ဗိုလ်ချုပ်အောင်ဆန်း သူ၏တပ်အား စစ်ဆေးနေစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်ဆိုင်ရာ မိန့်ခွန်းများ ကောက်နုတ်ချက်
သတင်းစာရှင်းလင်းပွဲ အမှတ် - ၆ဤသတင်းစာ ရှင်းလင်းပွဲကို ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပသည်။
ဘယ်လောက် ကျမ တပ်မတော်နဲ့
ပြည်သူလူထုကြားမှာ အဆင်ပြေအောင်လို့၊ နဝတနဲ့ ကျမတို့ အဖွဲ့ချူပ်ကြားမှာ
အဆင်ပြေအောင်လို့၊ တပ်မတော်နဲ့ ကျမတို့ အဖွဲ့ချူပ်နဲ့ အခြား ဒီမိုကရေစီ
အင်အားစုများကြားမှာ အဆင်ပြေအောင်လို့ ကျမလုပ်ခဲ့လျက်သားနဲ့ ကျမတို့ကို
ဆက်ပြီးတော့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် မလုပ်သလဲ။
ဒီတော့ ကျမတို့ဟာ နဝတနဲ့
တပ်မတော်ထဲမှာလည်း ဒီအတိုင်းပဲ၊ ကောင်းတဲ့လူတွေရှိသလို ဆိုးတဲ့လူတွေလည်း
ရှိတယ်ဆိုတာ ထောက်ပြတယ်။ ဒါကို တပ်မတော်ပြိုကွဲရေးဆိုတာ
ကျမလုံးလုံးမလိုလားပါဘူး။ ဒါကြောင့်မို့လို့ ကျမ ပြောပါတယ်။ တပ်မတော်ကို
ပြိုကွဲအောင် လုပ်တယ်ဆိုတာ ပထမစောင်းပြီးတော့ ပြောပါတယ်။ တည့်တည့်တော့
မပြောဘူး။ နိုင်ငံရေးပါတီတစ်ခုက နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်
ခေါ်ဆိုသူတစ်ဦးက စသည်ဖြင့်ပေါ့လေ၊ အမျိုးမျိုး အသုံးအနှုန်းလေးတွေ
လုပ်သားပြည်သူ့နေ့စဉ် သတင်းစာက အင်မတန်မှ တော်ပါတယ်၊ ဒီလို
အသုံးအနှုန်းလေးတွေနဲ့ ပတ်သက်လို့။ အဲဒီတော့ ဒီလိုအသုံးအနှုန်းလေးတွေနဲ့
ကျမတို့ကို တိုက်ခိုက်လာပါတယ်။
တိုက်ခိုက်လာတဲ့ အခါကျတော့
ဒီလိုစောင်းပြီးတော့ တိုက်ခိုက်တာမျိုး နားမလည်ဘူး၊ လုပ်လဲမလုပ်ချင်ဘူး။
ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း တည့်တည့်မတ်မတ်ပဲ ပြောချင်ပါတယ်။
ဒါကြောင့်မို့လို့ပဲ ကျမပြောတယ်။ ကျမတို့ကို ဒီလိုတိုက်လာတယ်။ တပ်မတော်နဲ့
ပြည်သူကြားမှာ စိတ်ဝမ်းကွဲအောင်လို့ လုပ်တယ်။ ကဲ ဒီလိုဆိုလို့ ရှိရင်တော့
ကျမတို့ ရှင်းရှင်းလင်းလင်း ဒီကိစ္စတွေကို ကိုင်တွယ်ရတော့မယ်။ တပ်မတော်နဲ့
ပြည်သူကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်ခဲ့တာ ဘယ်သူလုပ်ခဲ့တာလဲ။ ဦးနေဝင်း
လုပ်ခဲ့တာပဲ။ ကျမထောက်ပြတာပဲ။ ဦးနေဝင်းဟာ (၂၆) နှစ်အတွင်း မဆလပါတီ
တည်တံခိုင်မြဲရေး ဆိုတာဟာ သူတစ်ယောက်ရဲ့ အာဏာတည်တံ့ ခိုင်မြဲရေးအတွက်
လုပ်ခဲ့တာပါပဲ။ အဲ့ဒီလို လုပ်တဲ့နေရာမှာ တပ်မတော်ကို သူရဲ့လက်ကိုင်တုတ်
အနေနဲ့ သုံးခဲ့တယ်။ ဒီတော့ ကျမဒါကိုပြောခဲ့တာ။ ဦးနေဝင်းဟာ တပ်မတော်ကို
မိမိရဲ့ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် လက်ကိုင်တုတ်အဖြစ် သုံးခဲ့လို့
တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲရတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ
ကျဆင်းခဲ့ရတယ်။ ဒါကျမပြောခဲ့တယ်။ မှန်တယ်။ ထပ်ပြီး ပြောမယ်။ ဒါ
တပ်မတော်ပြိုကွဲရေးအတွက် မဟုတ်ဘူး။ တပ်မတော်ကို အလွဲသုံးစားလုပ်ခဲ့တာ
နာကျည်းလွန်းလို့ ကျမ ပြောတာ။ ဒီလို တပ်မတော်ကို အလွဲသုံးစား
မလုပ်သင့်ဘူးဆိုတာ ထုတ်ပြချင်လို့ ကျမပြောတာ။ တပ်မတော်ထဲမှာရှိတဲ့
အရာရှိတွေနဲ့ နဝတထဲမှာရှိတဲ့ အရာရှိများဟာလည်း လူတစ်ဦးတစ်ယောက်
ကောင်းကျိုးအတွက်၊ လူတစ်ဦးတစ်ယောက် အာဏာ တည်တံ့ခိုင်မြဲရေးအတွက်
မလုပ်သင့်ဘူးဆိုတာ ကျမ ထုတ်ပြချင်လို့ ပြောတာပဲ။ ဒီအတိုင်းပဲ
ကျမဆက်ပြီးတော့ ပြောသွားမှာ ဖြစ်ပါတယ်။ ဒါလည်း တပ်မတော် ပြိုကွဲရေး အတွက်
ပြောတာမဟုတ်ပါဘူး။ တပ်မတော်က ဂုဏ်သိက္ခာရှိရှိနဲ့ ဒီတိုင်းပြည်မှာ
တည်တံ့ခိုင်မြဲရေးအတွက် ကျမပြောသွားတာပါ။ တပ်မတော်က ညီညီညွတ်ညွတ်နဲ့
ပြည်သူလူထုဖက်က ရပ်တည်ဖို့အတွက် ပြောသွားတာပါ။ တပ်မတော်ဟာ
တနိုင်ငံလုံးအတွက် ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် မဟုတ်ပါဘူး။ လူတစ်စုအတွက်
မဟုတ်ပါဘူးဆိုတာ ဖေဖေတပ်မတော်ကို ထူထောင်ကတည်းက ပြောခဲ့တဲ့ကိစ္စပါ။
ဒီအတိုင်းပဲ ကျမဆက်ပြီး ပြောသွားမှာပဲ။ အဲ့ဒီတော့ ဒီဟာပြောတာကို ဘယ်လို
တပ်မတော်ပြိုကွဲအောင် လုပ်သလဲဆိုတာ ကျမမေးရမှာပဲ။ ဘာမှ တပ်မတော်ကို
ပြိုကွဲစေချင်တဲ့ စိတ်တွေမပါပါဘူး။
တခါထဲ ဆက်ပြီးတော့ ပြောရမှာ နဲနဲတော့
ကလေးကလားတော့ ဆန်ပါတယ်။ ဒါပေမဲ့လည်း ပြောစရာရှိတာတော့ ပြောသွားရမှာပဲ။
ကျမကနေ ပြီးတော့လည်း မို့မို့မြင့်အောင်လို တပ်မတော်ကို သဝဏ်လွှာတွေဘာတွေ
ပို့ပြီးတော့ အားမပေးဘူးဆိုတဲ့ ကိစ္စပါ။ ဒါ ကျမ မနေ့က အင်းစိန်မှာလည်း
ပြောခဲ့ပါတယ်။ ကျမအနေနဲ့တော့ မယ်သဝေါမှာ တပ်မတော်သားတွေ တိုက်နေတာ
သဝဏ်လွှာတော့ မပို့ခဲ့ဘူး၊ ဟုတ်တယ်။ အခုလည်း ပို့ဖို့ မစဉ်းစားပါဘူး။
ဒါပေမယ့် မယ်သဝေါမှာ သွားပြီးတော့ ဒီတပ်မတော်သားများကို နှစ်သိမ့်ပါ ဆိုရင်
ကျမကိုယ်တိုင် ရှေ့တန်းသွားပြီး နှစ်သိမ့်မယ်။ မနက်ဖြန်သွားဆိုရင်
ကျမသွားမယ်။ ကျမ သွားရဲပါတယ်။ ကျမ တပ်မတော်သားများအပေါ် စေတနာအပြည့်အဝ
ထားပါတယ်။ အဝေးကနေပြီးတော့ စာရေးနေရုံနဲ့တော့ မကျေနပ်နေပါဘူး။ တကယ်ပဲ
သွားပြီးတော့ ကျမပြုစုပေးပါမယ်။ အဲ့ဒီတော့ တကယ်ပဲ တပ်မတော် အပေါ်မှာ
စေတနာရှိလား၊ မရှိလား နဝတက သိစေချင်လို့ရှိရင် ကျမကို မယ်သဝေါသွားဖို့
ဖိတ်ခေါ်လိုက်ပါ။ ကျမသွားပါမယ်။ ဒီလိုမဟုတ်၊ မမှန်တဲ့ သေးသိမ်တဲ့နည်းတွေနဲ့
ကျမနဲ့ တပ်မတော်ကြား စိတ်ဝမ်းကွဲအောင်လုပ်နေတာ ကျမ နဲနဲမှ မကြိုက်ပါဘူး။
ပြည်သူလူထုနဲ့ တပ်မတော်ကြားမှာ ကျမက စိတ်ဝမ်းကွဲအောင်လုပ်တယ်လို့ ပြောတယ်။
အမှန်မှာတော့ ကျမနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် အခု နဝတက လုပ်နေတယ်။
ဒါ ဘာဖြစ်လို့ လုပ်နေတာလဲ။ ကျမမေးရမှာပဲ။ ဦးနေဝင်းရဲ့ ညွှန်ကြားချက်အရ
လုပ်နေတာလားလို့ ကျမ မေးချင်ပါတယ်။ ဒီလိုမေးတဲ့ အခါကျတော့
ဘယ်လိုပြန်ဖြေမလဲ၊ ကျမက တပ်မတော်ကို ပြိုကွဲအောင်လုပ်တယ်လို့
ပြန်ဖြေမှာလား။ ဘာမှ ကျမ တပ်မတော်ကို ပြိုကွဲအောင်လုပ်တဲ့ ကိစ္စတွေမပါပါဘူး။
ဒါ ပထမ အချက်။ ကျမ တပ်မတော်ကို မပြိုကွဲစေချင်ဘူး။ တပ်မတော်ထဲက
မှန်မှန်ကန်ကန် ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတော်ရဲ့ သစ္စာခံများ
ဖြစ်စေချင်တယ်။ ဒါတော့ ကျမထပ်တလဲလဲ ပြောသွားမှာပဲ။
ဒုတိယကိစ္စကတော့ ဗကပကိစ္စ။ ကျမတို့ကို
ကွန်မြူနစ်ဆိုပြီးတော့ စွပ်စွဲတာ ကြာပါပြီ။ နည်းအမျိုးမျိုးနဲ့
စွပ်စွဲခဲ့တယ်။ ဦးအောင်ကြီးက စွပ်စွဲခဲ့တယ်။ နဝတက စွပ်စွဲခဲ့တယ်။
တပ်မတော်ထဲက တချို့က စွပ်စွဲခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ထဲမှာ
မမှန်ကန်တဲ့ ဝါဒဖြန့်ချီရေးတွေ ရှိတယ်လို့ ကျမပြောခဲ့တယ်။ ကျမ
ထပ်ပြီးပြောပါ့မယ်။ ကျမဒီကိစ္စကို ဗိုလ်ချူပ်ကြီးစောမောင်ကို
မျက်နှာချင်းဆိုင်ပြီးတော့ကို ပြောခဲ့တယ်။ တပ်မတော်ထဲမှာ ကျမနဲ့ ပတ်သက်လို့
မဟုတ်မမှန်ကန်တဲ့ ဝါဒဖြန့်ချီရေးတွေ လုပ်နေပါတယ်။
တပ်မတော်ထဲမှာဆိုလို့ရှိရင် ကျမကို
ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေရှိတယ်။ ကွန်မြူနစ်ဆိုပြီးတော့
တိုက်ခိုက်တာတွေရှိတယ်။ အဲ့ဒီတော့ ဘာကြောင့်များ ကျမကို
ကွန်မြူနစ်ဆိုပြီးတော့ တိုက်ခိုက်တာလဲ။ တခါတလေကျတော့ ကျမကို CIA
ဆိုပြီးတော့ တိုက်ခိုက်လိုက်သေးတယ်။ အဲ့ဒီတော့ CIA နဲ့ ကွန်မြူနစ်ဆိုတာ
မတူဘူးဆိုတာ နားလည်ကြရဲ့လား။ ကွန်မြူနစ်နဲ့ ဒီမိုကရေစီ မတူဘူးဆိုတာလည်း
နားလည်ကြရဲ့လား။ ဒီလိုပဲ ကျမမေးရတော့မှာပဲ။ ဟိုတနေ့ကလား၊ မနေ့ကလား
လုပ်သားပြည်သူ့နေ့စဉ် သတင်းစာထဲမှာ ပါပါတယ်။ ဒီမိုကရေစီနဲ့ ကွန်မြူနစ်ဆိုတာ
ပြဒါးတလမ်း၊ သံတလမ်းပါတဲ့။ မှန်ပါတယ်။ ကျမတို့ သိပါတယ်။ ကျမတို့က
ဒီမိုကရေစီပါ။ ဒီတော့ လုပ်သားပြည်သူ အနေနဲ့ ဒီလောက်သိနေပြီဆိုရင် ကျမတို့ဟာ
ကွန်မြူနစ် မဟုတ်နိုင်ဘူးဆိုတာ သိဖို့လိုပါတယ်။ ကျမတို့ဟာ ဒီမိုကရေစီအတွက်
လုပ်နေတဲ့အင်အားစုတွေပါ။
No comments:
Post a Comment