Friday, May 25, 2012

လျှပ်စစ်မီးရရေး

လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
လျှပ်စစ်မီး မရရှိတဲ့အတွက် လူထုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စဟာ ချက်ချင်း လက်ငင်း ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာ နားလည်ဖို့လိုတယ်၊ လူထုအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ထောက်ခံပေမယ့် ဥပဒေနဲ့အညီဖြစ်ဖို့ လိုအပ်တယ်ဆိုပြီး အလုံမြို့နယ် NLD ပါတီရုံး ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။      ။ ဘာဖြစ်လို့လဲဆိုတော့၊ ဆယ်စုနှစ်နဲ့ချီပြီး ကျမတို့ရဲ့ စနစ်က မမှန်ခဲ့လို့။ ဓါတ်မီးမှန်မှန် မရတာ ဖြစ်တယ်။ အခုမှ ဆယ်စုနှစ်တွေနဲ့ချီပြီး မမှန်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြင်ဖို့ဆိုတာ က၊ နေ့ချင်းညချင်းတော့ မဖြစ် နိုင်ဘူးဆိုတာ၊ ကျမတို့ သိတယ်။ ဒါပေမယ့်လည်း ဖြစ်အောင် ကျမတို့ လုပ်ရ မှာက ပြည်သူတွေရဲ့တာဝန်ပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျမတို့အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမယ့် ဥပဒေနဲ့ကိုက်ညီအောင်လည်း လုပ်ပါ။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတာ ဖြစ် ပါတယ်။
အခုတဆက်ထဲ အဲဒီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုကြတဲ့သတင်းတွေကို တင်ပြရမယ်ဆိုရင်တော့၊ သာယာဝ တီခရိုင် သုံးဆယ်မြို့မှာ မေလ ၂၄ ရက် ကြာသပတေးနေ့ညက လျှပ်စစ်မီးရရှိရေး ဆန္ဒပြဖို့ ကြိုး စားကြတဲ့ မြို့ခံလူငယ် တချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရပ်မိရပ်ဖတွေက ၀င်ရောက်စွက်ဖက်ပြောဆိုတဲ့အတွက် ပြန်လွှတ်ပေးလိုက် ပါတယ်။
ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ခဲ့တဲ့ မြို့ကြီးတွေမှာ အခြေအနေတွေ အတန်ငယ် ငြိမ်သက်နေခဲ့ပြီးတဲ့နောက်မှာမှ အခု သုံးဆယ်မြို့ဖြစ်ရပ် ထပ်ဖြစ်လာတာ ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ဆန္ဒပြ သူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အတင်း ၀င်ရောက် ရိုက်နှက်ဖမ်းဆီးတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး တဲ့နောက်မှာ ညပိုင်းမှာ သုံးဆယ်မြို့မှာလည်း အလားတူပုံစံမျိုးဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ခံခဲ့ရတဲ့လူငယ်တွေက ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ လုပ်ရပ်အပေါ် တရားဥပဒေကြောင်းအရ ပြန်ပြီး တုန့်ပြန်လုပ်ဆောင် ဖို့ ပြင် ဆင်နေတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် နဂိုမူလ စီစဉ်ထားတဲ့ ဆန္ဒထုတ်ဖော်ပွဲကိုလည်း ဆက်လုပ် သွားမယ်လို့ ဦးဆောင်စီစဉ်နေသူတဦးက ဗီအိုအေကို ပြောပါတယ်။ သုံးဆယ်မြို့မှာ အဲဒီလိုဖြစ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေ က ဆန္ဒထုတ် ဖော်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ ရန်ကုန်၊ ပြည်၊ မုံရွာ စတဲ့မြို့ကြီးတွေမှာ အခြေအနေက ငြိမ်သက်နေပါ တယ်။
နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ရဲအထူးသတင်းတပ်ဖွဲ့ကခေါ်ယူ စစ်ဆေးမေးမြန်းတာတွေရှိခဲ့တဲ့ မန္တလေးမြို့ မှာတော့ မေလ ၂၄ ရက်နေ့ထိ ခေါ်ယူ မေးမြန်းတာတွေ ရှိနေဆဲဖြစ်သလို လျှပ်စစ်မီးကိစ္စနဲ့ မဆိုင်တဲ့ သရုပ်ဖော် အနုပညာပြပွဲ လုပ်နေသူ နှစ်ဦးကိုပါ ရဲကခေါ်သွားတဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
By VOA (မြန်မာပိုင်း) 



လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။
" ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မတို့ အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ"
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။
တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
RFA-Burmese 
သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ ပဲခူးတိုင်း သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန်ဒဖေါ်ထုတ်တဲ့ လူငယ်တွေကို စခန်းမှူးကိုယ်တိုင် ၀င်ရောက်ထိုးကြိတ်ခဲ့ကြောင်း အထိုးခံရတဲ့လူငယ်တွေက ပြောပါတယ်။

လူငယ်ငါးဥိး ဟာ မေလ(၂၄) ရက်နေ့ည ရှစ်နာရီခွဲလောက်က မီးထွန်းထားတဲ့ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြိး သုံးဆယ်တံတားပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်က တားမြစ်ပြီး အရင်ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ကိုအောင်မျိုးက ပြောပါတယ်၊ရဲအရာရှိ ဦးစိန်ထွေးနဲ့အတူ ပါလာ တဲ့ အရပ်ဝတ်တဦးကလည်း ၀င်ရောက်ထိုးကြိတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 မြို့နယ်အဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်မြင့်ကတော့ မီးရရှိရေးဆန္ဒဖော်ထုတ်ခဲ့တဲ့လူငယ်တွေဟာ အန်အယ်ဒီအဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အဲဒီကိစ္စကို အမှုဖွင့်တိုင်ကြားမယ်လို့ ပြောပြခဲ့ပါတယ်။

ဒီဗွီဘီ  

လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ်
ရန်ကုန်မြို့ ဆူးလေဘုရား ၀န်းကျင်၌ မေလ (၂၅)ရက်နေ့  ည(၇)နာရီကျော်ခန့် အချိန်တွင် စတုတ္တနေ့ အဖြစ် လျှပ်စစ်မီး ၂၄နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုတွင် လူ(၁၀၀၀)ကျော် ပါဝင်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပါဝင်လာမှု ပိုမိုများပြားလာခဲ့ကြောင်း Popular Myanmar News Journal-Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။

ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး
စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ရှ ခဲ့ကြသည်ဟု 7Day News Journal - Facebook 

လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ
ပုသိမ်၊ မေလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)

မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။

ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။

ရုံးအနီးရှိ ပြည်တော်သာရပ်ကွက်သား တဦးက “ညနေ ၆ နာရီလောက်က တည်းက အဲ့ဒီရုံးရှေ့ကို ရဲကားတွေ ရောက်လာတယ်၊ နောက်တော့ လူတွေက ဟိုတစ်စုဒီတစ်စုနဲ့တွေ့ရတယ်
၊ လျှပ်စစ်မီးအပြည့်အ၀ ရချင်တာတော့ ပြည်သူတိုင်းရဲ့ဆန္ဒပါ၊ကျွန်တော်လည်းပါဝင်ချင်ပေမယ့် ရဲတွေလည်းရှိတော့ မထွက်ရဲဘူး’ ဟုပြောသည်။

ဦးဆောင်သူ တဦးဖြစ်သည့် ကိုကျော့မောင်က ‘လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာခံစား နေရတာတွေကို သမ္မတကြီးသိအောင် ပုသိမ်က လူထုကိုယ်စားထုတ်ဖော်ခဲ့တာပ
ါ’ ဟု YPI သို့ပြောသည်။

ပုသိမ်မြို့ခံတချို့ကလည်း မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ ကောက်ခံနေခြင်းကို ပယ်ဖျက်ပေးစေလိုကြောင်းနှင်
့ ယနေ့တနေ့လုံး မီးမလာပဲ ဆန္ဒထုတ်ဖော်ချိန်မှ သာမြို့လုံးကျွတ် လျှပ်စစ်မီးပေးခဲ့ကြောင်း ပြောဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှုးဦးစ
ိန်အောင်က ‘ကျွန်တော်တို့ အနေနဲ့ကတော့ အခက်အခဲတွေကြားက ပြည်သူတွေ မီးရအောင်ကြိုးစားလုပ်ဆောင် ပေးနေပါတယ်’ ဟုပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လိုက်ပါသူများမှာ မည်သည့်ပိုစတာမှမကိုင်ပဲ၊ အော်ဟစ်ဆူညံခြင်း လက်ခုပ်တီးခြင်းမျိုးများ မပြုလုပ်ပဲ ရွှေမုဋ္ဌော ဘုရားသို့သွားရောက်ကာ အင်္ဂါထောင့်၌ ဖယောင်းတိုင်မီး ပူဇော်ကြပြီး တောင်ဘက်မုခ်မှပင် ပြန်လည်ဆင်းသက် လူစုခွဲခဲ့ကြသည်။


ယခုရက်ပိုင်းအတွင်း မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ပေါင်းတည် အစရှိသည့် မြို့များ၌ လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။


နိုင်ငံတော် အစိုးရဘက်မှ ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားခြင်း ဆိုသည့် ပန်ကြားချက်တစောင်ကို မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းဖေါ်ပြခြင်း၊ ပြည်ပမှ မီးစက်ကြီးများ မှာယူထားကြောင်းနှင့် မိုင်းကွဲမှုကြောင့် ပြိုလဲသွားသည့် ရွှေလီ-မန်ဆန် လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင်များကို ၀န်ထမ်း ရာကျော်ဖြင့် အမြန်ဆုံးပြင်ဆင်လျှက်ရှြိေ
ကာင်း သတင်းများဖေါ်ပြသည်ကို တွေ့ရသည်။ ။ 

Yangon Press International

NLDဆိုင်းဘုတ်တင်ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကိုမေးခွန်းသုံးခုမေး
ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး ယနေ့ မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLDမြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က “ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင် ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ၊ လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလားနှင့် ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား” စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်ဖြေရာ … ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်မရ၍ မီးပျက်ခြင်း မဟုတ်နိုင်ကြောင်း မီးမပေးနိုင်သည့် အကြောင်းကို သတင်းစာ၌ ရှင်းလင်းထားကြောင်း ၊ လမ်းဘေးဈေးသည်များ ကိစ္စကိုလည်း စည်ပင်အနေဖြင့် ဈေးသည်များနှင့် တိုင်ပင်လုပ်ဆောင်၇န် မေတ္တာရပ်ခံခဲ့သည်။ တတိယ မေးခွန်းဖြစ်သည့် ၀န်ကြီးများနှင့်ပတ်သက်သော မေးခွန်းအား လက်ရှိ ပြည်သူများ အသိပင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲသည်။

မိုးမြင့်မြတ်
ဓါတ်ပုံ -အောင်ကျော်လတ် (AF)၊ အောင်ဇော်မင်း ( AF )
Popular Myanmar News Journal 
 “ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင် ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် 

ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်မရ၍ မီးပျက်ခြင်း မဟုတ်နိုင်ကြောင်း မီးမပေးနိုင်သည့် အကြောင်းကို သတင်းစာ၌ ရှင်းလင်းထားကြောင်း ၊ 

လက်ရှိ ပြည်သူများ အသိပင်ဖြစ်ကြောင်း

No comments: