သေဒဏ်ပေးခြင်းကို Capital Punishment သို့ မဟုတ် Death Penalty သို
့မဟုတ် Death Sentence သို့ မဟုတ် Execution လို့  ခေါ်ဆိုသတ်မှတ်ကြပါတယ်။
ဘာသာတရားဘက်အရဆိုလျှင်လည်း အသက်တစ်ချောင်းကို သတ်ခြင်းဟာ အပယ်ငရဲကို လားနိုင်တဲ့ ကာယကံမြောက် ကျူးလွန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတိုင်းက သတ်ဖြတ်ခြင်းကို တားမြစ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားတဲ့ တိုင်းပြည်ပါ။ ဒီလိုနိုင်ငံမျိုးမှာ လူသားတစ်ဦးကို သေဒဏ်ပေးခြင်းဟာ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားတဲ့ တိုင်းပြည်၊ ယဉ်ကျေးသိမ်မွေ့ တဲ့ လူမျိုးတွေ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ အရုပ်ဆိုး အကျည်းတန်စေခဲ့တဲ့ သေဒဏ်ချမှတ်မှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် တိုင်းပြည်ကို အုပ်ချူပ်နေသူတွေဟာ ၄င်းတို့ ကို ဆန့် ကျင်ကြသူများကို သေဒဏ်ပေးတဲ့ နည်းလမ်းကျင့်သုံးပြီး လူသားချင်း စာနာတရားကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် ကွပ်မြက်သုတ်သင်ခဲ့ကြပါတယ်။ မည်သို့ သော နိုင်ငံရေးအယူအဆ မတူညီစေကာမူ၊ မည်သို့ သော ဝေဖန်သုံးသပ်မှု ပြောဆိုဆန့် ကျင်စေကာမူ၊ မည်သို့ သော ကွဲပြားခြားနားသည့် ဆန့် ကျင်လုပ်ဆောင်မှု ပြုလုပ်စေကာမူ သေဒဏ်ချမှတ် သုတ်သင်ခြင်းကို မဆောင်ရွက်သင့်ပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလ ကွန်မြူနစ်ပါတီဝင်ဖြစ်သူ ဗိုလ်မှူး ချင်းကောင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံသမတဖြစ်ခဲ့သူ မန်းဝင်းမောင်က သေဒဏ်ချမှတ်မှုအား လျော့ပေါ့ပေးဖို့  မေတ္တာရပ်ခံခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဖူး။
တစ်ပါတီ အာဏာရှင်စနစ်စတင် ကျင့်သုံးခဲ့သူ အာဏာရှင်ကြီး နေ၀င်းလက်ထက်မှာ ၄င်းရဲ့  အာဏာရှင်အစိုးရနဲ့  တစ်ပါတီ အာဏာရပါတီ မဆလပါတီကို ဆန့် ကျင်ကြသူများ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ကြသူများထဲမှ ကျောင်းသားများ တိုင်းရင်းသားပြည်သူများ တပ်မတော်သားများအား သေဒဏ်ပေး သတ်ဖြတ်ခဲ့ပါတယ်။ အထင်ကရအနေနဲ့  ၁၉၇၄ ခုနှစ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ထောင်တွင်းအကျဉ်းချ နှိပ်စက်ညဉ်းပမ်းပြီး သေဒဏ်ပေးကာ ကြိုးကွင်းစွပ် သတ်ဖြတ်ခဲ့ပါတယ်။ ထို့ အတူ အာဏာရှင်ကြီး နေ၀င်းဟာ ၄င်းကို လုပ်ကြံရန် ကြိုးစားမှုနဲ့  ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်က ဗိုလ်ကြီးအုံးကျော်မြင့်ကို ၁၉၇၆ ခုနှစ်တုန်းက သေဒဏ်ပေး သတ်ဖြတ်ခဲ့ပါတယ်။ ဆက်လက်၍လည်း ၁၉၈၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့  အဖွဲ့ ဝင် (၁၂) ဦးကိုလည်း သေဒဏ်ပေး သတ်ဖြတ်ခဲ့ပြန်တယ်။ ၁၉၈၈ ခုနှစ် အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းပါဝင်ခဲ့ကြတဲ့ ၈၈၈၈ ပြည်သူ့ အရေးတော်ပုံကြီးအတွင်း ဖမ်းဆီးထောင်သွင်း အကျဉ်းချခဲ့ထဲရသူတွေထဲက အချို့ ကိုလည်း အထူးခုံးရုံးများ ဖွဲ့ စည်းပြီး ထောင်အတွင်းမှာ တစ်ဘက်သတ် စီရင်မှုများနဲ့  သေဒဏ်ပေး သတ်ဖြတ်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်အချိန်ကာလ၌ကလည်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ရဲ့  လျှို့ဝှက် အစီရင်ခံစာများ အင်တာနက်မှတဆင့် ပေါက်ကြားပြန်နှံ့လို့ ဆိုပြီး အငြိမ်းစားဗိုလ်မှူး ကိုဝင်းနိုင်ကျော်နဲ့  ကိုသူရကျော် (ခ) ကိုအောင်အောင်တို့ ကို သေဒဏ် စစ်ဘက်ရေးရားအရ သေဒဏ်ပေးခဲ့ပါသေးတယ်။
၁၉၈၉ ခုနှစ် နောက်ပိုင်း အရပ်ဘက်တရားရုံးများကနေ ပေါ်ပေါ်တင်တင် သေဒဏ်ပေးမှု မဆောင်ရွက်ခဲ့ပေမယ့်၊ ၂၀၁၀ ခုနှစ်က သင်္ကြန်ရေပက်မဏ္ဍပ် X2O ဗုံးပေါက်ကွဲခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သံသယဖြင့် အသက် (၃၁) နှစ်အရွယ် အင်ဂျင်နီယာဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးကာ သေဒဏ်စီရင်ချက်ချတဲ့အဖြစ်အပျက် ယခုနှစ် ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူ ကိုဖြိုးဝေအောင်ဟာ သံသယအကျိုးခံစားပိုင်ခွင့်လည်း မရရှိ၊ အပြစ်မကျူးလွန်ကြောင်း သက်သေအထောက်တင်ပြပိုင်ခွင့်လည်း မရရှိ၊ မတရားစွပ်စွဲထားမှုကို ခုခံကာကွယ်ချေပပိုင်ခွင့်လည်း မရရှိနဲ့  အကျဉ်းချထားစဉ်မှာ နှိပ်စက်ညဉ်းပမ်း အကြပ်ကိုင်မေးမြန်းမှုများသာ ကြုံတွေ့ ခဲ့ရပြီး နောက်ဆုံးမှာ ယခုလို တစ်ဘက်သတ် သေဒဏ်စီရင်ချက် ချမှတ်ခံရသူ ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ - ၁ (ခ) ကြိုတင်ကြံစည်မှုဖြင့် သေဒဏ်၊ ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ ပုဒ်မ ၃၂၄ သာမန်နာကျင်စေမှုဖြင့် ထောင်ဒဏ် (၃) နှစ်၊ ဖောက်ခွဲပုဒ်မ (၃) ၆-က ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ လူဝင်မှုကြီးကြပ်ရေးအရေးပေါ်ဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ် (၃) နှစ် - အစရှိတဲ့ အမှုတွဲ (၄) ခု၊ ပုဒ်မ (၆) ခုနဲ့  အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်းခရိုင် အထူးတရားရုံး တရားသူကြီး ဦးအောင်သိန်းကနေ ယခုလို သံသယဖြစ် ထိန်းသိမ်းခံရသူ ကိုဖြိုးဝေအောင်အပေါ်မှာ ပြင်းထန်သော စီရင်ချက်တွေကို တစ်ဘက်သတ် မတရားချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သံသယဖြင့် စွပ်စွဲထိန်းသိမ်းခံခဲ့ရသူ ကိုဖြိုးဝေအောင်အတွက် ဇနီးဖြစ်သူနဲ့  အလုပ်အတူတူလုပ်ဖေါ်ကိုင်ဘက်များရဲ့  သက်သေပြောဆိုချက်တွေ ဖြစ်တဲ့ - သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ဟာ အလုပ်ခွင်းအတွင်းမှာသာ ရှိနေကြောင်း ခိုင်မာစွာ ပြောဆိုခဲ့တာကို တရားရုံးက ထည့်သွင်းစဉ်းစားဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ လျစ်လှူရှုပစ်ပယ်ခဲ့ခြင်းဟာ တရားရုံးရဲ့  သုံးသပ်ချက်တွေ စွပ်စွဲချက်တွေ သေဒဏ်ဆုံးဖြတ်ချက်တွေဟာ လုံးဝ မှားယွင်းနေတယ်ဆိုတာ အဓိက အကြောင်းအချက်ဘဲ ဖြစ်ပါတယ်။
ကလေးနှစ်ဦးရဲ့  ဖခင်ဖြစ်သူ ကိုဖြိုးဝေအောင်ဟာ ခါးကျီးပေါင်းတက်ရောဂါနဲ့  အသည်းကြီးရောဂါများကို ခံစားနေရတဲ့ ရောဂါဝေဒနာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ စွပ်စွဲအကျဉ်းချထားစဉ်မှာ ကျွမ်းကျင်သူဆရာဝန်များနဲ့ ပြသခွင့် မရရှိတဲ့အပြင်မှာ ယခုလို မတရားသေဒဏ်ချမှတ်ခံရမှု အခြေအနေကြောင့် အပြစ်မကျူးလွန်သူတစ်ဦးအနေနဲ့  ကိုယ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်မှာ ဖြစ်ပါတယ်။
ကိုဖြိုဝေအောင်ကို ညှင်းပမ်းနှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့တာကြောင့် ဥပဒေနဲ့ မညီသလို သေဒဏ်စီရင်မူဟာ တရားမျှတမူ မရှိဘူးလို့လည်း ရှေ့နေဖြစ်သူကိုယ်တိုင်ကလည်း ပြောပါတယ်။
အားပေးကူညီမှုလည်း မရှိ၊ ပူးပေါင်းပါဝင်ခြင်းလည်း မရှိ၊ ကြိုတင်ကြံစည်မှုလည်း မရှိသူတစ်ဦးဖြစ်တဲ့ ကိုဖြိုးဝေအောင်ကို သေဒဏ်ပေးဖို့ နေနေသာ စွပ်စွဲထားတဲ့အမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးသင့်တာပါ။

မတရားစွပ်စွဲဖမ်းဆီးခံရပြီး တစ်ဘက်သက် စီရင်ဆုံးဖြတ်ချက်ချခံရပြီး မတရားအမိန့်  သေဒဏ်ကို ရင်ဆိုင်နေရသူ ကိုဖြိုးဝေအောင်အပါအ၀င် လူသားတိုင်းဟာ လူသားတစ်ဦးအနေနဲ့  အသက်ရှင်နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေး (Everyone has the right to live) ရှိကြပါတယ်။
သက်သေခိုင်လုံမှု မရှိခြင်း၊ ဖန်တီးလုပ်ကြံထားသော သက်သေဖြင့် စီရင်ခံရခြင်း၊ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အ၀ မရရှိဘဲနှင့် တစ်ဘက်သတ် စီရင်ချက် ချမှတ်ခံရခြင်း၊ မတရား စွပ်စွဲခံရခြင်း၊ မှားယွင်းစွာ တရားခံအဖြစ် သတ်မှတ်ခံရခြင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ်ထက် ပိုမို၍ ကြီးမားစွာ ပြစ်ဒဏ်ခံရခြင်း အစရှိသည့် အခြေအနေတို့ အပြင် သေဒဏ်ချမှတ်ခံရသည့်တိုင် လူသားတစ်ဦးအတွက် အသက်ရှင်နေထိုင်နိုင်ခွင့် ရှိပါတယ်။
ဒီအထွက် ပြစ်ဒဏ်လျော့ပေါ့စေအောင် အယူခံဝင်ခွင့်၊ ပြန်လည်လျှောက်ထားခွင့်၊ ခုခံချေပခွင့် အစရှိတဲ့ အခွင့်အရေးတွေ ရရှိရမှာ ဖြစ်ပါတယ်။ ထို့ အပြင် လူသားချင်း စာနာစွာဖြင့်လည်းကောင်း ဘာသာတရားအရလည်းကောင်း သေဒဏ်မှ လွတ်ငြိမ်းခွင့် ဒါမှမဟုတ် သေဒဏ်ပယ်ဖျက်ခြင်း သို့ မဟုတ် သေဒဏ်ချမှတ်မှု အလျဉ်းမကျင့်သုံးခြင်းတို့ ကို ဆောင်ရွက်ခြင်း သင့်ပါတယ်။

ယခုအချိန်မှာ ကမ္ဘာ့နိုင်ငံ စုစုပေါင်း (၁၃၉) နိုင်ငံဟာ သေဒဏ်ချမှုခြင်း လုံးဝပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။ လာမည့် အောက်တိုဘာလ (၁၀) ရက်နေ့ ဟာ (၁၀) ကြိမ်မြောက် နိုင်ငံတကာ သေဒဏ် ဆန့် ကျင်ရေးနေ့  ဖြစ်ပါတယ်။ မည်သို့ သော နည်းဖြင့်မဆို သေဒဏ်ပေးခြင်း၊ မည်သည့်နိုင်ငံဖြစ်စေ သေဒဏ်ပေးခြင်း သေဒဏ်ချမှတ်မှုနှင့် သေဒဏ်ပေးရန် အချိန်သတ်မှတ်စောင့်ဆိုင်းခြင်းတို့ ဟာ လူသားမဆန်သောလုပ်ရပ်ဖြစ်တယ်လို့  သတ်မှတ်ထားတဲ့အတွက် သေဒဏ်ပေးခြင်းကို ပြင်းထန်စွာ ကန့် ကွက်မှု ပြုလုပ်ကြပါတယ်။

ဒီလိုမျိုး ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူသားမဆန်တဲ့ သေဒဏ်ပေးခြင်း (Capital Punishment/Death Penalty/Death Sentence/Execution) ကို လူသားပီသစွာဖြင့် ဖျက်သိမ်းကြနေချိန်မှာ - ဘာသာတရားကို ရိုသေကိုင်းရှိုင်းသောအားဖြင့်၊ လူသားချင်းစာနာထောက်ထားသောအားဖြင့်၊ ယဉ်ကျေးသိမ်မွေ့ သော အစဉ်အလာကို စောင့်ထိန်းသောအားဖြင့်၊ သန့် ရှင်းစင်ကြယ်သော အစိုးရတစ်ရပ်အဖြစ် ခံယူလိုသောအားဖြင့်၊ စစ်မှန်သော တိုင်းပြည်နှင့်လူမျိုးအကျိုးကို ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်နေသောအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ သေဒဏ်ချမှတ်စီရင်မှုများကို အလျဉ်းရပ်ဆိုင်းပြီး၊ သေဒဏ်အား ရင်ဆိုင်နေရသူ ကိုဖြိုးဝေအောင် အပါအ၀င် မည်သူမဆို ချမှတ်ခံထားရသူအားလုံးအား သေဒဏ် ပြန်လည်ရုပ်သိမ်းပေးခြင်းနှင့် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်လည်း “သေဒဏ်” အား ပယ်ဖျက်ပေးပါရန် ပြောကြားလိုပါတယ်။
နစ်နေမန်း။
http://www.youtube.com/watch?v=_ZpQrNv1Vbw&feature=youtu.be

No comments:
Post a Comment