Monday, August 23, 2010

ဘော်ဒါ တို့

 
 

ဘတ်ဖလိုးမြို့မှ စီးပွားရှာနေသူ ဦးနန္ဒဝံ နှင့် တောသားကျော်နိုင်တို့သည်

အော်လ်ဘာနီမြို့တွင် ဝိုင်းစုခိုင်သိန်း တီဝိုင်းအား လာမဲ့အပတ်မှာ ရုံသွင်းမယ်

မြို့ခံတွေကို အသိမပေးပဲ အစိုးရဝါဒဖြန့်ကားတွင်ပါဝင်သူများကို သယ်ဆောင်လာသည့်၊

စီးပွားလာရှာသော တောသားကျော်နိုင် နှင့် အပေါင်းပါများအားဆန့်ကျင်ရှုတ်ချကြမယ်။

အောလ်ဘာနီမြို့မှ ကျောင်းသားတပ်မတော်ရဲဘော်များ က ဦးဆောင်ပြီး

အနီးအနားမြို့များဖြစ်တဲ့ ဘတ်ဖယ်လိုး၊ ရိုချက်စတာ၊ ယူတီကာ၊ အီသာကာ မှ ဒီမိုကရေစီရေးလှုပ်ရှားသူများကလည်း လာရောက်ပူးပေါင်းပါဝင်ကြမယ်

ဆန္ဒပြပွဲမလာနိုင်သောသူများအနေဖြင့်၊ စတိတ်ရှိုး ကို အရှုံးဖြင့်ရင်ဆိုင်စေမည့် နည်းလမ်းအားလုံးကို

လုပ်ဆောင်ကြပါ။ ရုံထဲကိုလည်း အရောက်သွားပြီး အဆိုတော်များနှင့်တွေ့ဆုံကာ လက်ကမ်းစာစောင်များ

ပေးပို့ကြပါ။    ဆန္ဒပြမည့်သူများအား အော်လ်ဘာနီ ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်နှင့်

ကိုအောင်မိုးဝင်း (ရိုချက်စတာ) တို့မှ အစားအသောက်များဖြင့် ကူညီအားပေးမည်ဟုသိရသည်။


 

"ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရဲ့ရင်ဖွင့်စကားများ"

မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)

မောင်ကျောင်းသား မေးမြန်းစာစီ ကူညီတင်ပြပေးပါသည် ။

(၁)

ဒီလိုဗျ..၊ ကျွန်တော်က နအဖတပ်မှာ ကလေးစစ်သားလဲဖြစ်ခဲ့ဘူးသလို ၊ ရေတပ်မှာ ( တပ်ကြပ်ရကာနီး )ဒုတပ်ကြပ်ဘ၀ထိဖြတ်သန်းလာခဲ့တဲ့ ၊ တပ်မှာနှစ်ကျော့ ပြန်စစ်သားဖြစ်ခဲ့တဲ့ တပ်မတော်သားဟောင်းတစ်ယောက်ပါ ၊ ကျွန်တော်ကြုံတွေခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေ ၊ နာကျည်းစရာတွေကို အများပြည်သူကို တင်ပြချင်တာကြောင့်  ခုလို ရေးသားဖေါ်ပြလိုက်ရတာပါ ။

 
 

ကျွန်တော့နာမည်ရင်းက ဆန်းမင်းထွေး ပါ ၊ ဇာတိက ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၁၃၃ ရပ်ကွက်ကပါ ၊ မိသားစု ဘ၀အခြေအနေကြောင့် ငါးတန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ၊ ကိုယ့်ဘ၀ကိုယ်ကျောင်းမှ အသက်ရှင်ရပ်တည်နိုင်မှာဖြစ်တာကြောင့် ၁၂ နှစ်သားအရွယ် ကလေးဘ၀နဲ့တင် စားပွဲထိုး ၊ ရပ်ကွက်ထဲ ရေရောင်း ၊ ဓါတ်ဆီဆိုင် စာအုပ်ထပ်ပေး ၊ ဈေးရောင်း ၊ ရေခဲထုတ်ရောင်း ၊ ဖရဲသီးစိတ်ရောင်း ဘ၀စုံအလုပ်စုံမှာ ဖြတ်သန်းကျင်လည်ခဲ့ရပါတယ် ။

 
 

၁၉၉၉ ခုနှစ် (အသက်၁၄နှစ်) မှာ ၊ ရထားပေါ်ဈေးလိုက်ရောင်းရာကနေ ၊ ရွှေညောင်ဘူတာအရောက် ရထားပေါ်ကအဆင်းမှာ အမြှောက်တပ်တခုက တပ်ကြပ် တစ်ယောက်က " ညီလေး ..မင်းဘယ်ကလဲ"လာမေးပြီး ၊ ဈေးလှည့်ရောင်းနေသူတယောက်မှန်း လဲသိရော "ခုလိုပင်ပင်ပန်းပန်းလုပ်နေမဲ့အစား တပ်ထဲဝင်လိုက် ပါလားကွ ၊ မင်းဘ၀ပြောင်းလဲသွားမယ် " ၊ တပ်မှာ အခွင့်အရေးတွေဘယ်လိုရှိတယ်ဆိုတာမျိုး ပြောပြီးစည်းရုံးလာပါတယ်၊ မလုပ်ချင်ပါဘူးငြင်းလိုက်တော့"မင်းမှာ မှတ်ပုံတင်မပါဘူးမလား ၊ မင်းကိုခုဖမ်းလိုက်လို့ရတယ် ၊ ထောင်ထဲရောက်သွားမယ်"ဆိုတာမျိုးတစစခြိမ်းခြေက်ပါတော့တယ် ၊ အဲဒိတုံးက ကလေးဆိုတော့ ကြောက်တာပေါ့ ၊ "အဖမ်းတော့မခံပါရစေနဲ့ ၊ စစ်ထဲဝင်ဆိုဝင်ပါ့မယ်"ဆိုပြီး သူခေါ်သွားရာနောက်လိုက်သွားဖြစ်ပါတယ် ။

 
 

တောင်ကြီးမြို့ကြိုးတံတားနားက စစ်သားစုဆောင်းရေးနေရာလေးတခုမှာ ကျွန်တော့ကိုထားသွားပါတယ် ၊ ရောင်းစားခဲ့တဲ့ သဘောမျိုးပါ ၊ စစ်သားစုပေးရင် ပေးတဲ့ (အဲဒီတုံးက ငွေဘယ်လောက်ပေးမှန်း ၊ ဆန်အိတ်ပေးမှန်းမသိသေးပါဘူး) ပိုက်ဆံတွေယူပြီး သူထွက်သွားပါတယ် ၊ ထောင်ကျသွားသလို ဘယ်မှလဲ မထွက်ရပဲကျန်နေခဲ့ပြီး တပါတ်လောက်နေမှ ကျန်တဲ့ စုဆောင်းခံထားရသူတွေနဲ့အတူ (စုစုပေါင်း ၇ ယောက်)ကို တပ်ကြပ်ကြီးတယောက်ဦးစီးပြီး မန္တလေးက စစ်သားစုဆောင်းရေးကို ပို့လိုက်ပါတယ် ၊ အမှန်က စုထားတာ ၉ ယောက်ပါ ၊ ၂ ယောက်က ကြားရက်မှာထွက်ပြေးသွားခဲ့တာပါ ။ အဲ့ဒီထဲမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးအရွယ်တွေ ကျွန်တော်အပါဝင်၆ယောက်ရှိပါတယ် ၊  အသက်ပြည့်ပြီ်းတာ တစ်ယောက်ထဲပါ ပါတယ် ။

 
 

မန္တလေးစစ်သားစုဆောင်းရေးရောက်တော့ ကျွန်တော်ပိုပြီးဝမ်းနည်းသွားတယ် ၊ အရမ်းလဲလန့်သွားပါတယ်၊ အဲ့ဒိမှာစုထားတဲ့လူ အားလုံး၂၀၀၀ကျော်လောက် ရှိပါတယ် ၊ အဲ့ဒိထဲမှာအသက်မပြည့်ပဲစုဆောင်းခံရတဲ့လူက ပိုများပါတယ် ၊ ကျွန်တော်တို့ ရောက်သွားတော့ အဲ့ဒိကတာဝန်ခံအဆောင်မုးက စည်းကမ်းချက်တွေ ပြောပါတယ် ၊ အဓိက က ထွက်မပြေးဘို့ပါ ၊ ပြီးတော့ ထမင်းသွားစားခိုင်းပါတယ် ၊ ထ္မင်းစားဆောင်ရောက်တော့  အန်ချင်စိတ်ကို မနည်းမျိုသိပ် ထားရတယ် ၊ ကျွန်တော့်အတွက်တော့ အရှင်လပ်လပ် ငရဲခန်းထဲရောက်နေသလိုပါပဲ၊ ထ္မင်းက လုံးတီးဆန်၊ ၀က်စာလို နီရဲပျော့ပြဲပြီး တူးစော်ကလဲနံ ၊ မနပ်တဲ့ ဟာကမနပ်ဘူး၊ ဟင်းကျတော့လဲ မုံညင်းရွက်ရေလုံပြုပ်မှာ တီကောင်ကပါလာသေးတယ် ၊ ငါးခြောက်လေး၂ကောင်နဲ့ကျွေးတယ် ၊ အဲ့ဒိထက်ဆိုးတာက အိပ်ဆောင်ပြန်ရောက် တော့ ဂျပိုးမွေ့ရာ ခြင်ပန်ကာနဲ့အိပ်ရမယ်လိုပြောကြတယ် ၊ ဘာကိုဆိုလိုမှန်းမသိဘူး ၊ ညကျမှ အဖြေပေါ်တယ် ၊ ကြမ်းပြင်ကဂျပိုးကကိုက် အပေါ်က ခြင်ကကိုက်နဲ့ တညလုံးကောင်းကောင်း အိပ်မရပဲမိုးစင်စင်လင်းခဲ့ရတယ် ၊ ပိုဆိုးတာက အပေါ့အပါးသွားချင်ရင်တောင်နေ့ဘက်ဆို အပေါ်အကျီချွတ်ပြီး ဘောင်းဘီတိုလေးနဲ့ သွားရတယ် ၊ ညဘက်ဆိုရင် တကိုယ်လုံးချွတ်ပြီ်း သွားရတယ် ၊ ထွက်ပြေးမှာစိုးလို့ အချုပ်သားတွေလိုလုပ်ထားတာပါ ၊ အရင်ရောက်နှင့်တဲ့ အရွယ်ခပ်ကြီးကြီးတွေ ကို ၀ါးရင်းတုတ်နဲ့ကင်းစောင့်ခိုင်းထားပြီး အိမ်သာသွားရင်နောက်ကလိုက်ခိုင်း ထားသလို ရိုက်ခွင့်လဲပေးထားပါတယ် ။

 
 

စုဆောင်းရေးမှာနှစ်ရက်နေပြီးတော့ ပထမဆုံးစလုပ်ရတာက ပုဇွန်ကန်တူးရတာပါ ၊ လူတယောက်ကိုတကျင်း(ဆယ်ပေပတ်လည်တစ်ပေအနက်)တူးရပါတယ် ၊ မပြီးရင်မပြန်ရပါဘူး ၊ ပြီးမှကိုပြန်ရတာပါ ၊ ၁၃နှစ်၁၄နှစ်ကလေးတွေကို အရွယ်နဲ့မမျှတဲ့အလုပ်တွေခိုင်းတာများ ၊ ရုပ်ရှင်တွေထဲက ဖက်စစ်တွေချွေးတပ်ဆွဲခိုင်း တာကျနေတာပါပဲ ၊ အရွယ်နဲနဲကြီးတဲ့သူတွေကလုပ်နိုင်ပြီး စောစောပြန်ရကြတော့ ပြန်သွားပြီးစားသောက်ထားနှင့်တာမှာ ကျွန်တော်တို့လိုမလုပ်နိုင်မကိုင်နိုင်လို့ ညနေခြောက်နာရီကျော်မှပြီးတဲ့သူတွေ ပြန်ရောက်တော့ စားစရာဟင်းမရှိတော့ပါဘူး ၊ ထမင်းနဲ့ ငါးပိရေကြဲကိုပဲစားရပါတော့တယ် ။

 
 

အဲဒီလို ပုဇွန်ကန်တူး ၊ အဆောက်အဦးဆောက် ၊ ရေမြောင်းဖေါ် ၊ သစ်ပင်ခုတ် ၊ ခြုံရှင်း အလုပ်မျိုးစုံတလလောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက   တိုင်းဗိုလ်(၈)လေ့ကျင့်ရေးတပ် ၊ နမ့်စံရေကျ ဆိုတာကို သင်တန်းတသုတ်စာလူ၂၄၀ ပို့တာမှာ ပါသွားပါတော့တယ် ၊ ရောက်တာနဲ့ စစ်တပ်လုပ်နည်းလုပ်ဟန် တွေအတိုင်း အရပ်တိုင်း ပေါင်ချိန်လုပ်ပါတယ် ၊ ထောက်၂၅ ပစ္စည်းခေါ်တဲ့ စစ်ဝတ်တန်စာထုတ်ပေးပါတယ် ၊ နောက်နေ့မှာ သင်တန်းဖွင့်ပွဲလုပ်ပြီး စစ်သင်တန်း တွေ စတက်ရပါတော့တယ် ၊ မနက်ဆိုလေးနာရီခွဲထရပြီး ငါးနာရီထိုးမှာတန်းစီရပါတယ် ၊  တန်းစီချိန်မှာ နောက်ဆုံးတန်းစီသူ ၉ ယောက်က အပြစ်တခုခုပုံမှန်ပေး ခံရပါတယ် ၊  တနေကုန်မှာ ထမင်းစားချိန်တွေမှာ တစ်နာရီလောက်ပဲနားရပြီး အချိန်ပြည့်သင်တန်းတက်နေရတာပါ ၊ သင်နေစဉ် မိနစ်၄၀ လောက်မှာတခါ ၅မိနစ် ပေးနားတာမျိုးတော့ရှိပါတယ် ၊ ညနေ ၄နာရီမှာ သင်တန်းပြီးပြီး ၅နာရီထိလုပ်အားပေးဆိုပြီး မြောင်းပေါက် ၊ ထင်းခွဲ ၊ စိုက်ခင်းရေလောင်းအလုပ်တွေ လုပ် ရပါတယ် ၊ စနေတနင်္ဂနွေသင်တန်းပိတ်ရက်တွေမှာတော့ တနေကုန်လို လုပ်အားပေးရပါတော့တယ် ၊ တောင်ပေါ်ပြောင်းခင်းတွေကနေ ပြောင်းဖူးအိတ်တွေကို ထမ်းချရပါတယ် ၊ နွားလှည်းမှာ ပြောင်းဖူးအိတ်တွေတင်ပြီး နွားမဟုတ်ပဲ သင်တန်းသားရဲဘော်တွေနဲ့ ၀ိုင်းဆွဲခိုင်းတာမျိုးတွေလဲရှိပါတယ် ၊ ညနေစာစားပြီးလို့လဲ အနားမရပါဘူး ၊ ညပိုင်း ၇ နာရီကနေ ၁၀နာရီထိုးတဲ့အထိ ပြောင်းဖူးတွေကိုအခွံခွာရပါတယ် ၊ တပ်မတော်သားလို့မဖြစ်ခင် သင်တန်းသားဘ၀မှာထဲက နိုင်ငံနဲ့ လူမျိုးအတွက်မဟုတ်ပဲ တပ်ကအရာရှိတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလို မတရားခိုင်းစေခံရမှုတွေရှိခဲ့တာပါ ။

 
 

ကျောက်ခဲရေညှစ်ဆိုသလို အတင်းအကြပ်ခိုင်းစေမှုတွေကြောင့် ဒါဏ်မခံနိုင်သူတွေ ထွက်ပြေးကြပါတယ် ၊ ပြန်မိလာတဲ့အခါ သင်တန်းမှုးအရာရှိကနေစပြီး သင်တန်းအရာခံဗိုလ် ၊ သင်တန်းဆရာတွေအဆင့်ဆင့်က သေလောက်အောင် ပုံနေအောင်ရိုက်ပါတယ် ၊ ပြီးရင် တန်းစီကွင်းမှာ သင်တန်းသားအားလုံးကို တန်းစီ ခိုင်းပြီး ထွက်ပြေးတဲ့သူကို အားကောင်းမောင်းသန်၂ယောက်ကို လက်တွေခြေတွေကိုကိုင် မှောက်ပေးခိုင်းထားပြီး သင်တန်းသားတွေအလှည့်ကျ တယောက် တချက်စီရိုက်ရပါတယ် ၊ ရဲဘော်ချင်းမို့ညှာတာစိတ်နဲ့ အားမပါပဲရီုက်မိတဲ့သူကို ပြန်မှောက်ခိုင်းပြီး ဒီလိုနာအောင်ရိုက်ရတယ်ကွလို့ ရိုက်ပြပါတယ် ၊ ပြီးရင် ထမင်း စားဆောင်နားကမြေပြင်မှာ ထိပ်တုံးခတ်ပြီး တပါတ်ဆယ်ရက်ထားပါတယ် ၊ အရိုက်ခံရတယ်ဆိုတာမှာ ပြေးသူရဲ့တပ်စိတ်တပ်စုကရဲဘော်တွေပါ အရိုက်ခံ ကြရတာပါ ၊ အဲဒီလို ကြောက်နေအောင် ညှင်းပန်းနှိပ်စက်မှုတွေနဲ့လည်း ထွက်မပြေးရဲအောင်လုပ်ထားပါတယ် ။ အိမ်တွေကိုခိုးဆက်သွယ်လို့ မိဘတွေလိုက်လာ တဲ့အခါ ငွေတောင်းသလောက်ပေးနိုင်တဲ့သူတွေကတော့ မိဘတွေနဲ့တွေ့ခွင့်ရသလို တချို့ပြန်တောင်ပါသွားကြပါတယ် ၊ ငွေမပေးနိုင်ရင်တော့ တွေ့ခွင့်တောင် မပေးပါဘူး ။

 
 

ကျွန်တော်တို့သင်တန်းက ၄/၂၀၀၀ ပါ ၊ သင်တန်းမဆင်းခင်တလလောက်အလိုမှာ ကိုယ်ပိုင်နံပါတ်ကျပါတယ် ၊ ကျွန်တော့ကိုယ်ပိုင်နံပါတ်က တ/၁၄၇၈၃၇ ပါ ။ သင်တန်းကာလ စုစုပေါင်းလေးလခွဲအပြီးမှာတော့ သင်တန်းဆင်းရပါတယ်၊ ပြီးတော့ ခမရ (၅၀၆)သီပေါ-နမ့်မလိုင်အပိုင်ကိုပို့လိုက်ပါတယ် ၊ ရောက်ရောက်ချင်း တပ်ရင်းမှာ လုပ်အားပေးလိုက် ၊ ကင်းစောင့်လိုက်နေရပြီး နှစ်လလောက်နေတော့ ကျောက်မဲကို ဒုတပ်ကြပ်တစ်ယောက် ၊ ကျွန်တော်တို့ရဲဘော်သုံးယောက် ၊ တိုက်/စည်းသင်တန်း တစ်လသွားတက်ရပါတယ် ၊ သင်တန်းကပြန်ရောက်ပြီး တပါတ်မှာပဲရှေ့တန်းပါသွားပါတော့တယ် ။

ရှေ့တန်းပါသွားချိန်မှာ ကျွန်တော့အသက်က ၁၅ နှစ်ပဲရှိသေးပါတယ် ၊ ရွက်ဆစ်အဖွဲ့တွေနဲ့တိုက်ရပါတယ် ၊ MA1သေနတ်တစ်လက်၊ကျည်၂၄၀ ၊ ခေါက်ပေါက်တူး တစ်လက် ၊ ဓါးမတစ်ချောင်း နဲ့ ရိက္ခာတစ်ပါတ်စာကိုသယ်ပိုးရပါတယ် ၊ တစ်တောဝင်တစ်တောင်တက် မနိုင်ဝန်ထမ်းပြီးသွားနေရလို့ ပင်ပန်းလာလွန်းတော့ သတ်ချင်လဲသတ်လိုက်ပါတော့ဆိုပြီး ပစ်လှဲနေတာမှာ စစ်ကြောင်းမှုး ဗိုလ်ကြီးရဲ့ထိုးကြိတ်ကန်ကျောက်တာခံရပါတယ် ၊ တပ်စိတ်တစ်စိတ်ထဲက အကြီးတွေက ၀ိုင်းကူသယ် တွဲခေါ်လုပ်ကြပါတယ် ၊ ရှေ့တန်းမှာသုံးလလောက်နေပြီး ငှက်ဖျားဖြစ်လာတော့ တပ်ကိုပြန်ပို့လိုက်ပါတယ် ။ နောက်တန်းတပ်ရင်းပြန်ရောက်ပြီး ဆေးကုရင်း နှစ်လလောက်အကြာမှာ ပထမအကြိမ်ထွက်ပြေးခဲ့ပါတော့တယ် ။

 
 

(၂)

 
 

တပ်ကနေသီပေါ ၊ သီပေါကကနေမန္တလေး ရထားစီးပြီးထွက်ပြေးခဲ့ပါတယ် ၊ မန္တလေးဘူတာမှာ တောင်းစားနေတဲ့အဖိုးအဖွားနှစ်ယောက်က သနားလို့ကျွေးတဲ့ ထမင်းတောင်စားခဲ့ရပါသေးတယ် ၊ ပြီးတော့ ရန်ကုန်ရထားစီးပြန်ခဲ့တာမှာ တောင်ငူဘူတာနားရောက်တော့ လက်မှတ်စစ်ခံရပါတယ် ၊ လက်မှတ်မရှိတော့ ဖမ်းထားပြီး တောင်ငူဘူတာရောက်တဲ့အခါ ရုံပိုင်ကြီးရုံးခန်းကိုခေါ်သွားပါတယ် ၊ ရုံပိုင်ကြီးက ဘူတာထဲမှာသန့်ရှင်းရေးလုပ်ခိုင်းပါတယ် ၊ ပြီးတော့ ဆုံးမစကား ပြောပြီးပြန်လွှတ်လိုက်ပါတယ် ။

 
 

ဘူတာထဲမှာ ရထားစောင့်နေတုန်း လူကြိးတယောက်ရောက်လာပြီး ကောင်လေးမင်းအလုပ်လုပ်မလားလာမေးပါတယ် ၊ ဘာအလုပ်လဲဆိုတော့ ကွမ်းသီးကောက် ရမှာ တခြင်း၂၀၀ ရမယ်တဲ့ ၊ ဆယ်ရက်လောက်လုပ်ပြီး ပိုက်ဆံစုပြီးမှပြန်ရင်ကောင်းမယ်ဆိုပြီး လိုက်သွားပါတယ် ၊ တောင်ငူမြို့တနေရာရောက်တော့ အိမ်တအိမ် မှာဝင်ပြီး ဒီမှာတယောက်ခေါ်လာပြီဆိုပြီးပြောပါတယ် ၊ အဲဒီကမိန်းမကြီးတယောက်က ကျွန်တော့ကိုကြည့်ပြီး ဖြစ်ပါ့မလားပြောပါတယ် ၊ ကျွန်တော်ကလဲ ကွမ်း သီးကောက်တာကိုပြောတာမှတ်ပြီး ကျွန်တော်လုပ်နိုင်ပါတယ်လို့ပြောလိုက်တော့ ၀ိုင်းရီကြပါတယ် ၊ အေး မင်းလုပ်နိုင်ဘို့အဓိကပဲ ၊ ခုတော့သွားနားနေလိုက်ဦး ဆိုပြီး အခန်းတခုထဲကိုခေါ်သွားပါတယ် ၊ ကျွန်တော့ကိုခေါ်လာတဲ့သူကို ငွေတချို့ပေးပြီး နောက်လဲဒီလိုအချဉ်လေးတွေများများခေါ်ခဲ့ဘို့မှာတာကြားရတော့ ကျွန်တော့စိတ်ထဲဘ၀င်မကျဖြစ်သွားပါတယ် ၊ အခန်းထဲမှာ ကျွန်တော်နဲ့ရွယ်တူလေးတွေကနေ အသက်၃၅/၄၀လောက်ထိ အရွယ်စုံ လူ၂၀လောက်ရှိနေပါတယ် ၊ အဲဒီထဲကတယောက်က ကျွန်တော့ကိုနေရာပေးပါတယ် ၊ အပေါ့ပါးသွားဘို့နေရာပြပေးပါတယ် ၊ ကျွန်တော်က သူတို့ကို အကိုတို့ကွမ်းသီးကောက်တာ တနေ့ ဘယ်လောက်ဘိုးကောက်ရလဲဗျ ၊ မေးကြည့်တော့ ငါတို့ကကွမ်းသီးကောက်ရတာမဟုတ်ဘူး၊ပေါ်တာမိထားတာတဲ့ ၊ မင်းပြီးတော့သိမှာပါတဲ့ ၊ ဟာ .. ဘယ်လို ဖြစ်တာလဲ  ကျွန်တော် တော်တော်အံ့သြသွားတယ် ၊ ထမင်းစားချိန်အပြင်ထွက်လာဘို့ခေါ်တော့ ကျွန်တော်ပြောလိုက်တယ် ၊ ကျွန်တော်မလုပ်တော့ဘူး ၊ ပြန် တော့မယ်ဆိုတော့ ဗလကောင်းကောင်းအိမ်ရှင်ယောက်ကျားတယောက်က ကျွန်တော့မျက်နှာကိုလက်သီးနဲ့ထိုးပြီး အေး မင်းအခုဒါဘာလဲသိပြီမဟုတ်လား ၊ ဒီမှာ အ၀င်ပဲရှိတယ် ၊ အထွက်မရှိဘူးကွ ၊ မင်းတို့ထက်မိုက်လို့ဒီအလုပ် လုပ်စားနေတာ ၊ ထွက်ပြေးရင်သေဘို့သာပြင်ထားဆိုပြီး အခန်းထဲပြန်ထည့်ပိတ်ထားပါတယ် ၊ ထမင်းလဲမကြွေးတော့ပါဘူး ၊ ကျွန်တော်လဲကြောက်တော့ ဘာမှမပြောရဲဘူး ၊ ကျန်တဲ့အကြီးတွေတောင် ငြိမ်နေကြတာကိုး ၊ ဘာလဲဗျာ .. ဗမာပြည်မှာ ဥပဒေမရှိတော့ဘူးလား ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာလဲခံရ ၊ ပေါ်တာဆွဲတာလဲခံရနဲ့ ၊ လွတ်လပ်ရေးရပြီးတဲ့နိုင်ငံမှ ဟုတ်ရဲ့ လားဗျာ ။

 
 

အဲဒီလိုနဲ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ကို ဟိုင်းလတ်ကားတစီးပေါ်တင်ပြီး ကရင်ပြည်နယ် ဘောကလိဆိုတဲ့နေရာကိုခေါ်သွားပါတယ် ၊ အဲဒီမှာစစ်တပ် လဲရှိနေပြီး ကျွန်တော်တို့ကို စစ်တပ်စခန်းချတဲ့စေတီကြီးတစ်ဆူဘေးက အိမ်ကြီးမှာထားပါတယ် ၊ အဲဒီမှာ ကျွန်တော်တို့အရင် အရွယ်စုံလူလေးဆယ်လောက် ရောက်နှင့်နေပါတယ် ၊ အဲဒီမှာ အိပ်ရင်လဲမြေကြီးပေါ်ကိုယ့်ပုဆိုးကိုယ်ခြုံအိပ် ၊ စားတော့လဲဖက်ပေါ်ပုံစားပါပဲ ၊ အပေါ့အလေးတောင် စဥ့်အိုးကြီးနှစ်လုံးထားပေး ထားပါတယ် ၊ အငယ်တွေထဲက အလှည့်ကျသွန်ရပါတယ် ၊ တရက်ကျတော့ တယောက်ကိုဆန်နှစ်ပြည်စီသယ်ပြီး စစ်တပ်စခန်းချတဲ့ဆီသွားရပါတယ် ၊ ကျွန်တော် တို့ကိုထား ထားတဲ့အိမ်ရှင်နဲ့ ဗိုလ်ကြီးတယောက်နဲ့ အပြန်လှန်စကားပြောကြပြီး ကျွန်တော်တို့က စစ်တပ်ထဲမှာနေခဲ့ကြရပါတော့တယ်။

 
 

ညသန်းခေါင်ကျတော့ ကျွန်တော်တို့ကိုနှစ်ယောက်စီတွဲခိုင်းပြီး လက်တဘက်စီတွဲလျက်ကြိုးတုပ်ပါတယ် ၊ ထွက်ပြေးရင်ပစ်သတ်မယ်ပြောပါတယ် ၊ ဗိုလ်ကြီးကိုယ် တိုင်က သူ့ရဲဘော်တွေကိုထွက်ပြေးတဲ့ကောင်ပစ်သတ်လို့ တခါထဲအမိန့်ပေးလိုက်တာပါ ၊ ပြီးတော့သယ်ရမဲ့ လက်နက်ကြီးကျည်တွေ ၊ ကျည်ဆံတွေ ၊ ရိက္ခာထုတ် တွေ ၊ ဝေပေးပါတယ် ၊ ပြီးတော့ စစ်ကြောင်းနဲ့အတူ ညဖက်ကြီးပဲ ခရီးထွက်ရပါတော့တယ် ။ 

 
 

ငှက်ဖျားပျောက်ကာစမှာတပ်ကထွက်ပြေးလာခဲ့တဲ့ကျွန်တော် တပ်သားတုန်းကထက်ပိုတဲ့ အလေးအပင်တွေထမ်းပိုးပြီး တတောင်ဆင်းတတောင်တက်မှာ သုံးရက် မြောက်လဲကျရော ခနခနလဲတော့တာပါပဲ ၊ ချော်လဲလို့မထနိုင်ရတဲ့အထဲ ငါကိုင်တုပ်ဆဲပြီး သေနတ်ဒင်နဲ့ထုတာ စစ်ဖိနပ်နဲ့ကန်တာကိုပါထပ်ခံရပါတယ် ၊ တောင်း ပန်လို့လဲမရပါဘူး ၊ ငါ-ိုးမသား တွေ , မင်းတို့ကိုခေါ်ခိုင်းထားတာ ပိုက်ဆံပေးထားရတယ်ကွ ၊ အလကားခေါ်တာမဟုတ်ဘူး ၊ မင်းတို့တန်ရာတန်ကြေးပြန်ပေး ရမယ်တဲ့ ၊ အလိုလိုနေရင်း ငွေဝယ်ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀ ပြန်တွေးလိုက်တိုင်းစိတ်နာစရာပါဗျာ ။

 
 

ဆယ်ရက်လောက်သွားနေရပြီးမှ တောထဲမှာထိုင်ထားတဲ့ ဗျူဟာစခန်းတခုကိုရောက်ပါတယ် ၊ အဲဒီမှာတညအိပ်ရပြီး နောက်နေ့မနက်မှာ နောက်တန်းပြန်မဲ့ စစ် ကြောင်းနဲ့ ကျွန်တော်တို့ကိုပြန်ထည့်ပေးလိုက်ပါတယ် ၊ အပြန်လမ်းမှာ ကျွန်တော်ငှက်ဖျားပြန်ထလာပြီး လမ်းဆက်မလျှောက်နိုင်ဖြစ်ပါတယ် ၊ စစ်သား တယောက် က ခရီးကြာတယ် ၊ မသွားနိုင်ရင်ပစ်သတ်လိုက်လို့ပြောပါတယ် ၊ စစ်သားတယောက်ကမျက်နှာကို သေနတ်နဲ့ချိန်ပြီး အသေခံနေခဲ့မလား ၊ ဆက်လိုက်မလား မေးပါတယ် ၊ ကျွန်တော်တကယ်မလျှောက်နိုင်တာပါဆရာရယ်ပြောတာကို ရင်ဝဆောင့်ကန်လိုက်ပါတယ် ၊  အတူပါတဲ့ ဘ၀တူနှစ်ယောက်က "သူတကယ်ဖျားနေ တာပါဆရာ ၊ ကျွန်တော်တို့တွဲခေါ်ပါ့မယ်  "ဆိုမှ အေး ၊ ဒါဆိုလဲ ခရီးမဖင့်စေနဲ့ ၊ မဟုတ်ရင်ဒီကောင့်ကိုသတ်မိလိမ့်မယ် ဆိုပြီးထွက်သွားပါတယ် ။

 
 

လမ်းမှာတစ်ရက်ပြီးတစ်ရက် တောင်တစ်တောင်ပြီးတစ်တောင်ဖြတ်သန်းပြီး ကျွန်တော်လည်းသတိရတစ်ချက်မရတစ်ချက်နဲ့ စစ်တပ်စခန်းချရာ ဗောကလိကို ပြန်ရောက်ခဲ့ပါတယ် ။ ကျွန်တော်တို့အရင်နေခဲ့ရတဲ့ ဂိုထောင်လိုအိမ်ကြီးထဲမှာပဲပြန်နေရပါတယ် ၊ အဲဒီအိမ်မှာ စစ်တပ်မှာသုံးတဲ့ ပယ်ဒီဇင်းခေါ်တဲ့ ငှက်ဖျား ဆေးတွေတိုက်ပါတယ်၊သုံးရက်လောက်နေပြီး ကျွန်တော်နဲနဲသက်သာလာတော့ ဒီကောင် ဒီခန္ဓာကိုယ်ဒီကျန်းမာရေးနဲ့အလုပ်မဖြစ်ပါဘူး၊ ပြန်သာလွှတ်လိုက်ပါလို့ စစ်ဗိုလ်တယောက်ကပြောတာကြောင့် အိမ်ရှင်ကသူ့သားနှစ်ယောက်ကို တောင်ငူဘူတာလိုက်ပို့ခိုင်းပြီး ပိုက်ဆံငါးရာပေးရထားပေါ်တင်လွှတ်လိုက်ပါတယ် ၊ ကျွန်တော်လဲ ရထားပေါ်ရောက်တာနဲ့ စိတ်ဒုံးဒုံးချအိပ်လိုက်တာ ရန်ကုန်ရောက်လို့သူများနှိုးမှပဲ နိုးပါတော့တယ် ၊ ဒီလိုနဲ့ သေအံ့မူးမူးအခြေနေဆိုးတွေကနေ လွတ်မြောက် အိမ်တခေါက်ပြန်ရောက်ခဲ့ပါတော့တယ် ။ 

 
 

(၃)

 
 

အိမ်ပြန်ရောက်သွားတော့ ကျွန်တော့အိမ်မှာ ကျွန်တော့မိသားစုမဟုတ်သူတွေနေ နေကြတယ် ၊ ကျွန်တော့မိသားစုက ပြောင်းသွားပြီလေ ၊ ဘယ်ပြောင်းသွားလဲ မသိကြဘူးတဲ့ ၊ ကျွန်တော်လဲ အဖေဖွင့်ထားတဲ့ တောင်ဥက္ကလာက လမ်းဘေးကွမ်းယာဆိုင်လေးကို သွားလိုက်တယ် ၊ အဖေ့ဆိုင်ရောက်တော့ ကျွန်တော့ကိုကြည့် ပြိး အဖေမမှတ်မိဘူး ၊ အိမ်နဲ့ဝေးကွာသွားခဲ့ရတဲ့ တနှစ်ဆိုတဲ့ကာလမှာ ကျွန်တော့ရုပ်တော်တော်ပြောင်းသွားခဲ့တာကိုး ၊ "အဖေ" လို့ ကျွန်တော်ခေါ်လိုက်မှ သေချာစူးစိုက်ကြည့်ပြီးမှတ်မိသွားတယ်ထင်တယ် ၊ ဆိုင်ပြင်ထွက်လာပြိး " ဟာ..သားကြီး ၊ မင်းဘယ်လိုဖြစ်လာတာလဲ ၊ အဖေတို့စိတ်ပူနေတာကွ ၊ မင်းဈေးရောင်းသွားပြီးပြန်မလာတာ ၊ သတင်းလဲမကြား ဘယ်စုံစမ်းရမှန်းလဲမသိနဲ့ မင်းအမေဆို နေ့ရှိသရွေ့မင်းအတွက်မျက်ရည်ကျနေတာ ၊ ညညလဲမအိပ်ဘူး၊ မင်းပုံစံကလူနဲ့တောင်မတူဘူး ၊ မင်းဘယ်တွေသွားပြီးဘာတွေဖြစ်လာတာလဲ၊အဖေ့ကိုပြောစမ်း" ဆိုတော့ ကျွန်တော်လဲဖြစ်ခဲ့တာအလုံးစုံ အဖေ့ကိုပြောပြပါတယ်။

 
 

အဖေက တောက်ခေါက်ပြီး "လူမဆန်လိုက်တာကွာ ၊ အေးလေ ..ပြီးခဲ့တာပြီးပြီပေါ့ ၊ သူတို့အုပ်ချုပ်နေတာပဲ ၊ ဥပဒေရှိတာမှမဟုတ်တာ ၊ ဘယ်မှလဲတိုင်ရတာမှ မဟုတ်ပဲ ၊ ငါ့သားနေပြန်ကောင်းလာအောင်သာကြိုးစား ၊ မင်းပုံကအားမရှိဘူး ၊ အစားတခုခုစားလိုက်ဦး"ဆိုပြီး လ္ဘက်ရည်နဲ့မုန့်မှာကျွေးပါတယ် ၊ ဒါပေမဲ့ ကျွန်တော့ဝမ်းက အစာလက်မခံပါဘူး ၊ စားတာတွေအကုန်ပြန်အံပါတယ် ၊ အဖေက သားဘယ်လိုဖြစ်တာလဲ ၊ ဖြည်းဖြည်းချင်းကုန်အောင်စားလိုက်လေတဲ့ ၊့  သားဘယ်လိုမှမစားနိုင်ပါဘူးအဖေရယ်ဆိုတော့ မဖြစ်သေးပါဘူး ၊ ဆေးခန်းပြမှပါဆိုပြိး ဆိုင်ပိတ် ဆိုက္ကားငှားပြီးကျွန်တော့ကို အိမ်ခေါ်သွားပါတယ် ၊ အဖေက အိမ်ရှေ့ကနေ အမေ့ကို ဟေ့ဒီမှာ ဘယ်သူပြန်ပါလာလဲလာကြည့်ပါဦးကွ ၊ ဒီမှာလာကြိုပါဦးဆိုတော့ အမေပြေးထွက်လာပြီး အကြာကြီးကြောင်ကြည့်နေပါတယ် ၊ ပြီးတော့ကျွန်တော့ကိုဖက်ပြိး ချုန်းပွဲချငိုတော့တာပါပဲ ၊ အဖေက ကဲပါကွာ..မင်းသားပြန်ရောက်လာပြီပဲ ၊ငိုမနေပါနဲ့တော့ ၊ ကလေးလဲဖျားလာတာ နားပါစေဦး ၊ ငါအပြင်သွားလိုက်ဦးမယ် တဲ့ ၊ အမေက အရိုးပေါ်အရေတင်ဖြစ်နေတဲ့ကျွန်တော့ကိုယ်ကို ရေအေးနဲ့ရေနွေးစပ်ပြီး ရေပါတ်တိုက်ပေးအ၀တ်လဲပေးလုပ်ပေးပြီး နားနေခိုင်းပါတယ် ၊ ညနေအဖေပြန်လာတော့ ပိုက်ဆံနဲနဲပါလာပြီး အမေ့ကို ရော့ ကလေးကိုဆေးခန်းသွားပြပေးလိုက်တဲ့ ၊ ငါဆိုင်ပြန်ထွက်မှပါဆိုပြိး ပြန်ထွက်သွားပါတယ် ။

 
 

အမေကဆိုက္ကားတစ်စီးငှားပြီး ကျွန်တော့ကိုဆေးခန်းလိုက်ပို့ပေးပါတယ် ၊ ဆရာဝန်ကိုဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီးတဲ့အခါ ၊ ဆရာဝန်ကလဲစမ်းသပ်ပြီးတဲ့အခါ အမေ့မှာပါတဲ့ပိုက်ဆံလေးနဲ့မလောက်အောင် ကုန်ကျမှာဖြစ်နေပါတယ် ၊ သနားတတ်တဲ့ဆရာဝန်မို့ ပါသလောက်ပဲယူပြီး ဆေးထိုးပေး သောက်ဆေးတွေပေး လုပ်ပါတယ် ၊ ဒီလိုနဲ့ ဆေးခန်းတွေပြောင်း ဆရာဝန်အများကြီးကိုအသနားခံလုပ်ပြီး သုံးလေးလနေတော့မှ ပြန်ကျန်းမာပါတယ် ၊ နဲနဲလေးပြန်ကောင်းလာတာနဲ့ ဆေးကုဘို့တင်ခဲ့တဲ့ကြွေးတွေအတွက် ၊ မိသားစုအတွက် အလုပ်ပြန်လုပ်ရပါတော့တယ် ။

 
 

ပထမတော့ ရပ်ကွက်ထဲကမုန့်လုပ်တဲ့အိမ်မှာ လခစားဝင်လုပ်ရင်း ညဘက်ကိုဆိုက္ကားနင်းပါတယ် ၊ နောက်ပိုင်းတော့ဆိုက္ကားပဲတနေကုန်နင်းပါတော့တယ် ၊ ကိုယ်ဘာသာ ဆိုက္ကားလေးရိုးသားစွာနင်းစားနေတော့လဲ သူတို့နဲ့မလွတ်ပါဘူး ၊ ရဲက သတင်းပေးလုပ်ပေးရမယ် လုပ်လာပါတယ် ၊ ဆိုက္ကားနင်းရင်း ပြေးလေးပြေး သတင်း ၊ မူးယစ်ဆေးဝါးသတင်း ၊ နိုင်ငံရေးလုပ်သူများသတင်း ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းကစားဒိုင်သတင်း ၊ ဘာပဲဖြစ်ဖြစ် ဆိုက္ကားနင်းရင်း ရတဲ့သတင်းစု ပေးဘို့ခိုင်းတာပါပဲ ၊ တနေ့ ရ၀တဥက္ကဌကလှမ်းခေါ်ပြီး ရပ်ကွက်အရံမီးသတ်လုပ်ဘို့ပြောပါတယ် ၊ "မလုပ်ချင်ပါဘူးဥက္ကဌရယ်" ပြောတာမရပါဘူး ၊ "မင်းအတွက် လဲအဆင်ပြေစေရမှာပါကွ"ဆိုပြီးအတင်းပြောနေတာနဲ့ မလုပ်လဲရမှာမဟုတ်တာကြောင့် ရပ်ကွက်အရံမီးသတ်ဖြစ်ခဲ့ရပြန်ပါတယ် ။

 
 

အဲဒီမှာ ဒုက္ခရောက်ရပြန်တာပါပဲ ၊ ကိုယ့်မိသားစုအလုပ်ကိုယ်မလုပ်ရတော့ပဲ မီးစစ် ၊ ဧည့်စာရင်းစစ် ၊ ဘာလုံခြုံရေးတာဝန်မှန်းမသိတာတွေလုပ် ၊ ရဲတွေနဲ့ လှည့်ကင်းလိုက် ၊ သန့်ရှင်းရေး ၊ လုပ်အားပေးဆိုတာတွေလဲပါသေး ၊ နေ့တိုင်း ရဲကင်းမှုးတပ်ကြပ်ကြီးခိုင်းတဲ့ အရက်ဆိုင် ၊ ဓါတ်ဆီမှောင်ခိုဆိုင် ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းတဲ့ဒိုင် ၊ တည်းခိုခန်းတွေဆီက ဆက်ကြေး(လိုင်းကြေး)လဲ သွားတောင်းပေးရဆိုတော့ ကိုယ့်အတွက် ဘယ်အချိန်သွားလုပ်တော့မလဲ ၊ တနေ့ တနေ့ ခွဲတမ်းလိုလို မုန့်ဖိုးလိုလိုရတဲ့ လေးငါးရာနဲ့ ဘာမှလုပ်မရဘူး ၊ သူတို့ကျတော့ ရသမျှအကုန် မယားကြီးမယားငယ်ခွဲပေးနေတာ ၊ရဲမြို့နယ်မှုးကို တစ်သိန်းခွဲ ၊ စခန်းမှုးကိုတစ်သိန်း ၊ အပိုင်ဒုရဲအုပ်နယ်ထိန်းကို တစ်သိန်း ၊ ရဲကင်းမှုးနေရာချထားပေးတဲ့အတွက် တပ်ကြပ်ကြီးက လစဉ်ပေးနေရပါတယ်တဲ့ ၊ ရ၀တ ဥက္ကဌတွေကိုလဲ ခွဲတမ်းပေး ဘီယာတိုက်ရသေးသလို အောက်ကရဲ ၊ မီးသတ်တွေကိုလဲ မျှကျွေးနေရတာမို့ နားလည်ပေးကြပါဆိုပြီး တနေ့ဝင်ငွေ လေးငါးသောင်း ထဲက လေးငါးရာလေးပဲပေးပြီး ခိုင်းပဲခိုင်းတတ်ကြတာပါ ။

 
 

ရပ်ကွက်ထဲကလူတွေက မျက်စေ့နောက်လာပြီး မခေါ်ချင်မပြောချင်ဖြစ်လာတာကလွဲရင် ကျွန်တော့အတွက် ဘာမှအကျိုးမရှိတာကြောင့် မီးသတ်ထဲကပြန်ထွက် ဘို့စိတ်ကူးပြီး ဥက္ကဌကိုပြောလိုက်ပါတယ် ၊ ဥက္ကဌက " မင်းက ရပ်ကွက်အတွက် ဒီလောက်လေးမှမလုပ်ချင်ဘူးလား ၊ ဒီလောက်မှမလုပ်ချင်ရင် ဒီရပ်ကွက်ထဲ မနေနဲ့ ၊ မင်းကိုလဲ ပေးကျွေးနေတာပဲတဲ့" တဲ့ ၊ "ဘာမှပေးကျွေးနေတာမဟုတ်ဘူး ၊ ဘာရပ်ကွက်အတွက်မှလဲမဟုတ်ဘူး ၊ ဘာခံစားခွင့်မှမရှိပဲ ကျွန်တော်တို့ပဲ ငတ်နေတာ" ပြောတော့ စကားတွေများကြရော ၊ မင်းငါ့အကြောင်းသိမယ်တဲ့ ၊ ကျွန်တော်လဲ ထပြန်လာတာပေါ့ ၊ ည(၇)နာရီလောက်ကျတော့ ရ၀တရုံးက တယောက်ရောက်လာပြီး ရုံးကို ခုလိုက်ခဲ့ပါတဲ့ ၊ ဘာကိစ္စလဲဆိုတော့ ရုံးရောက်ရင်သိမှာပေါ့တဲ့ ၊ ရုံးလဲရောက်ရော ရဲနှစ်ယောက်က ကျွန်တော့ကို လက်ထိပ်ခတ် တာခံလိုက်ရရော ၊ ဘာဖြစ်လို့ခတ်တာလဲဆိုတော့ "မင်းက စစ်ပြေးဆိုတာ ငါတို့သိတယ် ၊ ငါတို့အတွက်မလုပ်ပေးချင်မှတော့ မင်းထောင်ထဲမှာသာနေပေါ့ကွာ"တဲ့၊ ဘယ်လိုမှတောင်းပန်လို့မရပဲ ကျွန်တော့ကိုအချုပ်ထဲ ထည့်လိုက်ပါတယ် ။

 
 

နောက်နေ့ကျတော့ လသာအချုပ်ကိုပို့ပါတယ် ၊ လသာအချုပ်မှာ တစ်ပါတ်နေပြီးတော့ လေတပ်ကတပ်ထိမ်းကားတစ်စီးနဲ့ ကျွန်တော့ကိုလာခေါ်ပါတယ် ၊ ကား ပေါ်မှာ ကျွန်တော်လိုစစ်ပြေး ၃ယောက်ပါ ပါသေးတယ် ၊ ပြီးတော့ ရဲစခန်းတွေဝင်ပြီးခေါ်တာ စစ်ပြေး ၉ယောက် ဖြစ်သွားပါတယ် ၊ ပြီးတော့ သမိုင်းက အမှတ်-၃ တပ်မတော်တပ်ထိမ်းကိုပို့လိုက်ပါတယ် ၊ အဲဒိမှာ ကျွန်တော်တို့ကို နာမည်မေး ၊ ကိုယ်ပိုင်နံပါတ်မေး ၊ တပ်ရင်းမေးပြီး မှောက်ခိုင်းပြီးဆယ်ချက်စီရိုက်ပါတယ် ၊ အ၀င် ဆယ်ချက်အထွက်ဆယ်ချက် ထုံးစံလုပ်ထားပါသတဲ့ ၊ အဲဒီမှာ အချုပ်ခန်း၇ှစ်ခန်းရှိပြီး အခန်းတိုင်းမှာ အမှုမျိုးစုံနဲ့ရဲဘော်တွေ ရှစ်ယောက်ကိုးယောက်စီ ရှိနေ ပါတယ် ၊ အဲဒီအချုပ်မှာ နေ့တိုင်းမနက်၇နာရီကနေ ညနေ၅နာရီထိ ထမင်းစားချိန်ကလွဲရင်မနားတမ်းအလုပ် လုပ်ရပါတယ် ၊ ကျွန်တော်က စိုက်ခင်းတွေ ရေ လောင်းရပါတယ် ၊ တစ်လထားပြီးတော့မှ အမှတ်(၁)စစ်ကြောရေးတပ်ကိုပို့လိုက်ပါတယ် ၊ ပြန်ထွက်တော့လဲ မှောက်ပြီးဆယ်ချက်ရိုက်ခံပြီးမှ ကားပေါ်တက် ရပါတယ် ။

 
 

အမှတ်(၁)စစ်ကြောရေးရောက်တော့လဲ ဒီလိုပဲ အရိုက်ခံရပြန်တာပါပဲ ၊ အလုပ်တွေလုပ်ရပြန်တာပါပဲ ၊ အဲမှာက ညဘက်ပါ အလှည့်ကျကင်းစောင့်ရပါသေးတယ်၊ ပုံစံပေးထားတာတဲ့ ၊ ကင်းအမှတ်စဉ်အော်လို့ တိုးရင်လဲအရိုက်ခံရပါတယ် ၊ စကားသံကျယ်တယ်ဆိုပြီးလဲ အရိုက်ခံရပါတယ် ၊ ရှိသမျှ အမေနှမအမတွေ ကိုင်တုတ် ပြီးလဲ အဆဲခံရပါတယ် ၊ ဆိုးတဲ့ကင်းမှုးက တမျိုးမဟုတ်တမျိုးအပြစ်ရှာပြီးရိုက်သလို မူးတဲ့ကင်းမှုးကလဲ  တမျိုးမဟုတ်တမျိုးရစ်ပါတယ် ၊ တစ်လခွဲလောက် အချုပ် ခံထားရပြီးမှ ကျွန်တော့ကိုအမှုစစစ်ပါတယ် ၊ အဲဒီမှာ ကျွန်တော်အရမ်းအံ့သြသွားရပါတယ် ၊ အမှုစစ်တဲ့တပ်ရင်းမှုး (ဒုဗိုလ်မှုးကြီး)ပြောတာကြည့်လေ ၊ မင်းက ခွင့်မဲ့ဖြစ်တာမကြာသေးဘူးဆိုတော့ ပြန်လုပ်လိုက် ၊ ဒါဆိုတပ်အချုပ်လောက်ပဲကျမယ် ၊ ပြန်လုပ်မလားတဲ့ ၊ ဟာမဟုတ်ဘူးအဘ ၊ ကျွန်တော် ခုအချုပ်ထဲ ရောက်တာတောင် သုံးလရှိတော့မယ် ၊ ပြေးခဲ့တာလဲ တနှစ်လောက်ရှိပါပြီခင်ဗျာလို့ပြောလိုက်တော့ အဲဒါတွေပြောမနေနဲ့ ၊ ဒီမှာ မင်းမှတ်တမ်းမှာ ခွင့်မဲ့ပျက် ကြေငြာထားတာ တစ်လကျော်လောက်ပဲရှိသေးတယ် ၊ အရေးကြီးတာက မင်းပြန်လုပ်မလုပ်စဉ်းစားဘို့ပဲ ၊ မင်းအရင်တပ်မှာမလုပ်ချင်ရင် ငါတပ်ပြောင်းပေးမယ် ၊ ခုတပ်မတော်မှာ လစာတွေလဲတိုးနေပါပြီကွ ၊ မင်းပြန်လုပ်သင့်တယ် ၊ စဉ်းစားထားကွာ ဆိုပြီးနောက်တပါတ်မှ အမှုပြန်စစ်ဘို့ ပြန်ချိန်းလိုက်ပါတယ် ။

 
 

အချုပ်ထဲပြန်ရောက်တော့ အတူနေသူတွေက အခြေအနေ၀ိုင်းမေးကြပါတယ် ၊ ကျွန်တော်ပြန်ပြောပြတော့ အားလုံးက "အဲဒါပေါ့ကွ ၊ နိုင်ငံတော်ကို ချစ်ချင်ယောင် ဆောင်ပြီးခိုးနေကြတယ်ဆိုတာ ၊ ငါတို့တပ်ကထွက်ပြေးတယ် ၊ ပြဿနာတက်မှာစိုးတော့ ဘယ်သူမှပြေးပြီစာရင်းမပြပဲ ငါတို့လစာတွေ ၊ ရိက္ခာတွေ ၊ ခံစားခွင့်တွေ ကို နှစ်နဲ့ချီထုတ်စားနေတာ ၊ ခုမိလာပြီ ပြဿနာပေါ်ပြီဆိုမှ တစ်လဘက်ဒိတ်လေးပြပြီး ခွင့်မဲ့ပျက်ကွက်လုပ်တာ ၊ ဒါ အရာရှိတွေတတ်တဲ့ ငါတို့ကိုနင်းပြီးခိုးစားတဲ့ နည်းတွေအများကြီးထဲက တနည်းပဲရှိသေးတယ် ၊ ရှေ့တန်းမှာ သေစရာရှိငါတို့ပဲသေတာ ၊ ချမ်းသာတော့ သူတို့အရာရှိတွေပဲချမ်းသာနေတာ ၊ ဘယ်ရဲဘော်မှ ပြောင်ပြောင်ယောင်ယောင်မရှိဘူး ၊ အရာရှိတွေချမ်းသာဘို့ ငါတို့ကလှေကားထစ်လုပ်ပေးမနေတော့ဘူးကွာ" ပြောကြပါတယ် ၊ ထောင်ကျမှာစိုးလို့ ချီတုံချတုံ ဖြစ်နေတဲ့ကျွန်တော် ရဲဘော်ကြီးတွေပြောတာစဉ်းစားပြီး ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ပါတယ် ၊ "ထောင်ပဲအကျခံတော့မယ် ၊ အသေမခံတော့ဘူး" ။

 
 

ဒီလိုနဲ့ နောက်တပါတ်ပြန်စစ်တဲ့အခါ ကျွန်တော်က ပြန်မလုပ်တော့ဘူးဆိုတာပြောပါတယ် ၊ ဗိုလ်မှုးကလဲ ပြန်စဉ်းစားပါဦး အကြိမ်ကြိမ်ပြောပါတယ် ၊ နောက်ဆုံး ဘယ်လိုမှပြန်စည်းရုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာ အသက်(၁၆)နှစ်ဝန်းကျင်သာရှိတဲ့ကျွန်တော့ကို ထောင်(၁)နှစ်ချလိုက်ပါတော့တယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ဒါဏ်ရာတွေအများကြီးရခဲ့ရတဲ့ ကျွန်တော့အသိမှာ စစ်တပ်ဆိုတာ ဥပဒေကို လိုတမျိုးမလိုတမျိုးလုပ်တတ်တယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်သားမိလိုက်ပါတယ် ။

 
 

အင်းစိန်ထောင်ရောက်တော့ ပထမတော့ (၄)ဆောင်ပုံစံခန်းမှာနေရပါတယ် ၊ တပါတ်လောက်နေပြီးတော့ ထောင်ဆေးရုံမှာဆေးစစ်ပြီးတော့ အသက်မပြည့်ဘူး ၊ ကလေးဆိုပြီး (၃)ဆောင်ခလေးခန်းကို ပို့လိုက်ပါတယ် ၊ ကလေးတွေထဲမှာ ကျွန်တော်က လူကောင်ကြီးအသက်ကြိးဖြစ်တာကြောင့်ရော စစ်သားဖြစ်တာကြောင့် ရော ဗာရာ(တန်းစီး ၊ ပုံစံပြ၊ တောင်ယာ ၊ မလ္လာ ၊ ရေကန် ၊ ဖိုကြိး ဘုတ်ကိုင်စတဲ့ ထောင်ဝါဒါကို အုပ်ချုပ်မှုပိုင်းကူရတဲ့ အကျဉ်းသားတွေထဲက အငယ်ဆုံးရာထူး) လုပ်ရပါတယ် ၊ ကျွန်တော်က ညစောင့်ဗာရာပါ ၊ အင်းစိန်ထောင်မှာ ခွန်နှစ်လနေပြီးတော့ မိတ္ထီလာထောင်ကို တခြားအကျဉ်းသား၂၀၀လောက်နဲ့အတူ ပြောင်းရပါ တယ် ၊ မတ္ထီလာထောင်မှာ သုံးလလောက်နေပြီး ထောင်လျှော့ရက်၂လလောက်ရတာကြောင့် ကျွန်တော်ပြန်လွတ်ခဲ့ပါတယ် ။ ထောင်ကပြန်လွတ်လွတ်ချင်း တောင် မိတ္ထီလာမှာ စစ်သားတယောက်က ညီလေးစစ်ထဲဝင်မလား လာလုပ်နေပါသေးတယ် ၊ ထောင်လွှတ်လက်မှတ်ပြပြီး ခုပဲစစ်ပြေးမှုနဲ့ထောင်ကထွက် လာတာဆိုမှ ပြန်လှည့်ထွက်သွားပါတယ် ၊ ဘာကြောင့်များ ဒီလောက် အဓမ္မစစ်သားစုချင်နေရတာလဲဗျာ…။

 
 

အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲလဲနေပါတယ် ၊ ကျွန်တော့ကိုတွေ့တော့အမေ ထုံးစံအတိုင်းငိုပါတယ် ၊ ကျွန်တော်က အမေမငိုနဲ့ ၊ ကျွန်တော်ယောက်ကျားပဲ ၊ ဘာမှမဖြစ်ဘူးအမေ့ကိုပြောတော့ အမေက ငါ့သားလေးငယ်ငယ်လေးနဲ့ကံဆိုးရှာလိုက်တာနော်တဲ့ ၊ အဲဒီတုံးက အမေ့ကို ဘာမှပြန်မ ပြောဖြစ်ခဲ့ပေမဲ့ ခုနေအသိမျိုးသာရှိခဲ့ရင် ပြန်ပြောမိခဲ့မှာ "အမေရယ် ..ကျွန်တော် ကံဆိုးတာမဟုတ်ပါဘူး ၊ စနစ်ဆိုးထဲက သားကောင်တယောက်ဖြစ်ရတာပါ ၊ ဘာရာဇ၀တ်မှုမှလဲမကျူးလွန် ဘယ်သူ့အပေါ်မှလဲမကောင်းမလုပ်ရပဲ ကျွန်တော့ဘ၀ဒီလိုတွေတွေ့ကြုံခဲ့ရတာ ၀ဋ်မဟုတ်ဘူးအမေ ၊ စစ်ဗိုလ်ချုပ်တွေကိုယ်ကျိုး ရှာဘို့ ချနင်းခံရတဲ့ အပြစ်မဲ့ပြည်သူမြောက်များစွာထဲ ကျွန်တော်လဲအပါဝင်ဖြစ်ခဲ့တာပါအမေရယ် "…လို့ ။

 
 

ကျွန်တော်ပြန်ရောက်တဲ့နေ့ကစပြီး အမေထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ် ၊ ကျွန်တော်လဲဘ၀ရပ်တည်ရေးအတွက် ဆိုက္ကားနင်းရပြန်ပါတယ် ၊ လူတွေ ကလဲ စစ်ထွက် ထောင်ထွက်ဆိုပြီးမခေါ်ချင်မပြောချင်ကြဘူး ၊ ဘ၀ကြီးစိတ်ပျက်စရာပါဗျာ ၊ ကိုယ်ကျူးလွန်ရတာလဲမဟုတ်ပဲ စစ်ထဲထောင်ထဲတွေရောက်ခဲ့ရတာ၊ လူတွေက နားလည်မပေးနိုင်ကြပါဘူး၊ အဖြစ်မှန်သေချာသိကြရရင်တော့ ဘယ်လိုနေမလဲပဲ ။

 
 

ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့ ၊ ကျွန်တော့ဘ၀ကလဲ ပြဿနာနဲ့ကင်းကင်းကိုမနေရပါဘူး ၊ တနေ့ဆိုက္ကားနင်းနေရင်းလှည့်ကင်းပတ်လာတဲ့ ရဲစက်ဘီးနဲ့ ကျွန်တော့်ဆိုက္ကားမတော်တဆငြိရော ၊ ကျွန်တော်ဆင်းတောင်းပန်တာကိုမရပဲ ဆဲဆိုပြီးလှိမ့်ထိုးလာရော ၊ အသားနာလာတော့ကျွန်တော်လဲ ဘယ်လိုမှသီးမခံနိုင် တော့ပဲ ဆိုက္ကားမှာညရေးညတာဆောင်ထားတဲ့တုတ်နဲ့ရိုက်ပလိုက်ရော ၊  ပြီးတာနဲ့ အုံနာအိမ်နင်းပြေးဆိုက္ကားအပ်ပြီး ညတွင်းချင်းပြေးတာပဲ။ ဗိုလ်တထောင်ဘုရား မှာ ညအိပ်ပြီးမနက်ကျ ဘုရားရှေ့ကထွက်လာတော့ ရေတပ်ကအသိတယောက်နဲ့တွေ့လို့ အကျိုးအကြောင်းပြောပြတော့ သူက "ဒီလိုဆိုညီလေး တပ်ထဲသာ ပြန်ဝင်လိုက်တော့ ၊ မဟုတ်ရင်မင်းကွိုင်တက်မယ် ၊ ဒို့တပ်မှာတော့လူသတ်ပြီးပြေးလာတဲ့သူတောင်အေးဆေးပဲ ၊ မင်းစစ်တပ်ယူနီဖေါင်းသာဝတ်ထား ၊ ရဲလောက် ကိုပါးခေါ်ရိုက်လို့ရတယ်"တဲ့ ၊ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်လတ်တလောဘေးကင်းပြီးရောဆိုပြီး "အဖမ်းမခံရရင်ဝင်မယ်ဗျာ"ဆိုတော့ ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတာ သံလျှက်စွန်းရေတပ်ဝန်းအပြင်ကလဘက်ရည်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါရော ၊ အဲဒီမှာ သူကကျွန်တော့ကိုအသက်တွေ ၊ အတန်းတွေ မေးပါတယ် ၊ စာတရွက် နဲ့လိုက်မှတ်ပါတယ် ၊ အဲဒီအချိန် ကျွန်တော့အသက်က ၁၈နှစ်ပြည့်ဘို့လိုနေပါသေးတယ် ၊ သူကအသက်ကို ၁၈ ပြည့်ပြီးပြီပြော ၊ ပညာအရည်အချင်းကို ခုနှစ်တန်း လို့ပြောသင်ပေးပါတယ်၊ ပြီးတော့သူရေးထားတဲ့စာရွက်ပေါ်လက်မှတ်ထိုးခိုင်းပြီး ရေတပ်စုဆောင်းရေးကအရာရှိတယောက်(ဗိုလ်ကြီးထင်ကျော်)နဲ့ ၀င်တွေ့ပါတယ်၊

အဲဒီဗိုလ်ကြီးဆီက လက်မှတ်တစောင်သူ့ဘာသာလုပ်လာပြီး ရေတပ်ဆေးရုံမှာ ကျွန်တော့ကိုဆေးသွားစစ်ပါတယ် ၊ ပေါင်မပြည့်ဘူး ၊ ပြီးတော့ဆေးကျပါတယ် ၊ သူကဘာမှမပူနဲ့ပြောပြီး ပိုက်ဆံဝင်ပေးတော့ ဆေးအောင်သွားပါတယ် ၊ ပြီးတော့တပ်တွင်းသက်သာဆိုင်ကိုခေါ်သွားပြိး ကျွန်တော့ကိုဆံပင်ညှပ်ခိုင်းထားပါတယ် ၊ ပြီးရင်လဘက်ရည်ဆိုင်ကိုလိုက်လာခဲ့ပြောပြီးထွက်သွားပါတယ် ။

 
 

အမှန်က ကျွန်တော်နောက်တစ်ကြိမ်ထပ်ရောင်းစားခံရတာပါ ၊ သူကကျွန်တော့အရင်သွားပြီး ဈေးသွားဖွင့်နေတာပါ ၊ ဆေးအောင်ပြီးသား ၊ အသက်လဲ ပြည့်တယ်၊ခုနှစ်တန်းတတ်တယ် ၊ စီဂရုထားလို့ရတယ်ဆိုပြီးဈေးဖွင့်နေတာပါ ၊ ကျွန်တော့ကိုတပ်ထဲသွင်းဘို့ သူကလေးသောင်းခွဲတောင်းတာ လေးသောင်းနဲ့ဈေး တည့်သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာ သူနဲ့စကားပြောတဲ့သူတွေ(ရေတပ်စုဆောင်းရေးတာဝန်ယူထားသူတွေပဲ)နဲ့ ပြိးရင်လိုက်သွားလိုက်တော့ဆိုပြီး သူထွက် သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာထိုင်နေတုန်းပဲ တပ်ကြပ်ကြီးတယောက်ထပ်ဝင်လာပါတယ် ၊ ကျွန်တော်နဲ့အတူရှိနေသူတွေက "ဆရာကြီး ၊ ဒီမှာတယောက်ရှိ တယ် ၊ ယူမလား "မေးလိုက်ပါတယ် ၊ ကျွန်တော့အချက်အလက်တွေကိုကြည့်ပြီး တပ်ကြပ်ကြီးက "မင်းတို့ဘယ်လောက်နဲ့ယူလိုက်တာလဲ"မေးပါတယ် ၊ "ကျွန်တော်တို့လေးခွဲနဲ့ခေါ်ထားတာ ၊ ဆရာကြီးယူမယ်ဆို ငါးသောင်းတော့ပေး"ဆိုပြီးပြန်ပြောရာက တည့်သွားတော့ အဲဒီဆရာကြီးနဲ့လိုက်သွားလိုက်တော့ဆိုပြီး လွှဲလိုက်ပါတယ် ၊ သေချာစဉ်းစားကြည့်ရင် ပြည့်တန်ဆာမကို ခေါင်းတွေ အငှားထည့်ချိန်ဈေးစကားပြောနေသလိုပါပဲ၊မတတ်နိုင်ဘူလေ ၊ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတော့လဲ ငြိမ်နေပြီး ခေါ်ရာလိုက်ခဲ့ရတာပါပဲ ။

 
 

ဆရာကြီးနဲ့လိုက်သွားပြိး သံလျှက်စွန်းရေတပ်စစ်သားစုဆောင်းရေးမှာ တစ်လလောက်နေရပါတယ် ၊အဲဒီမှာ စုဆောင်းခံထားရသူ ၁၁ယောက်ရှိပါတယ် ၊ အသက်

မပြည့်သေးတဲ့သူ ၃ယောက်ရှိပါတယ် ၊ ကျွန်တော်နဲ့ ၁၂ ယောက် အဲဒီမှာရှိတဲ့တပ်ရံပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့လုပ်နေတဲ့ အုန်းဆီစက်မှာအလုပ်လုပ်ရပါတယ် ၊ ၀င်းသူဇာဆိုင်တွေကိုလိုက်ဖြန့်တဲ့ အုန်းဆိဗူးတွေကို ပါကင်လုပ်ပေးရပါတယ် ၊ စုဆောင်းရေးမှာရှိနေထဲက ကိုယ်ပိုင်နံပါတ်ကျပြီး ယာယီရေးတစ်ရာကဒ် (အဖြူ) ထုတ်ပေးထားပါတယ် ၊ ကိုယ်ပိုင်အမှတ် ရေ/၃၅၈၈၁(ပည၉၄)ပါ ၊ ပြီးတော့ ဟိုကဒီကစုလာတဲ့ရဲဘော်သစ် ၂၄၀ နဲ့ အမှတ် ၁ လေ့ကျင့်ရေးသင်တန်းကျောင်း (ဖေါင်ကြီး) ကိုပို့လိုက်ပါတယ် ၊ အဲဒီမှာရောက်ရောက်ချင်းတန်းစီိတော့ ရဲပြေးစစ်ပြေးပါရင်လက်ထောင် ၊ ဘာမှမလုပ်ဘူး ၊ တာဝန်ပေးဘို့သက်သက်ပဲ ၊ ခုမပြောပဲ နောက်မှ သိရင်တော့အရေးယူခံရမယ်ပြောပါတယ် ၊ လူ၃၀လောက်လက်ထောင်ကြပါတယ် ၊ ကျွန်တော်ကမထောင်ပဲ ငြိမ်နေလိုက်ပါတယ် ၊ လက်ထောင်တဲ့ စစ်ပြေးတွေရဲပြေးတွေကို တကယ်လဲအရေးမယူပါဘူး ၊ စစ်သင်တန်းတောင်မတက်ခိုင်းတော့ပဲ စားဖိုဆောင်ပို့တာ ၀ါးခုတ်ခိုင်းတာလုပ်ပါတယ်(ရတဲ့ဝါးကို သင်တန်းဆရာတွေနဲ့သင်တန်းမှုးရောင်းစားတာပါ) ၊ ကျွန်တော်တို့သင်တန်းက အပါတ်စဉ် ၅/၂၀၀၄ ပါ ၊ ကျွန်တော်က ခွဲ၂ ၊ တပ်စု၃ ၊ ဒုတပ်စုမှုးပါ ၊ ပထမသင်တန်းကျောင်းကလိုပါပဲ ၊ အလုပ်လုပ်လိုက် ၊ စစ်ပညာသင်လိုက် ၊ ပြေးတဲ့ကောင်ကိုရိုက်လိုက်ပါပဲ ၊ အရင် တိုင်းဗိုလ် ၈ ထက်တောင်ရက်စက်တယ်ထင် ရပါသေးတယ် ။ လေးလခွဲသင်တန်းပြီးတော့ ပညလာခွဲပြီး အေဂရုဘီဂရုစီဂရု လာခွဲပါတယ် ၊ ပည ကအဲဒီတော့မှရတာပါ ၊ ကျွန်တော်က ပည၉၄ ယာဉ်မောင်း သင်တန်းရတာပါ ၊ အဲဒီကနေ သီလ၀ါဆိပ်ကြီးက ရေတပ်သင်တန်းကျောင်းမှာ ရေကျွမ်းသင်တန်းတစ်လတက်ရပါတယ် ၊ ပြိးတော့ အဲဒိကနေ ရွှေဘို တထပ(၂) ကို အယောက် ၃၀ ယာဉ်မောင်းသင်တန်း သုံးလခွဲသွားတက်ရပါတယ် ။ သင်တန်းဆင်းတော့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ၊ ရေတပ်ပင်မပစ္စည်းထိမ်းတပ် (ရပပ)ကိုပြန်ရောက်လာပါတယ် ။

 
 

သင်တန်းမတက်ခင်က သင်တန်းဆင်းရင် ခွင့်တစ်လဆီရမယ်ပြောပေမဲ့ တကယ်တန်းကျတော့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်(တရခ)ကို တိုင်းပြောင်းပါတယ် ဆိုပြီး ခွင့်တပါတ်ပဲပေးလိုက်ပါတယ် ၊ ခွင့်ကနေပြန်ရောက်တော့ လမ်းတင် FiveStar ဂိတ်ကိုခေါ်သွားပြီး လကုန်ရက်ထုတ်ရမဲ့လစာကိုထုတ်မပေးပဲ ပို့ပေးလိုက် မယ်ပဲပြောပါတယ် ၊ လမ်းမှာတာဝန်ခံခေါ်သွားတဲ့တပ်ကြပ်ကြီးက မင်းတို့မှာလစာတွေပါတာပဲဆိုပြီး လမ်းစရိတ်အတွက်ပေးလိုက်တဲ့ငွေကိုလဲထုတ်မပေးပဲဝိုက် ထားလိုက်တော့ လစာထုတ်ခဲ့တဲ့သူတွေက၀ယ်စားရပေမဲ့ ကျွန်တော်နဲ့နောက်တယောက်(လှမင်းစိန်)ကတော့ ၂ရက်နဲ့တနပ်ထမင်းငတ်ခဲ့ပါတယ် ။ တပ်သားဘ၀ ကတော့ နေရာတိုင်းအနိုင်ကျင့်ခံဘ၀တွေပါပဲ ။

 
 

တနသာင်္ရီရေတပ်စခန်းဌာနချုပ်ရောက်တော့ လေ့ကျင့်ရေးမှာစုငွေဆိုပြီးတစ်လနှစ်ထောင်ဖြတ်ထားတဲ့ငွေရော ၊ မထုတ်ခဲ့ရတဲ့လစာရော ပန်ကြားလွှာရေးပြီး တောင်းပါတယ် ၊ လှမင်းစိန်က လစာပါလာပေမဲ့စုငွေမပါလာပါဘူး ၊ ကျွန်တော်ကဘာမှမပါလာပါဘူး ၊ ထပ်ပြီးပန်ကြားလွှာတင်တော့ ဘယ်လိုလွဲလဲမသိဘူးဆိုတဲ့ မရေမရာအဖြေပဲရပြီး နှစ်လနေတော့ အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း ၊ ပြင်စဘုကျွန်း ကိုရောက်သွားပါတော့တယ် ။ အဲဒီမှာ ပည(၁၄)လုံခြုံရေးတာဝန်ယူ ထားသူတွေက နောက်မှရောက်လာသူတွေကို ပညခွဲခြားပြီးနှိမ်ပါတယ် ။ အဲဒီအချိန်ကျွန်းစခန်းမှုးက ဗိုလ်မှုးစိုးလင်းအေးပါ ၊ ဗိုလ်ကြီးက နောက်ပိုင်းမန္တလေးစည် ပင်ပြောင်းသွားတဲ့ အောင်ဆန်းထွန်းပါ ၊ စခန်းတာဝန်ခံကဒုအရာခံဗိုလ် ဆရာကြီးခင်မောင်မြင့်(လက်ရှိမောရ၀တိရေတပ်စခန်းဌာနချုပ်/မော်လမြိုင်မှာ)၊ ဖြစ်ပါတယ် ၊ အဲဒီမှာ တပ်စုလေးစုခွဲထားပါတယ် ၊  ရန်နိုင်(ပင်လယ်ပြင်ထွက်တဲ့စစ်သဘောင်္) ၊ တပ်ရင်ကင်း ၊ဖက်ထိပ် ၊ ရေတပ်အခေါ်ဝပ်ကင်းဗာရီ ၊ အလှည့်ကျ လုပ်ရပါတယ် ။

 
 

ရေတပ်မှာနေတာကတော့ စားသာပါတယ် ၊ ကျွန်းတွေမှာသစ်ခိုးထုတ်တဲ့ သစ်စင်တွေလိုက်ဖမ်းပြီး ရတဲ့သစ်တွေေ၇ာင်းစားပါတယ် ၊ ခိုးလှေတွေဖမ်းတယ် ၊ ပိုက်ဆံကောက်တာလဲရှိတယ် ၊ မရရင်ပြေးရင်ပစ်မြှုတ်တယ် ၊ လှေဖမ်းမိရင် ရေတပ်စခန်းဌာနချုပ်ကိုမအပ်ပဲ စခန်းကလူတင်ဖြောင်လိုက်တာလဲရှိတယ် ၊ နိုင်ငံ တော်ကိုအအပ်ပြရင်လဲ အကုန်ဖြုတ်ယူထားပြီး အပ်တယ်အမည်ခံယုံအခွံပဲအပ်ပါတယ် ၊ ဘယ်လိုရှာရှာဝင်ငွေချည်းပါပဲ ၊ အရာရှိအဆင့်က တစ်လကို သိန်း၃၀ ကျော်ဝင်ငွေရှိပြီး ရဲဘော်တွေကတော့ ငါးသောင်းကနေ တစ်သိန်းနိးပါးလောက် အလျင်းသင့်သလိုအပိုငွေ ရပါတယ် ။ ၀င်ငွေရှိတဲ့နေရာမို့ ရဲဘော်တွေကရေရှည် နေချင်ရင် ဌာနချုပ်(ရေးရုံး)ကို ပိုက်ဆံပေးရပါတယ် ။

 
 

ကျွန်တော်ကသီိးသန့်လာဒ်မထိုးတော့ အဲဒီစခန်းမှာ ၁ နှစ်လောက်နေတော့ ဌာနချုပ်မှုးအဲဒီအချိန်ဗိုလ်မှုးချုပ် (အခု ဧရာဝတိရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်ချုပ် ) ၀င်းရှိန် လာစစ်တော့ ၊ ယာဉ်မောင်းတွေများနေတယ်ဆိုပြီး ဌာနချုပ်မော်တော်ယာဉ်ကို အပြောင်းပါသွားပါတယ် ၊ အဲဒိမှာ ယာဉ်စက်ပြင်အကူလုပ်ရပြီး ဒုဗိုလ်မှုးကြိးတင်ဦး (AQ1)ကားကို တွဲဘက်မောင်းပေးရပါတယ် ၊ တစ်လကို စာရင်းမှာ ဆီကိုယ်တာ ၆ ဂါလံရပေမဲ့ တကယ်တမ်း ၂ ဂါလံပဲရပြီး G2က ဖြတ်အုပ် တာခံရပါတယ်၊ ကျွန်တော်တို့ကားသမားတွေကလဲ ကုန်းတက်ကနိုင်ငံတော်အတွက် ကုန်းဆင်းကကိုယ့်အတွက်ဆိုပြီး Free ပဲလှိမ့်ရိုက်ပြီး ရသလောက်ခိုးတာပါပဲ၊ 

အဲဒီမှာလဲ ၁ နှစ်နေရပြိး မိခင်တပ်ဖြစ်တဲ့ အမှတ် (၅၂)ရေတပ်ပစ္စည်းထိမ်းတပ် ပြန်ရောက်သွားပါတယ် ၊ အဲဒီမှာ ယာဉ်နောက်လိုက်နဲ့ပဲနေရပါတယ် ၊ တပ်မှုးကပဲ ဖြတ်အုပ်ထားတော့ အဲမှာတော့ ဘာခွဲတမ်းမှမရပါဘူး၊ အဲဒီကနေ ၁ နှစ်လောက်နေပြန်တော့ မလိကျွန်းကိုအပြောင်းပါသွားပြန်ပါတယ် ၊ ပထမတော့ ကျွန်းပါတ် လမ်းဖေါက်နေတဲ့လုပ်ငန်းခွင်အတွက် ကွန်ဒေါင်းလေးမောင်းရပါတယ် ၊ အဲမှာလဲ ရွာသားတွေကိုအတင်းအဓမ္မလုပ်အားပေးခေါ်ခိုင်းတာပါပဲ ၊ ရောက်ပြီး ၃ လ လောက်မှာ ကျွန်တော် ဒုတပ်ကြပ်ဖြစ်ပါတယ် ။

 
 

အဲဒိကနေ ၆၃ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားအတွက်ဆိုပြီး တော်လှန်ရေးပလိပ်လျှောက်ဘို့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်ကနေတဆင့် ရန်ကုန်ကိုပို့လိုက်ပါတယ် ၊ ရန်ကုန်ရောက်တော့ ရေတပ်သဘောင်္ကျင်းကအဆောင်မှာနေပြီးလေ့ကျင့်ရပါတယ် ၊ ဒါပေမဲ့လူများနေလို့ဆိုပြိးအင်အားလျှော့တဲ့အထဲ မှာကျွန်တော်ပါသွားပြီး ဌာနချုပ်ကိုပြန်ရပါတယ် ၊ အဲဒီကနေ မလိကျွန်းပြန်ရောက်တော့ ရန်ကုန်ကိုအပြောင်းထွက်ထားတယ်လုပ်ပြန်ပါတယ် ၊ မင်းလိုက်လာတဲ့ သဘောင်္နဲ့ပြန်လိုက်သွားဆိုပြီးပြန်ထည့်ပါတယ် ၊ အဲဒီအချိန်လကုန်ဘို့၂ ရက်အလိုဆိုတော့ လစာထုတ်သွားမယ်ပြောတာမပေးလိုက်ပါဘူး ၊ ရန်ကုန်ရောက်တော့ တက္ကစီငှားပြီးအိမ်အရင်ပြန်သွားပြိး အဖေ့ဆိကပိုက်ဆံတောင်ပေးရပါတယ် ၊ နောက်နေ့မှ တပ်သွားသတင်းပို့ပါတယ် ။

 
 

ပင်မရေတပ်ပစ္စည်းထိန်းတပ်(ရပပ)မှာ .ယဉ်နောက်လိုက်လုပ်ရပါတယ် ၊ ခံပြင်းတာက ကိုယ့်ထက်အများကြီး Junior ကျတဲ့ ၄၀(ကိုယ်ပိုင်နံပါတ်အစ)က ကားတက်မောင်းနေရပြီး ကိုယ်ကနောက်လိုက်ပဲလုပ်နေရတာပါ ။ ဒါတောင် တပ်ကြပ်အတွက် စာရင်းပါနေပြီလို့ဖြစ်နေပြိးသားပါ ၊ တရားဝင်ကြေးနန်း မ၀င်သေး တာပဲရှိပါတယ် ၊ နာဂစ်မုန်တိုင်းဖြစ်တော့ အရာရှိနဲ့အရာခံတွေကိုကျတော့ ကိုယ့်အိမ်ပြင်ဘို့အိမ်ပြန်ခွင့်ပေးပြီး ကျွန်တော်တို့ကိုကျတော့ တပ်ပြန်လည်တည် ဆောက်ရေးလုပ်ရမယ်ဆိုပြိး အိမ်ပြန်ခွင့်မပေးပါဘူး ၊ ကျွန်တော့မှာ မိသားစုအခြေအနေလေးသိချင်တာတောင် သိခွင့်မရပါဘူး ၊ ဒိကြားထဲ မေလ(၆)ရက်နေ့မှာ တပ်တွင်းမိသားစုအကုန်လုံးခန်းမ၀င်ရမယ်ဆိုပြီး အဲဒီမှာလူကြီးတွေကောင်းမယ်စီစဉ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေကိုထောက်ခံရမယ် ၊ ထောက်ခံမဲမပေးမနေရပဲလို့ တပ်မှုးကပြောပါတယ် ၊ (၇)ရက်နေ့ကျတော့ ကျွန်တော်တို့(၅) ယောက်ကို ဆရာကြီးတစ်ယောက်အင်ချပ်ထားပြီး အလုပ် လုပ်ဖို့လွတ်လိုက်ပါတယ် ၊ ကျွန်တော် တို့ (၅)ယောက်ထဲက(၂)ယောက်ကနေခဲ့တယ် ၊ ကျွန်တော့တို့(၃)ယောက်က ပူပန်စိတ်တွေနဲ့ကိုယ့်အိမ်ကိုယ်ခိုးပြန်ကြတယ် ၊ ကျွန်တော့အိမ်ရောက်သွားတော့ အိမ်က အနောက်ဖက်တစ်ခြမ်းကပြိုကျနေတယ် ၊ ကျွန်တော့်လည်းအိမ်မှာဝိုင်းကူရင်းနဲ့တပ်ကိုမပြန်ဖြစ်ဘူး ၊ ၁၁ရက်နေ့ကျမှတပ်ကိုပြန်ဖြစ်တယ် ၊ ကျွန်တော် တပ်ကိုပြန်ရောက်တော့ တပ်ရေးဗိုလ်ကြီးက ရုံးခန်းထဲခေါ်ဆူပါတယ် ၊  ကျွန်တော်တို့လည်း သတိဆွဲပြီးငြိမ်နေပါတယ် ၊ နောက်တော့ ကျွန်တော့တို့ကို တာဝန် ခံတဲ့ဆရာကြီးကို ဒီကောင်တွေပြန်သွားတာခင်ဗျားကြီးမသိဘူးလား ၊ ခင်ဗျားတော်တော်စောက်သုံးမကျတဲ့လူပဲ ၊ တပ်ကလစာလိမ်ယူပြီး တပ်မှာဘာလုပ်ဖို့နေ နေလည်းလို့ပြောတော့ ကျွန်တော်တို့လည်းသီးမခံနိုင်ဖြစ်လာတာနဲ့ " ဗိုလ်ကြီးအပြစ်ရှိတာကျွန်တော်တို့ပါ ၊ ပြောချင်ရင်ကျွန်တော်တို့ကိုပဲပြောပါ ၊ ဆရာကြီး ကိုတော့အဲဒီလိုမပြောပါနဲ့"လို့ပြောတော့ "မင်းတို့ကဘာကောင်တွေလဲ ၊ မနေ့ကမဲပေးရမယ်ဆိုတာမင်းတို့မသိဘူးလား၊ ဒါစစ်စည်းကမ်းဖောက်ဖျက်တာပဲ၊ မင်းတို့က အာဏာဖီဆန်တာလား ၊ စစ်တပ်မှာအမိန့်ပဲရှိတယ် မင်းတို့နားမလည်ဘူးလား" ဆိုပြီး စ ထိုးပါတယ် ၊ ကျွန်တော်တို့လည်းအပြစ်လုပ်မိထားတော့ ငြိမ်ခံနေပါသေးတယ် ၊ နောက်တော့ တရားလွန်လာတော့ သီးမခံနိုင်ဖြစ်ပြီး ကျွန်တော်တို့သုံးယောက်လဲ ပြန်ပြီးဝိုင်းထိုးလိုက်တယ် ၊ အရင်က မကျေနပ်တာတွေ ပါပေါင်းပြီး ၀ိုင်းရိုက်ကြတာဘာဖြစ်ပြီးကျန်ခဲ့လည်းတော့မသိဘူး ၊ ကျွန်တော်တို့သုံးယောက်လည်း ရိုက်ပြီးတစ်ယောက်တနေရာဆီထွက်ပြေးခဲ့ပါတယ် ။ ဒီလိုနဲ့ ကလေးစစ်သားနှစ်ကျော့ပြန်ဖြစ်ခဲ့ရတဲ့ ကျွန်တော့ရဲ့နအဖတပ်သားဘ၀ ပြီးဆုံးခဲ့ပါတယ် ။

 
 

 
 

 
 

 
 

ခုကျွန်တော်တင်ပြသွားတာကျွန်တော်ဖြတ်သန်းရုမ်းကန်ခဲ့ရတဲ့အဖြစ်အပြတ်လေးပါ

 
 

 
 

 
 

မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)


 

  ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ်တယ်ဆိုတာမရှိ
              အခုတစ်လော နအဖ ပေါ်လစီဇာတ်ကားမှာ ပါဝင်သူတစ်ချို့ အမေရိကားကိုရောက်လာတဲ့ အခါ ဒေသခံ ဒီမိုကရက်တစ်အင်အားစုများက ၀ိုင်းဝန်းဆန္ဒပြကြတဲ့ လှုတ်ရှားမှု့တွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပါတယ်။ အနုပညာရှင်များဘက်က ခုခံ ချေပသူများကလည်း အကြောင်းအရာခိုင်လုံစွာနဲ့ ခုခံချေပကြ သလို။ ဆန္ဒပြသူများကလည်း အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ နောက်မဆုတ် ဆန္ဒပြကြပါတယ်။ ဒီနေရာမှာကျွှန်တော် တစ်ခုပြောခြင်တာက အနုပညာရှင်တိုင်း မဖြစ်မနေ ( မလုပ်မနေရ ) ပေါ်လစီ ဇတ်ကားများကို ရိုက်ကိုရိုက်ရမယ်လို့ နအဖက ညွှန်ကြားချက် သော်လည်းကောင်း ၊ အမိန့်သော်လည်းကောင်းထုတ်ထားတာ မရှိနိုင်လောက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရုပ်ရှင်လောက ကိုကြည့်မယ်ဆိုရင် အတန်အသင့် နံမည်ရ ဒါရိုက်တာ အချို့ရှိပါတယ်။ သူတို့ဟာ တစ်ချိန်က ကျောင်းသားခေါင်းဆောင်ဟောင်းတွေပါ ။ ဗကသ က ခေါင်းဆောင်ဟောင်း ကိုညိုထွန်း ဆို ( ဒါရိုက်တာ သျှိုညိုထွန်းသိန်း )  နောက် ကိုချိုတူးဇော် စသဖြင့်ပေါ့ သူတို့ ဘယ်တုန်းကမှ ပေါ်လစီကားရိုက်ဘို့ စိတ်နဲ့တောင် မကူးကြပါဘူး။ ကျွှန်တော်သိသလောက်ပြောရရင် အနုပညာလောကမှာ အထူးသဖြင့် ( ဂီတ၊ ရုပ်ရှင် ) မှာ ပေါ်လစီဇာတ်ကားရိုက်ဘို့ အလွန်မှ ကြောက်တဲ့သူတွေရှိသလို ( ဒါကနည်းပါတယ် ) လိုလိုလားလားနဲ့ အရိုက်ခံခြင်တဲ့သူတွေလည်းရှိပါတယ် ( ဒါကများပါတယ်)။ ဘာဖြစ်လို့လည်းဆိုတော့ ပုံမှန်ဇာတ်ကားရိုက်တာထက် ပိုက်ဆံပိုရလို့ လည်းပါသလို ( ဒီနေရာမှာ တင်သန်းဦးပြောသွားတာရှိပါတယ် - ပေါ်လစီဇာတ်ကားရိုက်တဲ့သူတွေမှာ ပိုက်ဆံ သိပ်မရကြပါဘူးဆိုတာပါ - ဆက်ရှင်းပါ့မယ် ) နအဖ အာဏာပိုင်တွေရဲ့ မျက်နှာသာပေးမှု့ကို ခံခြင်တာလည်းပါမှာပါ။ အစောကတင်ပြခဲ့သလို ပိုက်ဆံပိုရတယ်ဆိုတာက - ဇာတ်ကားရိုက်ပေးလို့ ပိုက်ဆံအရနည်းခြင်နည်းမယ် လုပ်ပိုင်ခွင့် တစ်ခုကိုချပေးလိုက်တာက ဇာတ်ကားတစ်ကားမှာရသင့်တဲ့ ငွေကြေးထက် ပိုရပါတယ်။ ဥပမာ- ကားပါမစ်။ တိုက်ခန်း စသဖြင့်ပေါ့လေ။ ၁၉၈၉လောက်ကထင်ပါတယ် မင်းသမီး ယုနန္ဒာမြင့် တို့ သရုပ်ဆောင် မဲဇာတို့ဆို ပေါ်လစီ ဇာတ်ကား ( ပါပီမ ) ဆိုတဲ့ ဇာတ်ကားရိုက်အပြီး သူတို့ တိုက်ခန်းတွေရကြပါတယ်။ သူတို့လည်း အဲဒီကထဲက ရုပ်ရှင်၊ ဗွီဒီယိုလောကထဲကပျောက်သွားလိုက်တာ  အခုထိပါပဲ။
                                   ကျွှန်တော့်ရဲ့စိုးရိမ်ချက်တစ်ခုရှိပါတယ်။ ဒီနေ့ ဗမာပြည်မှာ လူငယ်ထုဟာ သန်း၃၀ ၀န်းကျင်တောင်ရှိနေကြပါပြီ။ တော်တော်များများက ၈၈နောက်ပိုင်းမှာမွေးဖွားလာကြသလို တစ်ချို့ဆို ၈၈တုန်းက လူမမယ်အရွှယ်ပဲရှိကြပါသေးတယ်။ အခုလို မဟုတ်မမှန် ၀ါဒဖြန့် လုပ်ကြံမှု့ကြီးကို တကယ်လို့ထင်သွားမှာ စိုးရိမ်ပါတယ်။ ဘာဖြစ်လို့ အဲသလိုပြောရသလည်းဆိုတော့ ကျွှန်တော်ကိုယ်တိုင်တက္ကသိုလ်ကျောင်းသားအရွှယ်ထိ သခင်သန်းထွန်းနောက်ဆုံးနေ့များ ဆိုတဲ့ စာအုပ်တွေကိုဖတ်ပြီး တကယ်ထင်ခဲ့မိပါတယ်။ တစ်ခြား ရုပ်ရှင်၊ဂီတ အပါဝင် ၀ါဒဖြန့်ချီရေး ဟာတွေကိုတကယ်ထင်ခဲ့မိတယ်။ နောက်နိုင်ငံရေးလောကကိုရောက်လာမှ ဒါတွေဟာ မဟုတ်မမှန်လုပ်ကြံထားတာပါလားဆိုတာ သဘောပေါက်ခဲ့ပါတယ်။ အခုကိစ္စမှာလည်း ဒါဟာ မဟုတ်ဘူးဆိုတာ သိနိုင်တဲ့လူများများရှိရင်တော့ အကြောင်းမဟုတ်ပေမဲ့၊ အမှန်လို့ယူဆမိတဲ့သူတွေများရင် ဘယ်လိုလုပ်ကြမလည်း ၊  အဲဒါမဟုတ်မမှန်ပါဘူးဆိုတာကို မီးမောင်းထိုးပြရမှာ ဒီမိုကရေစီအင်အားစုများရဲ့တာဝန်ဖြစ်ပါတယ်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်တယ်ဆိုတာ သဘောပေါက်သွားစေခြင်ပါတယ်။ သူတို့သိစေခြင်ပါတယ်။ ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက်ခွင့်လွှတ်တယ်ဆိုတာမရှိပါ၊ ဒါဆိုပြောစရာရှိပါတယ်။ သူတို့က ဥပဒေချိုးဖောက်တာမှမဟုတ်တာ ဆိုတဲ့ စကားနဲ့ ဆင်ခြေပေးမယ်ဆိုရင် လူမှု့ဥပဒေဟာ တရားဥပဒေထက် ပြင်းတယ် အဲဒါကို ချိုးဖောက်ရင် ဆွေစဉ်မျိုးဆက်ခံစားသွားရနိုင်တယ် လွတ်လမ်းမရှိပါ၊ တရားဥပဒေချိုးဖောက်မိတာကမှ ပြစ်ဒဏ်ခံပြီးရင် လွတ်မြောက်ပေမဲ့။ လူမှု့ဥပဒေမှာ ဘယ်တော့မှ မလွတ်ပါ သမိုင်းနဲ့ ဒဏ်ခတ်ခြင်းကိုခံရပါလိမ့်မယ်။

      

      
 


 


 



"ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ
ကိုဖြိုးဝေအောင်၏မိခင်ဖြစ်သူမှ ကိုဖြိုးဝေအောင်မတရားညှင်းပန်းန
ှိပ်စက်ခံရပြီး အဓမ္မဖြောင့်ချက်ပေးခိုင်းခံရသည်မှားကို တိုင်ကြားထားသော
စာအား attath file ဖြင့်ပေးပို့ပါသည်။ ဆက်လက်ဖြန့်ဝေဖေါ်ပြပေးပါရန်
လေးစားစွာဖြင့်



"ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်"

မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အ ပါအဝင်၊
မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ်စည်ပင်သာယာ
အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊
ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများအပြား
သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီးး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အ
ကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲ လို့ ကမ္ဘာကရော
မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းခဲ့ပြီးး
ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂ နှစ်ကာလ) မှာ
ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီးလို့
စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ်
ပျမ်းမျှတလတကြိမ်နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ
ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ
ကြာပါပြီး၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင်
သူတို့ဘာသူတို့ခွဲတာနေမှာ ပါဆိုတာမျိုးလဲ ပြည်သူအများစုက
သဘောထားခဲ့ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန်အကြတ်နေ့
ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊
လူအများအပြားထိခိုက်တာကြောင့်ရော၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ
ရာထူးကြီးကြီး မားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းကြား
ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး
နေရွှေသွေးအောင် လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့
အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ
စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ
သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်
တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာကလွဲရင်)
ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ရက်ပိုင်းလေးမှာပဲ
ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယက
ကြေငြာချက်ထုတ်ပြန် ပြီးး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့
လူစည်ကားရာလမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို
မြင်လိုက်ပြီးးဝပ်လို့အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကိုနေရာမှာတင်
ဖမ်းမိကြောင်း စစ်အစိုးရစာပေစိစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့
ဂျာနယ်တွေထဲမှာလည်း ဖေါ်ပြထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးးတဲ့အတိုင်း
ရဲချုပ် ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါ တယ်၊
ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို
ဖမ်းမိထားတယ်ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့
အဖွဲ့များစွာကိုလည်း စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲကို
သေချာလေ့လာပြီးးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါ
ဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်
တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ
ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့၊
စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့
ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲတွေကနေကို
တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင်ရသလဲ ဆိုတာနဲ့
ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ
ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊
ကမ္ဘာနဲ့ ပြည်သူတွေကိုလိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့
ပြဿနာတွေကိုရှင်းဘို့၊ အာဏာ ရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့
သူ့တပ်အသိုင်းအဝိုင်းကိုပြန်လိမ်တာပါ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့
သားသမီးတွေစုဝေးရာဖြစ်ပြီးး ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ အချစ်တော်
မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါလာသွားနေခဲ့ပါတယ်၊ အမှတ် (၄)
စစ်ဒေသမှူး ဗိုလ်မှူးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေ သမဟုတ်ဘဲ
ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက်
သီးသန့်လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်ထွက် ခွင့်
တံဆိပ်ပါကားတွေရပ်ထားပြီးး ဗိုလ်မှူးကြီးကိုယ်တိုင်
လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှူးနဲ့ မယကဥက္ကဋ္ဌ အပါအ ဝင်
လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့်
အချင်းချင်းပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့် ကို မကြည်
တဲ့ တပ်တွင်းအသိုင်းအဝိုင်း၊ တခြား VIP
သားသမီးတချို့ကိုမကြည်တဲ့တပ်တွင်းအသိုင်းအဝိုင်း၊
ဗိုလ်မှူးကြီးအုန်းချိုကိုမကြည်တဲ့ တပ် တွင်း အသိုင်းအဝိုင်း
တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ
အမျိုးမျိုးဖြစ်လာခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက
နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလွင်နေအိမ်နဲ့ နယ်
စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ နေအိမ်တွေမှာ
ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီးး သတင်းထုတ်ပြန်ခြင်းမရှိပဲ
ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးးမှ ခု
သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ)၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့
အရာရှိကြီးတွေသာသ`ိခဲ့ပြီးး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့
ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင်
အဲဒီဝန်းထဲမှာပဲကျိတ်ပြီးး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ
အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေကပေါ်နေ ပတ်သက်နေကြတဲ့ အသိုင်း
ဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိဘဲ ပေါက်ထွက်လာပြီးး
ပြည်ပသတင်းဌာနတွေကနေပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း
ပြန်လုပ်နေသလား၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊
သင်္ကြန်ဗုံးပေါက်မှုဟာ ပြဿနာပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာမလုံမခြုံဖြစ်လာပြီးး
ဗုံးပေါက်ကွဲပြီးးမကြာမှီ အဆင့်မြင့်အ ရာရှိတွေ နေပြည်တော်သွားလာခွင့်
ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက်အင်အားစာရင် ကြိုသတင်းပို့ရမှာတွေ
ဖြစ်လာပါ တယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့
တပ်တွင်းပဋိပက္ခကိုထိန်းဖို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို
နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက်လှမ်းရေးတွေရဲ့
သိက္ခာကိုကာကွယ်ဖို့၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရ
ကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးးသားဖြစ်အောင်လို့၊
အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း
ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ
သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာ ကြောင့် ကိုဖြိုးဝေအောင်က
တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်းဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာရှိနေလို့ပါ၊
ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့
နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ
လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဖူးသူတယောက်ဖြစ်ပြီး
သံသယဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့်
အဲဒီဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူ
ဖြစ်ပါတယ်။ သင်္ကြန်အပြီးး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာအားလုံးကို
ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ
စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်
စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာတွေ၊
နိုင်ငံရေးနယ်ပယ်ကသူတွေနဲ့ ပတ်သက်ခဲ့တာတွေကို ပြော
ပြဖြစ်ခဲ့မှာဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊
အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက် စာဖြန့်တယ်ဆိုပြီးး
ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးး
ကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည်ဟု ဝန်ခံလက်မှတ်ထိုးဘူးကြောင်း၊ ၂ဝဝ၇
သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့်
လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈
မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး
ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို
အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ
ငွေကြာယံဘုန် ကြီးကျောင်းကို ထရန်စဖေါ်မာဆင်ပေးနေချိန်ဖြစ်၍
၎င်းသံဃာတော်များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့
သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့
ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ်။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့
တရားခံအစားထိုးဘို့ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ
ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါတော့တယ်။
တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ်
ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့
ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင်
( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို
သင်္ကြန်တွင်းအပြီးးလုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီးး
နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က
တနေ့လုံးရန် ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊
အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊
လုံခြုံရေးများလည်း သိကြောင်း၊ လာဖမ်းသွားပြီးးနောက်နေ့တွင်
ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ
ငါနဲ့အတူရှိနေ တာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ
ပူမနေနဲ့ပြောကြောင်း၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA
ကိုပြော သွားတာတွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်
စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က
မိခင်ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅
မိနစ်တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ
စိတ်ပိုင်းဆိုင်ရာ ညှင်း ပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး
တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ
ပြောနေခဲ့တယ် လို့ပြောပါတယ်၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း၊
လုံးဝမပါတ်သက်ကြောင်း ပြောတာဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက
ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီးး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့
အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေ အောင်နဲ့တွေ့ခွင့်မရခဲ့ဘဲ
ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ
လုပ်ပေးထားပြီးးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊
သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး
တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင်
ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ်၊ ထောင်ပို့ပြီးဆိုကထဲက ပုဒ်မတခုခု
တပ်ပို့ရတာပါ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း
မသိခဲ့ရဘူးပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပတ်
သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ
ရှေ့နေကသက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုး ကြီး ခေါ်
ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊
ရန်ကင်းစင်တာက ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေ သက် သေဖြစ်လာရင်
လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့်
ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ
စစ်ဆေးမှုမပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဖို့နဲ့
ထုံးစံအတိုင်း ပြည်သူတွေကိုလိမ်ညာလှည့်ဖြားဖို့ ရဲချုပ်ခင်ရီရဲ့ ထွက်
ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို
စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသားကောင်
ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို
ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

--
ur...
naylin

     
 

     ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့ ငါ့မွေးနေ့ပဲလေ…

ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ…
အောက်စဖို့ တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…

အောက်စဖို့တက္ကသိုလ်ကို တက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
ရင်းနှီးခဲ့ရတယ်.
သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ

မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…


၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်.

ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

၁၉၈၆ ခုနှစ်

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.

ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..



၁၉၈၇ ခုနှစ်

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School of Oriental and African Studies မှာ
စာရင်းပေးခဲ့တယ်

၁၉၈၈ ခုနှစ် မတ် ၃၁

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…
မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…

ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်

၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.

သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်

ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…

စက်တင်ဘာ ၁၈ ရက်
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
သူတို့ကို ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်
ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက   "ဟေးးးးးးးးးးးးးးးးးးးးးးး"
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..

ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.

မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.

ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်

ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…
အဲဒီညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ


နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….


ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…


ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…


ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..

သာဓု..သာဓု..သာဓု……


 


 


 


 


 


 

                                                                                                    

No comments: