Thursday, May 10, 2012

အဖမ်းအဆီး ၁၉၄၅


[၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ လူထု၊ ကြီးပွားရေး ပုံနှိပ်တိုက်မှ ပထမအကြိမ် လူထုဦးလှ နှစ်တရာပြည့် အထိမ်းအမှတ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ လူထုဒေါ်အမာ ရေးသားတဲ့ 'ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ' စာအုပ်မှ 'တည်ဆဲဥပဒေကို ရိုသေလေးစား လိုက်နာရာမှာ အလွန်တိကျ ခဲ့တဲ့ လူထုဦးလှ တသက်မှာ အဖမ်းအဆီး (၅) ကြိမ် ခံခဲ့ရပုံကို' ထုတ်ဖော် တင်ပြထားတဲ့ "အဖမ်းအဆီး" အခန်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
ဦးလှ တသက်မှာ အဖမ်းအဆီး (၅) ခါတောင် ခံရဖူးပါတယ်။ ဒါပေမဲ့ တခါမှ အပြစ်ပေးခံရလို့ ထောင်ကျရတာ မရှိပါဘူး။ (၄) ခါက နိုင်ငံရေး မင်္ကာမှု ပုဒ်မ (၅) လိုဟာမျိုးနဲ့ ဖမ်းတာပါ။ တကြိမ်ကတော့ သတင်းစာမှာ ဖော်ပြတဲ့ သတင်းတပုဒ် မှားယွင်းတယ် ဆိုပြီး တိုက်ကို ချိတ်ပိတ်၊ လူကိုဖမ်းပြီး တရားစွဲဆိုတာ ခံရပါတယ်။ အဲဒီအမှုနဲ့ အပြစ်ပေးဖို့ အကြာကြီး လုံးပမ်းပါတယ်။ အောက်ရုံးက ထောင် (၉) လ ချပါတယ်။ တရားလွှတ်တော်မှာ အယူခံနိုင်ပါတယ်။
ဖမ်းသမျှတွေထဲမှာ ဗြိတိသျှ အစိုးရ ဖမ်းဆီးတုန်းက ဆင်းရဲအခံရဆုံး၊ ဖဆပလ အစိုးရ တခါဖမ်းတုန်းက ထောင်ထဲမှာ အကြာဆုံး နေခဲ့ရပါတယ်။
ဦးလှက အဲဒီ စတုတ္ထအကြိမ် ထောင်သက်ကို ‘ဂျပန် တခေတ်စာလောက်’ သူခံရတယ်လို့ ပြောတတ်လှတယ်။ ကိုညိုမြ ကတော့ သူ အဖမ်းခံရတုန်းက ထောင်သက်က သူ့အသက်ထဲက လှီးဖြတ် အယူခံရတဲ့ နှစ်တွေတဲ့။
ဦးလှ (၅) ခါ အဖမ်းခံရတဲ့ အနက်က (၂) ကြိမ် ဖမ်းတာက ကျမ အိမ်မှာ မရှိခိုက်ချည်းပါ။
ဗြိတိသျှ အစိုးရ ပထမအကြိမ် လာဖမ်းတာကို ခံရစဉ်ကတော့ တခါမှ အဖမ်းမခံရဖူးသေးတာလည်း တကြောင်း၊ မျှော် လင့် မထားတာလည်း တကြောင်းကြောင့်ထင်ရဲ့၊ ရယ်စရာကောင်းပုံက ကျမဆိုတာ အူကြောင်ကြောင်နဲ့ ကိုယ့် ယောကျာ်း ဖမ်းသွားတာကို ဖမ်းသွားတာမှန်း မသိလိုက်ဘူး။
ဂျပန်ခေတ်တုန်းက ကျမတို့ ကပိုင်မှာ နေကြတော့ ကျမတို့နေတဲ့ ကပိုင် တောင်ငူစုက ဘုန်းကြီးကျောင်းထဲကို ဝန်ကြီး သခင်သန်းထွန်းတို့၊ ဗိုလ်ချုပ်ဗထူးတို့ မကြာမကြာ လာပါတယ်။ သူတို့ ဘာလုပ်ဖို့လာတယ် ဆိုတာ ဦးလှက ကျမကို ပြောမပြဘူး။ ကွန်မြူနစ် ပါတီက ရဲဘော်မလေး ၃-၄ ယောက် ကျမတို့ ဆီလာနေတော့လည်း ကျမက ချက်ပြုတ် ကျွေး နေတာပဲ။ သူတို့ နေချင်သလောက် နေကြပေါ့လေ။
ဒါနဲ့ပဲ ကျမတို့ အညာမှာ ဗိုလ်မှူးဗထူး ဦးဆောင်တဲ့ တပ်တွေက ဂျပန် ဖက်ဆစ်ကို တော်လှန်ကြပြီး၊ တိုက်ပွဲတွေ ဖြစ်နေ ပြီ။ ဂျပန်တွေ အရေးမလှဘဲ စစ်တွေ ဆုတ်ပေးနေပါပြီ။ မဟာမိတ်တပ်တွေက ဝင်လာပြီး။ ဒါကြောင့် ဂျပန်တပ်တွေ လက် က မန္တလေးမြို့တောင် ကျသွားပြီ ဆိုတဲ့ အချိန်မျိုးမှာ ဗြိတိသျှ စစ်ဗိုလ်တယောက် ဂျစ်ကား တစီးနဲ့ ကျမတို့နေတဲ့ ကပိုင် တောင်ငူစု ကျောင်းထဲကို ဝင်လာပြီး ဦးလှကို မေးတယ်။ တွေ့တယ်။ သူတို့နှစ်ယောက် စကား ပြောကြတယ်။ ဘာပြော မှန်း ကျမ မသိလိုက်ဘူး။ နောက်ဦးလှက အိပ်ရာ လိပ်ခိုင်းတယ်။ အဝတ်အထည်ကလေး နည်းနည်း ထည့်ခိုင်းတယ်။ စစ်ဗိုလ်လာခေါ်လို့ ငါလိုက်သွားရဦးမယ် ပြောပြီး လိုက်သွားတယ်။
စစ်ဦး ဘီးလူးမှာ ဦးလူဖေဝင်းတို့တောင် ပါလာတယ်။ ဦးလူဖေဝင်းက ပြည်သူ့ ဆက်ဆံရေး အရာရှိ အဖြစ်နဲ့ ဆိုသလိုလို၊ ရှေ့တန်း စစ်မျက်နှာ အတွက် ဝါဒဖြန့်ချိဖို့ ဆိုသလိုလိုမို့ ဦးလှလည်း ဒီလိုမျိုး စကားပြန် လမ်းပြ လုပ်ခိုင်းရအောင် လာ ခေါ်သွားတာတဲ့လို့ ဘယ်သူက ပြောမှန်းမသိ ပြောသံ ကျမ ကြားပါတယ်။ ဒါနဲ့ ကျမက ဪသာ် … ဦးလူဖေဝင်းတို့နဲ့ လိုက်သွားရတာ နေမှာပဲ။ ခုလောက်ဆို ကျောက်ဆည်ဆီလောက် ရောက်နေမလား၊ ငါ့ယောကျာ်း မိတ္တီလာလောက် ရောက်ရင် ပြန်လာမှာ ထင်ပါရဲ့ ဆိုတာမျိုးနဲ့ သူပြန်အလာကို မျှော်နေတာပါ။ နောက်ရက်တွေ အကြာကြီး ရှိတော့မှာ ဦးလှကို စစ်တွင်းက ဂျပန်နဲ့ ပေါင်းတယ်။ ဂျပန် စာအုပ်တွေ ဘာသာပြန်တယ်၊ အာရှလူငယ်တွေ ဘာတွေ လုပ်ခဲ့တယ် ဆိုပြီး အင်္ဂလိပ်စစ်တပ်က ဖမ်းသွားတာတဲ့။ ကျားမင်းကြီး စစ်အချုပ်မှာ ရောက်နေပြီးနောက် ပုဂံ စစ်အချုပ်မှာ ရောက်နေ ပြီလို့ ကြားရတယ်။
ကျမဆိုတာ ကလေး နှစ်ယောက်နဲ့ အူကြောင်ကြောင် ကျန်ရစ်တယ်လေ။ ဦးလှ တသက်မှာ (၅) ကြိမ် (၅) ခါ အဖမ်းခံရ တယ်။ ဗြိတိသျှ စစ်ဘက်က ဖမ်းတာဟာ ပထမဆုံး အကြိမ် အဖမ်းခံရခြင်းပဲ။
အိမ်မှာ သူမရှိတုန်း ကပိုင် ဘုန်းကြီးကျောင်းနားမှာ ကျောက်ကြီးရောဂါတွေ ဖြစ်လာတော့ ကလေး (၂) ယောက်နဲ့ နေလို့ မဖြစ်ဖူး။ သူများတွေလည်း မြို့ထဲ ပြန်ဝင်ကုန်ကြပြီ။ မြို့ပြန်ပြောင်းကြစို့ရဲ့ ဆိုပြီး ကျမတို့ တမိသားစုလုံး မန္တလေးကို ပြန် ပြောင်းခဲ့ကြတယ်။ စစ်ကြီးအတွင်းမှာ ကျမ၊ ကျမ မိသားစုနဲ့ သားချင်းဆွေမျိုးတွေ အားလုံး တစုတဝေးတည်း စစ်ပြေး ပြေးကြတာပါ။ အဲဒီအချိန်က ကျမမှာ မပေါ့မပါး ဖိုးသံချောင်း ကိုယ်ဝန်နဲ့ပေါ့။
မန္တလေးကို ရောက်တော့မှ ဦးလှကို ခေါ်သွားတာဟာ ဖမ်းသွားတာ။ F.S.S. လို့ ခေါ်တဲ့ Field Security Service စစ်မြေ ပြင် လုံခြုံရေး အဖွဲ့က လာဖမ်းတာလို့ သိရတယ်လေ။
မန္တလေးမှာ ကျမတို့ မိဘများ၊ ကျမတို့ အဒေါ်များ ဘကြီးများမှာ ကိုယ်ပိုင် နေအိမ်တွေ ရှိပါတယ်။ သူများကို ငှားစားတဲ့ နေအိမ် တိုက်တာတွေလည်း ရှိပါတယ်။ နို့ပေမယ့် တလုံးမှ မကျန်ပါဘူး။ အားလုံး စစ်မီးလောင်လို့၊ ဗုံးကျလို့ ပျက်စီးကုန် ကြတာပါ။ အဲဒီတော့ ကျောက်ရောဂါကို ကြောက်ပြီး ကမန်ကတန်း ပြောင်းပြေးလာကြပေမယ့် နေစရာအိမ် မရှိပါဘူး။ (၈၄) လမ်း ကွမ်းခြံရပ်မှာ ကျမတို့ မိတ်ဆွေ ဦးဘဦးတို့ တိုက်က မီးမလောင်ဘဲ အကောင်းအတိုင်း ကျန်နေပါတယ်။ ဦး ဘဦးတို့က ဘယ်ပြေးကြတယ် မဆိုနိုင်ဘူး။ ပြန်မလာကြသေးဘူး။ အမေတို့ အဖေတို့ သားအမိ သားအဖ တတွေရယ်။ ကျမ အစ်မ ဒေါ်ဦးတို့ ဦးထွန်းချွန်တို့ လင်မယားရယ်၊ ကျမ အဒေါ်များရယ်၊ ကျမတို့ သားအမိ သုံးယောက်ရယ်ပေါ့။ အဲဒီ အချိန်မှာ၊ မန္တလေး ပြန်ရောက်တော့လည်း ဦးလှက လွတ်မလာသေးဘူး။ သတင်းတွေကတော့ အမျိုးမျိုး ကြားနေရတာ ပဲ။ အဲဒီအချိန်မှာ ကျမ ခဲအို ကိုထွန်းချွန်က “နင့်ယောကျာ်းကို ငါ လိုက်ခေါ်ချေမယ်။ ငါ့ကို ၄-၅ဝဝဝိ/- ပေးလိုက်၊ ပိုက်ဆံ ပေးတဲ့လူ လွတ်သတဲ့” လို့ သူက ပြောပါတယ်။ ကျမက ကျမ ယောကျာ်း ဖမ်းတာဟာ နိုင်ငံရေးနဲ့ ဖမ်းတာပဲ ဖြစ်ရမယ်။ ပိုက်ဆံပေးလို့ လွတ်မှာ မဟုတ်ဘူး ဆိုပြီး ခဲအိုစကားကို နားမထောင်ဘူး။
တနေ့မှာတော့ အမေရိကန် တပ်ရဲ စစ်ထောက်လှမ်းရေးတပ် ဖြစ်တဲ့ Detachment 101 နဲ့ တွဲပြီး ဂျပန် တော်လှန်ရေး လုပ်နေကြတဲ့ ကျမတို့ ရဲဘော်တွေနဲ့ တွေ့ကြတော့ ဦးလှ လွတ်ရာလွတ်ကြောင်း အဲဒီအဖွဲ့ကနေပြီး လုပ်ရင်ရမလားလို့ ရဲဘော်တွေက အဖွဲ့ စခန်းချနေရာ ဗန်းမော်ကို လိုက်ခဲ့ပါလို့ ခေါ်လာပါတယ်။ ဖမ်းသွားတာ ၃-၄ လ ရှိပြီ။ မလွတ်သေး တော့ ကျမက ရဲဘော်တွေခေါ်ရာ ဗန်းမော်ကို လိုက်ချင်တာပေါ့။ အမေတို့ အဖေတို့ကို ပြောပြီး ပူဆာတော့ အမေတို့က ခွင့်ပြုရတယ်လေ။ အဲဒီတုန်းက ကျမ တယောက်တည်း ဖြစ်နေလို့ အစ်မ မမဦးက ကျမနဲ့ အဖော်လိုက်ပေးရှာတယ်။
စစ်က ပြီးသေးတာ မဟုတ်ဘူး။ ဗန်းမော် သွားရပုံက မန္တလေးကနေပြီး ကပိုင်ကို လှည်းနဲ့ သွားရပါတယ်။ တနာရီခွဲ လောက်မက ကြာတယ် ထင်ပါတယ်။ လေယာဉ်တွေက ကပိုင်နားမှာ ရှိတာမို့ပါ။ ကျမက ဖိုးသံချောင်း ကိုယ်ဝန်ကြီး (၅) လ – (၆) လနဲ့ မပေါ့မပါး။ ကပိုင်လေယာဉ်ကွင်း ရောက်တော့ စစ်လေယာဉ် ဒါကိုတာကြီး တစီးပေါ် တက်ကြရတယ်။ စစ်သုံး ပစ္စည်းသယ် ဒါကိုတာကြီး ဆိုတော့ ထိုင်ခုံလည်း မပါပါဘူး။ လေယာဉ်ထဲမှာ Ground Sheet တွေပဲ ခင်းထားတာ ပါ။ အဲဒီပေါ် ညီအစ်မ ထိုင်သွားကြတာပါ။ မှတ်တော့ သေသေချာချာ မမှတ်မိဘူး။ ကျမတို့နဲ့ အတူ ကသာဘက်က ရဲ ဘော်ကိုလှနဲ့ မွတ်စလင် 101 ကိုကျော်ဝင်းမောင်၊ ဗန်းမော် ကိုကိုကြီးတို့ ပါတယ် ထင်တယ်။ လေယာဉ်မူးလို့ အန်ချင် တော့ အမေရိကန် စစ်သား တယောက်က သွပ်ပုံးကြီး (၁) ပုံး ယူလာပြီး လူနား ချပေးထားပါတယ်။
လေယာဉ်က (၁) နာရီသာသာ စီးမိတော့ ဗန်းမော် ရောက်ကြပါလေရော။ လေယာဉ်က အဲဒီတုန်းကမှ စစီးဖူးတာပါ။ ဗန်းမော်ကိုလည်း အရင်က မရောက်ဖူးပါဘူး။ ကွင်းရောက်တော့ ဂျစ်တစီးနဲ့ ကုန်းမဟတ် ရွာဘက်ကို သွားရတယ်။ အဲဒီမှာ 101 က ရှိတာကိုး။ ဟိုရောက်တော့ ကျမတို့ မြန်မာရဲဘော်တွေက သူတို့ အမေရိကန်တွေကို ဘာပြောပေးတယ်။ ဟိုက ဘာပြန်ပြောတယ်တော့ မမှတ်မိဘူး။ ၄-၅ ရက် နေပြီးတော့ ကျမတို့ ပြန်လာခဲ့ကြတယ်။ ဦးလှကတော့ ပုဂံမှာ ရှိနေတယ်လေ။
ကျမတို့ ပြန်ခါနီးမှာ အမေရိကန်တပ်က ကျမတို့ မြန်မာရဲဘော်တွေကို သူတို့ လုပ်ပေးတာတွေ အတွက် လခ လစာ အ ဖြစ်နဲ့ ပိုက်ဆံတွေ ပေးသတဲ့။ ဒီပိုက်ဆံတွေကို ရဲဘော်တွေက ရကြောင်း လက်မှတ်ထိုးပြီး ယူကြရမယ်တဲ့။
ကျမတို့ ရဲဘော်တွေကလည်း ဒီတပ်ကို လာကူတာဟာ မြန်မာနိုင်ငံ ဂျပန်လက်က လွတ်မြောက်ရေးအတွက် အကူအညီ ပေးတာ။ အခကြေးငွေ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်တဲ့ နိုင်ငံရေး။ ဒါကြောင့် လုပ်ခ လစာ မယူပါဘူးလို့ ပြောတယ်။ အမေရိကန်တွေကလည်း မဟုတ်ဘူး၊ အလကား လုပ်ပေးတယ် ဆိုတာ မရှိဘူး၊ ပိုက်ဆံ ယူရ မယ်တဲ့။ ရဲဘော်တွေကလည်း မယူဘူး။ နောက်ဆုံး အတိုက်အခံ အငြင်းအခုံ ဖြစ်ကြရာက သူတို့က နည်းနည်းလျှော့ ပေးပြီး တယောက်ကို တဆင့်ဖြစ်ဖြစ် လခ လုပ်ခ အနေနဲ့ ယူကြ၊ လက်မှတ်ထိုးကြလို့ ဆိုလို့ လက်မှတ်ထိုးပြီး သူတို့တပ် နဲ့ ရဲဘော်တွေနဲ့ ခွဲခဲ့ကြရပါတယ်။ အဲဒီကိစ္စတွေ ပြီးတော့ ကျမတို့ပါ ဗန်းမော်ကုန်းမဟတ်က လေယာဉ်တွေနဲ့ ပြန်ခဲ့ကြ ရော။
ပြန်ရောက်တော့ ဦးလှက မလွတ်သေးပါဘူး။ တခြားလူတွေတော့ တချို့ လွတ်လာကြပါပြီ။ ပိုက်ဆံပေးလို့ လွတ်တဲ့လူ တွေလည်း ပါတယ်လို့ ကြားရတာပဲ။ ဦးလှက တော်တော်ကြာမှ လွတ်ပါတယ်။
ဦးလှ အဖမ်းခံရတာ တသက်လုံးမှာ (၅) ကြိမ်ပါ။ ခုပထမဆုံး အကြိမ်ရယ်၊ မင်းမနိုင် ကိစ္စနဲ့ (၃) နှစ်နဲ့ (၄) လခန့် ဖမ်းထား တဲ့ အကြိမ်ရယ်၊ သူမဆုံးခင် ကျမရော သူရော သားအငယ်ဆုံးကောင် (ညီပုလေး) ရော အဖမ်းခံရတဲ့ နောက်ဆုံးအခါ ကိုပဲ သေသေချာချာ မှတ်မိနေပါတယ်။
ဦးလှ ဆိုတာလေ သူ့ကို (၅) ကြိမ် (၅) ခါသာ အဖမ်းခံရဖူးတယ် ငါ့ကို ဘယ်တုန်းက ဘယ်သူ ဖမ်းတုန်းက ငါဘယ်လို နေရတာကလားလို့ ဘယ်တော့မှ ပြောမပြလေဘူး။ သူ့စိတ်ထဲ သူခံစားခဲ့ရတဲ့ အနိဋ္ဌာရုံကို ပြန်ပြောမပြချင်လို့လား ကျမလည်း ဘာမှ တတ်နိုင်တာ မဟုတ်ဘဲနဲ့ အလကား စိတ်ဆင်းရဲနေမှာပေါ့လို့ ထင်လို့လား မပြောတတ်ဘူး၊ ဘာဆို ဘာမှ ပြန်မပြောဘူး။ ကျမသာ ဆိုရင် သူများကို မပြောဘူးထားပါ။ သူ့ကိုတော့ ပြောပြမိမှာပဲ။ သူကတော့ ဒါမျိုးမှာ အောင့်အည်းပြီး နေလည်း နေနိုင်တယ်။
သူနဲ့အတူ အဖမ်းခံရတဲ့လူ၊ သူနဲ့ ညီလိုအစ်ကိုလို ချစ်တဲ့ ရွှေပြည်က ဆန်စက်ပိုင် ဦးမူက ပြောပြမှ သူတို့ ဘယ်လို နေခဲ့ ထိုင်ခဲ့ရတယ် ဆိုတာ ကျမ နည်းနည်း ပြန်ကြားရပါတော့တယ်။
သူတို့ကို ပထမ စစ်ကိုင်းဘက်က ရွာသစ်ကြီးကို ခေါ်သွားတာတဲ့။ နောက် ကျားမင်းကြီး ရွှေ့ရတာတဲ့။ နောက် ပုဂံတဲ့။ အဲဒီအရပ်တွေကို ဗြိတိသျှတပ်က ခေါ်ခေါ်သွားတာတဲ့။ စစ်တိုက်ရင်း ဖမ်းချုပ်တဲ့ ပုံသဏ္ဌာန် ထင်ပါရဲ့။ ပြီးတော့ စစ်သုံ့ ပန်းတွေလိုပဲ ထားတာတဲ့။ ဦးမူက “သည်း ယောကျာ်းက ဘုန်ကြီးလိုဟာအေ့၊ ဘာမှ ဖန်းတီးတတ်တာ မဟုတ်ဘူး။ ငါနဲ့ သူရိယ ကိုသန်းမောင်နဲ့ ပုဂံမြို့ထဲ အမှိုက်ကျုံး ထွက်ရတော့ ငါက သူ့အတွက် ထန်းလျက်ကလေး ဘာလေး မြို့ထဲက တောင်းလာပြီး ကျွေးရတယ်” တဲ့။ သူ့တို့ အိမ်သာကျင်း တူးရသတဲ့။ ဦးမူက ပြောပြတာလေ။ ဦးလှကတော့ ဒီအကြောင်း တွေ တခွန်းတလေမှ မဟစဖူးပါဘူး။
အဲဒီ ဦးမူက ဦးလှကို ညီအရင်းလို ချစ်ပါတယ်။ ကျမတို့ မန္တလေးကို ကရင်ဝင်တော့ ကျမတို့ မိသားစုတွေ ဦးမူနေတဲ့ စိန် ပန်းက ခြံကြီးထဲမှာ သွားတိမ်းရှောင် နေကြရတယ်။ ဦးမူက စောင့်ရှောက်ရှာတယ်။ အစစ လိုလေသေးမရှိ။

ဒီဦးမူဟာ ဦးလှရဲ့ ‘ဇနီးနဲ့ သားသမီးများသို့ ထောင်တွင်းက ပေးစာများ’ စာအုပ်မှာ စာအမှတ် (၂ဝ) ကျမဆီကို ရေးတဲ့စာ မှာ ဖော်ပြထားတဲ့ ဦးမူပါပဲ။

သူ ထောင်ထဲမှာနေတုန်း ဦးမူ ဆုံးရှာလို့ နာရေးကြော်ငြာ သတင်း သတင်းစာမှာ သူဖတ်ရတော့ “ဦးမူ ဆုံးတဲ့အကြောင်း လည်း ဖတ်လိုက်ရတယ်။ ဒီအတွက် နည်းနည်းမှ စိတ်မကောင်းဘူး။ သင်္ခါရ တရားကြီး ဆိုတာ ဘယ်လိုမှ အစိုးမရ ကြောင်း အင်မတန် ထင်ရှားတာပဲ။ ဦးမူက သူ့ညီ ကိုလေးကြီး အရက်သောက်လွန်းလို့ အသက်တိုလိမ့်မယ်လို့ ပြောလေ့ ရှိတယ်။ အခုဖြင့် နေနိုင်သေးတဲ့ အရွယ်မှာ သူသေရှာပြီ။ လောကကြီး အကြောင်းတော့ လိုလေသေးမရှိ သိသွားတဲ့ သူ ပါပဲ။ ဪသာ် … ဦးမူ … ဦးမူ၊ တခြားတိုက်ပွဲတွေကို ပါးနပ်လိမ္မာတဲ့ နည်းအမျိုးမျိုးနဲ့ နိုင်အောင် တိုက်နိုင်လေ့ ရှိခဲ့ပေ မယ့် သေမင်းကိုတော့ နိုင်အောင် မတိုက်နိုင်ရှာဘဲကိုး …” လို့ ရေးလိုက်ပါတယ်။ ဦးမူအဖေ ဆုံးတယ် ဆိုလို့ ကျမတို့က အသုဘ သွားကြတယ်။ စိန်ပန်းခြံကြီးထဲမှာ ဦးမူက ခုတင်ကြီးပေါ်ကနေပြီး ကျမတို့ကို ဧည့်ခံနေတယ်။ အသုဘချတော့ ကျမတို့လည်း ထိုင်နေရာက ထပို့ကြရော။ အဲဒီအချိန်မှာ ဦးမူဟာ ဦးနှောက်သွေးကြောပြတ်ပြီး လဲသွားပါရော။ ဒါနဲ့ အသု ဘနောက် လိုက်ပို့လို့ ဝင်းပေါက် ရောက်နေပြီ ဖြစ်တဲ့ ကျမတို့က ဦးမူ ဆီကို ပြန်လာကြည့်ရတော့တာပေါ့။ သိပ်မကြာပါ ဘူး။ ကျမတို့ မျက်စိအောက်မှာပဲ ဦးမူက အသက်ကုန်သွားရှာရော။ ဖအေ့ အလောင်းတောင် သုသာန်ရောက်ဟန် မတူ ဘူး။ ဒီအဖြစ်တွေ ဦးလှကို စာရေးမပြောပါဘူး။ သူသာသိရင် ထောင်ထဲကနေပြီး ပိုပြီး စိတ်ထိခိုက် ရှာဦးမှာပါ။
လူထုဒေါ်အမာ
Ludu လူထုကြီးပွားရေး ဖေ့စ်ဘွခ်မှ ကူးယူတင်ဆက်သည်

No comments: