Thursday, August 19, 2010

ပြည်ပမြေမှ မြန်မာများ


"သမိုင်းဆိုတာ နားလည်မှုပေး..ရေးဖွဲ့ထားတဲ့ အနုပညာ တခု မဟုတ်ပါ။ (အောင်မိုးဝင်း)"aug13,2010


ဘီဘီစီ မြန်မာ့အရေးကမ္ဘာ့အရေးမှာ- (http://www.bbc.co.uk/burmese/interactivity/2010/08/100805_burmadebate6aug.shtml )၂၀၁၀- ၈လပိုင်း-၅ရက်နေ့က ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေ ရဲ့စကားအသုံးအနှုန်းတွေကို ကျောင်းသားတော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊.....

သူတို့က ပြန်လည်တုန့်ပြန် ငြင်းခုန်စေချင်တယ်။ ထောက်ပြနိုင်တဲ့အဖြစ်အပျက်တွေကို ကျနော်တို့အာရုံမှာ ပြန်ဖေါ်ကြည့်ကြတယ်။အသေးအဖွဲ ကိစ္စတွေလို့ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါ လို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာ တခု မဟုတ်ပါ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ " တသသ" ဆိုတဲ့ကဏ္ဍတခုကိုမှတ်မိကြလိမ့်မယ်ထင်ပါတယ်။ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်တဲ့ "ပိုင်သ" က အဲ့ဒီ ကဏ္ဍလေးမှာ သူဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှုတသမှုတွေ နဲ့ စိတ်ဝင်စားဖွယ်တင်ပြထားတယ်။သူက ကဗျာဆရာအဖြစ်ကျင်လည်ရတဲ့ ဘဝ ကို ပြောပြတဲ့အခါ- ကဗျာဆရာ၊စာရေးဆရာတွေရဲ့ဘဝတွေ က မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်ရင် မာနမလျော့ဘူး။ခိုင်ခိုင်မာမာရပ်တည်တယ်။

ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကို လဲပစ်ဖို့ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။မာနမရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေအတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။

ပိုင်သ က ဒါရိုက်တာအဖြစ်ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသ မဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖေါ်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေစုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ် လို့ ဆိုတယ်။

ပိုင်သ ကို ကျနော်မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)
ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ "မဟာ" စီးရီးကို မှတ်မိကြမလားမသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာသူ့ကို အသုံးချပြီး ဝါဒဖြန့်သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကို ဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန် အားစမ်းခဲ့ပါတယ်။ "ဇော်ဝင်းထွဋ်ရဲ့မဟာသီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်"........လို့။

ဖြစ်ချင်တော့ တရက်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းအဝင်မှာဖွင့်ထားတဲ့ " ဟယ်လို" လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့မဟာသီချင်း ဖွင့်နေသံကိုကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကိုဆင်းလာကြတယ်။ နောက်-ဆိုင်ရှင်ကိုမေးတယ်။ ဒီသီချင်းခွေကိုဘယ်သူယူလာတာလဲ... လို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။

ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ။။။ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး၊ လက္ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ကျနော်တို့တတွေ၊ တယောက်ကို တယောက်သိကြတာပဲ။

ကျနော်တို့လည်း ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ၊

ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေ ကို ဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံ ပေးထားပြီးပြီ။

ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုန့်ပြန်ရမယ်ဆိုတာ အားလုံး ဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ် ဆိုတာသိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ခံစားချက်၊ မူဝါဒကိုနားလည်ပေးဖို့လိုမယ်။ သူတို့နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင် ရဲ့ သီချင်းတွေနေရာယူလာခဲ့ဖူးတယ်။

(၂)
စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေးရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာစိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့်သီချင်းတွေရေးနေတဲ့ မြသန်းစံ ရဲ့ သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ ပြဿနာတွေပေါ်လာတာပါ။ စိုင်းထီးဆိုင် ရဲ့ အားနည်းချက်ကို စစ်အစိုးရ က ကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့် ..ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ နဲ့ အကြီးအကျယ် ဆက်ဆံရေးပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။ စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန်စက်မှုတက္ကသိုလ် ဆီကို ရုပ်ရှင်ကားရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူးလက်ဘက်ရည်ဆိုင်ရှေ့မှာရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က " အစိုးရကို ဖားလို့ အကယ်ဒမီ ဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ" လို့ အော်ပြီးလက်ခုပ်တီးလိုက်တယ်။ စိုးမြတ်သူဇာ ကလည်း အင်မတန်မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။ " ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးးမယ်" ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လက်ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေလျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေကအစ၊ ရိုက်ကွင်းဆီကိုလိုက်သွားကြတယ်။ ရိုက်ကွင်းကိုချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင်ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်းပြန်သွားရတယ်။

ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့သူငယ်ချင်းကို ကျောင်းထုတ်ဖို့ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းကယောက်ျားလေးဆောင် (၆) ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။ ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ဖက်ခွက်စားကို အရေးမယူဘဲ ကျနော်တို့သူငယ်ချင်းကိုကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကိုရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီ ...လို့။ ကျောင်းအာဏာပိုင်တွေက ကျနော့တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖေါ်ပြခြင်းမပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။


တကယ်တော့ ၁၉၉၆ ကာလ ၊ ရန်ကုန်စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးလိုက်သလိုဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကိုပြန်မြှင့်ရတော့မယ် ဆိုတာ သဘောပေါက်နေကြတယ်။

ဒီလိုနဲ့ --မတ်လ (၁၃) ရက် နှစ်လည် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွဖောက်ခွဲကြတော့တယ်။

(၄)
အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး၊ ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ဒုက္ခတွေအောက်မှာရပ်တည်နေရတဲ့သူတွေရဲ့ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ၊ တလျှောက်လုံးအခွင့်အရေးတွေ ရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။

" ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရဝါဒဖြန့်ချီရေးဇာတ်ကား ရိုက်ရကောင်းလား" လို့ အပြစ်တင်နေကြမလား။
" အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်" ဆိုတော့ ဗိုလ်အောင်ကြီးရဲ့စစ်တပ်ကို စိတ်နဲ့တောင်မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။

သေချာစဉ်းစားပါအုံး ဆရာတို့ရယ်။ တချို့ အနုပညာသမားတွေက ဟိုဘက်က သာရင် ဟိုဘက်ကိုပေါင်းမယ်။ ဒီဘက်က သာရင် ဒီဘက်ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကိုယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်... ဆိုတာ လူဗြိန်းတောင် နားလည်တဲ့ အဲ့ဒီလောကသား အများစုရဲ့ အဖြစ်အပျက်တွေပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။

နိုင်ငံရေးလုပ်နေတဲ့သူတွေကို " သူတို့က အစိုးရ ဖိအားပေးလို့လုပ်ရတာပါ" ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။ "သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်" ဆိုတဲ့ ခပ်ညံ့ညံ့သီအိုရီတွေလည်း ကျနော်တို့နားလည်ပါတယ်။

တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြသူတွေပါ။ ဘလော့ဂ်ကလေးတခု နှစ်ခုဖွင့်၊ နိုင်ငံရေးကို ဧည့်ခမ်းဆောင်မှာ အခန့်သားထိုင်။ အညွှန့်ခူးစား ။ လူပေါ်လူဇော်လုပ်မယ့် မျိုးဆက်သစ် အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှ မရှိခဲ့တဲ့သူတွေပါ။

(၅)
ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ပါပီမ ရုပ်ရှင်ထွက်လာတယ်။ ရှစ်လေးလုံးအရေးတော်ပုံ အတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းကနဲ ဘက်ပြောင်းကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လိုချစ်မြတ်နိုးကြောင်း-- သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က (ဥပမာ-မို့မို့မြင့်အောင်) ကိုယ်ကိုယ်တိုင်က အားရဝမ်းသာလှိုက်လှိုက်လှဲလှဲပေါင်းစည်းခဲ့တာ။ ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ၊ " အောင်မြင်မှုအတွက်ဆို မာန က အစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု" အဖြစ်နားလည်ပေးလိုက်ပါတယ်။ မဆန်းကြယ်တဲ့လောက ကို မြင့်မြတ်တဲ့ဘုံလို သိပ် မညွှန်းဖို့လည်းလိုပါတယ်။

"ပြည်ပမှာရောက်နေတဲ့ သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ် " ဆိုတဲ့ သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ 'သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ ..မိတ်ဆွေတို့။"

(၆)
ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့် လှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာခဲ့တယ်။
မင်းသားကြီးထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့လုပ်ငန်းတွေကြောင့်ပဲ၊ ပြည်သူတွေက သူတို့ကိုချစ်ခဲ့တယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ "ဝင်းဖေလွယ်အိတ်" လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ခြင်းလွှတ်ရတယ် ဆိုတာ လူတွေသိပါတယ်။ ဟတ် ဒ် ( Heart) ကို ထိအောင်ပစ်ရတယ် ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။

" ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော-- ငြိမ်းချမ်းသာယာသောနယ်မြေ---" ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် "ဂန္ထဝင်" အဖြစ် ကျန်မနေရစ်ချင်ပါဘူး။

ဆန္ဒပြတယ်ဆိုတာ ဟဒ် ကို ထိအောင်ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသားမင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကို မုန်းလို့မဟုတ်ပါဘူး။ " ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့ အရာတွေကို ကျမတို့က ပြောနေရတာပါ" ....တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ ခေတ်ကြီးမှာ မေ့မေ့လျော့လျော့ နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။

တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့သွားကာမနေကြပါနဲ့။
အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ် လို့ ယုံတယ်။
ဟတ် ဒ် ကို သာ ထိအောင်ပစ်ပါ မိတ်ဆွေ တို့။


( အောင်မိုးဝင်း)

ဘီဘီစီမြန်မာ့အရေးကမ္ဘာ့အရေးမှာ(http://www.bbc.co.uk/burmese/interactivity/2010/08/100805_burmadebate6aug.shtml ) ၂၀၁၀-၈လပိုင်း-၅ရက်နေ့က ဆွေးနွေးသွားခဲ့တဲ့ - ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရဝါရင့်သော၊ သြဇာကြီးမားသော သူများက ပြောသင့်သည်မှာ.. " ပြည်သူတွေကတော့ အစိုးရကို တအားမုန်းနေတယ်၊ ခေတ်ဆိုး ခေတ်ကြပ်ကြီးမှာ ကြားမညှပ်စေနဲ့။ သတိထားကြ(ဦး)အုံး" ..ဟူသောစကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိပြောစေချင်ပါတယ် ဆရာ။


(ရှင်းလင်းချက်) --- ဂန္ထဝင် ဆိုတာ Classic ကိုပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။

No comments: