________ . တင်မိုး
ဆိုက်ကား နင်းခ၊ ကြေးမရ၍
ဖခင်ဇာတ်ထဲ၊ ကားလိပ်ဆွဲဟု
ပွဲနှင့်အတူ လိုက်သွားပြီ ။

ဘုန်းကြီးပြန်က
စရန်ပေးကာ၊ ပွဲငှားလာ၍
အညာဆီလား၊ ရှမ်းပြည်လားမသိ ။
အမိဖြစ်သူ၊ ချူ ချူ ချာချာ
မကျန်းမာဘဲ၊ အိမ်မှာငတ်ပြတ်
စားရေးကျပ်လျက်
ပါးစပ်ခြောက်သည့် ကလေးတွေ ။
ဆိုင်းသံ ဗုံသံ၊ ဗေထိသံနှင့်
ငိုသံ ရယ်သံ၊ ပွဲ ကဟန်မှာ
အတန်ငေးမော၊ အပျော်တော၌
သောကပြေယောင်၊ အနေချောင်လျက်
ဝေးခေါင်ရပ်က အို .. အဖ ။
အစာ မရှိ၊ အား မရှိ၍
အမိ မဝ၊ သား မဝနှင့်
ပါးလျကြုံလှီ၊ သားကိုချီရင်း
ဗီတာမင်ဓာတ်၊ အားအင်ပြတ်၍
မတ်တပ်မိခင်၊ လဲခဲ့စဉ် ။
မိခင်အလောင်း၊ ခေါင်းရင်းအနား
လေးဖက်တွားလျက်
သားငယ်ပိန်ကပ်၊ အလွမ်းဇာတ်ကို
ဇာတ်သိမ်းဘယ်သို့ သိမ်းမည်နည်း ။
အဖ ကားဆွဲ၊ လူဆင်းရဲငဲ့ ...
ဤပွဲဇာတ်နာ၊ မမြင်သာအောင်
ကားသာချလှည့် ဇာတ်သိမ်းလှည့် ။ ။
ဆရာကြီးတင်မိုး
၂ - ၃ - ၆၇

No comments: