Thursday, May 17, 2012

အမေရိကန်အိုင်ဒယ်လ် နောက်ဆုံး ဆန်ကာတင် သုံးဦးရဲ့ ယှဉ်ပြိုင်မှု

အမေရိကန်အိုင်ဒယ်လ် ရုပ်သံလွှင့် အစီအစဉ် ၁၁ နှစ်မြောက် ထုတ်လွှင့်မှု အဆုံးသတ်ဖို့ တပတ်သာ လိုပါတော့တယ်။ ဖိလစ်၊ ဂျော့ရှဝါနဲ့ ဂျက်စီကာတို့ သုံးဦးအနက် ဘယ်သူ အမေရိကန်အိုင်ဒယ်လ် ဖြစ်လာမလဲဆိုတာကိုတော့ ပရိသတ်အားလုံးက ရင်တမမနဲ့ စောင့်မျှော်နေကြပါတယ်။ ဒီနှစ် အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ သီဆိုသွားကြသူ သုံးဦးအနက် ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ၊ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) တို့နှစ်ဦးဟာ ဆိုနိုင်စွမ်းမှာ ဖိလစ်ထက် သာပေမယ့် အခုနှစ်ပိုင်း အမေရိကန်အိုင်ဒယ်ပြိုင်ပွဲများရဲ့ ရလဒ်များအရ ဖိလစ် ဖိလစ် (Phillip Phillips) ဟာ မဲရနိုင်မှု အခွင့်အလမ်းသာနေတာကို တွေ့ကြရမှာ ပါ။ ၈ နှစ်မြောက် အမေရိကန်အိုင်ဒယ်လ်အစီအစဉ်မှာ ခရစ်စ် အယ်လဲန် (Kris Allen) ၊ ၉ နှစ်မြောက်မှာ လီ ဒီဝွိုင်ဇ် (Lee DeWyze) နဲ ၁၀ နှစ်မြောက်မှာ စကော့တီ မက္ခရီ (Scotty McCreery) တို့ အမေရိကန်အိုင်ဒယ်လ် ဖြစ်သွားကြလေတော့ ဘယ်သူတွေ ဘယ်သီချင်းပဲဆိုဆို၊ မဲပေးသူ ဆယ်ကျော်သက်တွေက ဖိလစ် ဖိလစ်ကို ရွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဖိလစ် ပြိုင်ပွဲထဲမှာ ရှိနေခြင်းဟာ သူ့ကို မဲပေးနေကြသူတွေ ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ မေ ၁၆ ရက်နေ့ အစီအစဉ်မှာ ဂျော်ရှဝါက အက်တာ ဂျိမ်းစ် (Etta James) ရဲ့ I'd Rather Go Blind ၊ ဘီတဲလ်စ် (Beatles) ရဲ့ Imagine ၊ မယ်ရီ ဂျေ ဘလိတ် (Mary J. Blige) ရဲ့ No More Drama စတဲ့ သီချင်းတွေနဲ့ ဖျော်ဖြေ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဂျော်ရှဝါရဲ့ ဖျော်ဖြေမှုကို အကဲဖြတ်တွေက နှစ်သက်ကြသလို သူ့ကို အားပေးသူတွေကလည်း ကြိုက်နှစ်သက်ကြမှာ ပါ။ ဖိလစ်ကတော့ မက်ဒ်ကွန် (Madcon) ရဲ့ Beggin ၊ မက်ခ်ျဘောက်စ် တွမ်တီး (Matchbox 20) ရဲ့ Disease နဲ့ ဘော့ဘ်စက်ဂါ (Bob Seger) ရဲ့ We've Got Tonight သီချင်းတွေကို သီဆိုသွားခဲ့ပါတယ်။ ဖိလစ်ရဲ့ ဒုတိယသီချင်းဖြစ်တဲ့ Disease ကို အကဲဖြတ်တွေက မနှစ်သက်ကြပေးမယ့် We've Got Tonight သီချင်း သီဆိုအပြီးမှာတော့ အကဲဖြတ်တွေက မတ်တပ်ရပ်ပြီး အားပေး ဂုဏ်ပြုကြပါတယ်။ ဂျက်စီကာကတော့ ထိပ်တန်း အဆိုတော် သုံးဦးရဲ့ ဂန္တ၀င်သီချင်းတွေဖြစ်တဲ့ မရိုင်ယဲန် ကယ်ရီ (Mariah Carey) ရဲ့ My All ၊ အယ်ရိုစမစ် (Aerosmith) ရဲ့ I Don't Want To Miss A Thing နဲ့ ဂျက်စဲန် ဖိုက်ဖ် (The Jackson 5) ရဲ့ I'll Be There သီချင်းများကို သီဆိုသွားပါတယ်။ မရိုင်ယဲန် ကယ်ရီရဲ့ သီချင်းဟာ သီဆိုဖို့ ခက်ခဲပြီး အယ်ရိုစမစ်ရဲ့ သီချင်းကို မူရင်း သီဆိုသူ (အခု အမေရိကန်အိုင်ဒယ်လ် အကဲဖြတ်) စတီဗင်တိုင်လာ (Steven Tyler) ရှေ့မှာ ပြန်ပြီး သီဆိုဖို့ မလွယ်ကူပါ။ သို့သော် သီဆိုအပြီးမှာ ဂျက်စီကာကို စတီဗင်က မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ မိုက်ကယ်လ်ဂျက်ဆင်တို့ ညီအစ်ကိုတွေရဲ့ ဂျက်စဲန် ဖိုက်ဖ် အဖွဲ့ ၁၉၇၀ ခုနှစ်က သီဆိုခဲ့တဲ့ I'll Be There သီချင်းဟာ ဂန္တ၀င်မြောက် သီချင်းတပုဒ် ဖြစ်ပါတယ်။ ထို သီချင်း ပထမဆုံးအကြိမ် အသံသွင်းစဉ်က မိုက်ကယ်လ်ဂျက်ဆင်ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ ထိုသီချင်းကို မိုက်ကယ်လ်ဂျက်ဆင် ပုံစံအမျိုးမျိုးနဲ့ အကြိမ်ကြိမ် ပြန်ဆိုခဲ့သလို မရိုင်ယဲန် ကယ်ရီ လည်း သီဆိုခဲ့ပါတယ်။ ထို့အပြင် မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ဈာပနအခမ်းအနားမှာ မိုက်ကယ်လ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မရိုင်ယဲန် သီဆိုခဲ့ပါတယ်။ ဂျက်စီကာ ပြန်ဆိုတဲ့အခါမှာ မိုက်ကယ်လ် ငယ်ငယ်က ဂျက်စဲန် ဖိုက်ဖ်နဲ့ သီဆိုခဲ့တဲ့ ပုံစံနဲ့ ပြန်ဆိုသွားခဲ့ပါတယ်။ မေ ၁၆ ရက်နေ့ သီဆို ယှဉ်ပြိုင်မှုအပြီးမှာ ဘယ်သူတွေ နောက်ဆုံးပြိုင်ပွဲကို ရောက်မယ်လို့ ယတိပြတ် မပြောနိုင်သေးပေမယ့် သူတို့ နှစ်သက်တဲ့ ဖိလစ် ဖိလစ်အတွက် ဆယ်ကျော်သက်တွေ အင်နဲ့အားနဲ့ မဲပေးကြမယ်ဆိုရင် ဂျော်ရှဝါအတွက် အခြေအနေ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်အဖို့ ထူးခြားတာက ဂျက်စီကာဟာ သူ့ရဲ့ အမေရိကန်အိုင်ဒယ်လ်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဘီနစ်ခ်နို အာကီနို (Benigno Aquino III) က မေ ၁၆ ရက်နေ့မှာ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် ဒု သမ္မတ Jejomar Binay က ဖိလစ်ပိုင်လူမျိုး မိခင်နဲ့ မက္ကဆီကိုလူမျိုး ဖခင်တို့က မွေးဖွားလာတဲ့ ဂျက်စီကာ စဲန်ချက်ဇ်ကို မဲပေးကြဖို့ မေ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး ဂျက်စီကာဟာ သူ့ရဲ့ အမေရိကန်အိုင်ဒယ်လ်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက မေ ၁၆ ရက်နေ့မှာ ပြောကြားလိုက်တာပါ။ ဒါ့ကြောင့် ဂျက်စီကာအနေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ မဲ များများစားစား ရရှိရင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ရောက်ရုံမက ဒီနှစ် အမေရိကန်အိုင်ဒယ်လ်တောင် ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်အိုင်ဒယ်လ် ဖျော်ဖြေပွဲ ရလဒ်တွေဟာ ထင်သလို ဖြစ်လာတာတွေ ရှိခဲ့သလို ထင်သလို မဖြစ်ခဲ့တာတွေလည်း ရှိခဲ့တာမို့ တကယ်တမ်း ရလဒ် ထွက်ပေါ်လာမယ့်အချိန်ကိုသာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရမှာ ဖြစ်ပါတယ်။

No comments: